Showing posts with label လွှတ်တော်အတွင်း ဆွေးနွေးချက်များ. Show all posts
Showing posts with label လွှတ်တော်အတွင်း ဆွေးနွေးချက်များ. Show all posts

January 28, 2013

လိုင်ဇာကို သိမ်းရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်လို့ ဒေါ်ဒွဲဘူ တုံ့ပြန်ပြောဆို

RFA ၊ 2013-01-28

KIO ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာကို သိမ်းပိုက်ပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် ကချင်ပြည်သူ တယောက်အနေနဲ့ရော လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့ပါ ကန့်ကွက်တယ်လို့ ကချင်တိုင်းရင်းသူ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဒီကနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ ပြည်သူ့လွှတ်တော် ကျင်းပပြီးချိန်မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် KIA လိုင်ဇာဌာချုပ်ကို အရင်သိမ်းပိုက်ပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖြစ်နိုင်မယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေရဲ့ ပြောဆိုချက်ကို ကချင်ပြည်နယ်၊ အင်ဂျန်းယန်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပြီး တုံ့ပြန်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးရဖို့ လွှတ်တော်ရဲ့ တိုက်တွန်းချက်တွေကို နှစ်ဖက်တပ်တွေက လိုက်နာဖို့ လိုအပ်ကြောင်း၊ လွှတ်တော်ရဲ့ တိုက်တွန်းချက်ဟာ လိုင်ဇာတခုထဲမဟုတ်ဘဲ ကချင်ပြည်နယ်တခုလုံးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ထိုးစစ်တွေကိုလည်း ရပ်တန့်ဖို့လည်း ပါ၀င်ကြောင်း ဒေါ်ဒွဲဘူက ပြောပါတယ်။

အခုလ ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း သမ္မတ ဦးသိန်းစိန်အနေနဲ့ တမ်မတော်ကို ခုခံကာကွယ်သည်မှအပ ထိုးစစ်ဆင်တာတွေရပ်ဖို့ ညွှန်ကြားထားပြီးဖြစ်သလို ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အစည်းအဝေးတွေမှာလည်း ကချင်ပြည်နယ် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မယ့် အရေးကြီးအဆိုတွေ တင်သွင်းဆွေးနွေးခဲ့ကြပါတယ်။


http://drlunswe.blogspot.com/2013/01/blog-post_9181.html

January 24, 2013

ပြည်ခိုင်ဖြိုးနဲ့ တပ်ကိုယ်စားလှယ်တွေ ကချင်အရေး အင်အားသုံးဖို့ လိုလား


မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ လက််နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတာတွေ အဆုံးသတ်စေရေး ရည်ရွယ်ပြီးတော့ နေပြည်တော်မှာ ကျင်းပတဲ့ လွှတ်တော်တွင်း ဒီကနေ့ ဆွေးနွေးကြပါတယ်။ တိုင်းရင်းသား ကိုယ်စားလှယ်တွေကတော့ မြန်မာအစိုးရတပ်တွေနဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာ တိုက်ခိုက်မှုတွေကို နိုင်ငံရေးအရ အဖြေရှာကြဖို့ အကြံပြုဆွေးနွေးခဲ့ကြပေမဲ့ အာဏာရပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တွေကတော့ အင်အားသုံး နှိမ်နင်းဖို့ လိုလားနေကြတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ဒီကနေ့ လွှတ်တော်ထဲမှာ အချေအတင် ဆွေးနွေးခဲ့တာတွေကိုတော့ ကိုအောင်လွင်ဦး က ပြောပြပေးမှာပါ။

မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ကြား တိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် ဆိုသလို ဖြစ်ပွားနေတာတွေ အဆုံးသတ်စေရေး ရည်ရွယ်ပြီး အမျိုးသားလွှတ်တော်မှာ တင်သွင်းတဲ့ အဆိုတရပ်ကို ဆွေးနွေးကြတာပါ။ ကချင်တိုင်းရင်းသား ကိုယ်စားလှယ် ဦးခက်ထိန်နန် တင်သွင်းလာတဲ့ အဆိုကို တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးကြ ရာမှာတော့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက် ကြုံခဲ့ရတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ အစိုးရ အဆက်ဆက် လက်ထက် ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့တဲ့ နိုင်ငံရေး အကျိုးဆက်အဖြစ် ဆွေးနွေးခဲ့ကြတာပါ။ ကချင်ပြည်နယ်က အခုနောက်ဆုံး ပဋိပက္ခတွေ အဆုံးသတ်ဖို့ ဆိုရင်လည်း တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းကသာ အဖြေရနိုင်မယ်လို့ တိုင်းရင်းသား ကိုယ်စားလှယ်တွေက ယုံကြည်ကြတဲ့အကြောင်း ကိုယ်တိုင် ၀င်ရောက် ဆွေးနွေးခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင် က ပြောပါတယ်။

“အဓိကကတော့ ပြည်တွင်းစစ်ကို ရပ်စေချင်တာပေါ့၊ ဒီပြဿနာကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းဟာ တွေ့ဆုံညှိနှိုင်းဖြေရှင်းနည်းပဲ ဆိုတဲ့သဘောကို ဆွေးနွေးကြပါတယ်။ ဒါကျနော်တို့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြတယ်။ တော်တော်များများ အဲ့ဒီ့အမြင်နဲ့ပါ။ နောက်တော့ ပြည်ခိုင်ဖြိုးပါတီဘက်က တချို့၊ တပ်မတော် အငြိမ်းစားပုဂ္ဂိုလ်တွေကတော့ဖြင့် အပြုတ်ချေမှုန်းရေးဆိုတဲ့ ဦးတည်ချက်ဘက်ကို သွားတယ်လို့ယူဆပါတယ်။ ကျနော်တို့ဆွေးနွေးတဲ့အခါမှာကျတော့ ဒီနယ်မြေကို ခဏတာ အောင်လံစိုက်ပြီးခါမှ သိမ်းရုံနဲ့ ထာဝရ ငြိမ်းချမ်းရေးကို မရနိုင်ဘူး။ နယ်မြေစိုးမိုးရေးကို မရနိုင်ဘူး ဆိုတာ ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ ထာဝရ ငြိမ်းချမ်းရေးကို ရဖို့အတွက် ကျနော်တို့ နိုင်ငံရေးအားဖြင့် တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ ယဉ်ကျေးမှု တည်ဆောက်ဖို့ လိုတယ်ဆိုတဲ့ အဲ့တာလေးနဲ့ ကျနော်တို့ ဆွေးနွေးပါတယ်။”

၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲထားတာတွေ ၂၀၁၁ နှစ်လည်ပိုင်းမှာပဲ ပျက်ပြားခဲ့ပြီးတဲ့နောက် လက်နက်ကိုင် ပဋိပက္ခတွေ ပြန်လည် ဖြစ်ပွားနေတာတွေဟာ ဒီနှစ်ဆန်းပိုင်းမှာတော့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့တာပါ။ မြန်မာအာဏာပိုင်တွေ ကတော့ အစိုးရရဲ့ စစ်ကြောင်းတွေကို ကချင်လက်နက်ကိုင် တပ်တွေ တိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် တုန့်ပြန်တဲ့ အနေနဲ့ ဒေသတွင်း ရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ လုပ်ခဲ့တာလို့ ပြောပါတယ်။ စစ်ရေးရည်မှန်းချက်တွေ ရရှိပြီး ဖြစ်တဲ့အတွက်လည်း ပြီးခဲ့တဲ့ စနေနေ့ကစပြီး ထိုးစစ်တွေ ရပ်မယ်လို့ ကြေညာထားတာပါ။

ဒါပေမဲ့လည်း ကြေညာချက် ထုတ်ပြန်ပြီး နောက်ပိုင်းအထိ ကချင်လက်နက်ကိုင်တွေက အစိုးရ တပ်ဖွဲ့တွေနဲ့ အရပ်သားတွေကို တိုက်ခိုက်မှုတွေ ရှိတယ် ဆိုပြီးတော့လည်း ပြောဆိုနေတာ ဖြစ်ပါတယ်။ ကြာသပတေးနေ့က လွှတ်တော်တွင်း ဆွေးနွေးစဉ်မှာလည်း စစ်တပ် ကိုယ်စားလှယ်တွေနဲ့ စစ်မှုထမ်းဟောင်း ကိုယ်စားလှယ်တွေက အလားတူ စွပ်စွဲချက်တွေနဲ့အတူ ပြဿနာကို အင်အားသုံး ဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဒေါက်တာအေးမောင် ကပြောပါတယ်။

“တပ်မတော်သားတွေဖက်က ဆွေးနွေးတဲ့အခါကျတော့ ပြည်တွင်းဒီစစ်ပွဲနဲ့ပတ်သက်လို့ ကေအိုင်အေ၊ ကေအိုင်အိုတို့ရဲ့ စတင်ပစ်ခတ်မှုတွေ၊ မိုင်းခွဲမှုတွေ၊ အဲ့တာမျိုးတွေကို ချပြပြီးကာမှ ရှင်းတာပေါ့ဗျာ။ တိုင်းရင်းသားတွေဖက်ကတော့ ဟိုဘက်၊ ဒီဘက် အကြောင်းပြနိုင်မှာပဲ စစ်ပွဲဆိုတာ၊ နော် စစ်ပွဲဆိုတာ  အကြောင်းရင်းကို ရှာဖို့လိုတယ်။ အဲ့ဒီ့နည်းဟာ နိုင်ငံရေးအရ ဖြေရှင်းနည်းပဲ။ တကယ်တမ်း ကျနော်တို့ တိုင်းပြည်ကိုသာ စစ်မှန်တဲ့ ပြည်ထောင်စုအဖြစ် တည်ဆောက်မယ်ဆိုရင် နှစ်ပေါင်း ၆၀ကျော် မငြိမ်းချမ်းသေးတာ၊ တိုင်းရင်းသားအချင်းချင်း တိုက်ကြခိုက်ကြ ဖြစ်ကြတာ၊ အမှန်တော့ ကျနော်တို့ပြန်လည်သုံးသပ်ဖို့ လိုပြီ။ ကျနော်တို့ တွေ့ဆုံညှိနှိုင်း အဖြေရှာပြီးကာမှ ပြည်ထောင်စုကို တည်ဆောက်ဖို့ လိုပြီဆိုတာကို ကျနော်တို့ကို ပြန် တပ်လှန့်လိုက်တဲ့ သဘောပါပဲလို့ ဆွေးနွေးကြပါတယ်။ အကုန်လုံး ငြိမ်းချမ်းရေးကို ရစေချင်တယ်။ ဦးခတ်ထိန်နန်အဆိုတင်သွင်းတဲ့ အချက်သုံးချက်လုံးကို တိုင်းရင်းသားလွှတ်တော်အမတ်တွေက ထောက်ခံခဲ့ကြပါတယ်။”

ကချင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်လို့ အမျိုးသား လွှတ်တော်မှာ သောကြာနေ့အထိ ဆက်လက် ဆွေးနွေးဦးမှာပါ။ မြန်မာအစိုးရ ကတော့ တိုက်ခိုက်မှုတွေ ရပ်စဲပြီး KIO နဲ့ ဆွေးနွေးဖို့ အသင့်ရှိနေတဲ့ အကြောင်း ကမ်းလှမ်းထားပေမဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲမို့ လက်တွေ့မှာ ဆွေးနွေးရေး မဖြစ်နိုင်သလောက် အခြေအနေမျိုးမှာ ရောက်နေတယ်လို့ KIO က ပြောဆိုထားတာပါ။ ဒီလိုပဲ တွေ့ဆုံရမယ် ဆိုရင်လည်း တဖွဲ့ချင်း အနေနဲ့ မဟုတ်ပဲ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် အဖွဲ့တခုဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နဲ့အတူ တွေ့ဆုံဖို့ လိုလားကြောင်းလည်း ပြောဆိုထားတာ ဖြစ်ပါတယ်။

http://burmese.voanews.com/content/kachin-parliment-naypyidaw/1590139.html

January 11, 2013

ကချင်အရေးငြိမ်းချမ်းစွာ အဖြေရှာဖို့ ပြည်သူ့လွှတ်တော်တိုက်တွန်း

ကချင်ပြည်နယ်တွင်း လက်ရှိ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ အခြေအနေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO/KIA ကို ပြည်သူ့လွှတ်တော်က တိုက်တွန်း တောင်းဆို လိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ အသေးစိတ်ကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အရေးကြီးအဆိုတရပ်ကို ဒီကနေ့ပဲ ပြည်သူ့လွှတ်တော်မှာ ကချင်ပြည်နယ် မြစ်ကြီးနား မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော်က တင်သွင်းခဲ့ပြီးတော့ လွှတ်တော်မှာ အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကနေ့ လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးသိန်းညွှန့်က ခုလို ပြောပြပါတယ်။

“ကျနော်တို့ ပြည်သူ့လွှတ်တော်မှာ တိုင်းရင်းသားရေးရာ ကော်မတီမှာလည်း ဥက္ကဋ္ဌ ဖြစ်တဲ့၊ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်ကနေ တင်သွင်းတာ။ ချုပ်လိုက်ရင်တော့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ ပုံစံက အခုချိန်မှာ တဘက်နဲ့တဘက် မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ မရဘူးပေါ့နော်၊ ကချင်ပြည်နယ် ကိစ္စမှာ နှစ်ဦးနှစ်ဘက်လုံး တာဝန်ရှိတဲ့အတွက် ခုလို တွေ့လို့ မရတဲ့အခါမှာ အွန်လိုင်းကနေတွေ့ပြီးတော့ ဆွေးနွေးဖို့။ အဲဒီ ဆွေးနွေးမှုတွေကို ပွင့်ပွင့်လင်းလင်း ပြည်သူတွေက အကဲဖြတ်ဖို့၊ ဒီမိုကရေစီစနစ်မှာ ပြည်သူ့ဆန္ဒနဲ့ အကောင်အထည် ဖော်ရတာမိုလို့ အဲဒီ ဆွေးနွေးချက်တွေ အပေါ်မှာ ပြည်သူတွေက အကဲဖြတ် ဆုံးဖြတ်ဖို့။ စစ်ကို လက်နက်နဲ့ပဲ ဖြေရှင်းလို့မရဘူးပေါ၊ အဲဒါတွေကို လက်နက်ကိုင် ဖြေရှင်းတဲ့နည်းတခုတည်းနဲ့ မအောင်မြင်ဘူး ဆိုတာကို သူ ထောက်ပြပါတယ်။ ကချင်ပြည်နယ် တနိုင်း မဲဆန္ဒနယ်က လွှတ်တော်အမတ်ကလည်း ထောက်ခံတယ်။ အဲဒီတော့ လွှတ်တော်ကလည်း အတည်ပြုပြီးတော့ သက်ဆိုင်ရာကို ပေးပို့ရမှာပေါ့။”

ငြိမ်းချမ်းရေး ကြိုးပမ်းတဲ့နေရာမှာ မျက်နှာချင်းဆိုင် တွေ့ဆုံပြီးတော့ပဲ ဖြစ်ဖြစ်၊ အင်တာနက်ကပဲ ဖြစ်ဖြစ် ဘယ်လိုပုံစံမျိုးနဲ့မဆို ဆွေးနွေးမှုတွေ ဖြစ်လာဖို့ အရေးကြီးတယ်လို့လည်း ဦးသိန်းညွှန့်က ပြောပါတယ်။

“ဒါပေမဲ့ လွှတ်တော်ထဲမှာ ကျနော် တွေ့ရတဲ့အခြေအနေ တခုကတော့ ထောက်ခံတုန်းကလည်း ဘာမှမပြောဘူး၊ ကန့်ကွက်စရာ ရှိလား ဆိုတော့လည်း ဘာမှမပြောတဲ့ ရပ်တည်ချက် ဘာမှန်းမသိတဲ့၊ ဘာတွေ ရပ်တည်မှန်းမသိတဲ့ အနေအထားမျိုးတွေကိုလည်း ကျနော် တွေ့ရတယ်။ ကျနော်တို့ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ်၊ ဒါ ငြိမ်းချမ်းရေး လုပ်တဲ့နေရာမှာ စကားပြောတာ ကောင်းတယ်။ အင်တာနက်ကပဲ ပြောပြော၊ အွန်လိုင်းကပဲ ပြောပြော၊ စားပွဲထိပ်မှာပဲပြောပြော၊ ဘယ်လိုပြောပြော သေနတ်ပစ်နေတာနဲ့စာရင် စကားပြောပြီး ဖြေရှင်းရတာ ကောင်းတဲ့အတွက် ကျနော်ကတော့ ဥက္ကဋ္ဌက သဘောတူလား မေးတဲ့အခါမှာ ထောက်ခံသလား မေးတဲ့အခါမှာ ထောက်ခံကြောင်း ပြောခဲ့ပါတယ်။”

အခုလို ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ပြည်သူ့လွှတ်တော်တွင်းမှာ တိုက်တွန်း တောင်းဆိုမှုတွေ ရှိနေသလိုပဲ ကချင်ပြည်နယ်တွင်းမှာလည်း လွှတ်တော်အမတ်တချို့နဲ့ ဒေသခံ တာဝန်ရှိသူတွေ၊ လူထုတွေပါ တွေ့ဆုံပြီး ဆွေးနွေးမှုတွေလည်း ရှိနေတာပါ။ လက်ရှိ ပဋိပက္ခဒဏ် ခံစားနေရတဲ့ ဒေသခံတွေရဲ့ အခြေအနေနဲ့ တောင်းဆိုချက်တွေကို လွှတ်တော်မှာ သီးသန့် တင်ပြသွားဖို့ ရှိတယ်လို့ ကချင်ပြည်နယ် အင်ဂျန်ယန်မဲဆန္ဒနယ်က လွှတ်တော်အမတ် ဒေါ်ဒွဲဘူက ပြောပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးမှ လူထုရဲ့ ဆန္ဒသဘောထားတွေကို ကျမတို့က စုံနိုင်သလောက် စုံအောင် ယူနေလို့ပါ။ ပြီးလို့ရှိရင် ကျမတို့ရဲ့ ပြဿနာ အရင်းခံတွေပေါ့နော်၊ ကျမတို့ရဲ့ ဟိုဘက်ဒီဘက် သဘောထားတွေ။ ကျမတို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ့်ကိစ္စတွေ ပေါ့နော်။ အဲဒါတွေကို ကျမတို့ ညှိနှိုင်း ဆောင်ရွက်တယ်၊ ဆွေးနွေးတယ်။ အဲဒါတွေ လုပ်နေလို့ ကျမတို့ လွှတ်တော် မသွားနိုင်သေးတာပါ။ ကချင်ပြည်နယ်က လွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း မနက်ဖြန် ကျမတို့ အသေးစိတ် တွေ့ဆုံသွားဖို့ရှိပါတယ်။ ဒီနေ့လည်း သူတို့က ကချင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့မှ အဆိုတင်သွင်းဖို့၊ သူတို့ ဆွေးနွေးသွားဖို့ ဆုံးဖြတ်ပြီး ဖြစ်ပါတယ်။ ကျမတို့ လူထုနဲ့လည်း တော်တော်များများ တွေ့ပြီးပါပြီ။ နောက်ပြီး မြို့တော် ခမ်းမမှာလည်း လူထု ၆၀၀ ကျော်နဲ့လည်း တခါ တွေ့ပြီးပါပြီ။ ပြီးရင် ကျမ အနေနဲ့ ကက်သလစ်ဘုန်းတော်ကြီးတွေ နဲ့ရော၊ လူငယ်ပိုင်း အနေနဲ့ရော အုပ်စုလိုက် အုပ်စုလိုက် ကျမတို့တွေ့ထားတဲ့ ကျမတို့ရဲ့ သဘောထားတွေကို အကုန်လုံး စုစည်းပြီးတော့မှ လွှတ်တော်ကို တင်ပြသွားမှာပါ။ ကျမတို့ရဲ့ အခြေအနေပေါ့။ ဒီနေ့ လွှတ်တော်မှာ ကချင်အခြေအနေတော့ သူတို့ ဘယ်လို ခေါင်းစဉ်နဲ့ တင်သလဲတော့မသိဘူး။ ဒါပေမဲ့ ကျမတို့ ဒေသခံ၊ လက်ရှိ ကျမတို့ ခံစားနေရတဲ့ ဒေသခံတွေရဲ့ အခြေအနေနဲ့ ဒေသခံတွေရဲ့ တောင်းဆိုချက်ကိုတော့ ကျမတို့ သီးသန့်တင်ပြသွားမှာပါ။”

ကချင်ပြည်နယ်တွင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလကစလို့ ပြန်လည် ပြင်းထန်လာနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နှစ်ဘက် သေဆုံးမှုတွေ အတော်များများရှိပြီး ဒေသခံပြည်သူတွေ ထိတ်လန့် ခြောက်ခြားနေကြရတယ်လို့့လည်း ဒေါ်ဒွဲဘူက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် နယ်စပ်ဒေသမှာ ခိုလုံနေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေဟာလည်း သောင်းနဲ့ချီ ရှိနေတာလည်း ဖြစ်ပါတယ်။

http://burmese.voanews.com/content/mp-urgent-calls-for-peace-solution-in-kachin-state/1582018.html

December 21, 2012

ကချင်အရေး လွှတ်တော်တွင် အရေးတကြီးဆွေးနွေးမည်


ကချင်ပြည်နယ်တွင်းမှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ကေအိုင်အေကြား နှစ်ဘက် တိုက်ပွဲတွေဟာ ပိုပြီးပြင်းထန်လာနေတဲ့အတွက် ငြိမ်းချမ်းရေးရနိုင်ဖို့ ပြည်ထောင်စုလွှတ်တော် ဆဌမအကြိမ်အစည်းအဝေးမှာ ကချင်ပြည်နယ်အရေး အရေးတကြီးအဆို တင်သွင်းပြီး ကချင်ငြိမ်းချမ်းရေးအတွက် အဓိကထား ဆွေးနွေးကြမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်တွင်း တိုက်ပွဲအခြေအနေကို ပိုပြီး သိရှိနိုင်အောင် အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူးကိုယ်တိုင် ကချင်ပြည်နယ်ကို ရောက်ရှိလေ့လာနေပါတယ်။ ဒီအကြောင်း ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူးကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က အကြောင်းစုံ ပြောပြပေးပါမယ်။

အခုဆိုရင် ကချင်ပြည်နယ်တွင်းမှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ကေအိုင်အေကြား တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာတဲ့ အနေအထားဖြစ်နေတာက ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ အင်မတန်ကြီးမားတဲ့ အခက်အခဲ အကျပ်အတည်းကို ဖြစ်စေတယ်လို့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူး ဦးခက်ထိန်နမ်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ကျနော်တို့ တပြည်နယ်လုံး၊ ပြည်နယ်သူ၊ ပြည်နယ်သား အားလုံး ဒုက္ခဖြစ်နေတာနဲ့ ကျနော်တို့ ပြည်နယ်ရဲ့ ဒီအခက်အခဲကလည်း ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီအကူးအပြောင်းအတွက်လည်းပဲ ဖြောင့်ဖြူးဖို့အတွက် ခက်တဲ့အတွက်ကြောင့် ဒီဟာကတော့ နှစ်ဖက်စလုံးကို ယုံကြည်မှု မြန်မြန်တည်ဆောက်ပြီးတော့ ယုံကြည်မှု မြန်မြန်ရစေချင်တာနဲ့ အပစ်အခတ် အမြန်ဆုံး ရပ်စေချင်တာကတော့ ရင်ထဲက စကား၊ ရင်ထဲက အပြည့်အဝရှိတဲ့အနေအထားပေါ့။”

ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေဟာ နှစ်နဲ့ချီကြာမြင့်လာတာနဲ့အမျှ နှစ်ဘက်စလုံးက တိုက်ပွဲအရှိန်ကို ပိုပြီးတော့ မြှင့်လာတဲ့အတွက် ဒေသခံပြည်သူတွေရဲ့ နေရေးထိုင်ရေး၊ ကျမ်းမာရေးအပြင် အသက်မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးရေး၊ကုန်ထုတ်လုပ်ရေးတွေကိုပါ ဆိုးဆိုးဝါးဝါးထိခိုက်စေတယ်လို့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။

“အကုန်လုံးအဆင်ပြေဖို့ကတော့ ငြိမ်းချမ်းသွားမှပဲ ဖြစ်နိုင်တဲ့အနေအထားပါ။ အခုက အစစအရာရာ ပညာရေး၊ ကျမ်းမာရေးကအစ အားလုံး၊ အားလုံးပေါ့၊ စိုက်ရေးပျိုးရေး၊ မွေးမြူရေး အကုန်လုံး၊ နေတာထိုင်တာကအစ ကြာလာလေ၊ လူဦးရေများလာလေ။ ကြာလာလေ စိတ်ဓာတ်ကျလေ၊ ကြာလာလေ ဒုက္ခများလေ အဲ့လိုဖြစ်နေတယ်။"

ဒါ့အပြင် နှစ်ဘက်ထိန်းချုပ်မှုအောက်မှာရှိတဲ့ စစ်ပြေးဒုက္ခသည် သိန်းဂဏန်းလောက်ထိ မြင့်တက်လာတဲ့ အချိန်မှာ ကလေးငယ်တွေအတွက် ပညာသင်ယူနိုင်ရေး ကိုပါ ထိခိုက်ပျက်ပြားစေနေတာဖြစ်ပါတယ်။ ဒါကြောင့် အခုလို အချိန်ကြာလာတာနဲ့အမျ ဒေသတွင်း တည်ငြိမ်မှုမရှိဘဲ အခြေအနေဆိုးဝါးလာနေတဲ့ ကချင်ပြည်နယ်အရေး ပြည်ထောင်စုလွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးတင်ပြနိုုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်လို့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူးဖြစ် ကချင်ပြည်နယ်စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီရဲ့ ဥက္ကဌ ဦးခက်ထိန်နန်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“အခုလွှတ်တော်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး စာတင်ထားတယ်။ အခုလာမယ့် ဆဌမအကြိမ်မှာ ဆွေးနွေးခွင့်ရမယ်လို့ မျှော်လင့်တယ်။ ကျနော်တို့လည်း ကိုယ့်ဒေသကို ကိုယ်ပြည်နယ်ကို ရောက်လာတာ အခုနှစ်ရက်၊ သုံးရက်ရှိလာပြီဆိုတော့ ဒီကိစ္စလည်း ဒီမှာဆွေးနွေးပြီးတော့ ကျနော်တို့ တတ်နိုင်တဲ့ဘက်က ဆွေးနွေးဖို့၊ တတ်နိုင်ဘက်က အကြံညဏ်တောင်းဖို့ ဒီဟာတွေတော့ ကျနော်တို့ အစီအစဉ်တွေတော့ ဆွဲနေပါတယ်။”

အခုဆိုရင် ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေ ထိုးစစ်ဆင်နိုင်ဖို့အတွက် မြန်မာစစ်တပ်ဘက်က စစ်သည်အင်အားတွေ တိုးပြီးချလာဖို့ လုပ်ဆောင်နေသလိုပဲ တိုက်ပွဲတွေအတွင်းမှာလည်း အဆင့်မြင့်စစ်တပ်သုံးလေယာဉ်တွေ၊ လက်နက်ကြီးတွေပါ ပစ်ခတ်မှုတွေရှိနေတဲ့အတွက် ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေဟာ အခြေအနေ ပိုပြီးတော့ ဆိုးဝါးလာနေတယ် လို့လည်း ကချင်သတင်းစဉ်က ကိုနော်ဒင်းက ပြောပါတယ်။

 “တိုက်ပွဲအခြေအနေကတော့ ကေအိုင်အေဌာနချုပ် လိုင်ဇာဘက်သာမကပဲနဲ့ ကချင်ပြည်နယ်တခုလုံးမှာ တိုက်ပွဲ အရှိန်အဟုန်တွေက မြင့်မားလာနေတာကို တွေ့ရတယ်။ အစိုးရဘက်က တိုက်လေယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ အတော်လေး အသုံးပြုလာတာကိုလည်း တွေ့ရတာပေါ့။ ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်ကလည်း ရထားသုံးစီးလောက်နဲ့ အောက်မြန်မာပြည်က စစ်သား သောင်းဂဏန်းလောက် ကချင်ပြည်နယ်ထဲကို ပို့ထားလိုက်ပြီ။ အခုလည်း စစ်ရေးအရ ကေအိုင်အိုကို သူတို့က ချေမှုန်းဖို့အတွက် အခြေအနေတွေရှိတော့ ကချင်တွေဘက်က တိုက်စစ်လည်း မဆင်သေးဘူး။ ထိုးစစ်လည်း မလုပ်သေးဘူး အစိုးရကို။”

အခုဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးဝန်းကျင်နဲ့ ကေအိုင်အေရဲ့ တပ်စခန်းချထားတဲ့နေရာအထိ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်  ထိုးစစ်တွေ အပြင်းထန်ဆုံး မြှင့်တင်လာတဲ့ မြန်မာအစိုးရနဲ့ ခံစစ်နဲ့ ပြန်တိုက်နေတဲ့ ကချင်တပ်တွေကြား ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးဟာ စိုးရိမ်စရာအနေအထားကို ရောက်ရှိနေပြီး ဒုက္ခသည်စခန်းတွေက စစ်ပြေးပြည်သူတွေအတွက် နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ ပြည်တွင်း လူမှုအဖွဲ့အစည်းတွေကလည်း လိုအပ်တဲ့ ကျမ်းမာရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့အတွက် စားနပ်ရိက္ခာထောက်ပံ့ရေးလမ်းကြောင်းတွေကနေ ကြိုးစားနေကြတယ်လို့လည်း ကချင်ပြည်နယ်အရေးစောင့်ကြည့်နေသူတွေ ပြောပါတယ်။

http://burmese.voanews.com/content/kachin-army-and-burmese-army-fighting/1569771.html

October 11, 2012

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် ဥပဒေ ပြင်ပေးရန် လွှတ်တော်တင်မည်

စက်တင်ဘာ ၂၁ ရက် အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လမ်းလျှောက် ဆန္ဒပြပွဲတွင် ဦးဆောင်သူ တဒါဇင်ခန့်ကို ခွင့်ပြုချက်မယူဟုဆိုက တရားစွဲဆိုထားသည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
နိုင်ငံသား အခွင့်အရေး အပြည့်အဝ ပေးနိုင်ခြင်းမရှိဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းထားသည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄ အား ပြန်လည် ပြင်ဆင်ပေးရန် အဆိုကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီက ဆဋ္ဌမအကြိမ် ကျင်းပမည့် လွှတ်တော်တွင် တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
ဥပဒေနှင့်အညီ စီတန်းလှည့်လည်ခွင့်၊ ဆန္ဒထုတ်ဖော်ခွင့် ရရှိရန် ပြည်သူများက လျှောက်ထားကြသော်လည်း အာဏာပိုင်များက ခွင့်ပြုသည်ထက် ငြင်းပယ်ခြင်းက ပိုများနေကြောင်း၊ ခွင့်ပြုချက် မရပါက တိုင်းအဆင့် အယူခံလွှာ တင်ခွင့်ရှိသည်ဟု နည်းဥပဒေတွင် ပြဌာန်းထားသော်လည်း အယူခံတင်ပုံ အဆင့်များ မပါ၀င်ဘဲ ခွင့်ပြုမိန့်နှင့် ငြင်းပယ်မိန့်သာ ပါရှိနေကြောင်း၊ ထို့ကြောင့် နိုင်ငံသားအခွင့်အရေး အပြည့်အဝ မရရှိသည့်အတွက် ယင်းဥပဒေပုဒ်မ ၃၅၄ ကို ပြင်ဆင်ပေးရန် လွှတ်တော်သို့ တင်မည်ဖြစ်ကြောင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအဖွဲ့ဝင် တဦးဖြစ်သူ ဦးသိန်းညွန့်က ဧရာဝတီသို့ ပြောသည်။
ခွင့်ပြုမိန့်ရသော ဆန္ဒထုတ်ဖော်ပွဲများတွင်လည်း တင်ပြထားသည့် လူဦးရေထက် လျော့နည်းသော လူဦးရေကိုသာ ခွင့်ပြုပြီး လူသူမရှိသည့် နေရာများ၌သာ ဆန္ဒထုတ်ဖော်ခွင့် ပြုခြင်း၊ ကြွေးကြော်သံများနှင့် ပတ်သက်၍  တင်းကျပ်သော စည်းကမ်းချက်များ ရှိနေခြင်းတို့ကြောင့် မပြည့်စုံသေးသော ဥပဒေအား ပြင်ဆင်လိုခြင်း ဖြစ်ကြောင်း သိရသည်။
“အဂတိ လိုက်စားမှုတွေကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က ဆန္ဒတွေ ပြန်လည်ထုတ်ဖော် လာမှာကို အာဏာပိုင်တွေက သိပ်ကြောက်နေတယ်။ လူထုဆန္ဒဆိုတာ သူတို့အတွက် နိုင်ငံတော်ကို စိန်ခေါ်တာ၊ တိုက်ခိုက်တာလို့ မြင်နေတုန်းပဲ” ဟု ဦးသိန်းညွန့်က ဆိုသည်။
လူ အင်အားများစွာနှင့် ဆန္ဒထုတ်ဖော်ခွင့် လျှောက်ခဲ့ကြသည့် သာကေတမြို့နယ် ယုဇန စားအုန်းဆီ စက်ရုံမှ အနံ့ဆိိုး ပြဿနာ၊ စက်တင်ဘာ ၂၁ ရက်နေ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ပွဲ၊ ညောင်လေးပင် မြို့နယ်မှ အင်းများအား ဖျက်သိမ်းပေးရန် လယ်သမားများ၏ တောင်းဆိုမှုနှင့် ပန်းတနော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ပိုင် အင်းများကြောင့် မြို့သုံးမြို့မှ လယ်သမားများ၏ ဆန္ဒထုတ်ဖော်လိုကြောင်း စာတင်ခြင်းများသည် အယူခံလွှာ အဆင့်အထိ တက်ခဲ့သော်လည်း ငြင်းပယ် ခံခဲ့ကြရသည်။
ကမ္ဘာ့ငြိမ်းချမ်းရေးနေ့က အာဏာပိုင်များ၏ ခွင့်ပြုချက် မရသော်လည်း လမ်းလျှောက် ဆန္ဒဖော်ထုတ်ဖော်ခဲ့မှုကို ဦးဆောင် ပါ၀င်ခဲ့သူ တချို့အား သက်ဆိုင်ရာမြို့နယ် ရဲစခန်းများက ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ချိုးဖောက်မှု ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ကြသဖြင့် ယခုအခါမှာ ဦးဆောင်သူ ၆ ဦးမှာ ပထမဆုံးအနေဖြင့် တရားရုံးများတွင် တရားရင်ဆိုင် နေကြရသည်။
“ပြည်သူတွေကို ကာကွယ်ဖို့ ထုတ်ထားတဲ့ ဥပဒေတွေက ပြည်သူတွေကိုပြန်ပြီး ဖိနှိပ်နေသလို ဖြစ်နေပြီ။ ဒီဥပဒေကို ကိုင်ပြီးတော့ အာဏာပိုင်တွေဘက်က စိတ်ကြိုက် ငြင်းပယ်ခွင့်ရနေတယ်။ ဒီဥပဒေက အထူးတလည် ရှိနေဖို့ မလိုအပ်ပါဘူး” ဟု ပုဒ်မ ၁၈ ဖြင့် တရား ရင်ဆိုင်နေရသော ကိုမိုဃ်းသွေးက ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နည်းဥပဒေသည် ၆ လကြာ ကွာခြားပြီး ထွက်လာခဲ့ခြင်းကြောင့် ပြည်သူများ အနေဖြင့် ဥပဒေပါ အချက်များအား အပြည့်အဝ နားမလည်နိုင်သေးကြောင်း၊ အခြေခံဥပဒေတွင် ပါသော နိုင်ငံသား အခွင့်အရေးများကို နည်းဥပဒေတွင် ပြန်လည် ကန့်သတ်ထားခြင်း ကဲ့သို့သော ဥပဒေ၏ အားနည်းချက်များလည်း ရှိနေသေးသောကြောင့် ပုဒ်မ ၁ဂ ဖြင့် ပထမဆုံးအကြိမ် တရားစွဲဆို ခံထားရသူများအား ဥပဒေတွင် ပါသော တနှစ်ထက် မပိုသည့် ထောင်ဒဏ် မချမှတ်ဘဲ ကျပ် ၃ သောင်းထက် မပိုသော ငွေဒဏ်ဖြင့်သာ အမှုပြီးဆုံးသွားသင့်ကြောင်း ဦးသိန်းညွန့်က ဆိုသည်။
လွှတ်တော်တွင် ဦးသိန်းညွန့် တင်သွင်းထားသော ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ အနှေးယာဉ်များအား လိုင်စင်ချပေးရန် အဆိုသည်လည်း တုန့်ပြန်ချက် မရသေးသည့်အတွက် ၎င်းကဦးဆောင်ပြီး အနှေးယာဉ်သမားများ၊ ရပ်ကွက်သားများဖြင့် ဆန္ဒထုတ်ဖော်ရန် စီစဉ်နေကြောင်း သိရသည်။
အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဦးစီး (၁) ဦးမောင်အောင်က “ဆန္ဒပြခွင့် မပေးတာက ကျနော်တို့ ဥပဒေအတိုင်း လုပ်တာပါ။ ဒီပွဲတွေကို ခွင့်ပြုချက်ပေးခြင်း၊ မပေးခြင်းကို နောက်လာမယ့် ပွဲတွေကျရင် စောင့်ကြည့်ကြပေါ့” ဟု ပြောသည်။
လတ်တလောအနေဖြင့် မြန်မာနိုင်ငံ၏ တရားစီရင်ရေး ဥပဒေများကို ပြန်လည် ပြင်ဆင်ရန်အတွက် ရန်ကုန်မြို့ အတွင်းရှိ အချုပ်ခန်းနှင့် တရားရုံးများအား တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက လိုက်လံ စစ်ဆေး နေသည့်အတွက် တရားရုံးများရှိ တရားခွင်များ၌ တရားသူကြီးများ ရုံးထိုင်ချိန် မှန်လာကြောင်းနှင့် လာဘ်စားမှုကြောင့် နာမည်ထွက်သည့် တရားခွင် စာရေးများအား နေရာအပြောင်းအရွှေ့များ ရှိနေကြောင်း သိရသည်။
ကော်မတီအနေဖြင့် ဆန္ဒထုတ်ဖော်ခွင့် မရခဲ့သည့် လူထု၏ တိုင်ကြားစာများကို စုဆောင်းနေပြီး လွှတ်တော်တွင် ယင်းစာများနှင့်တကွ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

http://burma.irrawaddy.org/archives/22620

August 23, 2012

ငြိမ်းချမ်းရေးကိစ္စ အမတ်များ လွှတ်တော်ပြင်ပ၌တွေ့ဆုံဆွေးနွေး

Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India