Showing posts with label သုံးသပ်ချက်. Show all posts
Showing posts with label သုံးသပ်ချက်. Show all posts

February 2, 2013

နယ်စပ်တည်ငြိမ်ရေး နဲ့ ဗမာစစ်တပ် ကြီးစိုးရေး

တရုတ်-မြန်မာနယ်စပ်မှာ ဗမာအစိုးရတပ်နဲ့ KIA ကချင်တပ်တွေ တိုက်ခိုက်နေကြတာကို ချက်ချင်းရပ်ဆိုင်းကြဖို့ တရုတ်အစိုးရက လွန်ခဲ့တဲ့လမှာ နှစ်ကြိမ်တိုက်တွန်းပါတယ်။ နယ်စပ်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပူးတွဲတာဝန်ယူကြဖို့လည်း ပန်ကြားပါတယ်။ အနောက်တောင် နယ်စပ်ဒေသ တည်ငြိမ်ရေးဟာ တရုတ်အတွက် အလွန်အရေးကြီးပါတယ်။ နယ်စပ်ဒေသ တည်ငြိမ်ပြီး အိမ်နီးချင်းနဲ့ သဟဇာနဖြစ်မှသာ ငြိမ်းချမ်းစွာ တိုးတက်နိုင်မယ်လို့ တရုတ်ခေါင်းဆောင်ပိုင်းက ယုံကြည်ပါတယ်။ အခြား အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း သဘောတူညီချက်ယူပြီး ညှိနှိုင်းဆွေးနွေးရင်း ပြဿနာရှင်းနိုင်ဖို့ တရုတ်က စီစဉ်ထားပါတယ်။

တရုတ် နိုင်ငံခြားရေးလမ်းစဉ်ဟာ 'ဟားပင်ကွန့်ချောင်' (ခေါ်) ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင််ရေးဖြစ်ကြောင်း တရုတ်ခေါင်းဆောင်တွေ မကြာခဏ ပြောလေ့ရှိပါတယ်။ နိုင်ငံခြားရောက် တရုတ်တွေရဲ ့ အသက်အိုးအိမ်၊ အကျိုးစီးပွားနဲ့ တရားဝင်ရပိုင်ခွင့်ကို အားသွန်ခွန်စိုက် ကာကွယ်ရမယ်လို့ တရုတ်အစိုးရက ယူဆပါတယ်။ မြန်မာပြည်ရောက် တရုတ်တွေကို ဂရုစိုက်ဖို့ တရုတ်ပြည်ကိုလာတဲ့ ဗမာအစိုးရ ကိုယ်စားလှယ်ကို တရုတ်ခေါင်းဆောင်ပိုင်းက မှာကြားလေ့ရှိပါတယ်။ ဒါပေမဲ့ တရုတ်မျှော်လင့်သလို ဖြစ်မလာတာကို ၂၀၀၉ ခုနှစ် ကိုးကန့်ထိုးစစ်၊ မြစ်ဆုံဆည်နဲ့ ကချင်ပြည်နယ် ထိုးစစ်က သက်သေပြနေပါတယ်။

ကိုးကန့်ဒေသမြို ့တော်ဖြစ်တဲ့ 'လောက်ကိုင်' ကို ဗမာအစိုးရတပ် သိမ်းပိုက်စဉ်က တရုတ်ပိုင်ဥစ္စာပစ္စည်း အများအပြား လုယက်ခံရတဲ့သတင်း ထွက်ခဲ့ပါတယ်။ ကိုးကန့်ထိုးစစ်ကြောင့် ဒုက္ခရောက်တဲ့ တရုတ်နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ တရုတ်အစိုးရက ဗမာစစ်တပ်နဲ့ လက်တွဲတဲ့အဖွဲ့ခွဲ ရှိလာတာမို့ ကိုးကန့်ကို ကြီးစိုးဖို့ ထိုးစစ်ဆင်တာ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ ့ ခွဲထွက်တဲ့ အုပ်စုများလာလေလေ ဗမာစစ်တပ်ကြီးစိုးဖို့ အခွင့်သာလေလေ ဖြစ်တာမို့ အကွဲကွဲအပြဲပြဲဖြစ်အောင် သပ်လျှိုတဲ့နည်းကို ဗမာစစ်တပ်က ကျင့်သုံးပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရဲ ့ အင်အားကိုလိုက်ပြီး ဗမာစစ်တပ်က တဖွဲ့တမျိုး အမျိုးမျိုးအဖုံဖုံ ခွဲခြားဆက်ဆံတတ်ပါတယ်။

တရုတ်အစိုးရရဲ ့ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ ဗမာစစ်တပ်ရဲ ့ နယ်စပ်ဒေသ ကြီးစိုးရေးလမ်းစဉ်ဟာ ဆန့်ကျင်ဘက် အယူအဆတွေ ဖြစ်ပါတယ်။ နယ်စပ်ဒေသမှာ ထိုးစစ်ဆင်တာဟာ တရုတ်-မြန်မာ မဟာဗျူ ပူးပေါင်းဆောင်ရွက်ရေး သဘောတရားကို ကဏ္ဍကောစ လုပ်ရာရောက်တယ်လို့မြင်တဲ့ တရုတ်တွေ ရှိပါတယ်။ တရုတ်အကျိုးစီးပွား ကာကွယ်ဖို့အတွက် နယ်စပ်နေ တိုင်းရင်းသားတွေကို အားကိုးနိုင်ကြောင်း ယူနန် ရဲကောလိပ် နိုင်ငံရေးသိပ္ပံပါမောက္ခ 'လျန်ကျင်ယွန်း' က ၂၀၁၁ မှာ စာတမ်းရေးပြီး အကြံပေးခဲ့တယ်လို့ တရုတ်အမျိုးသမီး သုတေသီ ယွန့်စွန် က ဇန်နဝါရီ (၁၅) ရက်ထုတ် Foreign Policy စာစောင်မှာ ဖော်ပြါတယ်။ ယူနန်သုတေသီ ဂျူဂျန့်မင်ကလည်း လက်နက်ကိုင် တိုင်းရင်းသားအပါအဝင် နိုင်ငံရေးအင်အားစုမျိုးစုံနဲ့ ဆက်ဆံဖို့ ဇန်နဝါရီ (၂၈) ရက်ထုတ် Global Times မှာ ရေးထားပါတယ်။

ကချင်ပြည်နယ် ထိုးစစ်စတင်ပြီး သုံးလအကြာမှာ တရုတ်ကို မှီခိုနေရတဲ့ ဝ အဖွဲ့ မိုင်းလားအဖွဲ့နဲ့ ဦးသိန်းစိန်အစိုးရတို့ ငြိမ်းချမ်းရေးသဘောတူချက် ရယူနိုင်တာကိုကြည့်ရင် နယ်စပ်စစ်ပွဲကျယ်ပြန့်မှာ စိုးရိမ်ပုံရပါတယ်။ အရင်လို အစိုးရတပ်အောက်မှာ နယ်ခြားစောင့်တပ်လုပ်ဖို့၊ လက်နက်ချဖို့ မပြောဘဲ ၁၉၈၉ အပစ်ရပ်စဲရေးမူကို ပြန်လည်ကျင့်သုံးဖို့ သဘောတူကြပါတယ်။ ဒါကြောင့် ရှမ်းပြည်နယ် အထူးဒေသ (၂) ဝ နယ်မြေနဲ့ အထူးဒေသ (၄) မိုင်းလားဒေသမှာ အစိုးရစစ်တပ်ဟာ လက်နက်ကိုင်ဆောင်ခွင့် မရှိပါဘူး။ ကချင်ပြည်နယ်မှာလည်း စေံစပ်ညှိနှိုင်းပြီး အလားတူသဘောတူညီချက်မျိုး ရယူဖို့ ဝ မိုင်းလားနဲ့ ရှမ်းပြည်နယ် အထူးဒေသ (၃) SSPP တို့က ဇန်နဝါရီလ (၁၀) ရက်နေ့က ကြေညာချက်ထုတ်ပါတယ်။

ဝ ပြည် သွေးစည်းညီညွှတ်ရေးတပ်ဖွဲ့နဲ့ မိုင်းလားတပ်ဖွဲ့လို့ လူသိများတဲ့ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဟာ သူတို့ဒေသမှာ ရင်းနှီးမြုပ်နှံတဲ့ တရုတ်အကျိုးစီးပွားကို ကာကွယ်ဖို့ သန္နိဋ္ဌာန်း ချထားသူတွေ ဖြစ်ပါတယ်။ မိုင်းလားတပ်ကို တရုတ်စစ်ဗိုလ်ဟောင်း လင်မင်းရှင် ခေါ် ဦးစိုင်းလင်း ဦးဆောင်ပြီး ဝ တပ်ဖွဲ့ကို ဘောက်ယူရှန်း က ဦးဆောင်ပါတယ်။ ဘောင်ယူရှန်း ဟာ ဝ အကြီးအကဲ တာပန် ရဲ ့ တရုတ်အမည် ဖြစ်တာကိုကြည့်ရင် တရုတ်လွှမ်းမိုးမှုကို ခန့်မှန်းနိုင်ပါတယ်။ တရုတ် လိုချင်တဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ စီးပွားရေးကို တရုတ် အကူအညီ အပြည့်အဝရတဲ့ ဝ နဲ့ မိုင်းလားက ဆောင်ရွက်ပေးနိုင်တာ တွေ့ရပါတယ်။ အစိုးရ ထိုးစစ်ကို တုံ့ပြန်ဖို့ ဝတပ်ဖွဲ့မှာ လေယာဉ်ပစ် ဒုံးလက်နက် ရှိပါတယ်။

တရုတ် အကူအညီ အပြည့်အဝရပြီး စစ်အင်အားတောင့်တင်းတဲ့ ဝ နဲ့ မိုင်းလားလို နေရာမျိုးမှာ နယ်စပ်တည်ငြိမ်ပြီး ဗမာစစ်တပ် ကြီးစိုးဖို့ ကြိုးစားတဲ့ဒေသမှာ မတည်မငြိမ် ဖြစ်နေပါတယ်။ ဒါကြောင့်မို့ နယ်စပ်တည်ငြိမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တွေကို အားသစ်လောင်းဖို့ တရုတ်ဘက်မှာ ပြောဆိုနေတာ ဖြစ်ပုံရပါတယ်။ ကချင်ပြည်နယ်က သဘာဝသယံဇာတကို ချုပ်ကိုင်လိုတဲ့ ဗမာစစ်အုပ်စုနဲ့ တရုတ်စီးပွားရေးသမားအကြားမှာ ညပ်မသွားအောင် နည်းလမ်းရှာနိုင်မှ KIO/KIA အနေနဲ့ ဆက်လက်ရှင်သန်နိုင်မယ့် သဘောမျိုး ဖြစ်နေပါတယ်။

http://burmese.voanews.com/content/news-analysis-sino-burmese-border/1595725.html

January 24, 2013

ဖိလစ်ပိုင် တပ်မတော်နှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု နမူနာ

ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ မကြာသေးမီက အာဆီယံ မိသားစုဝင် နိုင်ငံတခုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံကို ၄ ရက်ကြာ လေ့လာရေးခရီး သွားခဲ့ကြပါတယ်။
ဖိလစ်ပို်င်နိုင်ငံဟာ ကျနော်တို့ရဲ့ အိမ်နီးချင်း၊ အာဆီယံ မိသားစုထဲက နိုင်ငံတနိုင်ငံလည်းဖြစ်သလို ကျနော်တို့နဲ့ ဖြတ်သန်းပုံချင်းလည်း ဆင်တူတာတွေ အများကြီးရှိတော့ သူတို့ အပြောင်းအလဲကို စိတ်ဝင်စားလို့ သွားရောက် လေ့လာဖြစ်ခဲ့တယ်။ အထူးသဖြင့်တော့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်တာတွေ ကျနော်တို့ ဘက်အသီးသီးကနေ လေ့လာနိုင်ဖို့ဆိုပြီး သွားခဲ့ကြတယ်။
တူတာတွေ ပြောရရင် သူတို့က ၁၉၈၆ ခုနှစ်မှာ People Power ဆိုတဲ့ ပြည့်သူ့အင်အား လှုပ်ရှားမှုကြီးနဲ့ အာဏာရှင် မားကို့စ်ကို ဖြုတ်ချနိုင်ခဲ့တယ်။ ကျနော်တို့က ၁၉၈၈ ခုနှစ်မှာ ရှစ်လေးလုံး လူထုအုံကြွမှုကြီးနဲ့ တပါတီ အာဏာရှင် စနစ်ကို ဖြိုချနိုင်ခဲ့တယ်။
ဒါပေမယ့် ဒီမှာ ကွာခြားတာက ဟိုဖိလစ်ပိုင် တပ်မတော်မှာ ဗိုလ်ချုပ်ကြီး ရာမို့စ်ကိုယ်တိုင်က လူထုလှုပ်ရှားမှုနဲ့ ပူးပေါင်းပြီးတော့ သူတို့ ပြုပြင်ပြောင်းလဲမှုတွေက အခု အခြေအနေအထိ အရှိန်ကောင်းလာခဲ့တယ်။ ကျနော်တို့က စစ်တပ် အာဏာသိမ်းမှုအောက်မှာ နောက်ထပ် ထပ်ပြီးတော့ ဆယ်စုနှစ် ၂ ခုကျော် နေခဲ့ပြီးတော့မှ အခု အခြေအနေ အရပ်သားတပိုင်း ပြုပြင်ပြောင်းလဲမှုကို စတင်ကြုံတွေ့လာရတာ ဖြစ်တယ်။
အဲဒီလို တူညီတာတွေ ရှိသလို ကွဲလွဲတဲ့ အခြေအနေတွေရှိတယ်။ အဲဒါတွေကို လေ့လာတဲ့နေရာမှာ ကျနော်တို့ စိတ်ဝင်စားဖို့ အကောင်းဆုံးက တပ်မတော်ရဲ့ အခန်းကဏ္ဍ ပြောင်းလဲလာပုံပေါ့။ အဲဒါကို ကျနော်တို့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့တဲ့အချိန်မှာ လေ့လာဖြစ်ပါတယ်။
ဖိလစ်ပိုင် တပ်မတော်ရဲ့ အပြောင်းအလဲ
ကျနော်တို့ ဖိလစ်ပိုင် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ခွင့်ရခဲ့တယ်။ တွေ့တဲ့အချိန်မှာ ဖိလစ်ပိုင်တပ်မတော်က ကဏ္ဍအလိုက် တာဝန်ယူတဲ့ပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ခွင့်ရခဲ့တော့ အဲဒီအထဲမှာ ထူးထူးခြားခြားဆိုရင် ဖိလစ်ပိုင် တပ်မတော်ရဲ့ လူ့ခွင့်အရေးဌာန အကြီးအကဲနဲ့လည်း တွေ့ခဲ့တယ်။
သူတို့အနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှ လူ့အခွင့်အရေးဌာနကို ဖွင့်ခဲ့တာ။ နောက်ထူးခြားတာက လုံခြံုရေးနဲ့ ပတ်သက်တဲ့ Security Reform Sector ကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့ နေရာမှာ တပ်မတော်ရဲ့ သဘောထား (Mind-set) ပြောင်းလဲလာတာဟာ တော်တော် စိတ်ဝင်စားဖို့ကောင်းတယ်။ စစ်တပ်ဆိုတာ တကယ့်တကယ်က ဒါ တိုက်ခိုက်ရေး အင်အားပဲ။ အဲတော့ ရန်သူကို ဘယ်လောက် ချေမှုန်းနိုင်လဲ၊ ဘယ်လောက် နှိမ်နင်းနိုင်တယ်ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ ရဲစွမ်းသတ္တိဆု ချီးမြှင့်တာတွေ၊ ဂုဏ်ပြုတာတွေ လုပ်နေတဲ့ အယူအဆကနေပြီးတော့ ငြိမ်းချမ်းရေးကို ဘယ်လောက် ဖော်ဆောင်နိုင်တယ်၊ လူ့အဖွဲ့အစည်းကို ဘယ်လောက် အကျိုးပြုနိုင်တယ် ဆိုတာကို ဂုဏ်ပြုရမယ်ဆိုတဲ့ သဘောထားပေါ့။ အဲဒီပြောင်းသွားတဲ့ သဘောထားက ကျနော်တို့အနေနဲ့ တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်။
လက်နက်ကိုင် သူပုန်အဖွဲ့တွေဘက်က ရပ်တည်ချက်နဲ့ ချဉ်းကပ်ပုံ
နောက်တခုက စစ်တပ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဒီလိုမျိုး လုပ်တဲ့အချိန်မှာ လက်နက်ကိုင် အဖွဲ့တွေဘက်က၊ သူပုန် တွေဘက်က ရပ်တည်ချက်၊ စိတ်နေစိတ်ထား၊ ချဉ်းကပ်ပုံကလည်း ကျနော်တို့အတွက် အများကြီး စိတ်ဝင်စားစရာ ကောင်းတယ်။
သူပုန်ဘက်က စေ့စပ်ဆွေးနွေးရေး တာဝန်ယူရတဲ့ ပုဂ္ဂိုလ်တွေက ကျနော်တို့ကို ရှင်းပြတယ်။ စေ့စပ်ဆွေးနွေးတယ် ဆိုတာဟာ အပေးအယူ လုပ်တာပဲ။ ယေဘုယျ ပြောနေတဲ့ ဦးတည်ချက်တွေ၊ ပန်းတိုင်တွေထက်ကို လက်တွေ့မှာ ကိုယ် ဘာလိုချင်တာလဲ ဆိုတာ၊ ဘာကို ဦးတည်သလဲ ဆိုတာကို တိတိကျကျ သတ်မှတ်ဖို့ လိုတယ်လို့ အဲဒီလ ိုသူတို့က ပြောတယ်။ စေ့စပ်ဆွေးနွေးမှုဆိုတာ အပေးအယူ လုပ်ရတာပဲဆိုတာ နက်နက်ရှိုင်းရှိုင်း သူတို့က နားလည်ထားတယ်။ အဲ ဒါဟာ သူ့တို့ရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အခြေအနေအတွက် ထူးခြားတဲ့ အခြေအနေတရပ်ပေါ့။
စောင့်ကြည့်မှု စနစ်
နောက်ထူးခြားတဲ့ အခြေအနေတရပ်က တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ပြီးတော့ ၂ ဖက် သဘောတူတဲ့ သဘောတူညီမှု စာချုပ်တွေကို လက်မှတ်ထိုးတယ်။ လက်မှတ်ထိုးတဲ့အချိန်မှာ အဲဒီစာချုပ်စာတမ်းတွေ၊ အပစ်အခတ် ရပ်စဲတာတွေကို တိတိကျကျ လိုက်နာမှု ရှိ/မရှိ ၊ ချိုးဖောက်တယ်၊ မချိုးဖောက်ဘူးဆိုတာကို စောင့်ကြည့်လေ့လာတဲ့ စနစ်ရှိတယ်။ အထူးသဖြင့် နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးဆိုတဲ့ EU (ဥရောပ သမဂ္ဂ)၊ မလေးရှား၊ ဘရူနိုင်း၊ ဂျပန် စတဲ့ တခြား တတိယ အင်အားစု (Third Party) တွေ ပါ၀င်ပြီးတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို စောင့်ကြည့်လေ့လာတာ၊ ကူညီတာ တွေလုပ်တာဟာ တော်တော်စိတ်ဝင်စားဖို့ ကောင်းတယ်။
ကျနော်တို့ လေ့လာခဲ့တဲ့အထဲမှာ နောက်တနေရာက ဘင်ဆာမော်ရို လေ့လာရေး အင်စတီကျု (Institute of Bangsamoro Studies) ဆိုတာကို ရောက်တယ်။ အဲဒီမှာလက်နက်ကိုင် တပ်ဖွဲ့တွေကို ကူးပြောင်းလာမယ့် အခြေအနေအတွက် အရပ်ဘက် လူ့အဖွဲ့အစည်း လိုအပ်တဲ့ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု၊ စာရင်းကိုင် စတဲ့ အဲလိုမျိုး ပညာရပ်တွေကို လေ့ကျင့်သင်ကြားပေးဖို့ ဆိုပြီးတော့ သင်တန်းကျောင်းကို တည်ထောင်ထားတယ်။ ဒါကို ဖိလစ်ပိုင်အစိုးရလည်းပဲ တရားဝင်မှတ်ပုံတင်ခွင့် ပြုထားပြီးတော့ ဂျပန်နိုင်ငံက အကူအညီပေးတယ်။
ကျနော်တို့ တွေ့မြင်ရတာက လုပ်နေတဲ့ လုပ်ငန်းစဉ်ကြီးတခုလုံးဟာ တခုနဲ့တခုနဲ့ ချိတ်ဆက်ပြီးတော့ Package တခုလုံးက စနစ်တကျ ပြင်ဆင်ပြီး လုပ်နေတာဖြစ်တယ်။ အဓိက ကျနော်တို့ လေ့လာမိသလောက် သူတို့ရဲ့ စကားနောက် တရားပါ ဆိုတာမျိုး သူတို့ရဲ့အတွေးအခေါ်ကို ထင်ဟပ်တဲ့ အသုံးအနှုန်းတွေ၊ စိတ်နေစိတ်ထား ပြောင်းလဲမှုတွေကို ကျနော်က ပိုပြီး စိတ်ဝင်စားတယ်။
ဖိလစ်ပိုင် တပ်မတော်မှာက တိုက်ခိုက်ရေး စစ်တပ်ဆိုတာကနေ ငြိမ်းချမ်းရေး စစ်တပ်ဖြစ်အောင် သူတို့ရဲ့ စိတ်နေစိတ်ထား (Mind-set) ကို ပြောင်းလဲတယ်။ တဖက် သူပုန်ဘက်ကလည်းပဲ စိတ်နေစိတ်ထား၊ ချဉ်းကပ်မှုတွေ ပြောင်းလဲတယ်။
သူပုန်အဖွဲ့ ခေါင်းဆောင်တွေနဲ့တွေ့တော့ သူတို့ဘက်က ဆွေးနွေးမှု အခြေအနေကို ပြောပြတာမှာ သူတို့က ၉၆ ရာခိုင်နှုန်း၊ ၉၇ ရာခိုင်နှုန်းလောက် သဘောတူညီမှုတွေ ရပြီးပြီဆိုတော့ ကျနော်လည်း တော်တော် အံ့အားသင့်သွားခဲ့ရတယ်။
သူက ထပ်ပြောပြတယ်။ ကျန်တဲ့ ၃ ရာခိုင်နှုန်းက အခက်အခဲဆုံးနဲ့ အသိမ်မွေ့ဆုံးပဲတဲ့။ အခုထက်ထိတော့ အဲဒါတွေ မဖြေရှင်းနိုင်သေးဘူး။
ဆိုလိုတာက များသောအားဖြင့်က ငြိမ်းချမ်းရေးဆိုတာနဲ့ လက်နက်ဖြုတ်ဖို့ ဆိုတာကို စပြီး စကားပြောကြတာ များတယ်။ ဟိုမှာက လက်နက်ဖြုတ်တဲ့ ကိစ္စကို လုံးဝ စကားမပြောသေးဘူး။ သူတို့ ဒီကိစ္စကို မထိသေးဘူး၊ မလုပ်သေးဘူး။ ဘာလုပ်လဲ ဆိုတော့ နိုင်ငံတကာမှာ DDR (Disarmament, Demobilization, Reinsertion) ပေါ့။
နိုင်ငံတကာမှာ လက်နက်ဖျက်သိမ်းပြီး ပြန်လည် နေရာချထားရေး (DDR) ဆိုတာတွေနဲ့ လုပ်နေတဲ့အချိန်မှာ သူတို့ဘက်က ဘယ်လိုမြင်လဲဆိုတော့ DDR သည် လက်နက်ကိုင် တပ်ဖွဲ့တွေကိုသာ ဦးတည်ပြီးတော့ ချဉ်းကပ်တဲ့ ပုံစံဖြစ် နေတယ်လို့ သူတို့က ရှုမြင်တယ်။ အစိုးရဘက်ကကျတော့ Reintegration ဆိုတဲ့ လူ့အဖွဲ့အစည်းနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ပြန်လည် ပေါင်းစည်းဖို့ဆိုတဲ့ အသုံးအနှုန်းမျိုး သုံးတယ်။
အဲဒီမှာ သူပုန်တွေက တင်ပြတာက မဟုတ်ဘူး။ ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့ Normalization ဆိုတဲ့ စကားလုံးကို သုံးတယ်။ Normalization ဆိုတာက ဒီဒေသ၊ ဒီလူ့အဖွဲ့အစည််းကို ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့ ဆိုပြီး သူတို့က သဘောတူခဲ့ကြတယ်။
ဒီလို ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ ဖြစ်စဉ်မှာ ၂ ဖက် လက်နက်ကိုင် အဖွဲ့တွေရဲ့ အခန်းကဏ္ဍပါသလို ဒေသခံ ပြည်သူတွေရဲ့ အခန်းကဏ္ဍလည်း ပါတာတွေ့ရတယ်။ အဲဒီသူတွေအားလုံးဟာ ငြိမ်းချမ်းတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ သူတို့ ဒေသရဲ့ အမှတ်အသားသရုပ်၊ သူတို့ ဒေသ တိုင်းရင်းသားတွေရဲ့ ID တွေပေါ့။ အဲဒါတွေကိုပါ ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ ဆိုတော့ ပိုပြီး ကျယ်ပြန့်ပြီး အားလုံးပါ၀င်တဲ့ သဘောသက်ရောက်တယ်။
ဆိုလိုတာက Normalization ဆိုတဲ့ ပုံမှန်အခြေအနေ ပြန်ရောက်ရေးဆိုတဲ့ အယူအဆနဲ့ သူတို့ဆီက ဘက်အသီးသီးက ချဉ်းကပ်တယ်။ ဒါကလည်း တော်တော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။
အရပ်ဘက် အဖွဲ့အစည်းများ အားကောင်းမှု
နောက်တခုထူးခြားတာက ဒေသခံ ပြည်သူတွေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဆက်စပ်ပြီးတော့ ပြည်သူတွေရဲ့ပါ၀င် ဆောင်ရွက်ခွင့် အနေအထားက အတော်ကျယ်ပြန့်တယ်။ အထူးသဖြင့် အရပ်ဘက် အဖွဲ့အစည်းတွေ အရမ်း အားကောင်းတယ်။
သူပုန်အဖွဲ့ကလည်း သူတို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြည်သူတွေကို ပြန်ပြီးတော့ ချပြတယ်။ သဘောထား တောင်းယူတာတွေ လုပ်တယ်။ ဒီတော့ ပြည်သူနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့က ဆက်စပ်နေတယ်။ ပြည်သူက ပူးပေါင်းပါ၀င်တဲ့ အခြေအနေ ဖြစ်နေတယ်။ ဒါက သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။
နောက် နိုင်ငံတကာ စောင့်ကြည့်လေ့လာမှု အသင်းဆိုပြီးတော့ အစုအဖွဲ့အနေနဲ့ လုပ်နေတဲ့တချိန်တည်းမှာပဲ Local Mornitoring Team- LMT ဆိုတာကလည်း အရမ်းအားကောင်းတယ်။ ဒေသခံ ပြည်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်း တွေကိုယ်တိုင်က ၂ ဖက်သဘောတူ စာချုပ်တွေကို ချိုးဖောက်မှု ရှိသလား၊ မရှိဘူးလားဆိုတာကို စောင့်ကြည့်တဲ့၊ လေ့လာတဲ့ ယန္တရားဖြစ်တယ်။ ဒီဖြစ်စဉ်ကို နောက်ပြန် လျော့ကျမသွားအောင် ချိုးဖောက်မှုတွေ နည်းနိုင်သမျှ နည်းအောင် စောင့်ကြည့်တဲ့ စနစ်အားကောင်းတယ်။ အပစ်အခတ် ရပ်သွားတဲ့အချိန်မှာ နယ်မြေဖွ့ံဖြိုး တိုးတက်ရေးအတွက် လူမှုစီးပွားရေး (Socio-Economic) ကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ဂျပန်ကနေ လမ်းတို့၊ ဒေသအခြေခံ အဆောက်အအုံ ကိစ္စတွေကို ၀င်ရောက် အကူအညီပေးတာတွေ ရှိတယ်။
နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံဟာ အားလုံး ထပ်တူထပ်မျှ တပုံစံတည်း မဖြစ်ဘူးဆိုပေမယ့် ကျနော်တို့ အတုယူစရာတွေ၊ နောက် တခြားနိုင်ငံတွေကလည်း အလားတူ ကောင်းမွန်တဲ့ သင်ခန်းစာတွေကို ပြည့်ပြည့်စုံစုံ လေ့လာပြီးတော့ ကျနော်တို့ နိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်သွားကြရမှာပါ။
ကျနော်တို့နိုင်ငံကိုလည်း တယောက်နဲ့ တယောက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ချစ်ချစ်ခင်ခင်နဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ ပုံမှန် အခြေအနေကို ပြန်ရောက်အောင် Normalization ဖြစ်ဖို့အတွက်ကို သင်ခန်းစာ ယူသင့်တာတွေ ယူ၊ လေ့လာသင့်တာတွေ လေ့လာပြီးတော့ ကျနော်တို့နိုင်ငံအတွက် အများကြီး အကျိုးဖြစ်ထွန်းအောင် အားလုံးပါ၀င်ပြီး ကြိုးစားသွားကြရမှာပါ။
ချုပ်ပြီးတော့ ပြောရမယ်ဆိုရင် သူတို့ ဖိလစ်ပိုင်နိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အစိုးရဘက် အခန်းကဏ္ဍ၊ လက်နက်ကိုင် တပ်ဖွဲ့တွေဘက်က အခန်းကဏ္ဍ၊ ဒေသခံ ပြည်သူတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ၊ နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုစတဲ့ အရာအားလုံးဟာ ချိတ်ဆက်ထားတဲ့ စနစ်ပုံစံတခုကို ကျနော်တို့ လေ့လာခွင့် ရခဲ့ပါတယ်။
အခုလိုပြောလို့ အားလုံး အဆင်ပြေနေတာလား ဆိုတော့ မဟုတ်ပါဘူး။ အဓိက အဖွဲ့အစည်းတွေအနေနဲ့ အခုလိုမျိုး အောင်မြင်မှုတွေ ရနေပေမယ့် ခွဲထွက်သွားတဲ့ လက်နက်ကိုင် အဖွဲ့ငယ်လေးတွေ၊ စင်ထွက်သွားတဲ့ အုပ်စုလေးတွေကလည်း ဆက်ရှိနေတာပါ။
တချို့ပြန်ပေးဆွဲတာတွေ၊ အကြမ်းဖက် လုပ်ရပ်တွေ အစရှိသဖြင့် သူတို့မှာလည်း စိန်ခေါ်မှုတွေ ဆက်ရှိနေဆဲပါပဲ။
သူတို့ရဲ့ အားသာချက်၊ အားနည်းချက်တွေကို ဒီထက်ပိုပြီး လေ့လာနိုင်ရင် ကျနော်တို့အတွက် အများကြီး အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်တယ်။ ကျနော်တို့လည်း ၄ ညအိပ် ၃ ရက်ခရီးမှာ အချိန်တိုအတွင်း လူ့အခွင့်အရေးနဲ့ ပတ်သက်တာတွေ၊ ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်တာတွေ တော်တော်များများကို မနားတမ်း လေ့လာခဲ့ကြတာပါ။
တခြားသော အိမ်နီးချင်း နိုင်ငံတွေမှာပဲဖြစ်ဖြစ်၊ အလားတူ သင်ခန်းစာယူလို့ရမယ့် နိုင်ငံတွေကိုလည်း သွားရောက် လေ့လာဖို့ရှိပါတယ်။
ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တဦးတယောက်က အပေါ်စီးယူပြီး ငြိမ်းချမ်းရေး လုပ်တယ်ဆိုတာမျိုး၊ ကျန်တဲ့ ဆွေးနွေးဘက်တွေရဲ့ အခန်းကဏ္ဍ မှေးမှိန်နေတဲ့ ဖြစ်စဉ်မျိုး စတာတွေဟာ တကယ် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးမျိုးအတွက် အာမခံချက် မရှိဘူး။ ငြိမ်းချမ်းရေးဟာ ငါတို့ အားလုံးနဲ့ သက်ဆိုင်တယ်။ ငါတို့ အားလုံး တပြေးညီ ပါ၀င်ဆောင်ရွက်ခွင့် ရှိတယ်၊ ဆောင်ရွက်ခွင့်လည်း ရတယ်။ အဲဒီငြိမ်းချမ်းရေးက ရလာမယ့် အသီးအပွင့်တွေကို ငါတို့ အားလုံး ခံစားရမှာဖြစ်တယ်ဆိုတဲ့ အားလုံးနဲ့ ဆိုင်တယ်ဆိုတဲ့ အသိပေါ့။
အားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ပါ၀င်ခွင့်ပေးနိုင်တဲ့ အခြေအနေမျိုး၊ ဘယ်သူ့ဘယ်သူကမှ အပေါ်စီးကနေ ဘာလုပ်ရမယ်၊ ဘာလုပ်ဆိုတဲ့ Agenda တွေ ချပေးတာမျိုး၊ တစုံတဦး၊ တစုတဖွဲ့က လက်ဦးမှုယူပြီး ဆွဲခေါ်သွားတာမျိုး မလုပ်ဘဲနဲ့ အားလုံး တကယ့်ကို ထဲထဲဝင်ဝင် ပါ၀င်နိုင်မယ့် ငြိမ်းချမ်းရေး ဖြစ်စဉ်မျိုး ဖော်ဆောင်နို်င်ဖို့ လိုအပ်တယ်လို့ မြင်တယ်။
အခု လက်ရှိအခြေအနေမှာ ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေ အနေနဲ့ ကချင်ပြည်နယ်အပါအဝင် တိုင်းရင်းသား ဒေသတွေမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ ဖော်ဆောင်နိုင်ရေး အချက်အလက် စုဆောင်းတဲ့ လုပ်ငန်းစဉ်တွေ ပါ၀င်လုပ်ဆောင်နေပါတယ်။ တခြား လေ့လာနိုင်တဲ့ စံနမူနာတွေကိုလည်း ကျနော်တို့ လေ့လာနေပါတယ်။
ကျနော်တို့နိုင်ငံမှာ အခု မြင်နေရတဲ့ ပြည်တွင်းစစ် ပြဿနာဟာ ပြဿနာအသစ် မဟုတ်ပါဘူး။ ကျနော်တို့ အသက်ထက် ကြီးတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒီပြဿနာ အဟောင်းကို စဉ်းစားပုံ အဟောင်း၊ ချဉ်းကပ်ပုံအဟောင်းတွေနဲ့ ဖြေရှင်းနေတာဟာ မပြေလည်ဘူး၊ အခုထက်ထိ ရလဒ်မထွက်ဘူးဆိုတာ ကျနော်တို့အားလုံး သိနေကြတာပါပဲ။
ကျနော်တို့နိုင်ငံ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ အတွက် ကျနော်တို့က စဉ်းစားပုံ အသစ်တွေ၊ ချဉ်းကပ်ပုံ အသစ်တွေ၊ ကျနော်တို့ရဲ့ စိတ်နေစိတ်ထားတွေက အစ ပြောင်းပစ်ဖို့ လိုမယ်။ နောက်တခုက မျိုးဆက်အလိုက် တဖြည်းဖြည်း လက်ဆင့်ကမ်းလာတဲ့့ အချိန်မှာ ကျနော်တို့ ပြောင်းလဲရမှာက လူငယ်မျိုးဆက်နဲ့ နောက်လာမယ့် မျိုးဆက်တွေ ကြားထဲမှာ ရင်းနှီးမှု၊ နားလည်မှု ဆိုတာတွေ ပိုပြီး ခိုင်ခိုင်မာမာရဖို့ လိုပါတယ်။ ဒါမှသာ ကျနော်တို့က နောင်လာမယ့် အနှစ် ၂၀ လောက်ကို ကြိုတင်မှန်းဆပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဒီဇိုင်းဆွဲနိုင်မယ် ထင်ပါတယ်။
အခုချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံတွင်းက တခြား လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း အလားတူ နိုင်ငံတကာကို လေ့လာရေးခရီးတွေ သွားနေကြတာလည်း ရှိတယ်။ ဒီတော့ လေ့လာစရာတွေ၊ သင်ခန်းစာတွေကို ဒီ မြန်မာပြည်က လက်နက်ကိုင် အဖွဲ့တွေအနေနဲ့လည်း ရနေကြမယ်လို့ ယုံကြည်တယ်။ တကယ်ဆိုရင် ဒီလို လေ့လာစရာတွေ၊ သင်ခန်း စာယူစရာတွေရဖို့ ကျနော်တို့ထက်တောင် နယ်စပ်က လက်နက်ကိုင်အဖွဲ့တွေက အခွင့်အလမ်း ပိုရကြမယ် ထင်ပါတယ်။
ဒီနေရာမှာ ပြောချင်တာကတော့ ငြိမ်းချမ်းရေးကို တကယ် နှစ်နှစ်ကာကာ လိုချင်တာ သေချာသလားဆိုတာကို အားလုံးက ကိုယ့်ကိုယ်ကို ပြန်ပြီး မေးမြန်းဖို့ လိုလိမ့်မယ်။ တကယ်သာ နှစ်နှစ်ကာကာလိုချင်ရင် လိုချင်တဲ့ ဆန္ဒရှိရင် နည်းလမ်းရှိပါတယ်။
အဓိက ကတော့ ကိုယ့်လိုချင်တဲ့ ငြိမ်းချမ်းရေးဆိုတဲ့ ဆန္ဒဟာ တကယ်ခိုင်မာသလား၊ သေချာသလားဆိုတာ အားလုံးက သေသေချာချာ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ဖို့ လိုတယ်။ တသက်လုံး ဟိုဘက် လက်နက်ကိုင်၊ ဒီဘက် လက်နက်ကိုင် ခေါင်းဆောင်တွေချည်းပဲ ဖြေရှင်းတဲ့အခြေအနေကနေပြီးတော့ ပြည်သူတွေရဲ့ သဘောထား ဆန္ဒတွေကို ထင်ဟပ်တဲ့ ပါ၀င်ခွင့်ရတဲ့ အခြေအနေမျိုးကို ဖန်တီးပေးဖို့လိုတယ်လို့ မြင်မိတယ်။
(ဦးကိုကိုကြီးသည် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ခေါင်းဆောင်တဦးဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားအဖြစ် အကျဉ်းထောင်များအတွင်း စုစုပေါင်း ၁၈ နှစ်ကြာ နေခဲ့ရသူလည်း ဖြစ်သည်။ မကြာသေးခင်က ဖိလစ်ပိုင်နိုင်ငံသို့ လေ့လာရေးခရီး သွားရောက်လည်ပတ်ခဲ့ပြီး လေ့လာချက်များနှင့် ပတ်သက်သည့် ဖြေကြားချက်အား ပြန်လည်စီစဉ် ဖော်ပြခြင်း ဖြစ်ပါသည်)

http://burma.irrawaddy.org/archives/31934

January 19, 2013

မြေဇာပင် တဖြစ်လဲ လိုင်ဇာမြို့

လိုင်ဇာမြို့က နေခွာဖို့ဆိုတာ လိုင်ဇာမြို့ပေါ်မှာ နေထိုင်သူများအနေနဲ့ မစဉ်းစားဖူးတဲ့ အကြောင်းအရာသစ်တခု ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၄ – ၁၅ တုန်းက လဂျားယန်ဘက်မှာ လေယဉ်ပျံဝဲတော့ အိမ်တိုင်း ကတုတ်ကျင်းတွေ တူးပြီး ကြံကြံခံဖို့ ပြင်ဆင်ထားပေမယ့် မြို့ကို စွန့်ခွာပြေးဖို့ဆိုတာကတော့ မစဉ်းစားဖြစ်တဲ့အရာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ လိုင်ဇာက လူနေရပ်ကွက်ထဲကို လက်နက်ကြီးနှစ်လုံး ကျရောက်ပေါက်ကွဲ၊ လူ ၃ ဦးသေ၊ ၃ ဦး အပြင်းအထန် ဒဏ်ရာရပြီးနောက်ပိုင်းတော့ အရပ်ထဲမှာ ပြောင်းဖို့ရွေ့ဖို့ စဉ်းစားကြသလို တကယ် ပြောင်းသွားတဲ့ သူတွေလည်း ရှိလာပါတယ်။
အရင်က လက်နက်ကြီးသံ ကြားလည်း အပြုံးမပျက်နေသူ လိုင်ဇာမြို့သားတွေလည်း အခုတော့ လက်နက်ကြီးသံ ကြားရင် အရင်လို မပြုံးနိုင်တော့ပါဘူး။ စကား ၀ုိင်းပြောနေရင်တောင် “ဝုန်း” ဆို အသံကြားတာနဲ့ “နားထောင်စမ်း … နားထောင်စမ်း” …။ “အေး … တို့ဘက်မဟုတ်ဘူး … ဆက်ပြော … ဆက်ပြော” ဆိုတဲ့ အနေအထားတွေဖြစ်ခဲ့ပါတယ်။
အခြေအနေ အရပ်ရပ်ကြောင့် အစိုးရစစ်တပ်ဟာ မှန်းမရတဲ့ အနေအထားဖြစ်နေခဲ့ပြီး မြို့ထဲကိုပဲ ထပ်ပစ်ဦးမလားဆိုတဲ့ အတွေးတွေက စိတ်မအေးစေပါဘူး။ တရုတ်ဘက်ကိုလည်း လက်နက်ကြီးတွေ ကျနေပါတယ်။ ၁၇ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ လက်နက်ကြီး ၄ လုံးကျတယ် ဆိုတာကတော့ မိတ်ဖြစ်ဆွေဖြစ် လျှော့ပြောတာဖြစ်ပြီး အမှန်တကယ်ကတော့ ၆ လုံးလောက် တရုတ်မြေပေါ် ကျတာပါ။
ဒီဇင်ဘာ ၁၅၊ ၁၆ ရက်တွေမှာလည်း အစိုးရစစ်တပ်ကပစ်တဲ့ လက်နက်ကြီးတွေဟာ လိုင်ဇာကိုကျော်ပြီး နားဘန်းမြို့ထဲကို ကျသွားပါသေးတယ်။ ကျသွားတဲ့နေရာရဲ့ အပျက်အစီးတွေကိုတော့ တရုတ်ဘက်ခြမ်းက အာဏာပိုင်များက ချက်ခြင်းပြင်ဆင် ဖာထေးရုံသာမက ဓတ်ပုံရိုက်ခွင့်လည်း မပေးပါဘူး။
လိုင်ဇာမြို့ကနေ ပြောင်းသူအများစုကတော့ လိုင်ဇာ တဖက်ကမ်းက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဒယ်ဟောင်ခရိုင်၊ နာဘန်းမြို့ကို ပြောင်းကြပါတယ်။ ပြောင်းရွှေ့ကြတဲ့ သူတွေကတော့ လိုင်ဇာမှာ လာရောက် လုပ်ကိုင်စားသောက်ကြတဲ့ တရုတ်နိုင်ငံသားတွေ၊ ဟိုဘက်ကမ်းမှာ ဆွေမျိုးသားချင်းရှိသူတွေ အများစု ဖြစ်ကြပါတယ်။
လိုင်ဇာ ဒေသခံများအဖို့တော့ လိုင်ဇာဟာ နောက်ဆုံးနေရာဖြစ်လို့ ဒီထက်ကျော်ပြီး ပြေးဖို့မရှိသလို ပြေးစရာလည်း မရှိပါဘူး။ တချိန်တခါက ကုန်သွယ်ရေးနဲ့ လျမ်းလျမ်းတောက်ခဲ့တဲ့ လိုင်ဇာအဝေးပြေးကားဝင်း၊ ညလုံးပေါက် ဖွင့်လေတဲ့ စားသောက်ဆိုင်များ၊ မိုက်ကလေးနဲ့ ဟဲချင်သူများအတွက် ဖောချင်းသောချင်းများခဲ့တဲ့ ကာရာအိုကေ ဆိုင်တွေ အခု မရှိတော့ပါဘူး။
အရင်တုန်းက ရောင်းသံဝယ်သံတွေ၊ စားသောက်ဆိုင်ဖွင့်တဲ့ အသံတွေနဲ့ နေ့သစ် စတဲ့လေ့ရှိတဲ့မြို့ဟာ အခုတော့ မိုးမလင်းတလင်းကတည်းက လက်နက်ကြီးသံနဲ့ စတင်ပါတယ်။ အရင်က လက်ဖက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင် ဆိုင်ပေါင်းစုံပေမယ့် အခုတော့ ရွေးချယ်စရာ နည်းနည်းနဲ့ပဲ ကျေနပ်ရပါတယ်။ ခြောက်ကပ်နေပေမဲ့ စျေးထဲက စျေးဆိုင်ကြီးတွေကတော့ တာဝန်ကျေ ဖွင့်နေတုန်းပါပဲ။ မနက်ခင်း သုတ်သုတ်နဲ့ စျေးဝယ်၊ ချက်ပြုတ်စားသောက်ပြီး အိမ်ထဲမှာပဲ အောင်းနေပါရပါတယ်။
လက်နက်ကြီးသံများ ကြားရင်ဖြင့် “ဒါကတော့ ဘယ်ဘက်ကို ကျလောက်တယ်”၊ “ဟာ … ဒါကတော့ဖြင့် နီးလာပြီးဟေ့” အစရှိသဖြင့် မှန်းဆရင်း လေယဉ်ပျံများ ရောက်လာရင်တော့ ထွက်ကြည့်ကြ၊ ဘယ်နှစီး၊ ဘယ်နှစ်ခါပြန်ပြီဆိုပြီး ရေတွက်ကြနဲ့ အချိန်ကုန်လွန်ကြရပါတယ်။
လမ်းမတွေပေါ်မှာတော့ အသွားအလာမရှိဘဲ မဖြစ်မနေသွားရမယ့် သူတွေသာ လှုပ်ရှားသွားလာနေကြပါတယ်။ လက်နက်ကြီး ကျခဲ့တဲ့ ခကျန် ရပ်ကွက်က လူတွေကတော့ အသစ်တိုး စစ်ပြေးဒုက္ခသည်များအနေနဲ့ ၁၀ မိနစ် လမ်းလျှောက်စာလောက် အဝေးက လိုင်ဇာမြို့ အလယ်တန်းကျောင်းကို ပြောင်းပြီးနေရပါတယ်။ မနေလို့လည်း မရပါဘူး။ ၁၄ ရက်နေ့ မနက်ရော ညမှာပါ အဲဒီ ရပ်ကွက်ထဲကို လက်နက်ကြီးတွေ ကျခဲ့တာကြောင့် အားလုံးပြောင်းရွေ့ကုန်ပါတယ်။
နေ့လည်နေ့ခင်းမှာတော့ ကိုယ့်အိမ်ကိုယ်ပြန်ပြီး ရေချိုး၊ ထမင်းချက်၊ လုပ်စရာရှိတာလုပ်။ ပြီးရင် ညနေ နေဝင်ချိန်မှာတော့ အထုပ်အသီးသီးစွဲပြီး လုံခြုံရာဆီသို့ အလျှိုလျှို ပြန်သွားကြပါတယ်။ အဲဒီအခါများမှာ ဆိုရင်တော့ ခကျန်ရပ်ကွက်ဟာ တိတ်ဆိတ်ခြောက်ကပ်ပြီး အလွမ်းဓာတ်ခံရှိသူများ မျက်ရည်စို့စေမဲ့ အချိန်အခါပါ။
မြစ်ကြီးနား ဟိုတယ်၊ ရှင်းလီ ဟိုတယ်၊ ဆင်မ်ဆ ဟိုတယ်၊ တည်းခိုခန်းတွေ စားသောက်ဆိုင်တန်းတွေရှိတဲ့ ခကျန်ရပ်ကွက်ရဲ့ ပြောင်းလဲသွားမူကတော့ သက်ပြင်းချ မျက်ရည်စို့စရာပါ။ ညနေခင်းဆိုရင်တော့ ကိုယ်လုံခြုံတယ်လို့ သတ်မှတ်ထားတဲ့ဆီကို အလျှိုလျှိုသွားတဲ့လူတွေ၊ ဘုရားကျောင်း သွားတဲ့သူတွေကို တွေ့ရမှာဖြစ်ပြီး ညနေစာ အဆာပြေအတွက် လိုင်ဇာနာမည်ကြီး အကြော်ဆိုင်ကတော့ ရှိနေတုန်းပဲဖြစ်ပါတယ်။
ည ရ နာရီဆိုရင်တော့ တမြို့လုံး တိတ်ဆိတ်ငြိမ်သက်နေပြီး ရိုမန်ကက်သလစ် ဘာသာဝင်များရဲ့ မြို့လုံးပတ်လည် လမ်းလျှောက်ဆုတောင်းမှု ပြီးဆုံးရင်တော့ လိုင်ဇာမြို့ဟာ ငြိမ်သက်သွားပါပြီ။ လူသံ စက်သံ ငြိမ်ပေမယ့် လက်နက်ကြီးသံကတော့ ပုံမှန်ကြားနေရဆဲပါ။
အိမ်ထဲမှာတော့ ဘီဘီစီ၊ အာရ်အက်ဖ်အေ၊ ဗီအိုအေ၊ ဒီဗီဘီ နားထောင်ကြည့်ကြ၊ ဘယ်သတင်းဌာနကတော့ ဘယ်သတင်းကို ဘယ်လိုရေးတယ်၊ ဘာဖြစ်တယ်ညာဖြစ်တယ် သုံးသပ်ကြပါတယ်။
မရဲသော်လည်း ပြေးခဲစေဆိုတာတော့ လိုင်ဇာသားတွေအတွက် အလွန်သင့်တော်တဲ့စကား ဖြစ်ပါတယ်။ လေယဉ်ပျံလာလိုက်၊ လက်နက်ကြီးသံကြားလိုက်၊ ကိုယ့်ရှေ့မှာပဲ အရပ်သားတွေ သေတာမြင်ရတော့ ကြောက်တော့ကြောက်တာ မှန်ပေမယ့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အခြေစိုက်ရာမြို့ လိုင်ဇာသားတွေကတော့ ဂုဏ်ယူစွာနဲ့ လိုင်ဇာမှာ နေနေကြတုန်းပဲ ဖြစ်ပါတယ်။ ဂုဏ်သရေရှိ လိုင်ဇာသားတယောက်ကို အေးဆေးပဲလားလို့ မေးမိရင်တော့ အေးဆေးပါလို့ ပြန်ဖြေပါလိမ့်မယ်။ စည်းကမ်းပြည့်ဝတဲ့ အစိုးရစစ်တပ်ကသာ မြို့ထဲကို ထပ်မပစ်တော့ဘူး ဆိုရင်ပေါ့။

http://burma.irrawaddy.org/archives/31403

January 18, 2013

ဦးသိန်းစိန်အစိုးရက ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေး ရပ်ဆိုင်းမည့် ထုတ်ပြန်ချက်အပေါ် သုံးသပ်ချက်


၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၉ ရက် နံနက် ၆ နာရီမှ စတင်ပြီး နယ်မြေရှင်းလင်းစစ်ဆင်ရေးများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ဦးသိန်းစိန်အစိုးရ၏ ထုတ်ပြန်ချက်နှင့် စပ်လျှဉ်း၍ အောက်ပါအတိုင်း သုံးသပ်ပါသည်။

(၁) စစ်အစိုးရ၏ တပ်များသည် ကေအိုင်အေ တပ်များအား ကြီးကြီးမားမား စတင်ထိုးစစ်ဆင်သည့် ၂၀၁၂ ခုနှစ် ဒီဇင်္ဘာလ (၁၄) ရက်နေ့မှစ၍ ၂၀၁၃ခုနှစ် ဇန်နဝါရီလ (၁၈) ရက်နေ့အထိ ရက်ပေါင်း ၃၃ ရက်မျှတွင် ကျဆုံး၊ ဒဏ်ရာရ၊ ထိခိုက် ဘဝနစ်နာ ပျက်စီးသွားကြရသော ရဲဘော်များ၏ အရေအတွက်မှာ ထောင်ဂဏန်းချီမျှ ရှိသည်ဟု သိရသည်။ တိုက်လေယာဉ်များ၊ စစ်ရဟတ်ယဉ်များ၊ ၁၂၀ နှင့် ၁၀၅ မီလီမီတာ အမြှောက်ကြီးများကိုပါ အသုံးပြု၍ ပြည်တွင်းစစ်သမိုင်း၌ အချိန်တိုအတွင်း အပြင်းထန်ဆုုံး တိုက်ခိုက်ခဲ့ရသဖြင့် ခန့်မှန်းတွက်ချက်မှုများအရ အမေရိကန်ဒေါ်လာ သန်းတရာကျော်မျှ ကုန်ကျခဲ့ရသည်။ ရရှိသည့် အကျိုးအမြတ်မှာ ပထဝီအရ ပွိုင့် (၇၇၁) အပါအဝင် လဂျားယန်တဝိုက်ရှိ တောင်ကုန်းအချို့မျှသာ ဖြစ်သည်။

(၂) အဆမတန်ကြီးမားလှသော စစ်လက်နက်အင်အားနှင့် လူအင်အားများကို အသုံးပြု၍ တိုက်ခိုက်ခဲ့သော်လည်း ကေအိုင်အို၊ ကေအိုင်အိုတခုလုံးကို အပြုတ်တိုက်နိုင်ရန်ဝေးစွ၊ ကချင်ပြည်နယ် ဒေသကြီးတခုလုံးကို လုံးဝ ချုုပ်ကိုင်နိုင်ရန် အိပ်မက်၍ပင်မရ၊ ပထဝီနယ်မြေအချို့မျှကိုသာ တိုးချဲ့သိမ်းပိုက်ထိမ်းချုပ်နိုင်ကြောင်း ထင်ရှားသည်။ စစ်ရေးသဘောသက်သက်အရ ကြည့်လျှင်ပင် စစ်အစိုးရအတွက် အရှံုးအမြတ် လုံးဝပင် မကာမိသော စစ်ပွဲဖြစ်သည်။ အရှံုးကြီး ရှံုးခဲ့သော စစ်ပွဲဖြစ်သည်။ တပြည်လုံးလူထုကြီးတရပ်လုံးအတွက် ပညာရေး၊ ကျမ္မာရေး အတွက်သုံးရမည့် ငွေများ အလဟသ ဖြစ်ခဲ့ရသည်။ မသေသင့်သော အောက်ခြေတပ်မတော်သားများ၊ ပေးသည့် အမိန့်အတိုင်း နာခံ တိုက်ပွဲဝင်ပေးခဲ့ရသည့် တပ်မတော်သားများ မလိုအပ်ဘဲ ဘဝနစ်နာ ပျက်စီးဆုံးရှံုးခဲ့ရသည်။ ယင်းအတွက် သမတ ဦးသိန်းစိန် နှင့် ကာချုပ် မင်းအောင်လှိုင်တို့ ထိပ်ဆုံးတွင် တာဝန်ရှိသည်။ ၄င်းတို့အနေဖြင့် လူထုအကျိုးစီးပွားကို ထောက်ထားလျှက် ပြည်တွင်းငြိမ်းချမ်းရေးကို မည်သို့တည်ဆောက်သင့်ကြောင်း ပြန်လည်သုံးသပ်သင့်ပြီဖြစ်သည်။

(၃) အစိုးရ၏ ထုတ်ပြန်ချက်တခုလုံးကို ခြံုကြည့်လျှင် အောက်ပါအတိုင်း သုံးသပ်မိသည်။

(က) စစ်ရေးနှင့်စပ်လျှဉ်း၍ ဖြစ်သမျှကိစ္စအားလုံးကို ကေအိုင်အို၊ ကေအိုင်အေအပေါ်သို့ အပြစ်ပုံချထားသည်။ သူခိုးက လူဟစ်သလို ဖြစ်နေသည်။ ပင်လုံစာချုပ်မတိုင်ခင်က သူ့ဖာသာ လွတ်လပ်စွာ ရပ်တည်ခဲ့သော ကချင်ပြည်၊ ပင်လုံစာချုပ်အရ ကိုုယ်ပို်င်အုပ်ချုပ်ခွင့်ရှိသော ကချင်ပြည်ကို ကချင်လူထုသဘောဆန္ဒနှင် ့ဆန့်ကျင်ကာ အတင်းဝင်ရောက် ကျူးကျော်တိုက်ခိုက်နေပါလျှက် ကိုယ့်ကိုယ်ကိုခုခံကာ ကွယ်သည်ဟု အကြောင်းပြခြင်းမှာ အဓိပ္ပါယ်မရှိ။ ဥပဒေအရ တရားမဝင်။

(ခ) အပုဒ် (ရ) တွင် ဖေါ်ပြထားသော “နောင်တွေ့ဆုံ ဆွေးနွေးမှုများတွင် KIO/KIA လက်နက်ကိုင်အဖွဲ့မှ တပ်ပိုင်းဆိုင်ရာများကို အဆုံးအဖြတ်ပေးနိုင်သည့် ပုဂ္ဂိုလ်များက တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းရန် လိုအပ်သည်။” ဟု ဖေါ်ပြထားခြင်းမှာ ခြိမ်းခြောက်သည့် သဘောဆောင်သည်။ လွတ်လပ်သောအဖွဲ့အစည်းဖြစ်သည့် ကေအိုင်အို၏ အဖွဲ့အစည်းအတွင်း ဆုံးဖြတ်ပိုင်ခွင့်ကို ၀င်ရောက်လွှမ်းမိုးရာရောက်သည်။ သမိုင်းကြောင်းအရကြည့်လျှင် ကချင်လူထုများ၏ သဘာဝသည် ခြိမ်းခြောက်၊ အနိုင်ကျင့်မှုများကို မကြိုက်လက်မခံကြ၊ ယခုလက်တွေ့တိုက်ပွဲဝင်ရာတွင်လည်း ရွတ်ရွတ်ချွန်ချွန်ပြန်လည်ခုခံကြသည်ကို ယနေ့ မြန်မာ့တပ်မတော်ခေါင်းဆောင်များ နားလည်သင့်၊ တန်ဘိုးထားသင့်သည်။ ပြည်ထောင်စု တည်ဆောက်မှုကို ခြိမ်းခြောက် အကြပ်ကိုင်သည့်နည်းဖြင့် မချဉ်းကပ်သင့်။

(၄) ကေအိုင်အိုက ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံသည့် နိုင်ငံရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ရန် နိုင်ငံရေးအရ တောင်းဆိုသည့်အပေါ် မတန်တဆကြီးမားလှသော စစ်အင်အားကို အသုံးပြု၍ စစ်အစိုးရက စစ်ဆင်နွှဲခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ မတရားသောစစ်ဖြစ်သည်။ မတရားသော စစ်ကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများ ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ပေါ်လာခဲ့သည်။ စစ်လေယာဉ်များသုံး၍ တိုက်ခိုက်ခြင်း၊ အမြှောက်ကြီးများနှင့် ပစ်သဖြင့် အရပ်သားလူထုများ သေဆုံးဒဏ်ရာရခြင်းများ ဖြစ်ပေါ်လာသောအခါ နိုင်ငံတကာဖိအားများ ကျရောက်လာခဲ့သည်။ ကချင်လွတ်မြောက်ရေးတပ်မတော်သားများက ကြံ့ကြံ့ခံ ခုခံတိုက်ပွဲဝင်၊ စစ်အစိုးရဘက်မှ အဆုံးအရှံုးများများပြား၊ အစိုးရ၏ ထိုးစစ်ကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများ တစတစ အားကောင်းလာ၊ အပစ်အခတ်ရပ်စဲရေး လုပ်ထားခဲ့ကြသည့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကလည်း ကန့်ကွက်လာ၊ နိုင်ငံတကာဖိအားများလည်း သက်ရောက်လာ၊ သူ့နယ်မြေအတွင်း လက်နက်ကြီးများကျရောက်ခြင်းကြောင့် တရုတ်အစိုးရ၏ ဖိအားလည်း ကျရောက်လာ၊ စသည်တို့ ပေါင်းဆုံသွားခြင်းကြောင့် ထိုးစစ်ရပ်ရန် ဆုံးဖြတ်လိုက်ခြင်းဟု သုံးသပ်သည်။

(၅) မည်သို့ပင်ဖြစ်စေ၊ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၉ ရက် နံက်ခြောက်နာရီမှ စတင်ပြီး နယ်မြေရှင်းလင်းစစ်ဆင်ရေးများကို ရပ်ဆိုင်းလိုက်ခြင်းမှာမူ အပြုသဘောဘက်ကို ဦးတည်စေနိုင်မည့် ခြေလှမ်းဟု မှတ်ယူနိုင်ပါမည်။ တကယ်တန်း အပြုသဘောဘက်ကို ဦးတည်မတည် ဆိုသည်မှာ ဦးသိန်းစိန် ဆက်လှမ်းမည့် နိုင်ငံရေးခြေလှမ်းနှင့် ဆိုင်ပါမည်။ ဘာမှန်းမသိသော နိုင်ငံရေးဆွေးနွေးပွဲ ဟူသည်များဖြင့် နှစ်ပေါင်းမြောက်များစွာ အချိန်ဆွဲထားသည့်အချိန်တွင် စစ်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံကို ဆက်လက်အသက်သွင်း ခိုင်မာအောင်လုပ်သွားနိုင်မည့် အနေအထားကို ကေအိုင်အိုက စိုးရိမ်ပုံရသည်။

(၆) ပြည်တွင်းငြိမ်းချမ်းရေးကို စစ်မှန်စွာတည်ဆောက်လိုပါက ဦးသိန်းစိန်အစိုးရအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခွင့်ရစမည့် နိုင်ငံရေးလုပ်ငန်းစဉ်များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အတိအလင်းကြေငြာလျှက် နိုင်ငံရေးဆွေးနွေးပွဲများ တက်ရောက်လာရန် ဖိတ်ခေါ်သင့်သည်၊ ကေအိုင်အိုက တင်သွင်းလာမည့် နိုင်ငံရေးတောင်းဆိုချက်များကို လက်ခံစဉ်းစားသင့်သည်ဟု သုံးသပ်သည်။

(၇) အဓိကအားဖြင့် စစ်ဘေးဒုက္ခသည်များ၏ ဘဝကို ထိထိရောက်ရောက် ပြန်လည်ကုစားပေးရန်ဖြစ်သည်။ ၁၉၉၄ အပစ်အခတ်ရပ်စဲရေးကို စတင်ချိုးဖေါက် တိုက်ခိုက်သူမှာ အစိုးရဘက်မှဖြစ်သည်။ အစိုးရတပ်များက မီးတင်ရှို့ခဲ့သဖြင့် မီးလောင်ပျက်စီး ဆုံးရှံုးသွားခဲ့သည့် လူထု၏ နေအိမ်များကို ပြန်လည်ဆောက်လုပ်ပေးရန်၊ ဆုံးရှံုးသွားခဲ့သည့် ပစ္စည်းများအတွက် လျော်ကြေးပေးရန်၊ နေအိမ်များ၊ ဆေးပေးခန်းများ၊ ဘုရားရှိခိုးကျောင်းများအား မီးရှို့ဖျက်ဆီးခြင်းမှာ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်သဖြင့် ပြစ်မှုကျူးလွန်ခဲ့သူများကို ဖေါ်ထုတ်ပြီး အရပ်ဘက်ဆိုင်ရာ တရားရုံးတွင် ရုံးတင် တရားစွဲဆို အပြစ်ပေးရန် လိုအပ်သည်။

(၈) အစိုးရဆိုလျှင် လူထု၏ လုံခြံုမှုကို တာဝန်ယူရမြဲဖြစ်သည်။ ဤသည်မှာ တကမ္ဘာလုံးရှိ အစိုးရအားလုံး မည်သည့်အစိုးရမျှ မငြင်းနိင်သော အနိမ့်ဆုံးတာဝန် ဖြစ်သည်။ ဇန်နဝါရီလ (၁၄) ရက်နေ့တွင် လိုင်ဇာမြို့ပေါ်သို့ လက်နက်ကြီးများ ကျရောက်ပြီး အရပ်သားလူထုများ သေကြေဒဏ်ရာရခဲ့ကြသည်။ ယင်းအတွက် ဦးသိန်းစိန် အစိုးရတွင် လုံးဝတာဝန်ရှိသည်။ ၄င်းတို့စစ်တပ်မှ ပစ်ခြင်းမဟုတ်ဟု ဘူးကွယ်ရုံမျှနှင့် မလုံလောက်။ အခြားမည်သည့် အဖွဲ့အစည်းက ပစ်ကြောင်းလည်း အစိုးရက မဖေါ်ထုတ်နိုင်။ စစ်လေယာဉ်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါလျှက် ရိက္ခာပို့တာပါ ငြင်းခဲ့ပြီး နောက်ပိုင်းကျမှ ထိုးစစ်ဆင်တိုက်ခိုက်တာပါ ဟူ၍ အစိုးရက ဗြောင်လိမ်ခဲ့သည့် သာဓက ရှိသည်။ လက်နက်ကြီးများဖြင့် ပစ်ခတ်သည်မှာ အစိုးရတပ်မှလွဲ၍ အခြားမရှိ။ သေဆုံးသွားခဲ့သူ လူတဦးလျှင် အနည်းဆုံး အမေရိကန် ဒေါ်လာငွေ တသိန်းထက် မနည်းသော လျော်ကြေးငွေ ပေးအပ်ရန် အစိုးရတွင် တာဝန်ရှိသည်။

(၉) ကချင်ပြည်နယ်အတွင်း ကေအိုင်အေ ထိမ်းချုပ်ထားရာနေရာများတွင် ရောက်ရှိခိုလှုံနေကြသော စစ်ဘေးဒုက္ခသည်ဦးရေမှာ ခုနှစ်သောင်းကျော်မျှ ရှိသည်ဟု သိရသည်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ၄င်းတို့အတွက် ရိက္ခာဆေးဝါးများ၊ အခြားလိုအပ်သော လူမှုရေးအကူအညီများ ပေးအပ်ရန်ကြိုးပမ်းသည်ကို ဦးသိန်းစိန်အစိုးရက လူသားချင်း စာနာစိတ်ကင်းမဲ့စွာ ပိတ်ဆို့ထားခဲ့သည်။ ဤသည်မှာ မြန်မာနိုင်ငံက လက်မှတ်ရေး ထိုးအတည်ပြုထားသော ၁၉၄၉ ခုနှစ် ဂျီနီဗာကွန်ဗင်းရှင်း (Geneva Convention relative to the Protection of Civilian Persons in Time of War) ပုဒ်မ ၂၃ ကို ချိုးဖေါက်၍ နိုင်ငံတကာပြစ်မှုကြီး ကျူးလွန်ခြင်းဖြစ်သည်။ နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံး ရောမဥပဒေ (Rome Statue of the International Criminal Court) ၏ ပုဒ်မ (၈) စစ်ရာဇဝတ်မှု ဆိုင်ရာ ပြဌာန်းချက် ပုဒ်မခွဲ (၂) အပုဒ် (၂၅) ကို ချိုးဖေါက်ကျူးလွန်ရာရောက်သည်။ ကချင်ပြည်နယ်တခုလုံးအတွင်းရှိ စစ်ဘေးဒုက္ခသည်များ အားလုံးအား ပေးအပ်မည့် လူသားချင်းစာနာထောက်ထားသည့် အကူအညီမှန်သမျှ ချက်ခြင်းရရှိကြစေရန် ဦးသိန်းစိန်အစိုးရက အမြန်ဆုံး ဆောင်ရွက်ရန် တောင်းဆိုသည်။

အောင်ထူး (ရှေ့နေ) (မဟာဝိဇ္ဇာ၊ လူ့အခွင့်အရေး)
၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်

---------------------------------------------------------------------------------

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် (၃/၂၀၁၃) ၁၃၇၄ ခုနှစ် ၊ ပြာသိုလဆန်း ရ ရက် (၂၀၁၃ ခုနှစ် ၊ ဇန်နဝါရီလ ၁၈ ရက်)

၁။ ကချင်ပြည်နယ်၊ လဂျားယန်ဒေသတွင် KIO/KIA လက်နက်ကိုင်တပ်ဖွဲ့များက လဂျားယန် တပ်မတော်စခန်းအား ၂၀၁၂ ခုနှစ် မတ်လမှစတင်ပြီး ဝန်းရံပိတ်ဆို့ထားခြင်း၊ လဂျားယန်စခန်းသို့ ရိက္ခာပို့ဆောင်သည့် တပ်မတော်စစ်ကြောင်းများကို ချံုခိုတိုက်ခိုက်ခြင်း၊ မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စုလမ်းမကြီးကို အများပြည်သူများ အသုံးမပြုနိုင်အောင် ပိတ်ဆို့ထားခြင်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်းများအား ပြုလုပ်ခဲ့သည့်အတွက် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်မှ စတင်၍ ပွိုင့် ရ၇၁ တောင်ကုန်း အပါအဝင် လဂျားယန်ဒေသရှိ KIO/ KIA ခြေကုတ်စခန်းများအား တပ်မတော်စစ်ကြောင်းများမှ ရှင်းလင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရသည်။

၂။ ၂၀၁၁ ခုနှစ် ဇွန်လ၌ တပ်မတော်နှင့် KIO/KIA ကြား တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားချိန်မှစပြီး တပ်မတော်အနေဖြင့် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်အတိုင်း မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရန်အတွက်သာ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် KIO/KIA လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် လဂျားယန်စခန်းရှိ တပ်မတော်သားများထံသို့ ရိက္ခာပို့ဆောင်သည့် တပ်မတော် စစ်ကြောင်းများကို သုံးကြိမ် ချံုခိုတိုက်ခိုက်ခဲ့သည့်အတွက် တပ်မတော်သား(၃၅)ဦး ကျဆုံးကာ (၁၉ဝ)ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ လဂျားယန်စခန်းမှာ ၁၉၉၄ ခုနှစ် အပစ်အခတ် ရပ်စဲရေးမတိုင်မီ (KIO/KIA တို့၏ လိုင်ဇာစခန်းမရှိမီ) ကပင် တပ်မတော်က အခြေစိုက်၍ နယ်မြေလုံခြံုရေး ဆောင်ရွက်ခဲ့သည့် စခန်းဖြစ်ပြီး ထိုစခန်းသို့ ရိက္ခာများ ပို့ဆောင်မည်ဖြစ်ကြောင်းကိုလည်း KIO/KIA အဖွဲ့သို့ ကြိုတင်အသိပေးပြီးမှ ဆောင်ရွက်ခဲ့သည့်တိုင် KIO/KIA အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ရိက္ခာပို့ဆောင်နိုင်ခြင်း မရှိသည့်အတွက် စခန်းအတွင်းရှိ တပ်မတော်သား စစ်သည်များအနေဖြင့် စားနပ်ရိက္ခာများ ပြတ်လပ်ပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေကို ရောက်ရှိလာသောကြောင့် စစ်သည်များ အသက်ဆုံးးမှုမှ ကာကွယ်နိုင်ရန်အတွက် အထက်ပါနယ်မြေ ရှင်းလင်းမှုများကို တပ်မတော်က မလွဲမရှောင်သာ ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်။

၃။ လေကြောင်းပစ်ကူ ရယူခဲ့ရခြင်းမှာလည်း KIO/KIA တပ်စခန်း ပစ်မှတ်များကိုသာ တိတိကျကျ ထိမှန် ချေမှုန်းနိုင်ရန်နှင့် စစ်ပွဲနှင့်မသက်ဆိုင်သော အရပ်သားပစ်မှတ်များကို ရှောင်လွဲလိုသောကြောင့်ဖြစ်သည်။ KIO/ KIA တပ်များသည် လဂျားယန်စခန်းအား အပြင်မှ သံဆူးကြိုးခတ်၍ အဆက်အသွယ် ဖြတ်တောက်ထားသောကြောင့် တပ်စခန်းအတွင်းရှိ တပ်မတော်သားစစ်သည်များအတွက် ရိက္ခာပို့ရန်၊ စစ်ရေးအရ တိုက်ခိုက်ရန်သာ ရှိသဖြင့် မလုပ်မဖြစ် လုပ်ခဲ့ရခြင်းဖြစ်သည်။ တပ်မတော်သည် ငြိမ်းချမ်းရေးစကားဝိုင်းမှတစ်ဆင့် မိမိတပ်စခန်းများကို ရွှေ့ပြောင်းပေးရန် ဆုံးဖြတ်ထားခဲ့သော်လည်း တစ်ဘက်လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် KIO/KIA မှ လာရောက်ခြင်းမရှိဘဲ နိုင်ငံတော်အစိုးရမှ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ခြင်းနှင့် ရွှေလီဆွေးနွေးပွဲကို ပျက်ပြားစေခဲ့ခြင်း စသည့် အကြောင်းအချက်များသည် ယခုတိုက်ပွဲများကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်လာစေသည်။

၄။ ယခုအခါ တပ်မတော်အနေဖြင့် လဂျားယန်စခန်းရှိ စစ်သည်များ လုံခြံုရေးနှင့် မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စုလမ်းမကြီး လုံခြံုရေးအတွက် လိုအပ်သည့် ကန့်သတ်ရည်မှန်းချက်များကို ရရှိပြီးဖြစ်သောကြောင့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် ၀၆းဝဝ နာရီမှ စတင်ပြီး လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း သိရှိရသည်။

၅။ တပ်မတော်အနေဖြင့် နိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက်ဖြစ်သည့် မိမိကိုယ်မိမိ ခုခံကာကွယ်ရန်မှအပ ပစ်ခတ်တိုက်ခိုက်မှုများ မပြုလုပ်ရန် ဆိုသည့်အချက်ကို တိကျစွာ လိုက်နာသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထပ်မံအတည်ပြု ပြောကြားသည်။ သို့သော် လက်နက်ကိုင် ပဋိပက္ခတစ်ခုတွင် တင်းမာမှု အရှိန်လျော့ကျစေရန်အတွက် နှစ်ဘက်လုံးက တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားရန် လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် KIO/KIA အနေဖြင့်လည်း တပ်မတော်တပ်ဖွဲ့များကို စတင်တိုက်ခိုက်မှုမပြုရေး လက်အောက်တပ်ဖွဲ့များကို ညွှန်ကြားကြပ်မတ်သွားရန် တိုက်တွန်းသည်။ ပြီးခဲ့သော ဖြစ်စဉ်များကို ပြန်လည် လေ့လာပါက မိမိကိုယ်ကို ခုခံကာကွယ်ရုံမှအပ ချီတက် ထိုးစစ်ဆင် တိုက်ခိုက်ခြင်း မပြုရန် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် ရရှိခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်မှ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် အထိ KIO/KIA အဖွဲ့အနေဖြင့် လမ်းတံတား ဖောက်ခွဲဖျက်ဆီးမှု (၁၂၂)ကြိမ်၊ မိမိတပ်စခန်းများအား လာရောက်ငေ့်ယှက်ပစ်ခတ်ခြင်း (၆၄) ကြိမ်၊ အရပ်သားများ မိုင်းနင်းမိခြင်း (၃ဝ)ကြိမ်၊ လုယက် ဖျက်ဆီးခြင်း (၆ဝ)ကြိမ်၊ လူသစ် စုဆောင်းခြင်းနှင့် အဓမ္မဖမ်းဆီးခြင်း (၂၈) ကြိမ်ရှိခဲ့ပြီး မိမိတပ်များနှင့် ထိတွေ့မှုပေါင်း (၁ဝ၉၅) ကြိမ် ဖြစ်ပွားခဲ့ကာ ၎င်းဖြစ်စဉ်များတွင် အရာရှိစစ်သည် အများအပြား ကျဆုံးခြင်း၊ ဒဏ်ရာရခြင်းများ ရှိခဲ့သည်။

၆။ ထို့ပြင် ကချင်ပြည်နယ်အတွင်း ပြန်လည်ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် ဒုက္ခရောက်နေရသည့် ပြည်သူများကို စာနာထောက်ထားသောအားဖြင့် အများပြည်သူ အသုံးပြုနေသည့် ကားလမ်း၊ ရထားလမ်းများကို ပိတ်ဆို့ခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်းများ မပြုလုပ်ရန်လည်း လိုအပ်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် KIO/KIA လက်နက်ကိုင်အဖွဲ့များက မန္တလေး-မြစ်ကြီးနား ရထားလမ်းတွင် မိုင်းခွဲတိုက်ခိုက်မှု (၅၆) ကြိမ်၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ် ပူတာအိုလမ်းတွင် မိုင်းခွဲ တိုက်ခိုက်မှု (၁၅) ကြိမ်၊ မြစ်ကြီးနား- ဗန်းမော် ကားလမ်းတွင် မိုင်းခွဲတိုက်ခိုက်မှု (၄၂) ကြိမ် ပြုလုပ်ခဲ့သည့်အတွက် ပြည်သူများ ထိခိုက်ဒဏ်ရာရ အသက်ဆုံးရှုံးမှုများရှိသကဲ့သို့ လမ်းပန်းဆက်သွယ်ရေးများလည်း ပြတ်တောက်ခဲ့ရသည်။ ထိုကဲ့သို့ တိုက်ခိုက်မှုများကြောင့် ကချင်ပြည်နယ်တွင် ကုန်စျေးနှုန်းများ ကြီးမြင့်လာခဲ့ပြီး အထူးသဖြင့် ပူတာအိုဒေသရှိ ပြည်သူများ အနေဖြင့် စားနပ်ရိက္ခာ ရှားပါးမှုနှင့် ရင်ဆိုင်နေရသဖြင့် တပ်မတော်လေယာဉ်များနှင့်ပါ ရိက္ခာများ ကူညီပို့ဆောင်ပေးလျက် ရှိသည်။ တပ်မတော်အနေဖြင့် အရပ်ဘက်ပစ်မှတ်များကို လုံးဝတိုက်ခိုက်ခြင်းမပြုရန် ညွှန်ကြားထားပြီးဖြစ်သဖြင့် KIO/KIA လက်နက်ကိုင်အဖွဲ့အနေဖြင့်လည်း အများပြည်သူ သွားလာနေသည့် ရထားလမ်း၊ ကားလမ်းများကို နှောင့်ယှက် တိုက်ခိုက်နေခြင်းများအား ရပ်ဆိုင်းရန် လိုအပ်မည်ဖြစ်သည်။ သို့မှသာ လက်နက်ကိုင်တိုက်ခိုက်မှုများ အရှိန်လျော့ကျလာသည့်နှင့်အမျှ ဒေသခံပြည်သူများအတွက် စီးပွားရေး၊ လူမှုရေး အကူအညီများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

၇။ နိုင်ငံတော်အစိုးရသည် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် အပစ်အခတ်ရပ်စဲရေးမှတစ်ဆင့် ခိုင်မာသည့် နိုင်ငံရေးဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ KIO/KIA နှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်မည်ဖြစ်သည်။ နောင်တွေ့ဆုံ ဆွေးနွေးမှုများတွင် KIO/KIA လက်နက်ကိုင်အဖွဲ့မှ တပ်ပိုင်းဆိုင်ရာများကို အဆုံးအဖြတ်ပေးနိုင်သည့် ပုဂ္ဂိုလ်များက တပ်မတော်နှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းရန် လိုအပ်သည်။

၈။ နိုင်ငံတော်အစိုးရသည် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်ရန်အတွက် KIO/KIA အပါအဝင် တိုင်းရင်းသားပြည်သူအားလုံးနှင့် လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ 


http://drlunswe.blogspot.com/2013/01/blog-post_3278.html

January 11, 2013

ကချင်ပြည်နယ်ပေးတဲ့ သင်ခန်းစာ

လွန်ခဲ့တဲ့ ဇန်နဝါရီလ (၄) ရက်နေ့က ထုတ်ပြန်တဲ့ သမ္မတရုံးရဲ ့ သတင်းကြေညာချက်ကိုကြည့်ရင် ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်နေတာဟာ KIO-KIA မှာ တာဝန်ရှိကြောင်း အပြစ်တင်ထားတာကို တွေ့နိုင်ပါတယ်။ ကချင်ကလွဲပြီး အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးသဘောတူချက် ရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ KIO/KIA အဖွဲ့နဲ့ ပြည်တွင်းပြည်ပမှာ ဆွေးနွေးတာ (၁၁) ကြိမ် ရှိပေမယ့် သဘောတူချက် မရနိုင်သေးဘူးလို့ ဆိုပါတယ်။ KIO/KIA နဲ့ ဗမာအစိုးရဟာ (၁၇) နှစ်လုံးလုံး အပစ်အခတ်ရပ်စဲပြီးတော့မှ တဘက်နဲ့တဘက် ယုံကြည်ဖို့ ခက်ခဲနေတာကို ပြသရာရောက်ပါတယ်။

ဒါပေမဲ့ အပစ်အခတ်ရပ်စဲနိုင်တဲ့ အစိုးရဟာ အပြည်ပြည်ဆိုင်ရာမှာ မျက်နှာပန်းလှပါတယ်။ လက်နက်ကိုင်အဖွဲ့တွေကို စီးပွားရေးလုပ်ခွင့်ပေးပြီး စည်းရုံးသိမ်းသွင်းတာကြောင့် တိုင်းရင်းသားအုပ်စုထဲမှာ သီးခြားအဖွဲ့ခွဲတွေ ပေါ်ထွက်လာပြီး အချင်းချင်းပြိုင်ဆိုင်တာဟာ အစိုးရနည်းပရိယာရ် အောင်မြင်ကြောင်း ပြသရာရောက်ပါတယ်။ KIO/KIA တဖွဲ့တည်း အစိုးရကို တုံ့ပြန်တိုက်ခိုက်နေတာမို့ ဗမာအစိုးရအနေနဲ့ ကချင်အရေးနိမ့်တဲ့အထိ ထိုးစစ်ဆင်မယ့် ပုံပေါ်နေပါတယ်။ ဒါပေမဲ့ တဘက်ကိုတဘက်က အပြုတ်တိုက်နိုင်တာ မဟုတ်ကြောင်း လွန်ခဲ့တဲ့ အနှစ် (၅၀) သမိုင်းက သက်သေပြနေပါတယ်။

လွန်ခဲ့တဲ့ ၁၉၉၄ ကလည်း ပထမအဆင့်မှာ အပစ်အခတ်ရပ်စဲပြီး ဒုတိယအဆင့်မှာ ဖွံ့ဖြိုးရေးစီမံကိန်းလုပ်မယ်၊ တတိယအဆင့်မှာ နိုင်ငံရေးသဘောတူချက်ကို ရယူမယ်လို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အပစ်အခတ်ရပ်စဲပြီး စီးပွားရေးသောင်းကျန်းကြတဲ့အတွက် နိုင်ငံရေးသဘောတူချက် မရယူနိုင်ရင် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်မှာ မဟုတ်ဘူးလို့ 'ကချင်ဖွ့ံဖြိုး တိုးတက်ရေးအဖွဲ့' မကြာမီက ထုတ်ဝေတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ KIO က ဘူးဂါးကုမ္မဏီကို တည်ထောင်ပြီး ရန်ပုံငွေရှာပါတယ်။ ကျောက်မျက်နဲ့ သစ်တင်ပို့တဲ့လုပ်ငန်းက ရန်ပုံငွေအများဆုံး ရပါတယ်။ ငွေအများဆုံး ပေးနိုင်သူကို ကန်ထရိုက်ချပေးတာမို့ ငွေရင်းစိုက်နိုင်တဲ့ တရုတ်နဲ့ မြန်မာလုပ်ငန်းရှင်တွေ ကချင်ပြည်နယ်ကို ရောက်လာကြပါတယ်။ ဗမာစစ်အုပ်စုနဲ့ KIO ဟာ ကချင်ပြည်နယ်မှာ စီးပွားပြိုင် ဖြစ်လာပါတယ်။

KIO ကချင်လွတ်မြောက်ရေးအဖွဲ့ဟာ ဒေသန္တရအစိုးရအနေနဲ့ အုပ်ချုပ်ပါတယ်။ စည်းမျဉ်းဥပဒေ၊ တရားရေးဌာန၊ ဘဏ္ဍာရေးဌာန၊ ပညာရေး၊ ကျန်းမာရေး၊ စာပေယဉ်ကျေးမှု၊ သုတေသန စသဖြင့် အစိုးရဌာနတွေ ရှိပါတယ်။ လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်နဲ့ ရဲဌာနကို ၂၀၀၃ မှာ ဖွဲ့စည်းပါတယ်။ နယ်စပ်ကုန်သွယ်ရေးဂိတ်မှာ ဝင်ထွက်တဲ့ ကုန်ပစ္စည်းတွေကို KIO က အခွန်စည်းကြပ်ပြီး ရန်ပုံငွေရှာပါတယ်။ ဗမာအစိုးရရဲ ့ စစ်ဆေးရေးဂိတ်စခန်းကိုလည်း ကချင်ပြည်နယ်မှာ တွေ့နိုင်ပါတယ်။ ဗမာအစိုးရ အုပ်ချုပ်တဲ့ဒေသတွေအထိ KIO က အခွန်ကောက်ပြီး ရန်ပုံငွေရှာပါတယ်။ KIO လက်အောက်ခံဒေသမှာ ဒေသန္တရအုပ်ချုပ်ရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးပေမယ့် အတွေ့အကြုံနည်းတာမို့ ကျွမ်းကျင်မှုမရှိဘဲ အဂတိလိုက်စားမှုတွေ ရှိတယ်လို့လည်း ကြားသိရပါတယ်။

KIO အုပ်ချုပ်ရေးနယ်မြေတိုင်းမှာ ဒေသဖွံ့ဖြိုးရေးကော်မတီ ရှိပါတယ်။ နှစ်ပေါင်းများစွာ စစ်ဒဏ်ခံခဲ့ရတဲ့ ကချင်ပြည်သူ့ဘဝကို ပြန်လည်ထူထောင်ဖို့ ဖြစ်ပါတယ်။ ပညာရေး၊ ကျန်းမာရေး နဲ့ စီးပွားရေး အခြေခံအဆောက်အအုံ တည်ဆောက်ဖို့ အဓိကထားပါတယ်။ ဒေသဆိုင်ရာ စီမံကိန်းတွေမှာ KIO ဘူးဂါးကုမ္မဏီဟာ ဗမာစစ်အစိုးရနဲ့ တွဲလုပ်တာမျိုးလည်း ရှိပါတယ်။ ဘူးဂါးကုမ္မဏီဟာ မလိရေအားလျှပ်စစ်ကို တည်ဆောက်ပြီး မြစ်ကြီးနားနဲ့ ဝိုင်းမော်ကို လျှပ်စစ်ဓါတ်အားပေးပါတယ်။ လိုင်ဇာမှာ KIO တည်ထောင်တဲ့ ဖွံ့ဖြိုးရေးဘဏ်နဲ့ တရုတ်ကုမ္မဏီပိုင် ဖွံ့ဖြိုးရေးဘဏ်ဆိုပြီး ဘဏ် (၂) ခု ရှိပါတယ်။ မဆလခေတ်ကတည်းက KIO ဟာ လိုင်ဇာမှာဌာနချုပ်ဖွင့်ပြီး အစိုးရသဖွယ် အုပ်ချုပ်ပါတယ်။ အရှေ ့ပိုင်း၊ တောင်ပိုင်း၊ အနောက်ပိုင်း၊ မြောက်ပိုင်း နဲ့ ဗဟိုဆိုပြီး နယ်မြေ (၅) ခု ပိုင်းခြားပြီး အုပ်ချုပ်ပါတယ်။

ဒါကြောင့် KIO/KIA ကို ဒေသန္တရအစိုးရ (သို့မဟုတ်) ပြည်နယ်အစိုးရအဖြစ် အသိအမှတ်ပြုပြီး ဆွေးနွေးရင် ရည်ရွယ်ချက် အောင်မြင်ဖို့ အလားအလာရှိပါတယ်။ လက်ရှိနိုင်ငံရေးဖြစ်စဉ်မှာ တိုင်းရင်းသားအားလုံး တန်တူရည်တူ ပါဝင်ခွင့်ရဖို့ မဖြစ်မနေ ဆောင်ရွက်ရမယ်လို့ သမ္မတဦးသိန်းစိန်က အစိုးရသက်တမ်းတနှစ်ပြည့် မိန့်ခွန်းမှာ ပြောသွားပါတယ်။ ဗမာအပါအဝင် တိုင်းရင်းသားအားလုံး သာတူညီမျှ အခွင့်အရေးကို မျှဝေရရှိပြီး တန်းတူရည်တူ ဖြစ်လာဖို့ဆိုတဲ့ တိုင်းရင်းသားတွေရဲ ့ မျှော်မှန်းချက်ကို အစိုးရက ထောက်ခံတယ်လို့ ဆိုပါတယ်။ နားဝင်ချိုစရာကောင်းတဲ့ စကားပါ။

နောက် (၃) လလောက်ကြာတော့ တိုင်းရင်းသားတွေရဲ ့ သေရေးရှင်ရေးဖြစ်တဲ့ တန်တူရည်တူ အခွင့်အရေးနဲ့ အခြားဥပဒေတွေကို လွှတ်တော်က ပြဌာန်းပေးမယ်ဆိုရင် တိုင်းရင်းသားပဋိပက္ခကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးမှာ ဦးသိန်းစိန်က ပြောပြန်ပါတယ်။ ပြောတဲ့တိုင်း ဖြစ်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ဖို့သာ ရှိပါတယ်။ သမိုင်းကိုကြည့်ရင်တော့ ဗမာအာဏာမရသေးတဲ့ အချိန်အခါ ၁၉၄၇ မှာသာ တိုင်းရင်းသားတွေနဲ့ တန်တူရည်တူ ဆွေးနွေးပြီး သဘောတူချက် ယူနိုင်တာ တွေ့ရပါတယ်။ တန်တူရည်တူ ဆွေးနွေးနိုင်ဖို့အတွက် ဗမာစစ်ခေါင်းဆောင်ပိုင်းမှာ အရင်ဆုံး စိတ်နေသဘောထား ပြောင်းလဲဖို့ လိုပါတယ်။

http://burmese.voanews.com/content/news-analysis-military-kachin-chinese/1582390.html

January 9, 2013

ငြိမ်းချမ်းရေး နဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေ ပိုပြီးရရှိရေးဟာ ကချင်အရေး အပါအဝင် မြန်မာနိုင်ငံ တိုင်းရင်းသားအရေး ဖြေရှင်းနိုင်ဖို့အတွက် အဓိကသော့ချက် ဖြစ်ပါတယ်လို့ ကရင်ငြိမ်းချမ်းရေး အကျိုးဆောင်လည်းဖြစ်  လက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်လည်းဖြစ်တဲ့ ပါမောက္ခ ဦးထွန်းအောင်ချိန်က ပြောလိုက်ပါတယ်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ၁၉၄၇ ဖွဲ့စည်းပုံထက်ပိုပြီး Federal သဘောဆောင်တယ်လို့လည်း သူက ဆိုပါတယ်။ ဘာကြောင့်ပါလဲ။ ပါမောက္ခ ဦးထွန်းအောင်ချိန်ကို မေးမြန်းပြီး ဦးကျော်ဇံသာ သုံးသပ်တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာ ပထမဦးဆုံးက အခုမြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးတဲ့နောက် မြန်မာပြည်သူတွေကကော နိုင်ငံတကာကကော ငြိမ်းချမ်းရေး ပိုမို ထွန်းကားလာလိမ့်မယ်လို့  မျှော်လင့်ကြပါတယ်။ ဒါပေမယ့် တခြားတိုင်းရင်းသားတွေနှင့် အပစ်အခတ် ရပ်စဲရေးကနေပြီးတော့ ပိုပြီးတော့တောင်မှ တိုးတက်တဲ့သဘောထားတွေ တွေ့ရပေမယ့် ကချင်တိုင်းရင်းသားလက်နက်ကိုင် အင်အားစုနှင့်ကြတော့ ဘာဖြစ်လို့ပိုပြီးတော့ အခြေအနေဆိုးသွားတယ်လို့ ဆရာထင်ပါသလဲ။ ဆရာ သုံးသပ်ချက်ကို ပထမဦးဆုံး အကျဉ်းရုံး ပြောပါဆရာ။
ဦိးထွန်းအောင်ချိန် ။ ။ ပြဿနာတွေကတော့ ရှိတာပေါ့။ ပြဿနာ ရှိလို့ဘဲ ပဋိပက္ခ ဖြစ်နေတာပေါ့။ ဒီပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ကတော့ နှစ်ဖက်စလုံးကတော့ ကြိုးစားရမယ်လို့တော့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ကရင် နှင့် ကချင် တိုင်းရင်းသားတွေရဲ့ ပြဿနာနှစ်ခုက ဘယ်လို ကွာခြားပါသလဲ။
ဦိးထွန်းအောင်ချိန် ။ ။ ကရင်က သူ ပိုကြာရှည်တာပေါ့။ သူက ကျနော်တို့ ၄၉ ခုနှစ်ကတည်းက စခဲ့တဲ့ ပြဿနာကြီး။ အဲပြဿနာက တောက်လျှောက် ကျနော်တို့ ဒီမှာ တချိန်တုန်းကတော့ နည်းနည်း ပစ်ခတ်ရပ်စဲရေး အဆင့်အထိ ရောက်လာတယ်။ အဲဒါ ဒါပေမယ့် ဆက်မလုပ်ဖြစ်ဘူးပေါ့။ အခုတခါတော့ ပြန်ပြီးတော့ ဒီမနှစ်က ပစ်ခတ်ရပ်စဲရေး တင်မက ဆက်လက်ပြီးတော့ နိုင်ငံရေး ဆွေးနွေးမယ့်အဆင့်ထိ ရောက်လာတော့ တော်တော်လေး အားရစရာဖြစ်တာပေါ့။ ကချင်ကတော့ သူက စောစောကတည်းက အပစ်အခတ် ရပ်စဲရေး ရယူခဲ့တယ်။ အပစ်အခတ် ရပ်စဲရေးယူပြီးမှ ဒီအပစ်အခတ် ရပ်စဲရေးအခြေအနေက ပျက်ပြားပြီး အခု ပြန်ပြီးတော့ ပဋိပက္ခဖြစ်လာတော့ သူက ထူးခြားတဲ့ အခြေအနေတစ်ခုပေါ့။ နေရာထိုင်ခင်းကတော့ မတူဘူးပေါ့။
ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသား အင်အားစု နှစ်ခုလုံးကတော့ တကယ်တော့ သူတို့ ဒါ Self-Determination ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးခွင့် တစ်နည်းအားဖြင့် ဒါ ကိုယ်ပိုင်အုပ်ချုပ်ရေး။
ဦိးထွန်းအောင်ချိန် ။ ။ ဒါကတော့ ဒီနှစ်ခုစလုံး မကောင်းဘူး။ တိုင်းရင်းသား တော်တော်များများက ဒါပဲ ဒီလို ပြောနေကြတာပေါ့လေ။ အနည်းနှင့်အများပေါ့။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲလို လိုလားချက်ခြင်း တူပေမယ့်လည်း အခု ကရင်နှင့်ကြတော့ ပိုပြီးတော့ အခြေအနေကကောင်းမွန်လာတယ်။ ပြီးတော့ ဆရာပြောသလို ကရင်နှင့်ဖြစ်လာတဲ့ ပြဿနာက ဟိုလွတ်လပ်ရေးမတိုင်ခင် သို့မဟုတ် လွတ်လပ်ရေးအဦးကတည်းက ဖြစ်လာခဲ့တာ။ ကချင်နှင့်ပြဿနာက ဒီထက်တောင် နောက်ကျတယ်ဆိုတော့။ ပိုတာရှည်တဲ့ဟာက အောင်မြင်လာပြီးတော့။ နောက်ပိုင်းမှ ဖြစ်လာတဲ့ ပြဿနာက ဘာဖြစ်လို့ အဲလိုဖြစ်ရတာလဲ ဆရာ။
ဦိးထွန်းအောင်ချိန် ။ ။ သူ့နယ်မြေရဲ့ ထူးခြားချက်ရှိလို့ ဒီလို ထင်ပါတယ်။ ကချင်နယ်မြေက ကရင်နယ်မြေနှင့် ပုံစံမျိုး အခြေအနေမျိုး မဟုတ်ဘူးလေ။ သူ့မှာက စီးပွားရေး အနေအထားက မတူဘူး။ စီးပွားရေး၊ လူမှုရေးပေါ့လေ။ အဲဒါလည်း အကြောင်းတစ်ရပ်ဖြစ်မယ်လို့ ကျနော် ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကရင်လည်းဘဲ တချိန်တုန်းကဆိုရင်တော့ ထိုင်းနှင့်မြန်မာ ကြားမှာ Buffer အဖြစ်နှင့် နေခဲ့ပြီးတော့ နောက်ပိုင်းမှာ ထိုင်းအစိုးရက Battle Field to Market Place ပြောင်းမယ် ဘာညာဆိုပြီးတော့ လုပ်လာပြီးတော့နောက်မှာ ငြိမ်းချမ်းရေးရဖို့ အလားအလာတွေ ရှိလာတယ်လို့ ကျနော်ထင်ပါတယ်။
ဦိးထွန်းအောင်ချိန် ။ ။ ဟုတ်ပါတယ်။ ဒီနေရာကလည်း စီးပွားရေးအရ နည်းနည်း အရေးကြီးလာတယ်လေ။ နောက် ကရင်အနေနှင့်လည်းပဲ ဒီထိုင်းနှင့် ဒီဘက်က နိုင်ငံတော်အစိုးရကြားမှာ သူက နှစ်ဖက်ဖိအားရှိလာတယ်။ ပိုပြင်းလာတယ်ပေါ့။ ဒါကြောင့်လည်း သူလည်း ငြိမ်းချမ်းရေးရယူဖို့ ပိုပြီးတော့ ကြိုးစားလာတယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ကချင်ပြည်နယ်ရဲ့ ဟိုဘက်ဒီဘက်မှာ ရှိတဲ့ ဒီတရုတ်နှင့် မြန်မာနိုင်ငံ တွေကလည်းပဲ ထိုင်းနှင့်မြန်မာလိုဘဲ အခု စီးပွားရေးအရ သူတို့ ဆက်ဆံမယ်။ အဲဒီဒေသမှာ စီးပွားဖြစ်ထွန်းအောင် လုပ်ချင်တယ်ဆိုတဲ့ သဘောထားတွေ ရှိနေကြတာဘဲ ဆရာ။
ဦိးထွန်းအောင်ချိန် ။ ။ ရှိတယ်။ ဒါပေမယ့် အပစ်အခတ် ရပ်စဲရေးခေတ်ကာလတုန်းက ကချင်တွေက ဥပမာအားဖြင့် ကျောက်စိမ်းကိစ္စတို့၊ မြစ်ဆုံဆည်ကိစ္စတို့။ အဲဒါတွေက သူတို့အတွက် နစ်နာတယ်လို့ သူတို့ ထင်ခဲ့တဲ့ သဘောတော့ ရှိနေတယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမယ့် သူတို့ အခု မြစ်ဆုံရေကာတာကို ရပ်ဆိုင်းလိုက်တယ်။ Suspend လုပ်ထားလိုက်တယ်ဆိုတော့ ဆရာ အဲဒီဟာက သူတို့အတွက် ကျေနပ်စရာ မဖြစ်ဘူးလား။
ဦိးထွန်းအောင်ချိန် ။ ။ အဲဒါတော့ တော်တော်လေး ငြိမ်းချမ်းရေးရယူဖို့အတွက် အတော့်ကို ကောင်းသွားတာပေါ့။ ဒီဥစ္စာက။ ဒါပေမယ့် နာကြည်းချက်တွေ ကျန်သေးတယ်လို့ ကျနော် ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ စီးပွားရေးအားဖြင့်ကတော့ ဒီ ကျောက်စိမ်းတွေ ဘာတွေ ထုတ်ယူတဲ့နေရာမှာ အစိုးရဘက်က…
ဦိးထွန်းအောင်ချိန် ။ ။ ကျောက်စိမ်းတွေမက ကျုပ်တို့ သံယံဇာတ ပစ္စည်းတွေ တော်တော်လေး ထုတ်သွားတယ်လို့ သိရတယ်ပေါ့။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ သူတို့က ဒေသခံ။
ဦိးထွန်းအောင်ချိန် ။ ။ ဒေသခံရဲ့ အကျိုးစီးပွားကို လျစ်လျူရှုပြီးတော့ အပြင်က အင်အားစုတွေက ဝင်လာပြီးတော့ အသုံးချသွားတယ်လို့ အဲလို သူတို့ မြင်တယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဟာကို ညှိနှိုင်းဖို့ အာဏာပိုင်တွေဘက်က ညှိနှိုင်းဖို့ မဖြစ်နိုင်ဘူးလား ဆရာ။ အဲဒါကို သူတို့ နားလည်သဘောပေါက်အောင်။ ဒီဟာ မျှမျှတတဖြစ်အောင် လုပ်ပေးမယ်ဆိုတာ။
ဦိးထွန်းအောင်ချိန ်။ ။ အဲဒါတော့ ညှိနှိုင်းဖို့ လိုတာပေါ့။ အဲဒါညှိနှိုင်းလို့ ရမှဘဲ ကျနော်တို့က ငြိမ်းချမ်းရေး ရယူမှာဖြစ်တာပေါ့။
ဦးကျော်ဇံသာ ။ ။ အခုကတော့ မြန်မာအစိုးရဘက်က ပြောတာကတော့ သူတို့က ထိုးစစ်မဆင်ဘူး။ သူတို့ရဲ့ တပ်ဖွဲ့တွေရဲ့ လုံခြုံရေးအတွက်သာ ပစ်မှတာ ပြန်ပစ်တာ ဖြစ်ပါတယ် ဘာညာဆိုတာကိုတော့ ပြောနေတာပါဘဲ။ ငြိမ်းချမ်းရေးအဖွဲ့ဆိုတာလည်း အကြိမ်ပေါင်း။
ဦိးထွန်းအောင်ချိန် ။ ။ ဒါပေမယ့် သူတို့ဘက်က တော်တော်ပြင်းထန်တဲ့ သဘောပေါ့။ လက်နက်ကြီးတွေ သုံးတယ်။ လေယာဉ်တွေ သုံးပြီး အဲလိုမျိုး ကြားနေရတာဘဲ။ ဒါ ပြင်းထန်တဲ့ သဘောပေါ့။ ခံစစ် ဖြစ်ပေမယ့် သုံးတဲ့ လက်နက်ကြီးတွေက လက်နက်ကြီး သုံးတော့လည်း ကြားထဲက ပြည်သူတွေက ခံရတဲ့သဘောလည်း ရှိတယ်။
ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ ကြားဝင်စေ့စပ်ပေးဖို့ဆိုတာ ဥပမာ ဆရာတို့လို ပုဂ္ဂိုလ်တွေ။ ဆရာတို့ဆိုရင် KNU နှင့် စေ့စပ်ရေးကိုလည်းဘဲ အကြိမ်ကြိမ် ဆောင်ရွက်ပေးခဲ့ဖူးတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ တိုင်းရင်းသား လည်းဖြစ်တယ်။ တိုင်းရင်းသားဘက်က လူသူလေးစားတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တော့ အဲလိုပုဂ္ဂိုလ်တွေက ဝင်ရောက်စေ့စပ်ပေးမယ် ဆိုရင်ကော ဆရာ။ ဖြစ်နိုင်မယ့် အလားအလာ မြင်ပါလား ဆရာ။
ဦိးထွန်းအောင်ချိန် ။ ။ ကချင်ဘက်က ရှိမယ်လို့ ကျနော်ထင်ပါတယ်။ ကချင်ဘက်လည်း ငြိမ်းချမ်းရေး လိုလားတဲ့သူ အများကြီးရှိပါတယ်။ သူတို့အနေနှင့် ဝင်ပြီးတော့ စေ့စပ်နိုင်လို့ရှိရင် ဖြစ်နိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု တချို့ပြောတာကတော့ အခု ၈၈ ကျောင်းသားတွေ။ ကိုမြအေးတို့ သွားတယ်။ ပြန်လာတယ်။ အခြေခံအားဖြင့် သူတို့ ငြိမ်းချမ်းရေး စကားပြောဖို့ဆိုတာကို နှစ်ဖက်လုံး သဘောတူတယ်။ ဒါပေမယ့် အသေးစိတ်လေးတွေမှာ ဖြစ်နေကြတယ်။ ရှေ့တန်းမှာ သူ့ကိုငါ တိုက်လို့ ငါ ပြန်တိုက်ရတယ်ဆိုပြီး တစ်ယောက်တစ်ယောက် အပြစ်တင်ပြီး ဖြစ်နေကြတယ်။ အဲလို အသေးမွှာလေးတာ ကျန်တယ်လို့ ပြောပါတယ်။ အဲလောက်ထိကော ဟုတ်ပါရဲ့လား ဆရာ။ ဒါထက်များ။
ဦိးထွန်းအောင်ချိန် ။ ။ အသေးအမွှာမက။ အခုဟာဒီ အပစ်အခတ်ရပ်စဲရေး အခြေအနေလောက်ရောက်မှ ကျနော်တို့က နည်းနည်း စိတ်ချမ်းသာမယ်လို့ ကျနော် ထင်ပါတယ်။ တဘက်ကတိုက်ရင် တဘက်က ဆွေးနွေးလို့ မလွယ်လောက်တဲ့ အခြေအနေပဲ။
ဦးကျော်ဇံသာ ။ ။ နောက်တစ်ခုက ကချင်နှင့် သူတို့က လွန်ခဲ့တဲ့ ၁၇ နှစ်လုံးလုံး အပစ်အခတ် ရပ်စဲရေးရခဲ့တယ် ဆိုတော့ အဲဒီကာလရဲ့ မူဝါဒနှင့် အခုလက်ရှိ အစိုးရရဲ့ သဘောထားနှင့်ကော  ဘယ်လောက်ကွာဟမှု ရှိပါသလဲ ဆရာ။ အဲဒါကြောင့်များ သူတို့ ပိုပြီးများ ဆိုးလာသလား။ ကချင်တိုင်းရင်းသားတွေ ဒါကြောင့်များ ပိုပြီး နာကြည်းလာကြသလား။
ဦိးထွန်းအောင်ချိန် ။ ။ အခု အစိုးရ။ ကျနော့် စိတ်ထင်တော့ ငြိမ်းချမ်းရေး အရင်ကထက်တောင် လိုလားတဲ့ အစိုးရ ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။ ဒီဘက်ကလည်း ဆန္ဒရှိပါတယ်။ ဒီဘက်က ဒီမိုကရေစီ ချီတက်ရာမှာ တိုင်းရင်းသား စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် သွားဖို့ တော်တော်လေး ဆန္ဒရှိတယ်လို့ ကျနော် ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာ အဲဒီတော့ အခု ဒီမြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ လမ်းကြောင်း။ နိုင်ငံတကာကလည်း အခုထိကတော့ ဒီကိစ္စကို ပါးစပ်ကသာပြောသေးတယ်။ ဘာမှ အရေးတယူလုပ်တာတော့ မရှိသေးဘူး။ ဒါပေမယ့် တချို့ ဆော်သြသူတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေ သိပ်များနေတဲ့အတွက်ကြောင့် နိုင်ငံတကာ အကူအညီပေးတာတောင်မှ ပြန်လည်စဉ်စားးသင့်တယ်။ အဲဒါမျိုးတွေ ပြောနေကြပါတယ် ဆရာ။ ဆိုတော့ ဒီကချင်နဲ့ဖြစ်နေတဲ့ ပြဿနာဟာ ပြည်ထောင်စု ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီ ထွန်းကားရေးအတွက် ဘယ်လောက်ထိ အန္တရာယ်များ ဖြစ်နေပါသလဲ ဆရာ။
ဦိးထွန်းအောင်ချိန် ။ ။ ဒါကြီိးက အဟန့်အတားကြီး တစ်ခုဖြစ်တာပေါ့။ လူ့အခွင့်အရေး ချိုးဖောက်မှုကလည်း။ ပဋိပက္ခ ဖြစ်နေတဲ့ကာလကတော့ လူ့အခွင့်အရေး ချိုးဖောက် ရှိမှာပဲ။ ဒါကတော့ မလွဲမရှောင်တာဘဲလေ။ တခြားနေရာဒေသမှာလည်း ဒီအတိုင်းဘဲ။ ပဋိပက္ခ ဖြစ်နေတဲ့ နေရာဌာနတွေဆိုလို့ရှိရင် ဒီလိုဘဲ လူ့အခွင့်အရေးဟာ လျစ်လျူရှုတဲ့သဘောမျိုး ဖြစ်သွားတာပေါ့။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဒီမိုကရေစီဖော်ဆောင်ရေး နောက်ပြန်လှည့်နိုင်တယ်။ နောက်ဆုတ်နိုင်တယ်။ တစ်နည်းအားဖြင့် ရပ်တန့်နိုင်တယ်လို့ကော ထင်ပါသလား။
ဦိးထွန်းအောင်ချိန် ။ ။ ကျနော်တော့ မထင်ဘူး။ ရှေ့ဆက်သွားမှာဘဲ။ ဒီတိုင်းရင်းသား ရင်ကြားစေ့ရေးကိစ္စပဲ နည်းနည်း ပြဿနာရှိနေတာ။ ဒီမိုကရေစီလမ်းကြောင်းကတော့ ဆက်သွားမှာဘဲ။
ဦးကျော်ဇံသာ ။ ။ အခု အစိုးရဟာ တိုင်းရင်းသားတေ ွပြောနေတဲ့ Federal ဆိုတဲ့စကားကို သိပ်ကြောက်တယ်လို့ နိုင်ငံတကာက သုံးသပ်သူ တချို့လည်း ပြောကြပါတယ်။ တိုင်းရင်းးသားတွေကလည်း ဒါကို လိုချင်တယ်။ ဆိုတော့ ဒီဟာကော ဘယ်လောက် အရေးကြီးပါလဲ ဆရာ။ ဒီစကားကို မသုံးဘဲနှင့် တချို့ဆိုလို့ရှိရင် ဦးခင်မောင်ကြီး တစည ကဆိုရင် ကျနော် အင်တာဗျူး တစ်ခါ လုပ်ခဲ့တုန်းက ဒီစကားကိုတော့ မသုံးဘူးပေါ့လေ။ ဒါပေမယ့် ဒီလိုအဆင့်အတန်းမျိုး အခွင့်အရေးမျိုး ပေးချင်ပါတယ် ဘာညာပြောပါတယ် ဆရာ။
ဦိးထွန်းအောင်ချိန် ။ ။ သဘောကတော့ အခုကလည်း အခုလက်ရှိပုံစံကလည်း Federal သွားမယ့် လမ်းကြောင်းပေါ်ရောက်တဲ့ပုံစံမျိုးဘဲ။ ပြည်နယ်အစိုးရတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ အခွင့်အရေးပိုပေးမယ်၊ အာဏာပိုပေးလာမယ်ဆိုပြီး ဒါလည်း Federal သဘောသက်ရောက်တာပဲ။
ဦးကျော်ဇံသာ ။ ။ ဆရာ ဒါပေမယ့် အနှစ်သာရက ပြည်နယ်တွေရဲ့ State Authority ကတော့ ပြည်ထောင်စု ဗဟိုအစိုးရက ခေါင်းခေါက်ရွေးတဲ့ဟာတွေ အဓိက ဖြစ်နေတာပေါ့ ဆရာ။
ဦိးထွန်းအောင်ချိန် ။ ။ မဟုတ်ဘူးလေ။ ပုံစံကတော့ တော်တော်လေးရောက်နေပါပြီ။ ပြည်နယ်အစိုးရ ပိုပြီးတော့ အာဏာရှိလာ၊ ပြည်နယ်အစိုးရ ပိုပြီိးတော့ လုပ်ပိုင်ခွင့် ရှိလာမယ်ဆိုလို့ရှိရင် ဒါက Federal ပဲလေ။ ဒါပေမယ့် Federal နှင့် အဆင်ပြေချင်မှပြေမှာကိုး။ ဒါကလည်း ပြည်နယ်လည်းရှိတယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသလည်း ရှိတယ်။ နောက်တခြား တခြားတိုင်းရင်းသားတွေကလည်း ရှိသေးတယ်။
ဦးကျော်ဇံသာ ။ ။ Federal ပုံစံကိုပြောမယ်ဆိုရင် ၄၇ ခုနှစ် ဖွဲ့စည်းပုံမှာလည်း ဒီလိုပဲ ပေးခဲ့တာ မဟုတ်ဘူးလား ဆရာ။ ပြည်နယ်ဆိုတာ ဖွဲ့စည်းပေးထားခဲ့တာ။ ဒါပေမယ့် ဒါကို တိုင်းရင်းသားတွေက...

ဦိးထွန်းအောင်ချိန် ။ ။ ၄၇ခုနှစ် ဖွဲ့စည်းပုံက ပုံစံတစ်မျိုးလေ။သူက အရင်ရှိခဲ့တဲ့ Ministrials of Burma Proper ကို ဆွဲပြီးတော့  schedule လေးတွေ သူက ဆက်ဆက်ပေးလိုက်တဲ့ သဘောလောက်ဘဲရှိတယ်။ ထူးထူးခြားခြား မဖြစ်လာဘူး။ အဲဒါကို တောင်ကြီးညီလာခံတုန်းက ဒါ အကြီိးအကျယ် ဝေဖန်တာဘဲ မဟုတ်ဘူးလား။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု ဆရာက ၂၀၀၈ ဖွဲ့စည်းပုံက ၄၇ ဖွဲ့စည်းပုံထက် သာတယ်လို့ ဆရာက ယူဆပါသလား။
ဦိးထွန်းအောင်ချိန် ။ ။ ကျနော် ယူဆတယ်။ သူသာတယ်။
ဦးကျော်ဇံသာ ။ ။ ဘယ်အချက်တွေမှာ သာပါသလဲ ဆရာ။
ဦိးထွန်းအောင်ချိန ်။ ။ ဘယ်အချက်တွေမှာ သာသလဲဆိုလို့ရှိရင် သူက ပြည်နယ်တွေ တိုင်းဒေသကြီးတွေမှာ သီးခြားအစိုးရတွေ ရှိပြီးတော့ သူ့ဟာသူ သီးခြားဆောင်ရွက်သွားတဲ့သဘော ရှိတယ်လေ။ ဟိုတုန်းက ပြည်နယ်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေဘဲလေ။ သိပ်ပြီးတော့ သူက သီးခြားမရှိလားဘူး။ အခုက သီးခြားရှိတဲ့သဘော ဖြစ်နေတာပေါ့။ အဲဒီကနေဆက်ပြီးတော့ ကျနော်တို့က ပြည်နယ်တို့ တိုင်းဒေသကြီးတို့ ပိုပြီးတော့ အာဏာပေးလိုက်မယ်ဆိုလို့ရှိရင် ဒါ Federal လမ်းကြောင်းပေါ်ရောက်သွားမှာဘဲ။
ဦးကျော်ဇံသာ ။ ။ နောက်တစ်ခုက စစ်တပ်ရဲ့ အခန်းကဏ္ဍကော ဆရာ။ ပြည်နယ်တွေမှာဆိုရင် ပိုပြီးတော့ ဆိုးတယ်လို့ ထင်ရပါတယ်။ တချို့က ပြည်နယ်မှာရှိတဲ့ တိုင်းမှုးနှင့် ပြည်နယ်ဝန်ကြီးချုပ် ဘယ်သူ ပိုပြီးတော့ ပြည်နယ်အဆင့်ကို ပြောမယ်ဆိုရင်ပေါ့ ဆရာ။ ပြည်နယ်မှာ စစ်တပ်က ပိုပြီးတော့ အာဏာလွှမ်းမိုးမှု ရှိနေတယ်လို့ သုံးသပ်ကြပါတယ်။
ဦိးထွန်းအောင်ချိန် ။ ။ ဒါကတော့ ပဋိပက္ခရှိတဲ့ ဒေသမှာကတော့ တပ်က အခန်းကဏ္ဍရှိတာပေါ့။ တကယ့်ကို ငြိမ်းချမ်းရေး ရလာတဲ့အခါမှာ တပ်က သူရဲ့ ဟိုဒင်းက လျော့သွားမှာပေါ့။ သူ့အခန်းကဏ္ဍက နည်းနည်း မှိန်သွားမှာပေါ့။ ဥပမာအားဖြင်း ကျနော်တို့ ဧရာဝတီတိုင်းဒေသမှာ တိုင်းရင်းသားတွေ အများကြီးရှိတာဘဲ။ ဒီတိုင်းရင်းသားအများကြီးမှာမှ ဘာမှ သိပ်ပြီးတော့ ပြဿနာ မရှိလာဘူး။
ဦးကျော်ဇံသာ ။ ။ ပြည်ထောင်စုအစိုးရမှာကော နိုင်ငံတော်သမ္မတက တချို့က ပြောကြပါတယ်။ ဒီကချင်အရေး အပစ်အခက်ရပ်စဲဖို့ သမ္မတက ညွှန်ကြားတယ်။ တပ်က မလိုက်နာဘူး ဆိုပြီးတော့ ပြောကြပါတယ်။ ဒါကြောင့် သမ္မတတောင်မှာ ဒီကိစ္စမှာ အာဏာမရှိဘူးလို့ ပြောနေကြတာပါ။ ဘယ်လိုမြင်ပါလဲ ဆရာ။
ဦိးထွန်းအောင်ချိန် ။ ။ ဒါတော မသိဘူးလေး။ ကျနော်တို့ ရှေ့နောက် command က ဘယ်လိုရှိမှန်း ကျနော်ကလည်း သေချာသိတာမှ မဟုတ်ဘဲ။ သမ္မတက အမေရိကန်သမ္မတလို Commander in Chief မှ မဟုတ်ဘဲ။ Commander in Chief သက်သက် ရှိတာကို။ကျနော်တို့ ဖွဲ့စည်းပုံမှာ သမ္မတက Commander in Chief မှ မဟုတ်ဘဲ။
ဦးကျော်ဇံသာ ။ ။ ဆရာ အခု မြန်မာနိုင်ငံတိုင်းရင်းသားတွေနှင့် ဖြစ်နေတဲ့ကိစ္စ ကချင်နှင့်ဖြစ်နေတဲ့ကိစ္စကို ခဏထားရင် ကျန်တဲ့တိုင်းရင်းသားတွေနှင့် ရရှိထားတဲ့အဆင့်ကကော တော်တော်လေး ငြိမ်းချမ်းရေးအလားအလာ ရှိတယ်လို့ ဆိုနိုင်ပါသလား။ အခု ရှမ်းနှင့်လည်းဘဲ ဖြစ်နေတယ် ဆရာ။ ရှမ်းမှာလည်းဘဲ တချို့။
ဦိးထွန်းအောင်ချိန် ။ ။ ငြိမ်းချမ်းရေး အလားအလာတော့ ရှိပါတယ်။ တော်တော်လေး ကောင်းနေပါတယ်။ တိုင်းရင်းသားပြဿနာကတော့ နေ့ချင်းညချင်းဖြေရှင်းလို့ ပြီးမယ့် ပြဿနာမျိုးမှ မဟုတ်ဘဲ။ တိုင်းရင်းသားတွေကလည်း အများကြီးရှိတယ်။ သူတို့ ဆန္ဒတွေကလည် အမျိုးစုံရှိတယ်။ ဒါတွေကို ညှိပြီးတော့ ဆောင်ရွက်ရမယ့်ကိစ္စဆိုတော့ လွယ်လွယ်ကူကူနှင့်တော့ မဖြစ်လာဘူး။ ကြာတော့ကြာဦးမှာဘဲ။
ဦးကျော်ဇံသာ ။ ။ တချို့က ဗမာဗဟိုအစိုးရက Federal တိုင်းရင်းသားတွေ ခွဲထွက်မှာကိုစိုးရိမ်တယ်ဆိုပြီး ပြောပါတယ်။ အဲလို ခွဲထွက်မယ်ဆိုတဲ့ စိုးရိမ်စရာ တကယ့်အခြေအနေ ဆက်လက်ရှိနေသေးတယ်လို့ ဆရာ ထင်ပါသလား ဆရာ။ တကယ်များ။
ဦိးထွန်းအောင်ချိန် ။ ။ ကျနော် မထင်ပါဘူး။ ကျနော်ထင်တယ် တိုင်းရင်းသား။ ဘယ်တိုင်းရင်းသားမှ ခွဲထွက်မယ့် သဘောတော့ ရှိမှာမဟုတ်ဘူး။ ပြည်ထောင်စုထဲမှာ အားလုံး နေချင်မယ့်သဘော ရှိပါတယ်။ တစ်ခုဘဲပေါ့ နည်းနည်း။ တိုင်းရင်းသားတွေ အခွင့်အရေးပိုရလာမယ်၊ အာဏာပိုရှိလာမယ်။ အဲဒီသဘောလောက်ဘဲ သူတို့ လိုချင်ကြမယ်လို့ထင်တယ်။
ဦးကျော်ဇံသာ ။ ။ ဒါကိုကော ဗဟိုအစိုးရက သဘောပေါက်မယ် ထင်ပါသလား ဆရာ။
ဦိးထွန်းအောင်ချိန် ။ ။ ပေါက်ပါလိမ့်မယ်။ သူကလည်း အခု ပိုပြီးတော့ Open ဖြစ်လာတယ်လေ။ နိုင်ငံတကာကကော၊ ပြည်တွင်းကကော သဘောထားတွေအမျိုးမျိုး ဖော်ထုတ်လာတော့ သူလည်း အဲဒါတွေ နားလည်ပါတယ်။

http://burmese.voanews.com/content/news-analysis-federal-union-constitution/1580967.html

အသံ
News Analysis - UTAC

January 8, 2013

တပ်မတော်ရဲ့ KIA အပေါ် လေကြောင်းကနေ စစ်ဆင်ခဲ့တဲ့ကိစ္စ

အခုတပတ် တနင်္ဂနွေဆွေးနွေးပွဲ စကားဝိုင်းအစီအစဉ်မှာ မြန်မာ့တပ်မတော်က ကချင်ပြည်နယ်က KIA တပ်ဖွဲ့တွေကို လေကြောင်း အကူအညီနဲ ့စစ်ဆင်ခဲ့တဲ့ကိစ္စနဲ့ နှစ်ဖက် အပစ်အခတ်ရပ်စဲဖို့ အများက တိုက်တွန်းတောင်းဆိုနေတဲ့ ကိစ္စတွေကို အခြေပြုပြီးဆွေးနွေးထားပါတယ်။
RFA အဖွဲ့သား ဦးခင်မောင်ညိန်းက စီစဉ်တင်ဆက်တာဖြစ်ပြီး၊ ဧည့်သည်တော်တွေအဖြစ် အာရှလူ့အခွင့်အရေးကောင်စီ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ရှေ့နေဦးမင်းလွင်ဦးနဲ့  တပ်မတော် ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော်တို့ ပါဝင်ဆွေးနွေးထားပါတယ်။

http://www.rfa.org/burmese/commentaries/kachin-air-strike-01082013193915.html
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။

January 7, 2013

ကချင်ပြည်နယ် ငြိမ်းချမ်းရေး ဘာကြောင့် မရနိုင်တာလဲ

အစိုးရတပ်ဖက်မှ လေကြောင်း ပစ်ကူမှုများဖြင့်ပါ တိုက်ခိုက်လာသောကြောင့် ဗုံးခိုကျင်းတူးကာ တိမ်းရှောင်ရန် ပြင်ဆင်ထားသော ဒေသခံ စစ်ပြေးဒုက္ခသည် မိသားစုတစု (ဓာတ်ပုံ – လဖိုင် / ဧရာဝတီ)
၁၇ နှစ်ကြာ ငြိမ်းချမ်းရေး ရယူထားပြီးနောက် ၂၀၁၁ ဇွန်လမှာ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရတပ်မတော်တို့ အကြား တိုက်ပွဲတွေဟာ တနှစ်ခွဲကျော် ကြာလာပါပြီ။ အခု ရက်ပိုင်းထဲမှာ အစိုးရ တပ်ဖက်က အရေးပါတဲ့ စခန်းထောက် တောင်ကုန်းတခုကို သိမ်းဖို့ လေကြောင်း ပစ်ကူမှုတွေကိုပါ အသုံးပြုလာလို့ ကုလသမဂ္ဂနဲ့ အမေရိကန်က စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော် ပြောဆိုလာကြတဲ့ အခြေအနေ ရောက်လာပါတယ်။
အစိုးရတပ်ဟာ KIA ကို မကြာခဏ အင်အားသုံး ထိုးစစ်ဆင်တယ်၊ ဆွီဒင်လုပ် အဆင်မြင့် လက်နက်တွေကို သုံးစွဲနေတယ်၊ တဖက်က ငြိမ်းချမ်းအတွက် ကမ်းလှမ်းနေပြီး တဖက်က ထိုးစစ်တွေ တပြိုင်တည်း လုပ်နေတယ်ဆိုပြီး KIA ဘက်က ပြောဆိုသလို အစိုးရတပ်ဖက်ကလည်း KIA ဟာ တံတားတွေ၊ လမ်းတွေကို မိုင်းခွဲ ဖျက်ဆီးတယ်၊ ကြိုတင် အသိပေးထားလျက်နဲ့ ရိက္ခာပို့တဲ့ အစိုးရတပ် လမ်းကြောင်းတွေကို ကြားဖြတ် တိုက်ခိုက်တယ်ဆိုပြီး ပြန်လှန် ဝေဖန် ပြောဆိုမှုတွေ တွေ့နေရပါတယ်။
ဒါ့အပြင် အွန်လိုင်းနဲ့ အင်တာနက် လူမှုကွန်ရက်တွေမှာ တိုက်ပွဲ အကျအဆုံး၊ စခန်း သိမ်းယူမှု စတဲ့ ဓာတ်ပုံတွေ အပြိုင်အဆိုင်တင်၊ အချက်အလက်တွေ တပြိုင်တည်း အသီးသီး ထုတ်ပြန်နေကြတာကိုလည်း မြင်ရပါတယ်။
တချိန်တည်းမှာ ဒီတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးပြီး အအေးဒဏ် ပြင်းတဲ့ ဆောင်;ရာသီမှာ ဒုက္ခရောက်နေတဲ့၊ ထောက်ပံ့မှုတွေ ကောင်းကောင်း မရတဲ့ ဒုက္ခသည် ရ သောင်းခွဲလောက် ရှိနေပါတယ်။
တရုတ်နိုင်ငံနဲ့ နီးတဲ့ ကချင်ဒေသဟာ ကျောက်စိမ်းအပါအဝင် သဘာဝ သယံဇာတတွေ ထွက်ရှိပြီး စစ်အစိုးရလက်ထက်မှာ အာဏာပိုင်တွေနဲ့ ခရိုနီတွေ လက်ဝါးကြီး အုပ်ထားခဲ့ခြင်း၊ တိုင်းရင်းသား ဒေသများ ဖွံ့ဖြိုးမှု မရှိခြင်းကလည်း သမိုင်းရှည်လျားတဲ့ ပဋိပက္ခ အရင်းအမြစ်တခု ဖြစ်ပါတယ်။
တိုင်ရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ခဲ့ပြီး ကချင်နဲ့ အပစ်မရပ်နိုင်သေးပေမယ့် အရင် စစ်အစိုးရ တဖက်သတ် ရေးဆွဲထားတဲ့ ဖွဲ့စည်းအခြေခံဥပဒေကို တိုင်းရင်းသား အဖွဲ့တွေက လုံးလုံးလျားလျား လက်ခံတာ မဟုတ်ပါဘူး။ ဥပမာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သဘာဝ သယံဇာတ အားလုံးကို နိုင်ငံတော်က ပိုင် ဆိုင်ကြောင်း ရေးသားထားပြီး ဒီအချက်ကို ပြင်ကာ တိုင်းရင်းသားဒေသတွေကို အကျိုးအမြတ် ခံစားခွင့်ပေးဖို့ လွှတ်တော်မှာ တင်ပြနေတာတွေကလည်း မတင်မကျ အခြေမှာပဲ ရှိပါသေးတယ်။
ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကို နယ်ခြားစောင့်တပ် ဖွဲ့ဖို့၊ အစိုးရစစ်တပ် အောက်ကို ဆွဲသွင်းဖို့ ဖိအားပေးခဲ့ခြင်းတွေကလည်း ထာဝရ ငြိမ်းချမ်းရေးရဖို့ အတားအဆီးတွေ ဖြစ်နေခဲ့ပါတယ်။
လတ်တလော လက်ပူတိုက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမျိုးဟာ ကချင်ပြည်နယ် တည်ငြိမ်ရေးကို ဘယ်လောက် အာမခံနိုင်မယ်ဆိုတာလည်း မသေချာတဲ့ အခြေအနေမှာ ရှိနေပါတယ်။ KIO ဘက်က နိုင်ငံရေးဆွေးနွေးဖို့ တောင်းဆိုနေသလို အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေကလည်း အပစ်ရပ်တာ အရင်လုပ်ဖို့ ညှိနှိုင်းရင်း အခုလို အခြေအနေကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
-ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ KIA တို့နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ အဆင့်ဆင့် စေ့စပ်ဆွေးနွေးမှုတွေ ၁၁ ကြိမ် ဆောင်ရွက်ပြီးသည့်တိုင် ပြေလည်မှု မရနိုင်ဘဲ ရှိနေတာ ဘာကြောင့်လဲ။
-တကယ် လက်တွေ့ကျပြီး ကချင်ပြည်နယ် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ့် နည်းလမ်းတွေက ဘာတွေဖြစ်နိုင်မလဲ။
စာဖတ်သူများအနေနဲ့ ဒီဖိုရမ်မှာ ဆွေးနွေးနိုင်ပါတယ်။
(ဧရာဝတီက ဖော်ပြခဲ့တဲ့ ကချင်ပြည်နယ် စစ်ရေး သတင်းများကို ဒီနေရာမှာ ပြန်လည် ဖတ်ရှု နိုင်ပါတယ်)

 http://burma.irrawaddy.org/archives/29775

December 31, 2012

၂ဝ၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲများ

အခုတပတ် အစီအစဉ်မှာ ကုန်လွန်တော့မယ့် ၂ဝ၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲတွေနဲ့ လာမည့် ၂ဝ၁၃ နှစ်မှာ မျှော်မှန်းစရာ ကိစ္စရပ်တွေကို ဆွေးနွေးတင်ပြထားပါတယ်။
RFA အဖွဲ့သား ဦးခင်မောင်ညိန်းက စီစဉ်ထုတ်လွှင့်တာဖြစ်ပြီး ဧည့်သည်တော်တွေအဖြစ် အိန္ဒိယနိုင်ငံရှိ မြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရအဖွဲ့ဝင်ဟောင်း ဒေါက်တာတင့်ဆွေ၊ ထိုင်းနိုင်ငံရှိ ဝါရင့်စာရေးဆရာ သတင်းစာဆရာဦးဇင်လင်းနဲ့ ဘားမားတူဒေး အင်တာနက်သတင်းစာ အယ်ဒီတာ ဦးမြင့်လှိုင်တို့ ပါဝင်ထားကြပါ။

http://www.rfa.org/burmese/commentaries/2012-milestone-12312012050106.html

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။

December 26, 2012

ဦးသိန်းစိန်ပြောတဲ့ပြုပြင်ရေး ထင်သလောက်မလွယ်ကူ


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မြန်မာနိုုင်ငံမှာ အဂတိလိုက်စားမှုတွေ အခုထိရှိနေသလို ကောင်းမွန်တဲ့ အစိုးရနဲ့ အုပ်ချုပ်ရေး ရဖို့ လိုအပ်ချက်တွေ အများကြီးရှိနေတာမို့  ပြုပြင်ပြောင်းလဲရေးမှာ လူထုတရပ်လုံး ပါ၀င်ကြဖို့ ဗုဒ္ဓဟူးနေ့ နေပြည်တော်မှာ အစိုးရ တာဝန်ရှိသူ တွေကို  မိန့်ခွန်းပြောကြားခဲ့ပါတယ်။ သမ္မတက ပြုပြင်ပြောင်းလဲရေး အတွက် အစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြင်ဖို့ အဓိကထားပြောကြားခဲ့ ပေမယ့် နှစ်ပေါင်းများစွာ အရိုးစွဲနေတဲ့ ဗျူရိုကရေစီယန္တရားကို ပြင်ဖို့ တော်တော်ခက်ခဲမှာ ဖြစ်တဲ့ အပြင် စစ်အုပ်စုဘက်က အများစုပါ၀င်တဲ့ အစိုးရတရပ်အတွက် စစ်အစိုးရလက်ထက်က ကျန်နေတဲ့ အခွင့်ထူးခံတွေပြဿနာ ကို အရင်ရှင်းဖို့ လိုအပ်တယ်လို့ သုံးသပ်သူတချို့က မြင်ပါတယ်။ ဒီမိန့်ခွန်းနဲ့ ပါတ်သက်ပြီး မြန်မာ့ အရေးလေ့လာ သုံးသပ်သူ ဒေါက်တာအောင်ခင်ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းရာမှာ အခုလို စပြောပါတယ်။

ဦးအောင်ခင်- “မြန်မာပြည်ရဲ့ပြုပြင်ရေးလုပ်တယ်ဆိုတာ အထက်ကလုပ်တာကိုး၊ အောက်ကို ဘယ်လောက်အထိ ရောက်ပြီလည်းဆိုတာ ပြောရတာခက်တယ်။ အရင်တုန်းကလည်း ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဖြစ်ဖို့ သန့်ရှင်းတဲ့အစိုးရ အခုလည်းပြောတယ်။ အခုတခါ ထူးခြားတာကတော့ ကော်မတီဖွဲ့တာပေါ့လေ။ ကော်မတီတွေဖွဲ့ပြီး ထိထိရောက်ရောက်လုပ်ဖို့ ရပ်ကွက်၊ကျေးရွာကော်မတီတွေ၊ အထိအောင်ဖွဲ့စည်းပြီးတော့ အထက်ကို တင်ပြနိုင်မယ့် သဘောမျိုး ပြောသွားတာတော့ ထူးခြားတယ်လို့ထင်တယ်။

မိန့်ခွန်းတခုလုံး ကျနော်ဖတ်ကြည့်တဲ့အခါကျတော့ ကျနော်ထင်တယ် ဒါအစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေ ပြင်ဖို့ ပြောတာပေါ့လေ။ ဆိုတော့ ဒီဥစ္စာက လည်း တော်တော်ခက်ခဲတဲ့ အလုပ်ပဲလေ။အစိုးရက နှစ်ပေါင်း ၂၀လောက် အစိုးရဗျူရိုကရေစီယန္တရားကြီးက ခြစားပြီးတော့ ထင်ရာမြင်ရာ စိုင်းလာတဲ့ ယန္တရားကြီးကို ပြင်ဖို့ဆိုတာက ဦးသိန်းစိန်အစိုးရက ၂၁လပဲရှိသေးတယ်။ ၂၁လထဲမှာ ဒီလောက် ယိုယွင်းပျက်စီး ခြစားနေတဲ့ ဗျူရိုကရေစီယန္တရားကြီးနဲ့ သန့်ရှင်းတဲ့အစိုးရ လုပ်ဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ အလုပ်ပဲ။ အဲ့တော့ သူတို့ပြောတာတွေက ဘယ်လောက် အထိအောင် အောက်ခြေကို ရောက်လာလည်း၊ ပြည်သူလူထုဘဝနဲ့ ဘယ်လောက်အထိအောင် နီးစပ်လာလည်း၊ လက်တွေ့မှာ သိရဖို့ တော်တော်ခက်ခဲတယ်လေ။”

ဒေါ်ခင်မျိုးသက်- “ဟုတ်ကဲ့ရှင်။ အခုလိုမျိုး နှစ်ပေါင်းများစွာ ခြစားပြီး အရိုးစွဲနေတဲ့ဒီမူဝါဒနဲ့ နေလာတဲ့ လူထုတွေပေါ့နော်။ ဒီလူထုတွေအတွက် သမ္မတရဲ့မိန့်ခွန်းဟာ ဘယ်အတိုင်းအတာအထိ လိုက်နာနိုင်မယ်လို့ရော ဆရာယူဆပါသလဲဆရာ။”

ဦးအောင်ခင်- “အဲ့တာလည်း ပြောရခက်တယ်။ ဟိုတနေ့ကတောင် ကျနော်တွေ့လိုက်သေးတယ်။ ရပ်ကွက်ကော်မတီ ရွေးကောက်ပွဲလုပ်တဲ့အခါမှာ လုပ်ထုံးလုပ်နည်းနဲ့ တယောက်နဲ့တယောက်အဆင်မပြေဖြစ်ပြီး လက်သီးနဲ့ ဆွဲထိုးတာတို့ ဘာတို့ပေါေ့လ။ ဆိုတော့ ဒီမိုကရေစီဆိုတာ အကျင့်ပေါ့ဗျာ။ အလေ့အကျင့်ပေါ့။ အမေရိကန်မှာ ဒီမိုကရေစီထွန်းကားတယ်ဆိုတာ လူတိုင်းက နိုင်ငံရေးကို စိတ်ဝင်စားပြီး အစည်းအဝေးခေါ်ရင် တအိ်မ်တယောက်ဆို တအိမ်တယောက်သွားတယ်။ စိတ်ဝင်စားတယ်။ ဆွေးနွေးတယ်။ အလေ့အထပေါ့ဗျာ။ အလေ့အထက မြန်မာပြည်မှာ မရှိဘူး။ ဘယ်ရှိနိုင်မလဲဗျာ။ စစ်တပ်က အုပ်ချုပ်နေတဲ့တိုင်းပြည်ဘဲ။ အခုလည်းပဲ သူပြောသွားတဲ့အထဲမှာ စစ်တပ်က မပါဘူး။ ဒါတွေ ဘယ်လောက်ပဲလုပ်လုပ် စစ်တပ်က ဝင်လုပ်လိုက်ရင် ပျက်ဦးမှာဘဲ။ ဘယ်ဘက်မှာကျတော့ သေနတ်ရှိတဲ့ စစ်ဗိုလ်က ကြီးစိုးနေတာကိုး။”

ဒေါ်ခင်မျိုးသက်- “ ဆိုတော့ ဒီလိုအခြေအနေမျိုးမှာပေါ့နော်။ အုပ်ချုပ်ရေးမှာ သမ္မတအနေနဲ့ ဘယ်အတိုင်းအတာအထိ သက်ရောက်မှုရှိတယ်။ ဥပမာ လွှတ်တော်ထဲမှာဆိုရင်လည်း တချို့ဆုံးဖြတ်ချက်တွေက အကြာကြီး ဆိုင်းငံ့ထားရတာရှိတယ်ပေါ့နော်။ ဥပမာ မီဒီယာဥပဒေလိုမျိုးပေါ့။ နောက် ရခိုင်ပြည်နယ်ထဲမှာဖြစ်တဲ့ အဓိကရုဏ်းတွေ၊ တိုင်းရင်းသားအရေးမှာလည်း ကချင်ဒေသမှာ သမ္မတက အပစ်ရပ်ဖို့ပြောတယ်။ ဒါပေမဲ့ အခုထက်ထိ စစ်တပ်ဘက်က မရပ်ဘူး။ ဒါတွေမဖြစ်အောင် သမ္မတအနေနဲ့ အကောင်းဆုံးဖြစ်အောင် ဘာလုပ်ဖို့လိုတယ်လို့ ဆရာအနေနဲ့ မြင်ပါသလဲ။”

ဦးအောင်ခင်-“သူကတော့ သူတတ်နိုင်သလောက် လုပ်နေတဲ့ပုံစံပဲပေါ့လေ။ အစိုးရစနစ်ကို ပထမဆုံး သူကောင်းအောင်လုပ်မယ်။ အစိုးရစနစ်ကောင်းသွားရင် ကျန်တဲ့ဟာတွေလည်း သူကောင်းအောင် လုပ်လို့ရမယ်လို့ သူထင်တာပေါ့လေ။ ကျနော်တို့ တချို့ မြင်ကြတာကျတော့ ဦးသိန်းစိန်အစိုးရကလည်း စစ်အုပ်စုက ဖွဲ့ထားတဲ့အစိုးရပဲလေ။ သူအစိုးရစနစ်ကို ပြုပြင်ပြောင်းလဲရေး လုပ်ပေမယ့် စစ်အုပ်စုရဲ့အခွင့်ထူးခံတွေ၊ အခွင့်ထူးခံဘဝကနေပြီးတော့ ဘယ်လိုလုပ်ပြီး အားလုံးတန်းတူညီတူဖြစ်အောင် လုပ်မလည်းဆိုတာတွေတော့ မပါဘူးပေါ့ဗျာ။ ဥပမာ စစ်အုပ်စုက ရောင်းစားတဲ့ ဓာတ်ငွေ့ကရထားတဲ့ ဒေါ်လာတွေ၊ အစိုးရကနေပြီးတော့ တိုင်းပြည်အတွက် ဘယ်နေရာမှာ သုံးမလဲဆိုတာ ပြောသံ တခါမှ ကျနော်တို့မကြားရဘူး။ သဘာဝသယံဇာတရောင်းစားတယ်ဆိုတာ တိုင်းပြည်ရဲ့ ပို်က်ဆံပဲ။ ဦးပိုင်ကုမ္ပဏီရဲ့ပိုက်ဆံမဟုတ်ဘူး။ စစ်အုပ်စုရဲ့ ပိုက်ဆံမဟုတ်ဘူး။ တိုင်းပြည်ကရတဲ့ ဒေါ်လာတွေကို တိုင်းပြည်အတွက် ဘယ်လိုသုံးမယ်ဆိုတာ ပြောရင် တိုင်းသူပြည်သား ထောက်ခံမှု ပိုရမှာပေါ့လေ။”

ဒေါ်ခင်မျိုးသက်- “ အခုအချိန်မှာ လူထုထက်ကို နိုင်ငံရပ်ခြားကနေ လာပြီးတော့ ရင်းနှီးမြုတ်နှံမယ့်သူတွေကို ဆွဲဆောင်ဖို့အတွက် ဦးစားပေးနေတယ်လို့ သုံးသပ်နေသူတွေလည်းရှိနေပါတယ် ဆရာ။ ဆရာ့အမြင်ကို သိပါရစေ။”

ဦးအောင်ခင်-“ဘယ်လောက်ပဲဆွဲဆောင်၊ ဆွဲဆောင်လေ။ မြန်မာပြည်မှာ နိုင်ငံခြားကလာပြီး ရင်းနှီးမြုတ်နှံတဲ့သူတွေက ဒီတိုင်းပြည်မှာ လုပ်ရင် သူတို့အတွက် အကျိုးရှိမရှိဆိုတာ သူတို့ကပိုသိတာပေါ့။ ဘယ်လောက်ပဲဆွဲဆောင် ဆွဲဆောင် သူတို့လာချင်မှ လာမှာပေါ့။ အခုကတော့ လာပြီးတော့ လေ့လာနေတဲ့အဆင့်ပဲ ရှိသေးတာကိုး။”

ဒေါ်ခင်မျိုးသက်- “ဟုတ်ကဲ့ဆရာ။ လုပ်ဖို့တော့ အများကြီးလိုသေးတယ်ပေါ့နော်။”

ဦးအောင်ခင်- “ဟုတ်ပါတယ်ခင်ဗျ။ ကြည့်ရတာ ဦးသိန်းစိန်အစိုးရ က စစ်အုပ်စုရဲ့ သြဇာခံ၊ စစ်အုပ်စု အခွင့်ထူးခံ၊ ဘယ်လောက်အထိအောင် သူလုပ်ပေးနိုင်မလဲဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။”

ဒေါ်ခင်မျိုးသက်- “ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။”

http://burmese.voanews.com/content/react-on-president-speech/1572854.html

December 16, 2012

ကချင်ပြည်နယ် ငြိမ်းချမ်းရေး

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေရပ်ဆဲပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ မြန်မာစစ်တပ်ကာကွယ်ရေး ဦးစီးချုပ်မှာ အဓိကတာဝန်ရှိသည်မြင်ကြောင်း နဲ့ နှစ်ဖက်စလုံးက အပစ်ရပ်ဆဲဖို့ လိုမယ့်အကြောင်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ပူတာအိုခရိုင်က မဲဆန္ဒနယ်မြေ အမှတ် (၁၂) က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝု က ပြောဆိုပါတယ်။ ကိုသိန်းထိုက်ဦး က တွေ့ဆုံမေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ကိုသိန်းထိုက်ဦး ။ ။ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် မြန်မာစစ်တပ်မှာ အဓိကရှိတယ်လို့ မြင်တဲ့အကြောင်း ကချင်တိုင်းရင်းသား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးဂျေယောဝု က ပြောဆိုပါတယ်။ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်ရာမှာ မြန်မာစစ်တပ်ဖက်က တိုက်လေယာဉ်တွေအသုံးပြုနေတာကိုလည်း သူက ကန့်ကွက်ပြောဆိုသွားပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ပူတာအိုခရိုင် မဲဆန္ဒနယ်မြေ အမှတ် (၁၂) က ဦးဂျေယောဝု ကို ကျနော်တွေ့ဆုံမေးမြန်းချိန် ကချင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သူက အခုလို စပြောပြပါတယ်။

ဦးဂျေယောဝု ။ ။ ပူတာအိုကနေ စပြောရအောင်လေ။ ကျနော့် မဲဆန္ဒနယ်မြေ။ ပူတာအိုမှာလည်း ကျနော်တို့ တပ်ရင်းတွေ စစ်သားတွေ ၈၀၀-၁၀၀၀ လောက် အဲဒီကြားထဲမှာ ရောက်တယ်လို့ပြောတယ်။ ရောက်ပြီးမှ ဆွမ်ပရာဘွမ် ကို ဆင်းလာတယ်။ ဆွမ်ပရာဘွမ်ကို ဒီလိုဆင်းလာပြီးတော့ အဲဒီမှာလည်း ပစ်ကြခတ်ကြ တိုက်ပွဲတွေဖြစ်တယ်။ လုံချာရန် အကျော် ဆွမ်ဘီရန် အကြားမှာ။ မိုင်ပေါင်း ၂၅-၃၀ ကြားလောက် အဲဒီမှာ တိုက်ပွဲပြင်းထန်တယ်လို့ ပြောပါတယ်။ ကျနော်တို့ကတော့ အဲဒီနေရာတွေကို မရောက်ခဲ့ဘူးပေါ့။ အဲဒီမှာလည်း နှစ်ဦးနှစ်ဖက် အကျအဆုံးတွေ များကြတယ်လို့ ပြောကြပါတယ်။ မြစ်ကြီးနားဘက်ကိုလည်း တပ်မတွေ တက်လာတယ်။ တရန်ဇွတ်၊ ဆွတ်ခါး တို့ ဆွမ်ပရာဘွမ်အထက် ဘွမ်ခါးတို့မှာလည်း တိုက်ပွဲတွေ ပြင်းထန်တယ်လို့ ပြောတယ်။

ကိုသိန်းထိုက်ဦး ။ ။ ဒီရက်ပိုင်း သတင်းတွေမှာ မြန်မာအစိုးရဖက်က လက်နက်ကြီးတွေသုံးတယ်ဆိုတဲ့ သတင်းထွက်ပါတယ်။ တိတိကျကျ ဘာတွေ သိထားပါသလဲ။

ဦးဂျေယောဝု ။ ။ အဲဒီမှာ ကျနော်တို့ကြားတာက မြစ်ကြီးနားကလည်း တွေ့ရပါတယ်။ Fighter လည်း တက်သွားတယ်။ Helicopter gunship, Rockets တွေ သယ်ဆောင်ထားတဲ့ Helicopter နှစ်စီးလည်း သွားပါတယ်။ နောက် လူနာတင် Medic Helicopter လည်းသွားတယ်။ ကျနော်တို့ တွေ့တာပေါ့။ ပြည်သူလူထု တွေ တွေ့ရတယ်။ အဲဒီတော့ ဟိုမှာတော့ rocket နဲ့ ပစ်တယ်လို့ ကြားရတယ်။ rocket နဲ့ ပစ်တဲ့အချိန်မှာ တချို ့ကြတော့ ကေအိုင်အေတွေ ထိတာပေါ့။ နဂိုလေယာဉ်တွေ မတက်ခင်မှာတော့ မြေပြင်မှာ နှစ်ဦးနှစ်ဖက် တပ်မတော်တွေလည်း အများကြီးကျတယ်။ ကေအိုင်အေလည်း ကျတယ်ပေါ့။ rocket နဲ့တော့ ကေအိုင်အေ ပိုကျတာပေါ့။

ကိုသိန်းထိုက်ဦး ။ ။ အခုအတိုင်းဆိုရင် ကချင်ပြည်နယ်အတွင်းမှာ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်ဆဲရေးကိစ္စက တိုက်ပွဲတွေ ပြင်းထန်လာပြီးတော့ အလှမ်းဝေးလာတယ့် သဘောပေါ့။ ဒုက္ခသည်တွေ၊ ဒေသခံတွေ အနေအထားက ဒီလို တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြားမှာ သူတို့ ဘယ်လို အကူအညီတွေပေးသလဲ။ သူတို့ အနေအထား ဘယ်လိုရှိပါသလဲ။

ဦးဂျေယောဝု ။ ။ ဒုက္ခသည်တွေကလည်း တရက်တခြားတော့ တိုးပွားနေတယ်။ ကျနော်တို့ ပူတာအိုမှာလည်း ရောက်နေတယ်။ ကျနော်တို့ church တွေ၊ ဘုန်းကြီးကျောင်းတွေမှာ ဟောင်းသွားတဲ့ အိမ်တွေ အသစ်ပြန်ဆောက်ပေးပြီးမှ camp တွေ ဆောက်ပေးတယ်။ လျော့သွားတာ မရှိဘူး။ တိုးလာတာပဲရှိတယ်။ တိုးလာတာပဲရှိတယ်ဆိုတော့ ဒုက္ခသည်တွေ အခြေအနေလည်း ဆိုးပါတယ်။ အသက်ကြီးရွယ်အိုတွေဆို ဆုံးသွားကြတယ်။ ဖျားနာကြပြီးတော့။ ဒေသခံတွေကပဲ တာဝန်ယူပြီးမှ သဂြိုလ်ပေးရတယ်။ ဆုတောင်းပေးရတယ်။ ဒါမျိုးတွေလည်း အများကြီးရှိပါတယ်။ ပူတာအိုမှာတော့ camp တော့ မရှိဘူး။ ဒါပေမဲ့ ကိုယ့်ရဲ ့ နီးစပ်ရာနီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ သွားနေကြတယ်။ အဲဒီလိုဆိုတော့ ပူတာအိုဘက်မှာ၊ မချမ်းဘောဘက်မှာ၊ ခေါင်လံဖူးဘက်မှာ၊ ဆွမ်ပရာဘွမ်ဘက်မှာ အဲဒီလို ဒုက္ခသည်တွေတော့ နဂို နောက်ဆုံးတသုတ်ပေါ့ အဖွဲ့တွေက များလာတယ်။

ကိုသိန်းထိုက်ဦး ။ ။ တိုက်ပွဲတွေ ဖြစ်နေတဲ့အနေအထား၊ ဒုက္ခသည်တွေ အကူအညီလိုအပ်နေတဲ့ အခြေအနေ။ ဒီအနေအထားတွေကို အမျိုးသားလွှတ်တော်အတွင်းမှာ ဆွေးနွေးတင်ပြခွင့် ရပါသလား။ ဆွေးနွေးကြပါသလား။

ဦးဂျေယောဝု ။ ။ ကျနော့်အနေနဲ့တော့ မနှစ်က ဒီနှစ် ကျနော်တို့ ဦးဘရန်ရှောင်နဲ့ ကျနော်တို့ကတော့ ဒီငြိမ်းချမ်းရေးကိစ္စကို ကျနော်တို့က အဆိုတခုအနေနဲ့ မဟုတ်ဘဲနဲ့ မေးခွန်းတခုအနေနဲ့ တင်သွင်းလိုက်တယ်။ ဘယ်အချိန်မှာ ငြိမ်းချမ်းရေးရအောင် ကျနော်တို့ ဆောင်ရွက်ပေးပါမလဲ ဆိုပြီး မေးခွန်းမေးလိုက်တယ်။ ဒါပေမဲ့ ကျနော်တို့ရဲ ့ မေးခွန်းက ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ကော်မတီကိုပဲ ဦးကတ်ထိန်ရန်တို့ ကော်မတီကိုပဲ ပြန်ရောက်တော့။ ဦးကတ်ထိန်ရန်တို့က နောက်ဆုံး လွှတ်တော်ပိတ်ခါနီးမှာ စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေး သူက ဘယ်လိုမေးခွန်း ပြန်မေးလာသလဲဆိုတော့ အပစ်အခတ် ဘယ်အချိန် ရပ်ဆဲမလဲ အဲဒီလို မေးလာတာပေါ့။ အဲဒီလိုမေးတော့ ဒုတိယကာကွယ်ရေးဝန်ကြီးကလာပြီးမှာ ကျနော်တို့ မပစ်ပါဘူး၊ ကျနော်တို့က ခုခံကာကွယ်တယ်လို့ အဲဒီလိုပြောပါတယ်။ ကေအိုင်အေတွေက သူတို့ရဲ ့ ရိက္ခာပို့တဲ့ လာတိုက်တဲ့အတွက်ကြောင့် သူတို့လည်း ပြန်ပစ်ရတယ်လို့ ပြောပါတယ်။

ကိုသိန်းထိုက်ဦး ။ ။ ဒီတော့ ကချင်ပြည်နယ်အတွင်းမှာ ငြိမ်းချမ်းရေးမရသေးတာ အပစ်အခတ်ရပ်ဆဲရေး မအောင်မြင်သေးတာနဲ့ ပတ်သက်လို့ ဦးဂျေယောဝု အမြင်ပေါ့။ ဘယ်သူမှာ တာဝန်ရှိတယ်လို့ မြင်ပါသလဲ။

ဦးဂျေယောဝု ။ ။ ကျနော့်အနေနဲ့ ဒဲ့ဒိုးဗြောင်ပြောရမယ်ဆိုရင်တော့ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ တပ်မတော်ကို ဆက်လက်မချီတက်ခိုင်းဘူးဆိုရင်တော့ မပစ်ခတ်တော့ဘူးပေါ့။ သမ္မတကြီးကလည်း မချီတက်နဲ့ သွားမတိုက်နဲ့ ပြောထားတဲ့ကြားက သူတို့က စခန်းတွေကို သွားတိုက်တယ်။ ပထမစခဲ့တာကတော့ ရွှေလီ တာပိန်ရေအားလျှပ်စစ် အဲဒီကနေ စခဲ့တာပဲ။ စခဲ့တယ်ဆိုတော့ ကေအိုင်အေ က နဂိုကတည်းက အဲဒီမှာ တပ်စွဲထားတယ်။ အခုက အဲဒီကတပ်ကို ဖယ်ပေးလိုက်ရတယ်။ လက်နက်ကြီးတွေနဲ့ထုတော့ နောက်ဆုတ်ပေးလိုက်ရတယ်။ အဲဒီကနေ စလာတယ်လို့ ပြောရမှာပဲ။ အဲဒီလိုဆိုတော့ အခုက တကယ်တမ်း ဖြစ်နေတဲ့ပုံက တပ်မတော်က သွားတိုက်တာ။ ကေအိုင်အေတွေက ဖယ်ဖယ်သွားရတယ်။ အဲဒီလိုဖြစ်သွားတယ်။ ဒါဆိုရင် ဒု-ဝန်ကြီးလာပြောတာကလည်း ပေါ်တင်လာညာတာပဲ။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း အကုန်သိတယ်။ ပြည်သူတွေလည်း သိကြတယ်။ ဒါပေမဲ့လို့ ဘာမှတော့ မပြောဘူးပေါ့။ ကျနော်ကတော့ ဒီလိုပဲမြင်တယ်။ ကျနော့်အမြင်ကတော့ တပ်မတော်ဦးစီးမှူးအပေါ်မှာ လုံးဝတာဝန်ရှိတယ်လို့ ဒီလိုခံယူတယ်။ ဒီလို အကြမ်းနည်းနဲ့ အကောင်အထည်ဖော်မယ်ဆိုရင်တော့ ကျနော်တို့က အဆုံးမသတ်နိုင်တဲ့ တိုက်ပွဲပဲ ရှိနေမှာပေါ့။ ဘာကြောင့်လည်းဆိုရင် တိုက်ပွဲရဲ ့ ဆိုးကျိုးက နေ့စဉ်နဲ့အမျှ များလာတယ်။ ပြည်သူလူထုတွေလည်း ပိုမိုထိခိုက်နစ်နာလာတယ်။ ပြည်သူလူထုတွေက ဘယ်လိုခံစားရသလဲ။ ခံစားရတယ်ဆိုတော့ တိုက်ပွဲတွေလည်း ဖြစ်ကြတယ်။ စားဝတ်နေရေးလည်း ခက်ခဲတယ်။

ကိုသိန်းထိုက်ဦး ။ ။ သမ္မတကြီး ဦးသိန်းစိန်ကတော့ တပ်တွေကို ခုခံကာကွယ်တဲ့ အနေနဲ့ပဲ လုပ်ပါဆိုပြီးတော့ မေတ္တာရပ်ခံခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ထိုးစစ်တွေကတော့ ဆက်ဖြစ်နေတယ်လို့ ပြောချင်တာလား။

ဦးဂျေယောဝု ။ ။ ဟုတ်ကဲ့ အဲဒီလို ဖြစ်နေပါတယ်။ အခုလည်း ပြောမယ်ဆိုရင်တော့ သူတို့ ချီတက်တိုက်ခိုက်တဲ့ နေရာတွေက ဖားကန့်မှာလည်း တပ်ရင်း (၆) ရှိတဲ့နေရာလည်း ကေအိုင်အေ နဂိုကတည်းက ရှိတာပဲ။ အဲဒီမှာ သွားတိုက်နေတယ်။ နောက် လဂွေတပ်စခန်းကလည်း ကေအိုင်အေတွေက နဂိုနယ်ခြားစောင့်တဲ့ NDAK အဖွဲ့တွေက အဲဒီမှာ စခန်းချထားတယ်။ အဲဒီကို ချီတက်တိုက်ခိုက်နေတာပေါ့။ ပြောချင်တာကတော့ နယ်ခြားစောင့်တပ်နဲ့ ဗမာတပ်မတော် ပေါင်းပြီးမှ အဲဒီမှာ ကေအိုင်အေကို ပြန်တိုက်တာပေါ့။

ကိုသိန်းထိုက်ဦး ။ ။ ကေအိုင်အေဖက်ကလည်း သူကိုယ်သူ ခုခံကာကွယ်တဲ့အဆင့် မဟုတ်ဘဲနဲ့ သူကသွားပြီးတော့ အစိုးရတပ်တွေကို တိုက်ခိုက်တာမျိုး မရှိဘူးလား။

ဦးဂျေယောဝု ။ ။ ကျနော် ကြားသိသလောက်ကတော့ လောလောဆယ်တော့ အဲဒါမျိုးတော့ ကေအိုင်အေတပ်က ဗမာတပ်စခန်းကို သိမ်းလိုက်ပြီဆိုတာတော့ မနှစ်က ဇင်လုံဘွမ်ကိုပဲ တော်တော်လေးကြာ ဝိုင်းထားတယ်။ အဲဒီတခုပဲ။ ကျန်တဲ့နေရာတွေတော့ ဗမာတပ်တွေက။ ကျနော်တို့ တပ်မတော်ရဲ ့ တပ်တွေကို ကေအိုင်အေ က ချီတက်တိုက်ခိုက်သိမ်းလိုက်တယ်ဆိုတာတော့ မကြားဘူးသေးဘူး။ ပန်းဝါ အမှတ် (၂) ၂၀၀၁-၀၂ မှာ အဲဒါကိုတော့ လာတိုက်သွားတယ်။ လာတိုက်ပေမယ့် သူတို့ မနိုင်ဘူး။ အဲဒီမှာလည်း air strikes ပစ်တော့။ အဲဒီမှာလည်း ကေအိုင်အေတွေ အများကြီးကျတယ်။

ကိုသိန်းထိုက်ဦး ။ ။ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးရဖို့ အပစ်အခတ်ရပ်စဲရေးကိစ္စတွေ အောင်မြင်ဖို့ဆိုရင် ဘာတွေလိုအပ်မယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ ကချင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ မြင်ပါသလဲ။

ဦးဂျေယောဝု ။ ။ ကျနော်တော့ ဒီလိုထင်တယ်။ ငြိမ်းချမ်းရေး မပြောခင်မှာ ကျနော်တို့ကတော့ အပစ်အခတ်ရပ်ဆဲကြရမယ်လို့ ထင်တယ်။ ဗမာတပ်၊ တပ်မတော်လည်း ရပ်။ ကေအိုင်အေလည်း ရပ်ပါ။ ရပ်ပြီးမှ နောက်မှ ကျနော်တို့ တကယ်တမ်း အပစ်အခတ်က တစ်လ၊ နှစ်လလောက် မပစ်ကြတော့ဘူးဆိုမှ တကယ် အပစ်အခတ်ရပ်စဲရေး treaty ထိုးရမယ်။ အခုက တိုက်နေရင်းနဲ့ ငြိမ်းချမ်းရေးဆိုတာ တအားဝေးပါတယ်။ မဟုတ်ဘူးလား။ တိုက်လေလေ ဆိုးကျိုးက ပိုများလေလေ။ မြို ့မှာတွေလည်း ၁၇(၁) ဘာညာနဲ့ ဖမ်းချုပ်ခံရတယ့်လူတွေကလလည်း များလာလေလေ။ များလာတော့ မကျေနပ်မှုက ပိုများလာလေလေ။ အဲဒီမှာ လက်လွန်ခြေလွန်ဖြစ်တာတွေလည်း ရှိတယ်။ ဒါဆိုတော့ ဒါတွေက ကျနော်တို့ ပိုပြီးမှ အမုန်းတရားတွေ၊ နာကျဉ်းမှုတွေ ပိုများလာတယ်ဆိုတော့ မရနိုင်ဘူး။ ဒါကြောင့် ကျနော်တို့က နှစ်ဦးနှစ်ဖက်စလုံး အပစ်အခတ်ကို တဦးက ရပ်လိုက်တော့ မဟုတ်ဘူးလား။ ကျနော်တို့ တပ်မတော်က ပြောမယ်ဆိုရင် နိုင်ငံတော်အစိုးရရဲ ့ တပ်မတော်ဆိုတော့ ကျနော်တို့က ရပ်လိုက်ပါ။ ကေအိုင်အေတွေ လာပစ်ရင်တော့ သူတို့အပြစ်ပေါ့။ ကေအိုင်အေတွေလည်း ရပ်လိုက်။ နှစ်ဦးနှစ်ဖက် ရပ်လိုက်ပြီးမှ ကျနော်တို့ အချိန်တခုကို စိတ်အေးအေးလေးနဲ့ ထားပြီးမှ ဆွေးနွေးယူရမယ်လို့ ကျနော်ထင်တယ်။ ဘာကြောင့်လည်းဆိုရင် အဓိကတော့ ပြည်သူလူထုပဲ တိုင်းပြည်ကို ပြည်သူကို အကျိုးပြုနေတယ်၊ တိုင်းပြည်ကို ကာကွယ်နေတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်နေတယ်လို့ ပြောပေမယ့် အများကို ပျက်စီးစေတယ်ဆိုရင်တော့ ဒါက ကျနော်တို့အတွက် ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ ကျနော်တို့ ကချင်ပြည်နယ် နာကြတယ်။ ပြည်သူတွေ နာကြတယ်။ ရွာတွေ ပျက်စီးကြတယ် ဘာညာ။ ဒါနဲ့ ကချင်ပြည်နယ်ပဲ ထိနေသလားလို့ မဟုတ်ပါဘူး။ ကျနော်တို့ ဟိုမှာ တပ်မတော်သားတွေ ကျကြတယ်။ ကျကြတော့ ဟိုအောက်ပြည်မှာရှိတဲ့ ပြည်မမှာရှိတဲ့ မိသားစုတွေ ဝမ်းနည်းကြေကွဲရတယ်။ နောက်တော့လည်း ကိုယ့်တိုင်းရင်းသားအချင်းချင်းပဲ သေကျေကြတယ်။ နောက် နိုင်ငံတော်ရဲ ့ budget အမြင့်ဆုံးသုံးရတယ်။ ကာကွယ်ရေးဝန်ကြီးဌာနအတွက်။ ကိုယ့်နိုင်ငံရဲ ့ ဘဏ္ဍာငွေက ကိုယ့်ရဲ ့ချွေးနည်းစာတွေ၊ ပြည်သူလူထုရဲ ့ ချွေးနည်းစာတွေ။ ဒါတွေက ကိုယ့်အချင်းချင်း သတ်ကြဖြတ်ကြတဲ့နေရာမှာပဲ သုံးစွဲတယ်ဆိုရင် ကျနော်တို့က လေးငါးဆ ဆုံးရှုံးသွားတာပေါ့။ အမှန်ဆိုရင် ဒီဟာက ကျနော်တို့က နိုင်ငံတိုင်းတပါးသားကို ကျနော်တို့ကို ကျူးကျော်လာရင်။ တကယ်တမ်း ဖြစ်လာရင် air strikes တွေ ဘာတွေက အဲဒီအချိန်မှာ သုံးရမှာဖြစ်တယ်။ ပြည်တွင်း internal war မှာ မသုံးရဘူးဆိုတာကို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းမှာလည်း ပါတယ်။

ဒါပေမဲ့ အခုက ဒါသုံးတယ်ဆိုတော့ ကျနော်တို့က … ဖြစ်သွားတာပေါ့။ Air strikes သုံးတယ်။ Air crafts တွေကို သုံးတယ်ဆိုတော့ ဒါတွေက တော်တော်လေး တရားလွန်တဲ့အပိုင်းကို ရောက်တယ်။ ဒါကလည်း နောင် ကျနော်တို့ သားစဉ်မြေးဆက်မှာ လက်နက်ကြီးတဲ့လူတွေက အင်အားတောင့်တင်းတဲ့လူတွေက အင်အားနည်းနဲ့ လူတွေကို တခြားနည်းနဲ့ ဖြေရှင်းလို့ရရဲ ့သားနဲ့ ဒီလို အင်အားနဲ့သုံးပြီးမှ သုံးစွဲခဲ့တယ်။ ကျနော်တို့ ဘိုးဘေးတွေ လုပ်ခဲ့ကြတယ်ဆိုတာကတော့ သမိုင်းကတော့ ပယ်ဖျက်လို့ မရတော့ဘူးလေ။ ဒါကတော့ ကျနော်တို့ပဲ လက်ရှိ နိုင်ငံတော်အစိုးရရယ်၊ အစိုးရထဲမှာ ပါဝင်တဲ့ တရားစီရင်ရေးနဲ့ လွှတ်တော်ရယ်၊ တပ်မတော်ရယ်။ အဓိကတော့ တပ်မတော်ပေါ့။ ကျနော်တို့ နောက်ဆုံး conclusion ဆွဲမယ်ဆိုရင် တပ်မတာ်က သမ္မတကြီးပြောသလို နာခံလိုက်မယ်ဆိုရင် ရပ်ဆိုင်းကြည့်လိုက်ပါ။ ၁၇ နှစ်လုံးလုံး ရပ်ဆိုင်းပြီးသာပဲ။ အခု ဒီတစ်လနှစ်လ ရပ်ဆိုင်းပြီးမှ ကြည့်ရအောင်။ အဲဒီအချိန်မှာ ချိုးဖောက်တယ်။ ချိုးဖျက်တယ်ဆိုရင်တော့ ဒါကတော့ ငြိမ်းချမ်းရေးပေါ်မှာ တကယ်မလိုလားတော့လိုပဲ နေမှာပေါ့။

ကိုသိန်းထိုက်ဦး ။ ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ပူတာအိုခရိုင် မဲဆန္ဒနယ်မြေ (၁၂) က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝု က ကချင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်ဆဲရေး၊ ငြိမ်းချမ်းရေးတည်ဆောင်ရေးနဲ့ ပတ်သက်ပြီး သူ့ရဲ ့ သဘောထားအမြင်ကို တင်ပြပြောဆိုသွားတာပါ။

http://burmese.voanews.com/content/burma-forum-peace-in-kachin-state/1566232.html

December 14, 2012

နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး နဲ့ မူးယစ်ဆေး

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို ့နယ်မှာ ဘိန်းဖြူစားသုံးသူများပြားလာကြောင်း ဒီဇင်ဘာ (၅) ရက်နေ့က သျှမ်းသံတော်ဆင့် စာစောင်မှာ ဖော်ပြပါတယ်။ နိုဝင်ဘာလ (၆) ရက်နေ့ကတော့ မူးယစ်ဆေးရာဇာ ရှမ်းအမျိုးသား နော်ခမ်းနဲ့ အပေါင်းပါတစုကို မဲဂေါင်မြစ်ပေါ်မှာ တရုတ်သင်္ဘောသား (၁၃) ဦးကို ဖမ်းဆီးသတ်ဖြတ်မှုနဲ့ ယူနန်ပြည်နယ် ကုမင်တရားရုံးက သေဒဏ်ပေးလိုက်တာကို သတင်းဌာန အတော်များများက ဖော်ပြကြပါတယ်။ နော်ခမ်းဟာ ဘိန်းဘုရင်ခွန်ဆာရဲ ့ တပ်ဖွဲ့မှာ ပါဝင်ခဲ့သူဖြစ်ပြီး ၁၉၉၆ ကစပြီး တာချီလိတ်မြို ့နယ် ပြည်သူ့စစ်ခေါင်းဆောင်တဦး ဖြစ်ခဲ့ပါတယ်။ တကယ်တော့ နော်ခမ်းဟာ လူသတ်မှုနဲ့ ပတ်သက်တဲ့ အထောက်အထား မခိုင်လုံဘူးလို့ ထိုင်းရဲက ယူဆတာမို့ ထိုင်းတရားရုံးမှာဆိုရင် လွတ်နိုင်တယ်လို့ ဆိုပါတယ်။

အခု Asia World ကုမ္မဏီပိုင်ရှင် ကုဋေကြွယ်သူဋ္ဌေးကြီးဖြစ်နေတဲ့ လော်စစ်ဟန်ကို ၁၉၇၃ က ဘန်ကောက်မှာဖမ်းပြီး ရန်ကုန်ကို ပို့ပေးတဲ့အတွက် မြန်မာ့နိုင်ငံရေး၊ စီးပွားရေးမှာ အဓိက အခန်းကပါဝင်လာနိုင်တာ ဖြစ်ပါတယ်။ ၁၉၈၀ မှာ ထောင်ကလွတ်လာပြီး ကာကွယ်ရေးတပ်ဖွဲ့အမည်ခံတဲ့ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် ဘိန်းမှောင်ခို ပြန်လုပ်ပါတယ်။ ဖုန်ကြာရှင် ခေါင်းဆောင်တဲ့ ကိုးကန့်အဖွဲ့ ဗကပ က ခွဲထွက်ပြီး စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲအောင် ကူညီနိုင်တဲ့ လော်စစ်ဟန်ဟာ အခွင့်ထူးခံ ဖြစ်လာပါတယ်။

အခုခေတ်မှာလည်း လော်စစ်ဟန်လို နိုင်ငံရေးလုပ်ခွင့်ရသူတွေ ရှိပါတယ်။ မူးယစ်ဆေးလုပ်ငန်းရှင် (၇) ဦး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပုံကို ၂၀၁၀ အောက်တိုဘာလထုတ် ရှမ်းမူးယစ်ဆေး စောင့်ကြည့်ရေးအဖွဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ကိုးကန့်တရုတ်ဖြစ်တဲ့ ဘိုင်ဆုံချိန် (ခေါ်) ဘိုင်ဆောင်ကျင်း၊ လူဂိုရှီ၊ ဟိုရှောင်ချန် (ဖေါ်) ဦးဟော်၊ ကွတ်ခိုင်တရုတ် ဝမ်ဂိုဒါ (ခေါ်) ဦးမြင့်လွင်၊ လီစူးတရုတ် ဦးကျော်မြင့် (ခေါ်) ဦးဝင်းမောင် (ခေါ်) ဂီယောင်ကျင်း၊ ကွတ်ခိုင်အမတ် ဦးခွန်မြတ်နဲ့ မူဆယ်အမတ် ဦးကင်မိုင်းဟာ မူးယစ်ဆေးလုပ်ငန်းနဲ့ ပတ်သက်နေတယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ ကိုးကန့်တရုတ် လူဂိုရှီဟာ ကိုးကန့်ပြည်သူ့စစ်နဲ့ ပြည်ခိုင်ဖြိုးပါတီဝင် ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းပြည်သူ့စစ်ခေါင်းဆောင် သုံးမည်ရ ပန်းဆေးဦးကျော်မြင့်ဟာလည်း ပြည်ခိုင်ဖြိုးပါတီရဲ ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။

မူးယစ်ဆေး လုပ်ကိုင်သူအများစုဟာ ပြည်သူ့စစ်တွေဖြစ်ကြောင်း ရှမ်းမူးယစ်ဆေး အစီရင်ခံစာမှာ ဖော်ပြပါတယ်။ မဆလ စစ်အစိုးရခေတ် အစောပိုင်းကာလမှာ ပြည်သူ့စစ်ကို ကာကွယ်ရေးတပ်ဖွဲ့လို့ ခေါ်ပါတယ်။ လောစစ်ဟန်နဲ့ ခွန်ဆာဟာ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်ဘဝက ဘိန်းမှောင်ခိုတွေ ဖြစ်လာပြီးမှ စစ်အစိုးရရဲ ့ ညာလက်ရုံး ဖြစ်သွားသူတွေပါ။ ခွန်ဆာနဲ့ နောက်လိုက်တွေသတ်လို့ သေဆုံးတဲ့ ဒေသခံတွေ ရာနဲ့ချီ ရှိခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်လက်ထဲ မရောက်တဲ့အတွက် သေဒဏ်မခံရဘဲ စီးပွားရေးလုပ်ခွင့် ရကြပါတယ်။ ယူနန်မှာ သေဒဏ်ကျခံရတဲ့ နော်ခမ်းဟာလည်း ခွန်ဆာနဲ့ လောစစ်ဟန်တို့လို ပြည်သူ့စစ်ဘဝက မူးယစ်ရာဇာ ဖြစ်လာသူပါ။ ဒါကြောင့် ပြည်သူ့စစ်နဲ့ မူးယစ်ဆေးဟာ ဆွေးမျိုးလို ဖြစ်နေပါတယ်။

အရပ်သားတပိုင်းအစိုးရရဲ ့ စစ်သဘောတရားမှာ ပြည်သူစစ် မဟာဗျူဟာကို အဓိကထားတာ တွေ့ရပါတယ်။ ပြည်တွင်းပြည်ပ အန္တရာယ်ကာကွယ်ရေးမှာ ပြည်သူတရပ်လုံး ပါဝင်ရေးအတွက် စစ်တပ်မှာ ပြည်သူ့စစ်ဖွဲ့စည်းခွင့် ရှိတယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၃၄၀) မှာ ဖော်ပြပါတယ်။ ဒါပေမဲ့ ပြည်သူ့စစ်ဖွဲ့စည်းရာမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ ့ အဆိုပြုထောက်ခံချက်ကို ရယူဖို့ ညွှန်းကြားထားပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး အစိုးရတပ်ရဲ ့ ကွပ်ကဲမှုအောက်မှာ ရှိရမယ်လို့လည်း အခြေခံဥပဒေက ဆိုပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို ့နယ်မှာ အစိုးရတပ်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဟာ ဘိန်းစိုက်ပျိုးမှုကို အားပေးအားမြောက်လုပ်ပြီး အခွန်ကောက်နေကြောင်း ပလောင်အမျိုးသမီးအဖွဲ့ရဲ ့ ၂၀၁၀ မူးယစ်ဆေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနဲ့ မူးယစ်ဆေး ရောထွေးယှက်တင်ဖြစ်တဲ့ အစဉ်အလာ ဆက်လက်ရှင်သန်နေပါတယ်။ ပြည်သူ့စစ်နဲ့ ဘိန်းမှောင်ခိုတဖြစ်လည်း လော်စစ်ဟန်ဟာ စစ်တပ်နိုင်ငံရေးကို အကျိုးပြုနိုင်တဲ့အတွက် စစ်အစိုးရ မြှောက်စားတာကို ခံရပြီး အချမ်းသာဆုံး ပုဂ္ဂိုလ်တဦး ဖြစ်လာပါတယ်။ လော်စစ်ဟန်ရဲ ့ Asia World ကုမ္မဏီကို သားဖြစ်သူ Steven Law (ခေါ်) ဦးထွန်းမြင့်နိုင်က ကြီးကြပ်အုပ်ချုပ်နေပါတယ်။ သမ္မတဦးသိန်းစိန်ရဲ ့ တရုတ်ပြည်ခရီးမှာ စကားပြန်အဖြစ် ဦးထွန်းမြင့်နိုင် လိုက်ပါသွားတာကိုကြည့်ရင် အစိုးရနဲ့ လော်စစ်ဟန် မိသားစု ဆက်ဆံရေးကို အကဲခတ်နိုင်ပါတယ်။ ရေအားလျှပ်စစ် တည်ဆောက်မှု၊ ကားလမ်းဆောင်လုပ်မှု၊ နေပြည်တော်တည်ဆောက်မှု စတာတွေမှာ လော်စစ်ဟန်ရဲ ့ Asia World ကုမ္မဏီ အဓိကပါဝင်ပြီး ရန်ကုန်က အလုံဆိပ်ကမ်းတခုလုံးကို ပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။

ဦးထွန်းမြင့်နိုင်ဟာ စီးပွားရေးလုပ်ငန်းရှင် စင်္ကာပူသူနဲ့ အိမ်ထောင်ကျတဲ့အတွက် စင်္ကာပူမှာရော မြန်မာပြည်မှာပါ ရင်းနှီးမြုပ်နှံနိုင်သူ ဖြစ်ပါတယ်။ မြန်မာပြည်က စင်္ကာပူ ရင်းနှီးမြုပ်နှံမှာ Asia World ကုမ္မဏီရဲ ့ အစုရှယ်ယာ ဘယ်လောက်ရှိတယ်ဆိုတာ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။ ဒီပုံစံတွေကိုကြည့်ရင် မူးယစ်ဆေးလုပ်ငန်းရှင်တွေဟာ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး နဲ့ စစ်ရေးတွေမှာ အတော်ကြာကြာ ပါဝင်ပတ်သက်နေဦးမယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
http://burmese.voanews.com/content/news-analysis-politics-and-drugs/1565435.html

November 9, 2012

ငြိမ်းချမ်းရေး သဘောတူညီချက် အကောင်အထည် မပေါ်ဟု SSA တောင်ပိုင်းပြော

မြန်မာ အစိုးရနှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S ) တပ်မတော် အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ တနှစ်ပြည့်မြောက်ပြီ ဖြစ်သော်လည်း အောင်မြင်မှုမရှိဘဲ တိုက်ပွဲများသာ ဆက်လက် ဖြစ်ပွားနေကြောင်း SSA
တောင်ပိုင်း တပ်ဖွဲ့မှ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောသည်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) မှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ဒု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ မေလ ၁၉ ရက်နေ့က သဘောတူညီချက်များ လက်မှတ်ထိုးပြီးနောက် လက်ဆွဲနှုတ်ဆက်စဉ် (ဓာတ်ပုံ – ဧရာဝတီ)

နို၀င်ဘာလ ရ ရက်နေ့က ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာန နှင့်တွေ့ဆုံ မေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်ပြီး အစိုးရနှင့် SSA တောင်ပိုင်း အဖွဲ့တို့ အပစ်အခတ် ရပ်စဲ၍ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခဲ့ကြရာတွင်
နှစ်ဦးနှစ်ဖက်အကြား အချက် ၁၂ ချက်ကို သဘောတူညီမှု ရရှိခဲ့ကြောင်း၊ သို့သော်လည်း ယခု ၂၀၁၂ ခုနှစ်၊ နို၀င်ဘာလ တနှစ်ကြာသည်အထိ သဘောတူညီချက်များကို အကောင်အထည် ဖော်နိုင်ခြင်း မရှိဘဲ တနှစ်အတွင်း တိုက်ပွဲ ၃၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ၎င်းးက ဆိုသည်။
“တနှစ်တာကာလ အတွင်းမှာ လက်တွေ့ အကောင်အထည် ဖော်နိုင်တာ ဘာမှမရှိ။ မြန်မာ စစ်တပ်ဘက်က ကျနော်တို့ တပ်စခန်းတွေကို တက်တိုက်နေလို့ပါပဲ။ တနှစ်တာ အတောအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ၃၂ ကြိမ်လုံးလုံး ကျနော်တို့ဘက်က ခုခံတာပဲ။ သူတို့ကျတော့ အထက်က တိုက်ခိုင်းလို့ တိုက်နေတာ ဖြစ်တယ်” ဟု ဒုဗိုလ်ချုပ်ကြီးယွက်ဆစ်က ရှင်းပြသည်။
အစိုးရနှင့် SSA တောင်ပိုင်း အကြား တိုက်ပွဲများ ဖြစ်ပွားတို်င်း အစိုးရငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင်တဦး ဖြစ်သူ ဦးအောင်မင်းထံ
ဆက်သွယ် စာရေး အကြောင်းကြား သော်လည်း ထိုးစစ်များ ရပ်တန့်သွားစေရန် ထိရောက်စွာ တားဆီးပေးနိုင်စွမ်းမရှိကြောင်း၊ မုံးတော့ မုံးထားနယ်မြေကို SSA တောင်ပိုင်းကို ပေးထားသည်ဟု ဆိုသော်လည်း မြန်မာစစ်တပ်က ခွင့်ပြုချက်မပေးမှုကြောင့် ယခုအချိန်အထိ
တပ်နေရာ ချထားမှု မလုပ်နိုင်သေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ကျနော်တို့က တိုက်ပွဲဖြစ်တဲ့ အခါတိုင်း ဦးအောင်မင်းဆီ စာရေးအကြောင်းကြားတယ်။ ထိရောက်အောင် တားဆီးပေးနိုင်စွမ်း မရှိဘူး။ နယ်မြေဖွံ့ဖြိုးရေး ဆိုတာကလည်း မုံးတော့ မုံးထားပေးမယ်လို့ပြောပေမယ့် အခုထိ တခွန်းမှ မဟဘူး” ဟု ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောသည်။
မြန်မာစစ်တပ်နှင့် SSA တောင်ပိုင်းတို့ ငြိမ်းချမ်းရေး အကောင်အထည် ဖော်နိုင်ရန် ယုံကြည်မှု လိုအပ်ကြောင်း၊ အထူးသဖြင့် မြန်မာအစိုးရနှင့် စစ်တပ်၏ ငြိမ်းချမ်းရေး ရယူလိုမှုအပေါ်တွင် အဓိက မူတည်နေကြောင်း၊ တိုက်ပွဲများ မကြာခဏဆို သလိုဖြစ်ပွားပါက ငြိမ်းချမ်းရေးပျက်စီးပြီး ယခင်အခြေအနေ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း၊ လက်ရှိတွင် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ရန် တောင်ကြီးမြို့တွင် တွေ့ဆုံနိုင်ဖွယ် ရှိကြောင်း သိရှိရသည်။
အစိုးရနှင့် SSA တောင်ပိုင်း သဘောတူညီချက် ၁၂ ချက်တွင် မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေး၊ SSA တောင်ပိုင်း အဖွဲ့နှင့် မိသားစုဝင်များ နေရာချထားရေး၊ စီးပွားရေး လုပ်ငန်းများ ဖော်ဆောင်ရေးစသည့် အချက်များပါ၀င်သည်။
မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့မှ အကျိုးဆောင်တဦးဖြစ်သူ ဦးလှမောင်ရွှေကမူ တိုက်ပွဲများဖြစ်ပွားနေသည့် ကိစ္စအပေါ် မငြင်းလိုသော်လည်း အမှန်တကယ် ငြိမ်းချမ်းရေး အကောင် အထည်ဖော်နိုင်ရန် အချိန်ယူရန်လိုအပ်ပြီး နှစ်ဦးနှစ်ဖက်အကြား စံသတ်မှတ်ချက်ကို တွေ့ဆုံညှိုနှိုင်းမှု နှင့်ပြုလုပ်သွားရမည် ဖြစ်ကြောင်း ရှင်းပြသည်။
“ကျနော်ကတော့ အကုန်လုံးကိုတော့ မငြင်းပါဘူး။ တချို့ဟာတွေ အကောင်အထည် ဖော်ဖို့ကတော့ အချိန်ယူဖို့တွေ လိုမှာပေါ့ဗျာ၊ စံက တဖက်နဲ့ တဖက်ကတော့ ချက်ချင်ကြီး တူဖို့ ကိစ္စကတော့ ချက်ချင်တော့ မရဘူး နှစ်ဖက် စလုံး တွေ့ရှိပြီးတော့ လုပ်ကြရ မှာပေါ့” ဟု ဦးလှမောင်ရွှေက ပြောသည်။
SSA တောင်ပိုင်းက ကုမ္ပဏီ ထူထောင်ထားသည်ဟု ကြားသိထားပြီး နောက်ပိုင်းတွင် တရားဝင် ကုမ္ပဏီထောင်ခွင့် ပြုမည်ဖြစ်ကြောင်း၊ နော်ဝေနိုင်ငံ၏ အထောက်အပံ့ဖြင့် SSA တောင်ပိုင်းနယ်မြေတွင် အိမ်အလုံး ၃၀၀
ညှိုနှိုင်းနေပြီး တဖြည်းဖြည်းဖွံ့ဖြိုးရေးလုပ်ဆောင်မှု အရှိန်မြန်ဆန်လာမည်ဟု ဦးလှမောင်ရွှေက ဆက်လက်ပြောသည်။
၂၀၁၂ခုနှစ် မေလ ၁၉ ရက်နေ့ တွင် မြန်မာအစိုးရနှင့် SSA တောင်ပိုင်းတို့ အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး သတောတူညီချက် ၁၂ ချက် လက်မှတ်ရေးထိုး ခဲ့ကြပြီးနောက် ရက်ပိုင်းအတွင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမှုအတွက် မြန်မာစစ်တပ်မှ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းက SSA တောင်ပိုင်းထံသို့ တရားဝင် တောင်းပန်ခဲ့သည်။

http://burma.irrawaddy.org/archives/24988

October 31, 2012

ရေပေါ် အရုပ်ရေးသလိုဖြစ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှု



“အာဏာရှင်စနစ်ကို အမြစ်ကျွတ်အောင် မချွတ်နို်င်သေးဘဲ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တရားဥပေဒစိုးမိုးရေးကို ကြိုးပမ်းနေမှုတွေဟာ ရေပေါ် အရုပ်ရေးသလို အချည်းနှီး ဆောင်ရွက်မှုတွေသာ ဖြစ်ပါလိမ့်မယ်။”

ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေအနေနဲ့ အပစ်အခတ်ရပ်စဲရေးကနေ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေအထိ တက်လှမ်းလိုတယ်ဆိုရင် စစ်အာဏာရှင်တွေ ကြိုးကိုင်ထားဆဲ မြန်မာစစ်တပ်ကို အရပ်သားအစိုးရစစ်စစ်တရပ်ရဲ့ အုပ်ချုပ်မှုအောက် အရောက်ပို့နိုင်ရေး ပြည်သူနဲ့အတူ အရင်ကြိုးပမ်းကြဖို့ လိုပါတယ်။ အလုံးစုံသော အာဏာပါ၀ါရှိတဲ့ အရပ်သားအစိုးရရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုနဲ့မှသာ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။

အခုလို မြန်မာစစ်တပ်က အာဏာရှင်တစုရဲ့ ကြိုးကိုင်မှုအောက်မှာ ရှိနေဆဲဖြစ်ပြီး ရုပ်သေးသမ္မတက စစ်တပ်အပေါ် အာဏာသက်ရောက်မှုမရှိတဲ့ အချိန်အခါမျိုးမှာ ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နဲ့ ဆွေးနွေးနေလို့ကတော့ အပစ်ရပ်ထားရင်လည်း ရပ်ထားတာပဲရှိမယ်။ စစ်မှန်တဲ့ နို်င်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာတဲ့အဆင့်အထိ ရောက်ရှိလာနိုင်မှာမဟုတ်ဘဲ ကြံ့ဖွံ့စစ်အုပ်စုရဲ့ အချိန်ဆွဲ မက်လုံးပေး ဖြိုခွဲမှု နည်းဗျူဟာအောက်မှာ အခန့်မသင့်ရင် အဖွဲ့အစည်းအတွင်း ရှိရင်းစွဲ ညီညွတ်မှုတွေ ပြိုကွဲသွားနိုင်သလို ညီညွတ်ရေး မပြိုကွဲရင်လည်း သာရင်သာသလို၊ အကျိုးစီးပွားပေါ်လာရင်ပေါ်လာသလို ကတိကဝတ် ချိုးဖောက်တတ်မြဲဖြစ်တဲ့ အာဏာရှင်တွေ ကြိုးကိုင်ထားဆဲ စစ်တပ်နဲ့ တိုက်ပွဲပြန်ဖြစ်ဖို့ပဲ ရှိပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကတော့ ဝေလာဝေးလို့ပဲ ဆိုရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ …

ပထမအချက်က … ကြံ့ဖွံ့စစ်အုပ်စုဘက်က အပစ်အခတ်ရပ်စဲရေး လုပ်တဲ့ ရည်မှန်းချက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေဘက်က အပစ်အခတ်ရပ်စဲရေး လုပ်တဲ့ ရည်မှန်းချက်တွေက ဖီလာဆန့်ကျင်နေတာကြောင့်ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေရဲ့ ရည်မှန်းချက်က အပစ်အခတ်ရပ်စဲရေးကနေ စစ်မှန်တဲ့ နို်င်ငံရေးဆွေးနွေးပွဲအထိ တက်လှမ်းပြီး ၂၀၀၈ အခြေခံဥပေဒ ပြင်ဆင်ရေး၊ ပြည်ထောင်စုတပ်မတော် စနစ်တကျ ဖွဲ့စည်းရေးနဲ့ တန်းတူညီမျှ အခွင့်အရေးရတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဖြစ်ပြီး ကြံ့ဖွံ့စစ်အုပ်စုရဲ့ ရည်မှန်းချက်က အပစ်ရပ်အဖွဲ့တွေကို နိုင်ငံရေးပါတီ ထူထောင်စေပြီး ၂၀၀၈ အခြေခံဥပေဒအောက်ကို ဒူးထောက်အညံ့ခံစေရေးနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို အာဏာရှင်တွေ ကြိုးကိုင်ထားတဲ့ မြန်မာစစ်တပ်အောက်ကို နယ်ခြားစောင့်တပ်အသွင်လို ပုံစံတမျိုးမျိုးနဲဲ့ သွတ်သွင်းပြီး ဒီမိုကရေစီမျက်နှာဖုံးစွပ်ထားတဲ့ အာဏာရှင်စနစ်သစ်ကို ထူထောင်ရေးဖြစ်နေတာကြောင့် ရည်မှန်းချက်ချင်း ဖီလာဆန့်ကျင်နေတာဖြစ်ပါတယ်။

ဒုတိယအချက်က … ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အောင်မြင်မှုယူနိုင်သယောင်ယောင် သတင်းကြီးနေတဲ့ ဦးအောင်မင်းဟာ အဆုံးအဖြတ်ပေးနိုင်တဲ့ အခွင့်အာဏာရှိသူ မဟုတ်တာကြောင့် ဖြစ်ပါတယ်။

ကြံ့ဖွွံ့ရုပ်သေးအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ကို အဓိက ဦးဆောင်တဲ့ ဦးအောင်မင်းဟာ ကြံ့ဖွံံ့စစ်အုပ်စုရဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ အခွင့်အာဏာရရှိထားသူ မဟုတ်ဘဲ ကြံ့ဖွံ့စစ်အုပ်စုရဲ့ ကြိုးဆွဲသမ္မတ ဦးသိန်းစိန်ရဲ့ လူယုံ (ပွဲစား) အဆင့်လောက်သာရှိလို့ သူ့ရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုဟာ တိုင်းရင်းသားအင်အားစုတွေ လိုလားတဲ့ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲအဆင့်အထိ မရောက်နိုင်မှာ လုံးဝသေချာနေတာ ဖြစ်ပါတယ်။ ကြံ့ဖွံ့အစိုးရနောက်ကွယ်က စစ်အာဏာရှင်တွေရဲ့ ချောင်ထိုးမှုကို ဦးအောင်သောင်း ခံခဲ့ရသလို ကချင်နဲ့ ဆွေးနွေးပွဲ ထူးခြားမလာရင် (လွယ်လွယ်နဲ့လည်း ထူးခြားဖို့မရှိ) ဦးအောင်မင်းလည်း အချိန်မရွေး ချောင်ထိုးခံရနိုင်တာပါပဲ။ အဲသလို ချောင်ထိုးခံရရင် မူဝါဒ တိတိကျကျမရှိတဲ့ ကြံ့ဖွံ့အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ ဆွေးနွေးထားတဲ့ ရလဒ်တွေ တမဟုတ်ချင်း ရေစုန်မျောပြီး မြောင်းထဲရောက်သွားမှာ ဖြစ်ပါတယ်။ ဦးအောင်မင်းအနေနဲ့ အလွန်ဆုံး ကြိုးပမ်းပေးနိုင်မှာနဲ့ ကြိုးပမ်းခွင့်ရှိမှာက ယာယီ အပစ်အခတ်ရပ်စဲရေး ရရှိရုံလောက်ပဲဖြစ်ပါတယ်။ နိုင်ငံရေးအရ အကြေအလည် ဆွေးနွေးဖို့ကို နောက်ကွယ်က ဆရာကြီးတွေက အမှန်တကယ် ဆန္ဒမရှိတာကြောင့် အဲဒီကိစ္စအတွက် ဦးအောင်မင်း ဘာမှ တတ်နိုင်မှာမဟုတ်တာ အသေအချာပါ။

ဦးအောင်မင်းမှ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ကာချုပ််မင်းအောင်လှိုင် ကိုယ်တိုင်လိုက်ပါခဲ့ရင်တောင် အမှန်တကယ် အဆုံးအဖြတ်ပေးနိုင် မပေးနိုင်ဆိုတာ မသေချာမရေရာတဲ့ကိစ္စပါ။ ကြံ့ဖွံ့စစ်အုပ်စုဘက်မှာက ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တိကျရေရာတဲ့ မူဝါဒမရှိဘဲ နောက်ကွယ်က ကြိုးကိုင်နေတဲ့ ဆရာကြီးတွေက အခြေအနေအရ မီးစင်ကြည့်ကတဲ့ မူဝါဒကို ကျင့်သုံးနေလို့ပါ။ လတ်တလောအနေအထားမှာ နောက်ကွယ်က ဆရာကြီးတွေ မျှော်လင့်ထားပုံက အပစ်အခတ်ရပ်ထားနိုင်တဲ့ လက်နက်ကိုင်အင်အားစုတွေကို ၂၀၀၈ အခြေခံဥပေဒအောက် ၀င်ရောက်ရေး မစည်းရုံးနိုင်သေးရင်တောင် အပစ်အခတ်ရပ်စဲနိုင်တာလောက်ကို ပြည်တွင်းငြိမ်းချမ်းရေးရပြီလို့ နိုင်ငံတကာကို ပြပြီး အမြတ်ထုတ် လုပ်စားရေး ဖြစ်ပါတယ်။ အခုအချိန်မှာ အဲသလို ပြစားပြီး အမြတ်ထုတ်ဖို့ ကချင်ကိစ္စက သူတို့အတွက် ဖင်ကြားခဲခုဖြစ်နေတာပါ။

စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဆီ တက်လှမ်းရေးမှာ အဲဒီလိုအနေအထားတွေ ဖြစ်တည်နေတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေအနေနဲ့ ယာယီအပစ်အခတ်ရပ်စဲထားရုံ ရှေ့မတိုးနောက်မဆုတ် အနေအထားလောက်မှာ ငုတ်တုတ်မေ့နေရတာထက်စာရင် စစ်အာဏာရှင်တွေကို ပြိုင်တူဖိအားပေးနိုင်ဖို့ ကြိုးပမ်းတာက စစ်မှန်တဲ့ နို်င်ငံရေးဆွေးနွေးပွဲဆီ ရောက်ရှိဖို့ ဖြစ်နိုင်ခြေပိုရှိမှာဖြစ်ပါတယ်။ ပြိုင်တူဖိအားပေးဖို့ မကြိုးစားဘဲ အာဖရိက မြင်းကျားတွေလို တကောင် အဆွဲခံရချိန်မှာ ကျန်တဲ့အကောင်တွေ မြက်စားမပျက်သလိုမျိုး ပြုမူကျင့်ကြံနေရင်တော့ ကြာလာတာနဲ့အမျှ စစ်အာဏာရှင်ရဲ့အစွယ်သစ်က အင်အားစုတစုချင်းစီရဲ့ ဂုတ်ပိုးပေါ် လာခဲတာကို အလှည့်ကျ ပြန်ခံရဦးမှာ အသေအချာပဲဖြစ်ပါတယ်။

“အာဏာရှင်စနစ်ကို အမြစ်ကျွတ်အောင် မချွတ်နို်င်သေးဘဲ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တရားဥပေဒစိုးမိုးရေးကို ကြိုးပမ်းနေမှုတွေဟာ ရေပေါ် အရုပ်ရေးသလို အချည်းနှီး ဆောင်ရွက်မှုတွေသာ ဖြစ်ပါလိမ့်မယ်။”

အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
နံနက် ၁း၁၅ နာရီ
၃၁-၁၀-၂၀၁၂

October 26, 2012

October 19, 2012

ကချင်အရေးနဲ့ ပတ်သက်ပြီး ကျနော် စိုးရိမ်မိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေစကား

ကချင်အရေးနဲ့ ပတ်သက်ပြီး ကျနော် စိုးရိမ်မိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေစကား (သို့မဟုတ်)
စစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ အုပ်ချုပ်ရေးဘက်ကလူတွေ တာဝန်ပေးလာမှ ဆောင်ရွက်ရမယ့်ကိစ္စမျိုး မဟုတ်ပါ
ဒေါက်တာလွဏ်းဆွေ

တရက်မှာ ‘စျာန်’ ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အစ္စရေး-ပါလက်စတိုင်း သတင်းလေးတပုဒ် ဘာသာပြန်ပြီး ဖော်ပြထားတာ ဖတ်ရတယ်။ သတင်းနဲ့ သတင်းဓာတ်ပုံကို ဖတ်ရှုကြည့်အပြီးမှာ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ ကမ္ဘာကျော် အဆိုအမိန့်တခုကို သွားအမှတ်ရမိသလို တပြိုင်နက်တည်းမှာ ဗီအိုအေ ဦးကျော်ဇံသာနဲ့ ရုပ်သံအင်တာဗျူးမှာ ကချင်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဖြေကြားခဲ့တဲ့ အဖြေစကားကိုလည်း ပြန်ပြောင်းသတိရမိပါတယ်။

*******

အစ္စရေး-ပါလက်စတိုင်း သတင်းလေးကို ‘စျာန်’ ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားတဲ့အတိုင်း ဖတ်ကြည့်ရအောင် …

Israel အမျိုးသမီးတယောက် Palestine ကောင်လေးကို ကာကွယ်ခဲ့တဲ့ သတင်းဟာ ကမ္ဘာ့လူသား သန်းပေါင်းမြောက်မြားစွာကို အမြင်သစ် ပေးခဲ့ပါတယ်။ ထိုမျှမက နှစ်ပေါင်းများစွာ ရန်သူလို ဆက်ဆံနေခဲ့ကြတဲ့ Israel နဲ့ Palestine ကြားမှာ ငြိမ်းချမ်းရေးဆေးတခွက်လည်း ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့သော မေလ ၂၀၊ ၂၀၁၂ နေ့ ဂျေရုုဆလင်နေ့မှာ ဖြစ်ခဲ့တာပါ။ အစ္စရေးတွေဟာ ဂျေရုုဆလင်နေ့ (Jerusalem day) အရမ်းကို အလေးအနက်ထားပါတယ်။ သူတို့ရဲ့ နေ့ထူးနေ့မြတ်အနေနဲ့ ကျင်းပတာပါ။ အဲဒီနေ့ရောက်တိုင်း ပါလက်စတိုင်းလူမျိုးတွေရဲ့ လှုပ်ရှားမှု မှန်သမျှ လုံးဝ ခွင့်မပြုပါဘူး။ သူတို့ အစ္စရေးအလံတွေကို လွှင့်ထူပြီး နိုင်ငံတော်သီချင်းများ ဆိုကြပါတယ်။

အဲဒီနေ့ မတိုင်ခင် နေ့များမှာ ပါလက်စတိုင်းလူမျိုးအချို့က အစ္စရေး တိုးချဲ့အိမ်ရာစီမံကိန်းများကို သပိတ်မှောက်နေခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့မှာ ၁၀ နှစ်သားအရွယ် ပါလက်စတိုင်းကောင်လေးတယောက်ဟာ ပါလက်စတိုင်းအလံ ကိုင်လျက် ပွဲကြည့်နေတုန်း၊ အစ္စရေး လူမျိုးရေးဝါဒီတယောက်က သူ့အလံကို လုယူပြေးခဲ့ပါတယ်။ ကောင်လေးက ပြန်လုရင်း ရုုန်းရင်းဆန်ခတ် ဖြစ်နေတုန်း နယ်ခြားစောင့်ရဲတယောက်က စိတ်ဆိုးမာန်ဆိုးနဲ့ ကလေးကို လိုက်ဖမ်းပါတယ်။


ကောင်လေးကို ခြေထောက်နဲ့ ကန်တယ်၊ မညှာမတာ လုပ်လာတဲ့အခါမှာ အနားမှာ ရှိနေခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် အစ္စရေးတက္ကသိုလ်ကျောင်းသူတယောက်က အဆိုပါ ရဲကို ၀င်လုံးပြီး ကောင်လေးကို ထွက်ပြေးစေခဲ့ပါတယ်။

အစ္စရေးလူမျိုးနဲ့ ပါလက်စတိုင်းလူမျိုးဆိုတာ ရာဇဝင်လိုက်ပြီး ရန်ဖြစ်နေခဲ့တဲ့ လူမျိုးတွေပါ။ အခုလို အဖြစ်ကို မြင်ရတော့ အားလုံး အံ့အားသင့်ခဲ့ရပါတယ်။ လူမျိုးနှစ်မျိုးကြား ငြိမ်းချမ်းရေး ရလာတော့မလား ဆိုပြီးလည်း ပြောဆိုလာကြပါတယ်။

သို့သော်လည်း သူ့လူမျိုး (အစ္စရေး) အချင်းချင်းတွေရဲ့ ဝေဖန်ကဲ့ရဲ့ခြင်းများကိုလည်း ခံရပါတယ်။ ဘာပဲဖြစ်ဖြစ် ပါလက်စတိုင်းသားတွေရဲ့ facebook တွေမှာတော့ ဒီအမျိုးသမီးကို တော်တော် ချီးကျူးထားတာ တွေ့ရပါတယ်။ ဒါဟာ ပါလက်စတိုင်းတွေ အစ္စရေးတယောက်အပေါ် အကောင်းမြင်လာတဲ့ ရှားရှားပါးပါး ကောမ်မန့်လေးတွေပါ။

လူတဦးတယောက်ရဲ့ စိတ်ထားမှန်ကန်စွာ ပြုမူလိုက်ခြင်းဟာ လူအများအတွက် ကောင်းကျိုးများစွာ ဖြစ်စေတယ် ဆိုတာ ဒီအဖြစ်က သက်သေပြနေပါတယ်။ မကောင်းမှုကို သိရက်နဲ့ ကိုယ့်အမျိုးမို့ အားပေးအားမြှောက်ပြုခြင်းကို ကိုယ့်ဘာသာကိုယ်တော့ အမှားအမှန် မသိနိုင်ပေမယ့် အပြင်လူတယောက်အနေနဲ့ ကြည့်လိုက်မှ မသင့်တော်မှန်း သိရတဲ့ အဖြစ်မျိုးတွေ ရှိကောင်းရှိမှာပါ။

ဘယ်နေရာမဆို အမှန်တရားဘက်က ရပ်တည်နိုင်တဲ့ စိတ်ထားဟာ လူတယောက်ရဲ့ တန်ဖိုးပါပဲ။

မူရင်း သတင်းလင့်ခ် - http://972mag.com/armed-border-officer-chases-10-year-old-palestinian-boy-for-holding-flag/46412/

*******

တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ ကမ္ဘာကျော် အဆိုအမိန့်

“If you are neutral in situations of injustice, you have chosen the side of the oppressor. If an elephant has its foot on the tail of a mouse and you say that you are neutral, the mouse will not appreciate your neutrality.”

“မတရားတဲ့ အခြေအနေတွေမှာ သင် ကြားနေတယ်ဆိုရင် သင်ဟာ ဖိနှိပ်သူဘက်ကို ရွေးချယ်လိုက်ခြင်းသာ ဖြစ်တယ်။ ဆင်တကောင်က ကြွက်တကောင်ရဲ့အမြီးကို နင်းထားတာ တွေ့ရက်နဲ့ သင်က ကြားနေတယ်လို့ ပြောရင် ကြွက်က သင့်ရဲ့ကြားနေမှုကို အသိအမှတ်ပြုလိမ့်မယ်မဟုတ်ဘူး”

*******

ဗွီအိုအေ ဦးကျော်ဇံသာနဲ့ အင်တာဗျူးမှာ ကချင်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေစကား

“ကျမ လန်ဒန်မှာတုန်းကပေါ့နော်။ အဲဒါကတော့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ပါ။ ကချင်လူငယ်တယောက်က ကျမကို ထပြီးတော့ ဝေဖန်ပါတယ်။ ကျမက ဘာဖြစ်လို့ တပ်ကို Condemnation ပေါ့နော်။ သူက အဲဒီလို သုံးတယ်။ ဘာဖြစ်လို့ မရှုတ်ချသလဲပေါ့နော်။ ကျမက ပြောတယ်။ ကျမတို့က Condemnation အလုပ် လုပ်ချင်တာ မဟုတ်ဘူး။ Reconciliation အလုပ်ကို လုပ်ချင်တာ။ ပြန်လည် ရင်ကြားစေ့ရေးအလုပ်ကို လုပ်ချင်တာ။ ဘယ်သူ့ကိုမှ ရှုတ်ချပြီးတော့ တိုက်ခိုက်တဲ့ အလုပ်ကို လုပ်ချင်တာမဟုတ်ဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် ပြန်လည်ရင်ကြားစေ့ရေးဆိုတာ မဖြစ်နိုင်ဘူး။ ဒီအတိုင်းပဲ ကျမတို့ကနေ နှစ်ဘက်စလုံးကို ကြည့်တဲ့နေရာမှာ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အခြေခံပြီးတော့ ကျမတို့ ကြည့်မယ်။

ဘယ်ဘက်ကိုမှ ကိုယ့်ရဲ့ နိုင်ငံရေးအကျိုးအမြတ်ထွက်ရေးအတွက် ဘက်လိုက်ပြီးတော့ ပြောတာမျိုး ကျမတို့ မလုပ်ဘူး။ ဒီလို ဘက်လိုက်ပြီး ပြောတာဟာ ပဋိပက္ခတွေကို ပြေငြိမ်းသွားစေမှာ မဟုတ်ဘူး။ နောက်ပြီးတော့လည်း အခု အုပ်ချုပ်ရေးဘက်ကနေ ကြိုးစားနေတဲ့ ကိစ္စတွေကိုလည်း မပြီးမြောက်သေးခင်ကို ကျမတို့အနေနဲ့ ပျက်စီးအောင်လို့၊ အခက်အခဲဖြစ်အောင်လို့ လုပ်ဖို့ ကျမတို့ ရည်ရွယ်ချက်မရှိဘူး။ ကျမတို့ ဘာလုပ်ပေးနိုင်တာရှိလဲ။ လုပ်ပေးနိုင်တာရှိရင် ကျမတို့ လုပ်ပေးမယ်။ ဒုက္ခသည်တွေကို ကျမတို့ တတ်နိုင်သမျှ ကူညီပါတယ်။ NLD က သိတဲ့အတိုင်းပဲ။ သိပ်ပြီး ချမ်းသာတဲ့ အဖွဲ့အစည်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒုက္ခသည်တွေကို တတ်နိုင်သမျှ ကျမတို့ အကူအညီတွေ ပေးတယ်။ ဟိုဘက် ဒီဘက် မခွဲခြားဘဲနဲ့ ကျမတို့ အကူအညီပေးတယ်။ ကျမတို့ရဲ့ အကူအညီကို အုပ်ချုပ်ရေးဘက်ကပဲ တောင်းတောင်း၊ တခြား အကူအညီတောင်းနိုင်တဲ့ဘက်က တောင်းလို့ ကျမတို့မှာ ပေးနိုင်တဲ့အနေအထားမှာရှိရင်တော့ ကျမတို့က အဆင်သင့်ပါပဲ။” (VOA)

*******

ကျနော်၏ ထင်မြင်ယူဆချက်

အစ္စရေးအမျိုးသမီးရဲ့ ပြုမူဆောင်ရွက်ချက်ဟာ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ ကမ္ဘာကျော် အဆိုအမိန့်နဲ့ ယှဉ်ထိုးကြည့်မယ်ဆိုရင် ထပ်တူကျတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မတရားတဲ့ အခြေအနေမှာ သူမဟာ ကြားမနေဘဲ တနည်းအားဖြင့် ပြောမယ်ဆိုရင် သူမနဲ့ လူမျိုးတူ အင်အားကြီးတဲ့ အစ္စရေးနယ်ခြားစောင့်ရဲ (ဆင်) ဘက်ကမနေဘဲ အင်အားနည်းတဲ့၊ သူမနဲ့ ရန်ဘက်လူမျိုးဖြစ်တဲ့ ပါလက်စတိုင်းကလေးငယ် (ကြွက်) ဘက်က ရပ်တည််ကာကွယ််ပေးခဲ့လို့ပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေစကားကလည်း မတရားတဲ့ အခြေအနေမျိုးမှာ မဟုတ်ခဲ့ရင်တော့ လက်ခံနိုင်စရာပါပဲ။ ကချင်စစ်ပွဲနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဘယ်ဘယ်က မှားတယ်၊ ဘယ်ဘက်က မှန်တယ်ဆိုတာကို သုံးသပ်နိုင်တဲ့ အခြေအနေမရှိ်လို့ ဆိုရင်လည်း ပြောနိုင်တာတခုကတော့ အခုဖြစ်နေတဲ့ ကချင်ပြည်တွင်းစစ်ဟာ မတရားတဲ့ အခြေအနေမှာ ဖြစ်နေတယ်ဆိုတာ အသေအချာပါပဲ။ ဘာဖြစ်လို့ မတရားတဲ့ အခြေအနေလို့ ပြောရသလဲဆိုရင် မြန်မာအစိုးရစစ်တပ်နဲ့ ကချင်စစ်တပ်ဆိုတာ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ အဆိုအမိန့်အတိုင်း ဥပမာပေးရမယ်ဆိုရင် ဆင်နဲ့ ကြွက်လိုပါပဲ။ မြန်မာအစိုးရစစ်တပ် ဆိုတာက တနိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ လက်နက်အင်အား၊ စစ်သည်အင်အား တောင့်တင်းပြည့်စုံတဲ့ အင်အားကြီး စစ်တပ်ဖြစ်ပြီး ကေအိုင်ကေကတော့ မြန်မာနိုင်ငံထဲက တိုင်းရင်းသားလူမျိုးစုတစုဖြစ်တဲ့ ကချင်တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်တပ်ဖွဲ့တခုမျှသာ ဖြစ်ပါတယ်။ ကေအိုင်အေမှာ လက်နက်တွေက ခေတ်မီတယ်ပဲပြောပြော၊ တိုက်ရည်ခိုက်ရည်တွေ ဘယ်လိုရှိတယ်ပဲပြောပြော အင်အားချင်း ယှဉ်ထိုးကြည့်ရင် ဆင်နဲ့ ကြွက်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ နောက်တချက် ပြောစရာရှိတာ မြန်မာအစိုးရစစ်တပ်ဘက်က တနည်းပြောရရင် စစ်အာဏာရှင်တွေ ချုပ်ကိုင်ထားဆဲ စစ်တပ်ဘက်က (ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်သုံးနှုန်းတဲ့ အသုံးအနှုန်းအရဆိုရင် ‘အုပ်ချုပ်ရေးဘက်က’) ကချင်နယ်မြေထဲကို သွားရောက်တိုက်ခိုက်တဲ့ ‘ထိုးစစ်’ ဖြစ်ပြီး ကေအိုင်အေဘက်က သူ့နယ်မြေထဲကို လာရောက်တိုက်ခိုက်တဲ့ မြန်မာစစ်တပ် (အုပ်ချုပ်ရေးဘက်က စစ်တပ်) ကို ပြန်လည်ခုခံတိုက်ခိုက်တဲ့ ‘ခုခံစစ်’ ဖြစ်နေတာပါပဲ။

အဲဒီတော့ အထက်မှာ ပြောခဲ့သလို မတရားတဲ့ အခြေအနေမျိုး (ဆင်နဲ့ ကြွက် အနေအထား) မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ဘက်စစ်တပ်နှစ်ခုစလုံးရဲ့ ကြားမှာရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ အရှိန်အဝါအကြီးဆုံး ပုဂ္ဂိုလ်တယောက်ဖြစ်တယ်ဆိုတာ အကျယ်တဝင့် ရှင်းပြနေစရာ လိုမယ်မထင်ပါဘူး။ အဲဒီအတွက်ကြောင့် အခုလို မတရားမှုအနေအထားမှာ ဖြစ်ပွားနေတဲ့ ကချင်ပြည်တွင်းစစ် ရပ်စဲရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အင်အားကြီးတဲ့ မြန်မာစစ်တပ်ကို ရှုတ်ချပြောဆိုဖို့ ၀န်လေးနေရင်တောင် ထိုးစစ်ဆင်တာ ရပ်စဲရေးအတွက် အထူးအလေးထား မေတ္တာရပ်ခံ ပြောဆိုဖို့၊ ပြောလို့မှ မထိရောက်ရင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုပွဲတွေ ဆင်နွှဲဖို့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်တယ်လို့ ယူဆပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို အရှိန်အဝါအကြီးဆုံး မြန်မာနိုင်ငံသားတယောက်က ၀င်ပြောရင် အခြားမြန်မာနိုင်ငံသား မည်သူမဆို ၀င်ရောက်ပြောဆိုတာထက် ပိုပြီးထိရောက်မှုရှိမှာ သေချာပါတယ်။ (တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရပ်စဲရေး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုပွဲတွေ ဆင်နွှဲပြီဆိုရင် ဒေါ်အောင်ဆန်းစုကြည်တင်မက မတရားမှုကို ဆန့်ကျင်တဲ့ အတိုက်အခံ နိုင်ငံရေးအင်အားစုအားလုံး၊ ငြိ်မ်းချမ်းရေးကို လိုလားတောင့်တတဲ့ ပြည်သူတွေအားလုံး ပါ၀င်ဆင်နွှဲဖို့ လိုမယ်လို့ ယူဆပါတယ်)

အခုလို လူသန်ကြီးနဲ့ လူဖလံလေးတို့ ထိုးကြိတ်နေတဲ့ ဖြစ်ရပ်မျိုး (မြန်မာစစ်တပ်နဲ့ ကချင်စစ်တပ် တိုက်ပွဲ) မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစ္စရေးအမျိုးသမီး ပြုမူသလို (မှားတာ မှန်တာ အသာထား) လူသန်ကြီးကို အရင်ဆုံး တွန်းထုတ်ဖို့ တာဝန်ရှိတယ်လို့ ကျနော့်အနေနဲ့ အခိုင်အမာ ယူဆမိ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ “အုပ်ချုပ်ရေးဘက်ကနေ ကြိုးစားနေတဲ့ ကိစ္စတွေကိုလည်း မပြီးမြောက်သေးခင်ကို ကျမတို့အနေနဲ့ ပျက်စီးအောင်လို့၊ အခက်အခဲဖြစ်အောင်လို့ လုပ်ဖို့ ကျမတို့ ရည်ရွယ်ချက်မရှိဘူး။” လို့ ပြောပါတယ်။ အဲသလို ပြောခြင်းဟာ ဥပမာအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေတဲ့ အနေအထားမျိုးမှာ အာဏာပိုင်အဖွဲ့အစည်းက (အုပ်ချုပ်ရေးဘက်က) ကြားဝင်ဆောင်ရွက်ပေးနေခြင်းမျိုးဆိုရင် ကျနော် ထောက်ခံပါတယ်။ အခုဟာက အုပ်ချုပ်ရေးဘက်က လူတွေရဲ့ စစ်တပ်ကိုယ်နှိုက်က သူတို့နဲ့ အင်အားချင်းမမျှတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တတပ်ကို ထိုးစစ်ဆင်ခြေမှုန်းနေတဲ့ ကိစ္စပါ။ အဲဒီတော့ အုပ်ချုပ်ရေးဘက်ကနေ ကြိုးစားနေတဲ့ ကိစ္စတွေ ပြီးမြောက်တဲ့အထိ စောင့်နေမယ်ဆိုရင် ကချင်တိုင်းရင်းသားတွေအကုန်လုံး ကျိုးကြေကုန်နိုင်တာမို့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မျှော်မှန်းလုပ်ဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အုပ်ချုပ်ရေးဘက်က လူတွေနဲ့ ပလဲနံပပိုသင့်ပြီး ပြေလည်မှု ပိုရကောင်းရနိုင်ပေမယ့် ထိုးစစ်ဆင်ခြေမှုန်းခံရတဲ့ ကေအိုင်အေနဲ့တကွ ကချင်လူမျိုးတွေနဲ့တော့ ပိုပိုပြီး အလှမ်းဝေးကွာသွားနိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်သွားမှာကို အထူးစိုးရိမ်ရပါတယ်။

နောက်ဆုံးပြောချင်တဲ့ တချက်က စစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ ဆိုတာမျိုးက အုပ်ချုပ်ရေးဘက်က လူတွေ တာဝန်ပေးလာမှ လုပ်ဆောင်ရမယ့် အလုပ်မျိုးမဟုတ်ဘဲ (အုပ်ချုပ်ရေးဘက်က လူတွေကလည်း သူတို့ကိုယ်တိုင်က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တော့ ဘယ်တော့မှ တာဝန်ပေးမည်မထင်ပါ။ တာဝန်ပေးခဲ့ရင်လည်း သူတို့လိုချင်တဲ့ ဂိုက်လိုင်းအောက်ကပဲ ဆောင်ရွက်ခိုင်းမှာမို့ နာမည်ပျက်ဖို့ပဲ ရှိမှာပါ)၊ နိုင်သလောက် အကူအညီလေးပေးရုံနဲ့ ကိုယ့်တာဝန်ကျေပြီလို့ မယူဆသင့်ဘဲ စစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားတောင့်တတဲ့ ပြည်သူတွေနဲ့ လက်တွဲပြီး အသိရှိရှိ ပူးပေါင်းလှုပ်ရှားဆောင်ရွက်ရမယ့် အရေးကိစ္စလို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လေးလေးနက်နက် ပြန်စဉ်းစားကြည့်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
ညနေ ၃း၅၀ နာရီ
၁၉-၁၀-၂၀၁၂

http://drlunswe.blogspot.com/2012/10/blog-post_3041.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India