
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ တိုင်းရင်းသားတွေရဲ့
ကိုယ်ပိုင်အခွင့်အရေးတွေ ပိုပြီးရရှိရေးဟာ ကချင်အရေး အပါအဝင် မြန်မာနိုင်ငံ
တိုင်းရင်းသားအရေး ဖြေရှင်းနိုင်ဖို့အတွက် အဓိကသော့ချက် ဖြစ်ပါတယ်လို့
ကရင်ငြိမ်းချမ်းရေး အကျိုးဆောင်လည်းဖြစ် လက်ရှိ မြန်မာနိုင်ငံ
လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်လည်းဖြစ်တဲ့ ပါမောက္ခ ဦးထွန်းအောင်ချိန်က
ပြောလိုက်ပါတယ်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ၁၉၄၇ ဖွဲ့စည်းပုံထက်ပိုပြီး
Federal သဘောဆောင်တယ်လို့လည်း သူက ဆိုပါတယ်။ ဘာကြောင့်ပါလဲ။ ပါမောက္ခ
ဦးထွန်းအောင်ချိန်ကို မေးမြန်းပြီး ဦးကျော်ဇံသာ သုံးသပ်တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာ ပထမဦးဆုံးက အခုမြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်
အစိုးရတက်လာပြီးတဲ့နောက် မြန်မာပြည်သူတွေကကော နိုင်ငံတကာကကော
ငြိမ်းချမ်းရေး ပိုမို ထွန်းကားလာလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။
ဒါပေမယ့် တခြားတိုင်းရင်းသားတွေနှင့် အပစ်အခတ် ရပ်စဲရေးကနေပြီးတော့
ပိုပြီးတော့တောင်မှ တိုးတက်တဲ့သဘောထားတွေ တွေ့ရပေမယ့်
ကချင်တိုင်းရင်းသားလက်နက်ကိုင် အင်အားစုနှင့်ကြတော့ ဘာဖြစ်လို့ပိုပြီးတော့
အခြေအနေဆိုးသွားတယ်လို့ ဆရာထင်ပါသလဲ။ ဆရာ သုံးသပ်ချက်ကို ပထမဦးဆုံး
အကျဉ်းရုံး ပြောပါဆရာ။
ဦိးထွန်းအောင်ချိန် ။ ။ ပြဿနာတွေကတော့ ရှိတာပေါ့။ ပြဿနာ ရှိလို့ဘဲ ပဋိပက္ခ
ဖြစ်နေတာပေါ့။ ဒီပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ကတော့ နှစ်ဖက်စလုံးကတော့
ကြိုးစားရမယ်လို့တော့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ကရင် နှင့် ကချင် တိုင်းရင်းသားတွေရဲ့ ပြဿနာနှစ်ခုက ဘယ်လို ကွာခြားပါသလဲ။
ဦိးထွန်းအောင်ချိန် ။ ။ ကရင်က သူ ပိုကြာရှည်တာပေါ့။ သူက ကျနော်တို့ ၄၉
ခုနှစ်ကတည်းက စခဲ့တဲ့ ပြဿနာကြီး။ အဲပြဿနာက တောက်လျှောက် ကျနော်တို့ ဒီမှာ
တချိန်တုန်းကတော့ နည်းနည်း ပစ်ခတ်ရပ်စဲရေး အဆင့်အထိ ရောက်လာတယ်။ အဲဒါ
ဒါပေမယ့် ဆက်မလုပ်ဖြစ်ဘူးပေါ့။ အခုတခါတော့ ပြန်ပြီးတော့ ဒီမနှစ်က
ပစ်ခတ်ရပ်စဲရေး တင်မက ဆက်လက်ပြီးတော့ နိုင်ငံရေး ဆွေးနွေးမယ့်အဆင့်ထိ
ရောက်လာတော့ တော်တော်လေး အားရစရာဖြစ်တာပေါ့။ ကချင်ကတော့ သူက စောစောကတည်းက
အပစ်အခတ် ရပ်စဲရေး ရယူခဲ့တယ်။ အပစ်အခတ် ရပ်စဲရေးယူပြီးမှ ဒီအပစ်အခတ်
ရပ်စဲရေးအခြေအနေက ပျက်ပြားပြီး အခု ပြန်ပြီးတော့ ပဋိပက္ခဖြစ်လာတော့ သူက
ထူးခြားတဲ့ အခြေအနေတစ်ခုပေါ့။ နေရာထိုင်ခင်းကတော့ မတူဘူးပေါ့။
ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသား အင်အားစု နှစ်ခုလုံးကတော့ တကယ်တော့ သူတို့
ဒါ Self-Determination ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးခွင့် တစ်နည်းအားဖြင့်
ဒါ ကိုယ်ပိုင်အုပ်ချုပ်ရေး။
ဦိးထွန်းအောင်ချိန် ။ ။ ဒါကတော့ ဒီနှစ်ခုစလုံး မကောင်းဘူး။ တိုင်းရင်းသား
တော်တော်များများက ဒါပဲ ဒီလို ပြောနေကြတာပေါ့လေ။ အနည်းနှင့်အများပေါ့။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲလို လိုလားချက်ခြင်း တူပေမယ့်လည်း အခု
ကရင်နှင့်ကြတော့ ပိုပြီးတော့ အခြေအနေကကောင်းမွန်လာတယ်။ ပြီးတော့
ဆရာပြောသလို ကရင်နှင့်ဖြစ်လာတဲ့ ပြဿနာက ဟိုလွတ်လပ်ရေးမတိုင်ခင် သို့မဟုတ်
လွတ်လပ်ရေးအဦးကတည်းက ဖြစ်လာခဲ့တာ။ ကချင်နှင့်ပြဿနာက ဒီထက်တောင်
နောက်ကျတယ်ဆိုတော့။ ပိုတာရှည်တဲ့ဟာက အောင်မြင်လာပြီးတော့။ နောက်ပိုင်းမှ
ဖြစ်လာတဲ့ ပြဿနာက ဘာဖြစ်လို့ အဲလိုဖြစ်ရတာလဲ ဆရာ။
ဦိးထွန်းအောင်ချိန် ။ ။ သူ့နယ်မြေရဲ့ ထူးခြားချက်ရှိလို့ ဒီလို ထင်ပါတယ်။
ကချင်နယ်မြေက ကရင်နယ်မြေနှင့် ပုံစံမျိုး အခြေအနေမျိုး မဟုတ်ဘူးလေ။ သူ့မှာက
စီးပွားရေး အနေအထားက မတူဘူး။ စီးပွားရေး၊ လူမှုရေးပေါ့လေ။ အဲဒါလည်း
အကြောင်းတစ်ရပ်ဖြစ်မယ်လို့ ကျနော် ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကရင်လည်းဘဲ တချိန်တုန်းကဆိုရင်တော့ ထိုင်းနှင့်မြန်မာ
ကြားမှာ Buffer အဖြစ်နှင့် နေခဲ့ပြီးတော့ နောက်ပိုင်းမှာ ထိုင်းအစိုးရက
Battle Field to Market Place ပြောင်းမယ် ဘာညာဆိုပြီးတော့
လုပ်လာပြီးတော့နောက်မှာ ငြိမ်းချမ်းရေးရဖို့ အလားအလာတွေ ရှိလာတယ်လို့
ကျနော်ထင်ပါတယ်။
ဦိးထွန်းအောင်ချိန် ။ ။ ဟုတ်ပါတယ်။ ဒီနေရာကလည်း စီးပွားရေးအရ နည်းနည်း
အရေးကြီးလာတယ်လေ။ နောက် ကရင်အနေနှင့်လည်းပဲ ဒီထိုင်းနှင့် ဒီဘက်က
နိုင်ငံတော်အစိုးရကြားမှာ သူက နှစ်ဖက်ဖိအားရှိလာတယ်။ ပိုပြင်းလာတယ်ပေါ့။
ဒါကြောင့်လည်း သူလည်း ငြိမ်းချမ်းရေးရယူဖို့ ပိုပြီးတော့ ကြိုးစားလာတယ်လို့
ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ကချင်ပြည်နယ်ရဲ့ ဟိုဘက်ဒီဘက်မှာ ရှိတဲ့
ဒီတရုတ်နှင့် မြန်မာနိုင်ငံ တွေကလည်းပဲ ထိုင်းနှင့်မြန်မာလိုဘဲ အခု
စီးပွားရေးအရ သူတို့ ဆက်ဆံမယ်။ အဲဒီဒေသမှာ စီးပွားဖြစ်ထွန်းအောင်
လုပ်ချင်တယ်ဆိုတဲ့ သဘောထားတွေ ရှိနေကြတာဘဲ ဆရာ။
ဦိးထွန်းအောင်ချိန် ။ ။ ရှိတယ်။ ဒါပေမယ့် အပစ်အခတ် ရပ်စဲရေးခေတ်ကာလတုန်းက
ကချင်တွေက ဥပမာအားဖြင့် ကျောက်စိမ်းကိစ္စတို့၊ မြစ်ဆုံဆည်ကိစ္စတို့။
အဲဒါတွေက သူတို့အတွက် နစ်နာတယ်လို့ သူတို့ ထင်ခဲ့တဲ့ သဘောတော့ ရှိနေတယ်လို့
ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမယ့် သူတို့ အခု မြစ်ဆုံရေကာတာကို ရပ်ဆိုင်းလိုက်တယ်။
Suspend လုပ်ထားလိုက်တယ်ဆိုတော့ ဆရာ အဲဒီဟာက သူတို့အတွက် ကျေနပ်စရာ
မဖြစ်ဘူးလား။
ဦိးထွန်းအောင်ချိန် ။ ။ အဲဒါတော့ တော်တော်လေး ငြိမ်းချမ်းရေးရယူဖို့အတွက်
အတော့်ကို ကောင်းသွားတာပေါ့။ ဒီဥစ္စာက။ ဒါပေမယ့် နာကြည်းချက်တွေ
ကျန်သေးတယ်လို့ ကျနော် ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ စီးပွားရေးအားဖြင့်ကတော့ ဒီ ကျောက်စိမ်းတွေ ဘာတွေ ထုတ်ယူတဲ့နေရာမှာ အစိုးရဘက်က…
ဦိးထွန်းအောင်ချိန် ။ ။ ကျောက်စိမ်းတွေမက ကျုပ်တို့ သံယံဇာတ ပစ္စည်းတွေ တော်တော်လေး ထုတ်သွားတယ်လို့ သိရတယ်ပေါ့။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ သူတို့က ဒေသခံ။
ဦိးထွန်းအောင်ချိန် ။ ။ ဒေသခံရဲ့ အကျိုးစီးပွားကို လျစ်လျူရှုပြီးတော့
အပြင်က အင်အားစုတွေက ဝင်လာပြီးတော့ အသုံးချသွားတယ်လို့ အဲလို သူတို့
မြင်တယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဟာကို ညှိနှိုင်းဖို့ အာဏာပိုင်တွေဘက်က
ညှိနှိုင်းဖို့ မဖြစ်နိုင်ဘူးလား ဆရာ။ အဲဒါကို သူတို့
နားလည်သဘောပေါက်အောင်။ ဒီဟာ မျှမျှတတဖြစ်အောင် လုပ်ပေးမယ်ဆိုတာ။
ဦိးထွန်းအောင်ချိန ်။ ။ အဲဒါတော့ ညှိနှိုင်းဖို့ လိုတာပေါ့။ အဲဒါညှိနှိုင်းလို့ ရမှဘဲ ကျနော်တို့က ငြိမ်းချမ်းရေး ရယူမှာဖြစ်တာပေါ့။
ဦးကျော်ဇံသာ ။ ။ အခုကတော့ မြန်မာအစိုးရဘက်က ပြောတာကတော့ သူတို့က
ထိုးစစ်မဆင်ဘူး။ သူတို့ရဲ့ တပ်ဖွဲ့တွေရဲ့ လုံခြုံရေးအတွက်သာ ပစ်မှတာ
ပြန်ပစ်တာ ဖြစ်ပါတယ် ဘာညာဆိုတာကိုတော့ ပြောနေတာပါဘဲ။
ငြိမ်းချမ်းရေးအဖွဲ့ဆိုတာလည်း အကြိမ်ပေါင်း။
ဦိးထွန်းအောင်ချိန် ။ ။ ဒါပေမယ့် သူတို့ဘက်က တော်တော်ပြင်းထန်တဲ့
သဘောပေါ့။ လက်နက်ကြီးတွေ သုံးတယ်။ လေယာဉ်တွေ သုံးပြီး အဲလိုမျိုး
ကြားနေရတာဘဲ။ ဒါ ပြင်းထန်တဲ့ သဘောပေါ့။ ခံစစ် ဖြစ်ပေမယ့် သုံးတဲ့
လက်နက်ကြီးတွေက လက်နက်ကြီး သုံးတော့လည်း ကြားထဲက ပြည်သူတွေက ခံရတဲ့သဘောလည်း
ရှိတယ်။
ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ ကြားဝင်စေ့စပ်ပေးဖို့ဆိုတာ ဥပမာ ဆရာတို့လို
ပုဂ္ဂိုလ်တွေ။ ဆရာတို့ဆိုရင် KNU နှင့် စေ့စပ်ရေးကိုလည်းဘဲ အကြိမ်ကြိမ်
ဆောင်ရွက်ပေးခဲ့ဖူးတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ တိုင်းရင်းသား လည်းဖြစ်တယ်။
တိုင်းရင်းသားဘက်က လူသူလေးစားတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တော့
အဲလိုပုဂ္ဂိုလ်တွေက ဝင်ရောက်စေ့စပ်ပေးမယ် ဆိုရင်ကော ဆရာ။ ဖြစ်နိုင်မယ့်
အလားအလာ မြင်ပါလား ဆရာ။
ဦိးထွန်းအောင်ချိန် ။ ။ ကချင်ဘက်က ရှိမယ်လို့ ကျနော်ထင်ပါတယ်။
ကချင်ဘက်လည်း ငြိမ်းချမ်းရေး လိုလားတဲ့သူ အများကြီးရှိပါတယ်။
သူတို့အနေနှင့် ဝင်ပြီးတော့ စေ့စပ်နိုင်လို့ရှိရင် ဖြစ်နိုင်လိမ့်မယ်လို့
ကျနော်ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု တချို့ပြောတာကတော့ အခု ၈၈ ကျောင်းသားတွေ။
ကိုမြအေးတို့ သွားတယ်။ ပြန်လာတယ်။ အခြေခံအားဖြင့် သူတို့ ငြိမ်းချမ်းရေး
စကားပြောဖို့ဆိုတာကို နှစ်ဖက်လုံး သဘောတူတယ်။ ဒါပေမယ့် အသေးစိတ်လေးတွေမှာ
ဖြစ်နေကြတယ်။ ရှေ့တန်းမှာ သူ့ကိုငါ တိုက်လို့ ငါ ပြန်တိုက်ရတယ်ဆိုပြီး
တစ်ယောက်တစ်ယောက် အပြစ်တင်ပြီး ဖြစ်နေကြတယ်။ အဲလို အသေးမွှာလေးတာ
ကျန်တယ်လို့ ပြောပါတယ်။ အဲလောက်ထိကော ဟုတ်ပါရဲ့လား ဆရာ။ ဒါထက်များ။
ဦိးထွန်းအောင်ချိန် ။ ။ အသေးအမွှာမက။ အခုဟာဒီ အပစ်အခတ်ရပ်စဲရေး
အခြေအနေလောက်ရောက်မှ ကျနော်တို့က နည်းနည်း စိတ်ချမ်းသာမယ်လို့ ကျနော်
ထင်ပါတယ်။ တဘက်ကတိုက်ရင် တဘက်က ဆွေးနွေးလို့ မလွယ်လောက်တဲ့ အခြေအနေပဲ။
ဦးကျော်ဇံသာ ။ ။ နောက်တစ်ခုက ကချင်နှင့် သူတို့က လွန်ခဲ့တဲ့ ၁၇
နှစ်လုံးလုံး အပစ်အခတ် ရပ်စဲရေးရခဲ့တယ် ဆိုတော့ အဲဒီကာလရဲ့ မူဝါဒနှင့်
အခုလက်ရှိ အစိုးရရဲ့ သဘောထားနှင့်ကော ဘယ်လောက်ကွာဟမှု ရှိပါသလဲ ဆရာ။
အဲဒါကြောင့်များ သူတို့ ပိုပြီးများ ဆိုးလာသလား။ ကချင်တိုင်းရင်းသားတွေ
ဒါကြောင့်များ ပိုပြီး နာကြည်းလာကြသလား။
ဦိးထွန်းအောင်ချိန် ။ ။ အခု အစိုးရ။ ကျနော့် စိတ်ထင်တော့ ငြိမ်းချမ်းရေး
အရင်ကထက်တောင် လိုလားတဲ့ အစိုးရ ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။ ဒီဘက်ကလည်း
ဆန္ဒရှိပါတယ်။ ဒီဘက်က ဒီမိုကရေစီ ချီတက်ရာမှာ တိုင်းရင်းသား
စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် သွားဖို့ တော်တော်လေး ဆန္ဒရှိတယ်လို့
ကျနော် ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာ အဲဒီတော့ အခု ဒီမြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး
လုပ်နေတဲ့ လမ်းကြောင်း။ နိုင်ငံတကာကလည်း အခုထိကတော့ ဒီကိစ္စကို
ပါးစပ်ကသာပြောသေးတယ်။ ဘာမှ အရေးတယူလုပ်တာတော့ မရှိသေးဘူး။ ဒါပေမယ့် တချို့
ဆော်သြသူတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေ သိပ်များနေတဲ့အတွက်ကြောင့်
နိုင်ငံတကာ အကူအညီပေးတာတောင်မှ ပြန်လည်စဉ်စားးသင့်တယ်။ အဲဒါမျိုးတွေ
ပြောနေကြပါတယ် ဆရာ။ ဆိုတော့ ဒီကချင်နဲ့ဖြစ်နေတဲ့ ပြဿနာဟာ ပြည်ထောင်စု
ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီ ထွန်းကားရေးအတွက် ဘယ်လောက်ထိ အန္တရာယ်များ
ဖြစ်နေပါသလဲ ဆရာ။
ဦိးထွန်းအောင်ချိန် ။ ။ ဒါကြီိးက အဟန့်အတားကြီး တစ်ခုဖြစ်တာပေါ့။
လူ့အခွင့်အရေး ချိုးဖောက်မှုကလည်း။ ပဋိပက္ခ ဖြစ်နေတဲ့ကာလကတော့
လူ့အခွင့်အရေး ချိုးဖောက် ရှိမှာပဲ။ ဒါကတော့ မလွဲမရှောင်တာဘဲလေ။
တခြားနေရာဒေသမှာလည်း ဒီအတိုင်းဘဲ။ ပဋိပက္ခ ဖြစ်နေတဲ့
နေရာဌာနတွေဆိုလို့ရှိရင် ဒီလိုဘဲ လူ့အခွင့်အရေးဟာ လျစ်လျူရှုတဲ့သဘောမျိုး
ဖြစ်သွားတာပေါ့။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဒီမိုကရေစီဖော်ဆောင်ရေး နောက်ပြန်လှည့်နိုင်တယ်။
နောက်ဆုတ်နိုင်တယ်။ တစ်နည်းအားဖြင့် ရပ်တန့်နိုင်တယ်လို့ကော ထင်ပါသလား။
ဦိးထွန်းအောင်ချိန် ။ ။ ကျနော်တော့ မထင်ဘူး။ ရှေ့ဆက်သွားမှာဘဲ။
ဒီတိုင်းရင်းသား ရင်ကြားစေ့ရေးကိစ္စပဲ နည်းနည်း ပြဿနာရှိနေတာ။
ဒီမိုကရေစီလမ်းကြောင်းကတော့ ဆက်သွားမှာဘဲ။
ဦးကျော်ဇံသာ ။ ။ အခု အစိုးရဟာ တိုင်းရင်းသားတေ ွပြောနေတဲ့ Federal
ဆိုတဲ့စကားကို သိပ်ကြောက်တယ်လို့ နိုင်ငံတကာက သုံးသပ်သူ တချို့လည်း
ပြောကြပါတယ်။ တိုင်းရင်းးသားတွေကလည်း ဒါကို လိုချင်တယ်။ ဆိုတော့ ဒီဟာကော
ဘယ်လောက် အရေးကြီးပါလဲ ဆရာ။ ဒီစကားကို မသုံးဘဲနှင့် တချို့ဆိုလို့ရှိရင်
ဦးခင်မောင်ကြီး တစည ကဆိုရင် ကျနော် အင်တာဗျူး တစ်ခါ လုပ်ခဲ့တုန်းက
ဒီစကားကိုတော့ မသုံးဘူးပေါ့လေ။ ဒါပေမယ့် ဒီလိုအဆင့်အတန်းမျိုး
အခွင့်အရေးမျိုး ပေးချင်ပါတယ် ဘာညာပြောပါတယ် ဆရာ။
ဦိးထွန်းအောင်ချိန် ။ ။ သဘောကတော့ အခုကလည်း အခုလက်ရှိပုံစံကလည်း Federal
သွားမယ့် လမ်းကြောင်းပေါ်ရောက်တဲ့ပုံစံမျိုးဘဲ။ ပြည်နယ်အစိုးရတွေ၊
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ အခွင့်အရေးပိုပေးမယ်၊
အာဏာပိုပေးလာမယ်ဆိုပြီး ဒါလည်း Federal သဘောသက်ရောက်တာပဲ။
ဦးကျော်ဇံသာ ။ ။ ဆရာ ဒါပေမယ့် အနှစ်သာရက ပြည်နယ်တွေရဲ့ State Authority
ကတော့ ပြည်ထောင်စု ဗဟိုအစိုးရက ခေါင်းခေါက်ရွေးတဲ့ဟာတွေ အဓိက ဖြစ်နေတာပေါ့
ဆရာ။
ဦိးထွန်းအောင်ချိန် ။ ။ မဟုတ်ဘူးလေ။ ပုံစံကတော့ တော်တော်လေးရောက်နေပါပြီ။
ပြည်နယ်အစိုးရ ပိုပြီးတော့ အာဏာရှိလာ၊ ပြည်နယ်အစိုးရ ပိုပြီိးတော့
လုပ်ပိုင်ခွင့် ရှိလာမယ်ဆိုလို့ရှိရင် ဒါက Federal ပဲလေ။ ဒါပေမယ့် Federal
နှင့် အဆင်ပြေချင်မှပြေမှာကိုး။ ဒါကလည်း ပြည်နယ်လည်းရှိတယ်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသလည်း ရှိတယ်။ နောက်တခြား
တခြားတိုင်းရင်းသားတွေကလည်း ရှိသေးတယ်။
ဦးကျော်ဇံသာ ။ ။ Federal ပုံစံကိုပြောမယ်ဆိုရင် ၄၇ ခုနှစ်
ဖွဲ့စည်းပုံမှာလည်း ဒီလိုပဲ ပေးခဲ့တာ မဟုတ်ဘူးလား ဆရာ။ ပြည်နယ်ဆိုတာ
ဖွဲ့စည်းပေးထားခဲ့တာ။ ဒါပေမယ့် ဒါကို တိုင်းရင်းသားတွေက...
ဦိးထွန်းအောင်ချိန် ။ ။ ၄၇ခုနှစ် ဖွဲ့စည်းပုံက ပုံစံတစ်မျိုးလေ။သူက
အရင်ရှိခဲ့တဲ့ Ministrials of Burma Proper ကို ဆွဲပြီးတော့ schedule
လေးတွေ သူက ဆက်ဆက်ပေးလိုက်တဲ့ သဘောလောက်ဘဲရှိတယ်။ ထူးထူးခြားခြား
မဖြစ်လာဘူး။ အဲဒါကို တောင်ကြီးညီလာခံတုန်းက ဒါ အကြီိးအကျယ် ဝေဖန်တာဘဲ
မဟုတ်ဘူးလား။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု ဆရာက ၂၀၀၈ ဖွဲ့စည်းပုံက ၄၇ ဖွဲ့စည်းပုံထက် သာတယ်လို့ ဆရာက ယူဆပါသလား။
ဦိးထွန်းအောင်ချိန် ။ ။ ကျနော် ယူဆတယ်။ သူသာတယ်။
ဦးကျော်ဇံသာ ။ ။ ဘယ်အချက်တွေမှာ သာပါသလဲ ဆရာ။
ဦိးထွန်းအောင်ချိန ်။ ။ ဘယ်အချက်တွေမှာ သာသလဲဆိုလို့ရှိရင် သူက ပြည်နယ်တွေ
တိုင်းဒေသကြီးတွေမှာ သီးခြားအစိုးရတွေ ရှိပြီးတော့ သူ့ဟာသူ
သီးခြားဆောင်ရွက်သွားတဲ့သဘော ရှိတယ်လေ။ ဟိုတုန်းက ပြည်နယ်မှာရှိတဲ့
လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေဘဲလေ။
သိပ်ပြီးတော့ သူက သီးခြားမရှိလားဘူး။ အခုက သီးခြားရှိတဲ့သဘော ဖြစ်နေတာပေါ့။
အဲဒီကနေဆက်ပြီးတော့ ကျနော်တို့က ပြည်နယ်တို့ တိုင်းဒေသကြီးတို့
ပိုပြီးတော့ အာဏာပေးလိုက်မယ်ဆိုလို့ရှိရင် ဒါ Federal
လမ်းကြောင်းပေါ်ရောက်သွားမှာဘဲ။
ဦးကျော်ဇံသာ ။ ။ နောက်တစ်ခုက စစ်တပ်ရဲ့ အခန်းကဏ္ဍကော ဆရာ။
ပြည်နယ်တွေမှာဆိုရင် ပိုပြီးတော့ ဆိုးတယ်လို့ ထင်ရပါတယ်။ တချို့က
ပြည်နယ်မှာရှိတဲ့ တိုင်းမှုးနှင့် ပြည်နယ်ဝန်ကြီးချုပ် ဘယ်သူ ပိုပြီးတော့
ပြည်နယ်အဆင့်ကို ပြောမယ်ဆိုရင်ပေါ့ ဆရာ။ ပြည်နယ်မှာ စစ်တပ်က ပိုပြီးတော့
အာဏာလွှမ်းမိုးမှု ရှိနေတယ်လို့ သုံးသပ်ကြပါတယ်။
ဦိးထွန်းအောင်ချိန် ။ ။ ဒါကတော့ ပဋိပက္ခရှိတဲ့ ဒေသမှာကတော့ တပ်က
အခန်းကဏ္ဍရှိတာပေါ့။ တကယ့်ကို ငြိမ်းချမ်းရေး ရလာတဲ့အခါမှာ တပ်က သူရဲ့
ဟိုဒင်းက လျော့သွားမှာပေါ့။ သူ့အခန်းကဏ္ဍက နည်းနည်း မှိန်သွားမှာပေါ့။
ဥပမာအားဖြင်း ကျနော်တို့ ဧရာဝတီတိုင်းဒေသမှာ တိုင်းရင်းသားတွေ
အများကြီးရှိတာဘဲ။ ဒီတိုင်းရင်းသားအများကြီးမှာမှ ဘာမှ သိပ်ပြီးတော့ ပြဿနာ
မရှိလာဘူး။
ဦးကျော်ဇံသာ ။ ။ ပြည်ထောင်စုအစိုးရမှာကော နိုင်ငံတော်သမ္မတက တချို့က
ပြောကြပါတယ်။ ဒီကချင်အရေး အပစ်အခက်ရပ်စဲဖို့ သမ္မတက ညွှန်ကြားတယ်။ တပ်က
မလိုက်နာဘူး ဆိုပြီးတော့ ပြောကြပါတယ်။ ဒါကြောင့် သမ္မတတောင်မှာ ဒီကိစ္စမှာ
အာဏာမရှိဘူးလို့ ပြောနေကြတာပါ။ ဘယ်လိုမြင်ပါလဲ ဆရာ။
ဦိးထွန်းအောင်ချိန် ။ ။ ဒါတော မသိဘူးလေး။ ကျနော်တို့ ရှေ့နောက် command က
ဘယ်လိုရှိမှန်း ကျနော်ကလည်း သေချာသိတာမှ မဟုတ်ဘဲ။ သမ္မတက အမေရိကန်သမ္မတလို
Commander in Chief မှ မဟုတ်ဘဲ။ Commander in Chief သက်သက်
ရှိတာကို။ကျနော်တို့ ဖွဲ့စည်းပုံမှာ သမ္မတက Commander in Chief မှ မဟုတ်ဘဲ။
ဦးကျော်ဇံသာ ။ ။ ဆရာ အခု မြန်မာနိုင်ငံတိုင်းရင်းသားတွေနှင့်
ဖြစ်နေတဲ့ကိစ္စ ကချင်နှင့်ဖြစ်နေတဲ့ကိစ္စကို ခဏထားရင်
ကျန်တဲ့တိုင်းရင်းသားတွေနှင့် ရရှိထားတဲ့အဆင့်ကကော တော်တော်လေး
ငြိမ်းချမ်းရေးအလားအလာ ရှိတယ်လို့ ဆိုနိုင်ပါသလား။ အခု ရှမ်းနှင့်လည်းဘဲ
ဖြစ်နေတယ် ဆရာ။ ရှမ်းမှာလည်းဘဲ တချို့။
ဦိးထွန်းအောင်ချိန် ။ ။ ငြိမ်းချမ်းရေး အလားအလာတော့ ရှိပါတယ်။ တော်တော်လေး
ကောင်းနေပါတယ်။ တိုင်းရင်းသားပြဿနာကတော့ နေ့ချင်းညချင်းဖြေရှင်းလို့
ပြီးမယ့် ပြဿနာမျိုးမှ မဟုတ်ဘဲ။ တိုင်းရင်းသားတွေကလည်း အများကြီးရှိတယ်။
သူတို့ ဆန္ဒတွေကလည် အမျိုးစုံရှိတယ်။ ဒါတွေကို ညှိပြီးတော့
ဆောင်ရွက်ရမယ့်ကိစ္စဆိုတော့ လွယ်လွယ်ကူကူနှင့်တော့ မဖြစ်လာဘူး။
ကြာတော့ကြာဦးမှာဘဲ။
ဦးကျော်ဇံသာ ။ ။ တချို့က ဗမာဗဟိုအစိုးရက Federal တိုင်းရင်းသားတွေ
ခွဲထွက်မှာကိုစိုးရိမ်တယ်ဆိုပြီး ပြောပါတယ်။ အဲလို ခွဲထွက်မယ်ဆိုတဲ့
စိုးရိမ်စရာ တကယ့်အခြေအနေ ဆက်လက်ရှိနေသေးတယ်လို့ ဆရာ ထင်ပါသလား ဆရာ။
တကယ်များ။
ဦိးထွန်းအောင်ချိန် ။ ။ ကျနော် မထင်ပါဘူး။ ကျနော်ထင်တယ် တိုင်းရင်းသား။
ဘယ်တိုင်းရင်းသားမှ ခွဲထွက်မယ့် သဘောတော့ ရှိမှာမဟုတ်ဘူး။ ပြည်ထောင်စုထဲမှာ
အားလုံး နေချင်မယ့်သဘော ရှိပါတယ်။ တစ်ခုဘဲပေါ့ နည်းနည်း။ တိုင်းရင်းသားတွေ
အခွင့်အရေးပိုရလာမယ်၊ အာဏာပိုရှိလာမယ်။ အဲဒီသဘောလောက်ဘဲ သူတို့
လိုချင်ကြမယ်လို့ထင်တယ်။
ဦးကျော်ဇံသာ ။ ။ ဒါကိုကော ဗဟိုအစိုးရက သဘောပေါက်မယ် ထင်ပါသလား ဆရာ။
ဦိးထွန်းအောင်ချိန် ။ ။ ပေါက်ပါလိမ့်မယ်။ သူကလည်း အခု ပိုပြီးတော့ Open
ဖြစ်လာတယ်လေ။ နိုင်ငံတကာကကော၊ ပြည်တွင်းကကော သဘောထားတွေအမျိုးမျိုး
ဖော်ထုတ်လာတော့ သူလည်း အဲဒါတွေ နားလည်ပါတယ်။
http://burmese.voanews.com/content/news-analysis-federal-union-constitution/1580967.html
အသံ
News Analysis - UTAC