
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွက် နေပြည်တော်အစိုးရမှ ဘက်ဂျက်
ထုတ်ပေးခြင်း မရှိသည့်အတွက် လိုအပ်သည့် အကူညီများကို ဆွေးနွေးပွဲကျင်းပရာ
အိမ်ရှင်နိုင်ငံများမှ ယူနေရကြောင်း သိရသည်။
ယင်းသို့ ပြည်ပ အကူညီများ ယူဆောင်နေရသည့် အတွက် ငြိမ်းချမ်းရေး
ဆွေးနွေးပွဲများတွင် တခါတရံ အိမ်ရှင်နိုင်ငံများ၏ စွက်ဖက်ခြင်းများ
ခံနေရကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးသူတချို့က သုံးသပ်ပြောဆိုလျှက်
ရှိသည်။
မတ်လ ၁၁ ရက်နေ့က ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုအဆင့် ကချင်ပြည်နယ်
ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တရုတ်နိုင်ငံ၏ အစီစဉ်နှင့် တရုတ်ပြည်
ရွှေလီမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ယင်းဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ၏
၀င်ရောက် စွက်ဖက်မှုကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအချိန်
ကြန့်ကြာခဲ့ရကြောင်း ယင်းဆွေးနွေးပွဲသို့ တက်ရောက်သူများက ပြောဆို ခဲ့သည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် နေပြည်တော် အစိုးရဘက်မှ ဘက်ဂျက်
လျာထားချက် မရှိကြောင်း၊ သမ္မတကြီး အနေဖြင့် ငြိမ်းချမ်းရေး ရချင်သည့်
ပုဂ္ဂိုလ်မှန်လျှင် ငြိမ်းချမ်းရေးအတွက် နိုင်ငံတော် ဘက်ဂျက်ကို
ချထားပေးရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးသည် ပြည်တွင်းပြဿနာ၊ ညီအစ်ကို
အချင်းချင်း ရန်ဖြစ်ချင်းဟုသာ ပြောပြီး စရိတ်ကို ပြည်တွင်းက မထုတ်ဘဲ ပြည်ပ
အကူအညီယူနေခြင်းမှာ မဖြစ်သင့်ကြောင်း၊ ပြည်ပမှ ထည့်ဝင်သူများအနေဖြင့်
၎င်းတို့ ငွေကြေး ပါဝင်သောကြောင့် ဝင်ရောက် စွက်ဖက်လိုကြကြောင်း
တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ တွဲဘက် အထွေထွေ
အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပြောသည်။
“နေပြည်တော် အစိုးရအနေနဲ့ ပြည်တွင်းမှာလည်း လုပ်ချင်တယ်၊ ဘက်ဂျက်လည်း
လုံလုံလောက်လောက် ရှိမယ်ဆိုရင် ဘယ်သူ ၀င်စွက်ဖက်တာမှ ခံနေစရာ မလိုတော့ဘူး။
အခုတော့ သမ္မတက ငြိမ်းချမ်းရေး ဖော်ဆောင်ချင်တယ်လည်း ပြောတယ်၊ ဘက်ဂျက်လည်း
မထုတ်ပြန်ဘူးဆိုတော့ စဉ်းစားစရာ ဖြစ်နေပါတယ်” ဟု သူက ဆိုသည်။
သို့ရာတွင် Myanmar Peace Centerမှ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်
ဦးလှမောင်ရွှေကမူ နိုင်ငံတော် ဘက်ဂျက်အနေဖြင့် လျာထားခြင်း ရှိမရှိကို
သေသေချာချာ မသိရှိကြောင်း၊ ၎င်းတို့ ကိုယ်တိုင် ယင်းကိစ္စကို
မရှင်းလင်းကြောင်း၊ သမ္မတရုံးကသာ အဓိက ကိုင်တွယ်နေခြင်းဖြစ်ကြောင်း
ဧရာဝတီကို ပြောသည်။
မတ်လ ၁၁ ရက်နေ့က ကျင်းပသည့် ရွှေလီဆွေးနွေးပွဲတွင် ဆွေးနွေးချိန်
ကြာမြင့်လာသည့်အတွက် အစိုးရနှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဘက်မှ
ရက်ကူးကာ ဆွေးနွေးချင်သော်လည်း တရုတ်ဘက်မှ ဖိအား ပေးခဲ့သည့်အတွက်
ညသန်းခေါင်ယံကျော်သည့် အချိန်အထိ ဆွေးနွေးခဲ့ရကြောင်း သိရသည်။
ဆွေးနွေးပွဲကို မြန်မာစံတော်ချိန် နံနက် ၉ နာရီတွင် စတင်ခဲ့ပြီး ည ၁၂
နာရီကျော်မှသာ ဆွေးနွေးချိန် ပြီးဆုံးခဲ့သည်။
ထို့အပြင် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တွင်လည်း
တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း ထည့်သွင်းခိုင်းရာ ယင်းအချက်ကို
ပါ၀င်သင့်၊ မသင့် ဆွေးနွေးတိုင်ပင်နေရသည့်အတွက် အချိန်ပိုမို
ကြာမြင့်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးချိန်နှင့် စဉ်းစားဆုံးဖြတ်ချိန်ကို တရုတ်ဘက်မှ ဖိအားပေးသည့်
အတွက် ဆွေးနွေးပွဲ စားပွဲဝိုင်းမှ KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်
ဂွမ်မော် ရုတ်တရက် ထထွက်သွားခဲ့ပြီး ၁ နာရီကျော်အကြာ မြန်မာစံတော်ချိန် ည
၁၁ နာရီမှ ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
တရုတ်အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပါ၀င် ပတ်သက်မှု ရှိမရှိနှင့်
ပတ်သက်၍ ဗိုလ်ချုပ်ဂွမ်မော်အား ဧရာဝတီက မေးမြန်းခဲ့ရာ “တရုတ်အနေနဲ့ ပါ၀င်
ပတ်သက်တာတော့ မရှိပါဘူး။ ဒါပေမယ့် သူတို့နဲ့ ပြန်ညှိတဲ့ အပိုင်းလေးတွေတော့
ရှိပါတယ်။ စာချုပ်မှာ ပါ၀င်ပြီး လက်မှတ်ထိုးမလား၊ မထိုးဘူးလား
ဆိုတာမျိုးတွေပေါ့။ တရုတ်နိုင်ငံ အစိုးရက ကျနော်တို့ကို နေရေး ထိုင်ရေး
စားရေး သောက်ရေးနဲ့ သွားရေးလာရေး အကုန်လုံး တာဝန်ယူပေးထားပါတယ်” ဟု ပြန်လည်
ဖြေကြား ခဲ့သည်။
ယင်းနေ့ ည ၁၁ နာရီခွဲ အချိန်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ ရလဒ်အဖြစ်
အပစ်အခတ် ရပ်စဲရေးအပါ၀င် တခြားသော အချက် ၅ ချက်ကို သဘောတူညီမှု ရရှိခဲ့ကာ
ထုတ်ပြန်ခဲ့သည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၏ ရလဒ် အနေဖြင့် ပဏာမ အပစ်အခတ် ရပ်ဆဲရေး
အဆင့်ရထားပြီ ဖြစ်သော်လည်း ခိုင်မာသည့် အပစ်အခတ် ရပ်ဆဲမှု အဆင့်အထိ
မရောက်ရှိသေးကြောင်း သိရသည်။
“ပဏာမ အပစ်အခတ် ရပ်စဲရေးဆိုတာက ရန်လိုမှုတွေနဲ့ ပြစ်ဒဏ်တွေ မရှိတော့ဘူး။
ဒါပေမယ့် ပဏာမအဆင့်မှာ ရှိနေတဲ့ ရှေ့တန်းတပ်တွေ၊ ပြည်သူလူထု
အနှောင့်အယှက်ဖြစ်မယ့် နေရာတွေ၊ တပ်မတော် နေရာ ယူထားတာတွေ၊ ရွာသူရွာသားတွေ
မနေရဲတဲ့ စခန်းတွေ ပြန်ရွှေ့ပေးဖို့တွက် ၂ ဘက် စလုံးက လုပ်ဆောင်ရမယ်။
အပစ်ရပ် အဖွဲ့အစည်းတွေ အနေနဲ့ ပဏာမ အပစ်ရပ်တာနဲ့ ငြိမ်းချမ်းရေးရတာမျိုး
မဟုတ်ပါဘူး။ ပဏာမ အပစ်ရပ်တာနဲ့ တပ်ပိုင်းဆိုင်ရာ အကောင်အထည် ဖော်မှသာ
ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲဲရေး ရောက်လာမှာပါ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက
ဆိုသည်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အဘက်ဘက်မှ
ခေါင်းဆောင်များ၏ လုံခြုံရေးဆိုင်ရာ ကိစ္စ အရေးကြီးသည့် အတွက် ဆွေးနွေးသည့်
နေရာ အခက်အခဲ ရှိခဲ့ကြောင်း ကြားသိရသည်။
“UNFC အနေနဲ့ တွေ့ရမယ်ဆိုရင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကိုပဲ
ရွေးသွားမှာပါ။ အဓိက ပြဿနာက ဘယ်သူ ကြားဝင် စီစဉ် ပေးသလဲ ဆိုတာပါပဲ။
အခုပွဲမှာ တရုတ်တွေက ကမကထ လုပ်တာဆိုတော့ ကျနော်တို့ လိုချင်တဲ့ အဓိက လူတွေ
ခေါ်လို့ မရဘူး။ UK၊ US၊ UN က ကိုယ်စားလှယ်တွေကို ခေါ်လို့မရဘူး ဖြစ်နေတယ်။
အဲဒီလို ပုဂ္ဂိုလ်တွေ ခေါ်ချင်တယ်ဆိုရင် အပြင် ထွက်မှ ဖြစ်မှာပါ” ဟု
ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
ဧပြီလတွင် ကျင်းပမည့် ဆွေးနွေးပွဲကို ပြည်တွင်းတွင်သာ ကျင်းပနိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ဦးလှမောင်ရွှေက ဆိုသည်။
“ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရတယ်ဆိုရင် ကျနော်တို့က
ပြည်တွင်းမှာ ဆွေးနွေးလည်း လက်ခံ နိုင်ပါတယ်” ဟု ဗိုလ်ချုပ်ဂွမ်မော်က
ပြောသည်။
ပြည်တွင်းတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ဆောင်ရန် ခက်ခဲနေကြောင်း၊
ပြည်တွင်းတွင် ခေါင်းဆောင်များ သွားလာနိုင်ရန် ခရီးစဉ် တခုစာ အတွက်
သမ္မတရုံး၏ ကင်းလွတ်ခွင့် အမိန့်စာဖြင့် သွားလာနေကြရကြောင်း၊ သို့ရာတွင်
နယ်စပ်ပြန်ရောက်၍ အဆိုပါ စာ မရှိတော့ပါက မတရားအသင်း ဥပဒေဖြင့်
အကျုံးဝင်သွားကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တခုစာသာ ကင်းလွတ်ခွင့်
ရခြင်း ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ရှင်းပြသည်။
“တည့်တဲ့အချိန်ဆိုရင် ပြဿနာ မရှိဘူး။ မတည့်တဲ့ အချိန်ဆိုရင်
မတရားအသင်းနဲ့ ဆက်သွယ်တယ် ဆိုပြီး ဖမ်းတော့တာပဲ။ တခေါက်စာ ကင်းလွတ်ခွင့်ရတာ
ဂုဏ်သိက္ခာအတွက် အားနည်းတယ်လို့ ခံစားရတယ်။ လုံခြုံမှုလည်း တကယ်မရှိဘူး။
အဲဒါကြောင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ရင်တောင်မှ
ငြိမ်းချမ်းရေးအတွက် သွားလာနေတဲ့ လူတွေရဲ့ စာရင်းကို သေချာပြုစုပြီး ၁
နှစ်တန်သည်၊ ၆ လ တန်သည် လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်တယ်လို့ မြင်တယ်” ဟု
သူက ဆိုသည်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးသည့် နေရာ အလွန်
အရေးကြီးကြောင်း၊ ဆွေးနွေးသည့် အဖွဲ့နှစ်ဘက်စလုံးကို မည်သည့်ဘက်ကမှ
ဖိအားပေးခြင်းမျိုး မရှိဘဲ လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့် ပြုသင့်ကြောင်း၊
တစုံတရာက ဖိအားပေးလျှင် လွတ်လပ်သည့် ဆွေးနွေးပွဲ ထွက်ပေါ်လာမည်
မဟုတ်သည့်အတွက် ဆွေးနွေးသည့် နေရာကို အဓိက စဉ်းစားရန် လိုအပ်ကြောင်း ၎င်းက
ဆက်ပြောသည်။
တရုတ်ပြည် ရွှေလီမြို့တွင် ကျင်းပပြုလုပ်သည့် ကချင် ငြိမ်းချမ်းရေး
ဆွေးနွေးပွဲသို့ “၀” တိုင်းရင်းသား ကိုယ်စားလှယ်များကို တရုတ်နိုင်ငံ
အစိုးရ လက်မခံခဲ့သည့် အတွက် တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။
ထို့အပြင် ကချင်ပြည်နယ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ သတင်း လာယူသော
မြန်မာမီဒီယာ သတင်းထောက် များကို ၀င်ရောက်မှတ်တမ်းတင်ခွင့် မပေးခဲ့သော်လည်း
တရုတ်မီဒီယာ သတင်းထောက်များကိုမူ ဓာတ်ပုံရိုက်ခွင့်နှင့်
မှတ်တမ်းတင်ခွင့်များ ပေးခဲ့သည်။
တရုတ်နိုင်ငံသည် ယခုငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရန်အတွက်
အိမ်ရှင်နိုင်ငံအဖြစ် ကူညီ ဆောင်ရွက်ခဲ့သော်လည်း ငြိမ်းချမ်းရေး
ဆွေးနွေးပွဲ စားပွဲဝိုင်းတွင် လေ့လာသူအဖြစ်သာ တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း
ပြောဆိုသည်ဟု သိရသည်။
ရွှေလီမြို့တွင် ကျင်းပသော တတိယအကြိမ် ကချင်ပြည်နယ် ငြိမ်းချမ်းရေး
ဆွေးနွေးပွဲသို့ မြန်မာအစိုးရဘက်မှ ဦးအောင်မင်း (ပြည်ထောင်စု ၀န်ကြီး၊
နိုင်ငံတော်သမ္မတရုံး)၊ ဦးအုန်းမြင့် (ပြည်ထောင်စုဝန်ကြီး၊ မွေးမြူရေးနှင့်
ရေလုပ်ငန်းဝန်ကြီးဌာန)၊ ဦးလဂျွန်ငန်ဆိုင်း (၀န်ကြီးချုပ်၊
ကချင်ပြည်နယ်အစိုးရအဖွဲ့)၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး
(ကာကွယ်ရေးဝန်ကြီးဌာန) အပါအဝင် တခြားသော ဗိုလ်မှူးကြီးများနှင့် အကြံပေး
အဖွဲ့ဝင် စုစုပေါင်း ၁၂ ဦး၊ KIO/ KIA ဗဟို ကိုယ်စားလှယ်အဖွဲ့မှ
ဦးဆွမ်လွတ်ဂမ် ခေါင်းဆောင် သော အဖွဲ့ဝင် ၁၁ ဦးနှင့် SSPP/SSA အဖွဲ့မှ
တက်ရောက် လေ့လာသူ ၂ ဦး၊ RCSS/ SSA မှ လေ့လာသူ ၂ ဦး UWSP အဖွဲ့မှ
တက်ရောက်လေ့လာသူ ၃ ဦး၊ NDAA အဖွဲ့မှ တက်ရောက်လေ့လာသူ ၂ ဦးတို့
တက်ရောက်ခဲ့ပြီး SSA အဖွဲ့ဝင်များအနေဖြင့် လေးကြိမ်မြောက်
တွေ့ဆုံဆွေးနွေးပွဲတွင်လည်း လေ့လာသူအဖြစ် တက်ရောက်သွားမည် ဖြစ်ကြောင်း
သိရသည်
http://burma.irrawaddy.org/archives/35821