Showing posts with label ALP. Show all posts
Showing posts with label ALP. Show all posts

September 27, 2012

ရခိုင်ဒေသ လူထုအစည်းအဝေးမှ အတည်ပြု၊ ဆုံးဖြတ်ချက်များအပေါ် ALPသဘောထားထုတ်ပြန်


ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် ကျင်းပခဲ့သည့် ရခိုင်ဒေသ လူထုအစည်းအဝးမှ အတည်ပြုဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်များအား ရခိုင်လွတ်မြောက်ရေးပါတီ(ALP)မှ ထောက်ခံကြိုဆိုကြောင်းနှင့် အကြံပြု တိုက်တွန်းချက်များအား ALPမှ အလေးနက်ထား လုပ်ဆောင်သွားမည်ဟု သဘောထား ကြေငြာချက်ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

http://arakantimes.net/burmese/index.php/2012-02-24-06-58-57/488-----alp

September 13, 2012

ရခိုင်လွတ်မြောက်ရေးပါတီ ဆက်ဆံရေးရုံးဖွင့်ပွဲအခမ်းအနား


ရခိုင်လွတ်မြောက်ရေးပါတီ ဆက်ဆံရေးရုံးဖွင့်ပွဲအခမ်းအနား (ရုပ်သံ)

September 4, 2012

ရခိုင်လွတ်မြောက်ရေးပါတီ ပထမဆုံး ဆက်ဆံရေးရုံးဖွင့်လှစ်

စက်တင်ဘာလ ၀၃ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၂၉ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စစ်တွေ (မဇ္ဈိမ) ။        ။ ငြိမ်းချမ်းရေးဆွေးနွေးမှုများ အစိုးရနှင့် လုပ်ကိုင်လျက်ရှိသော ရခိုင်ပြည်လွတ် မြောက်ရေး ပါတီ (ALP) ၏ ဗွေဆော်ဦး ဆက်ဆံရေးရုံးတခုကို ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် တနင်္လာနေ့က ဖွင့်လှစ် လိုက်သည်။

ရခိုင်ယဉ်ကျေးမှုအဖွဲ့ဝင်များ အပါအဝင် လူ ရ၀၀ ခန့်တက်ရောက်သော ဆက်ဆံရေးရုံးဖွင့်ပွဲကို ALP ပါတီ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ဒေသရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ တက်ရောက် ဖဲကြိုးဖြတ်ခဲ့ကြသည်။
alp
ALP ပါတီ ဆက်ဆံရေးရုံးဖွင့်ပွဲ အခမ်းအနားအား လူ ရ၀၀ ခန့်တက်ရောက် (ဓါတ်ပုံ သိန်းလှိုင်/မဇ္စျိမ)
ပြည်ထောင်စုအဆင့် ဆွေးနွေးခြင်း အပါအဝင် ရခိုင်ပြည်သူ့ဘဝ မြင့်မားလာစေရေးဆောင်ရွက်သည့်နေရာတွင် နီးကပ်စွာ အထောက်အကူပေးနိုင်ရန် ရည်ရွယ်သည်ဟု ဆက်ဆံရေရုံးဖြစ်မြောက်ရေး အဖွဲ့ခေါင်းဆောင် ဦးခိုင်အောင်စိုးသန်းက ပြောသည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ဧပြီ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ အစိုးရနှင့် ALP ငြိမ်းချမ်းရေးဆွေးနွေးပွဲများ
ပြုလုပ်ခဲ့သည်။

ဗိုလ်မှူးကြီးထိန်လင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့်ALP အကြား ဧပြီလ ငြိမ်းချမ်းရေး သဘောတူညီချက်အရ ဆက်ဆံရေးရုံး ဖွင့်လှစ်ခဲ့နိုင်ခြင်း ဖြစ်ကြောင်းနှင့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများ ဖြစ်ပေါ်ရေး ကြိုးစား
ဆောင်ရွက်သွားမည်ဟု ပြောသည်။

ALP သည် ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ၁၉၆၇ခုနှစ်တွင် ရန်ကုန်မြို့၌ စတင်တည်ထောင်ခဲ့ပြီး၊ ၁၉၇၄ မှစ၍ လက်နက်ကိုင်လမ်းစဉ်ဖြင့် ပြည်သူ့လွတ်မြောက်ရေး ဆောင်ရွက်ခဲ့သည်။
 
http://www.mizzimaburmese.com/news/breaking-newsbrief/10020-2012-09-03-12-00-32.html

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဆက်ဆံရေးရုံး ကျောက်တော်မြို့မှာ ဖွင့်လှစ်

2012-09-03
မကြာသေးခင်က အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခု ဖြစ်တဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ပထမဆုံး ဆက်ဆံရေးရုံးကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ မနေ့မနက်ပိုင်းက ဖွင့်လှစ်လိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးခင်ရီ၊ ALP ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းတို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်တွေ့ဆုံစဉ်။
ရုံးဖွင့်ပွဲ အခမ်းအနားမှာ လူပေါင်းတစ်ထောင်ကျော် တက်ရောက်ခဲ့ကြပြီး ရခိုင်ပြည်နယ် အတွင်းရှိ တစ်ခြားမြို့နယ်တွေမှာလည်း ဆက်လက် ဖွင့်လှစ်သွားဖို့ရှိတယ်လို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အတွင်းရေးမှူးဖြစ်သူ ဒေါ်စောမြရာဇာလင်းက RFA ကို ပြောကြားပါတယ်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဆက်ဆံရေးရုံးကို ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းက ဖွင့်လှစ်ဖို့ ကမ်းလှမ်းထားခဲ့ပေမယ့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရုံးဖွင့်လှစ်ရေးကို အစိုးရဘက်က ဆိုင်းငံ့ထားခဲ့ပြီး အခုမှ ဖွင့်လှစ်ခွင့် ရရှိတာဖြစ်တယ်လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
ဘင်္ဂလားဒေ့ရ်ှ အခြေစိုက် ရခိုင်အမျိုးသမီး အစည်းအရုံး ဥက္ကဋ္ဌလည်းဖြစ် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ဗဟိုကော်မတီဝင် တစ်ဦးလည်းဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းဟာ ၈၈ ဒီမိုကရေစီ အရေးအခင်း ကာလတည်းက ပြည်ပမှာ ခိုလှုံခဲ့တာ ဖြစ်ပြီး ၂၄ နှစ်အကြာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့က ဆက်ဆံရေးရုံး ဖွင့်ဖို့အတွက် ရခိုင်ပြည်နယ်ကို ပထမဆုံးအကြိမ် ရောက်ရှိ လာတာလည်း ဖြစ်ပါတယ်။
အဲဒီနောက် ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက နေပြည်တော်ကို သွားရောက်ခဲ့ပြီး ဝန်ကြီး ဦးအောင်မင်းနဲ့ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ ပါတီဆက်ဆံရေးရုံး ဖွင့်လှစ်ခွင့် ကိစ္စကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

http://www.rfa.org/burmese/news/alp-office-open-09032012164626.html

August 28, 2012

ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ ဗဟို အလုပ်အမူဆောင် ကော်မီတီဝင် ဒေါ်စောမြရာဇာလင်း ရခိုင်သို့ထွက်ခွာ

မောင်အေး

ရခိုင်ပြည် လွှတ်မြှောက်ရေး ပါတီဗဟို အလုပ်အမူဆောင် ကော်မီတီဝင် ဒေါ်စောမြရာဇာလင်းသည် အဖွဲ့ဝင် (၆) ဦးနှင့် အတူ ယနေ့တွွင် တက်ကနက်မြို့မှ တဆင့် မောင်တောသို့ ထွက်ခွာသွားကြောင်း သိရသည်။

ဒေါ်စောမြရာဇာလင်းက သူမ၏ ခရီးစဉ်နှင့်ပတ်သတ်ပြီး ခရီးမထွက်ခွာမည် ညနေပိုင်းက နိရဥ္စရာသို့ ယခုကဲ့သို့ ပြောကြားသည်။
“ကျမက ၂၄ နှစ်ကြာ ရခိုင်ပြည်နဲ့ ဝေးနေခဲ့ရပါတယ်။ အခုလို သမ္မတ ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ် လိုက်တဲ့အချိန်မှာ ရခိုင်ပြည်မှာ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေကို ကျမအနေနဲ့ အားပေး စကားပြော ချင်တာလည်းပါတယ်။ နောက်တခုက ကျမတို့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီက ပထမဆုံးအကြိမ် ဆက်သွယ်ရေးရုံးကို ဖွင့်လှစ်နိုင်ဖို့ အတွက် လည်း ပါ၀င်တယ်။ ဒါကြောင့် ဒီခရီးစဉ်ကို သွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဒေါ်စောမြရာဇာလင်းမှာ ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ (ALP) ၏ ဗဟို အလုပ်အမူဆောင် ကော်မီတီဝင် သာမက  ဘင်္ဂလာဒေ့ချ်နိုင်ငံ အခြေစိုက် ရခိုင်အမျိုးသမီးအစည်းအရုံး၏ ဥက္ကဌ လည်းဖြစ်သည်။
“ ကျမ ခရီးစဉ်မှာ သမတဦးသိန်းစိန်ကိုလည်း တွေ့ဆုံခွင့်တောင်းထားပါတယ်။ ဒေါ် အောင်ဆန်းစု ကြည်နဲ့လည်း တွေ့ဆုံခွင့် တောင်းထားပါတယ်။ သူတို့နဲ့တွေ့ရဖို့ဆိုတာကလည်း သူတို့ရဲ့ အချိန် တွေအား မအားနဲ့ သက် ဆိုင်ပါမယ်။ ပြီးတော့ ရတပ ပါတီကခေါင်းဆောင်တွေ၊ ALD ပါတီက ခေါင်းဆောင် တွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေ စစ်တွေက မြို့မိမြို့ဘတွေနဲ့ ရသေ့တောင်က မြို့မိ မြို့ ဘတွေ နဲ့လည်း တွေ့ဆုံဖို့စီစဉ်ထားပါတယ်”  ဟု ဆိုသည်။
ဒေါ် စောမြရာဇာလင်းနှင့် အဖွဲ့အား ရခိုင်ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး  ဗိုလ်မှူးကြီး ထိန်လင်းနှင့် နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်နိုင်ဦးတို့မှ မောင်တောတွင်  ဦးဆောင် ကြိုဆို မည်ဖြစ်ကြောင်း သူမ ခရီးစဉ်နှင့်ပတ်သတ်ပြီး ထုတ်ပြန်သည့် သတင်း ထုတ်ပြန်ချက် တစ်ခုတွင် ဖော်ပြ သည်။
ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် အဖွဲ့ သည် ယနေ့တွင် တက်ကနက်မြို့မှ မောင်တောမြို့သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း  မောင်တော ဒေသခံ တစ်ဦးက ပြောသည်။
“မနေ့ မောင်တော ဆိပ်ကမ်းမှာ ဒီက ရခိုင်အမျိုးသား- အမျိုးသမီတွေ၊ မြို့ကလူကြီးတွေ၊ ရတပ ပါတီက အမျိုးသမီးတွေနဲ့ ဌာန ဆိုင်ရာတွေကလည်း ကြိုဆိုကြပါတယ်။ ပြီးတော့ အောင်ဗလ ဆရာတော်ကြီး ကိုလည်း သွားပြီးကန် တော့ ခဲ့ပါတယ်” ဟု ဆိုသည်။
ယနေ့နံနက်ပိုင်းက ဒေါ်စောမြရာဇာလင်းနှင့်အဖွဲ့သည် မောင်တောမှ ဘူးသီးတောင်၊ ဘူးသီးတောင်မှ တဆင့် အမြန်ယဉ်ဖြင့် စစ်တွေသို့ ထွက်ခွာသွားပြီးဖြစ် သည်။
ဒေါ် စောမြရာဇာလင်းနှင့်အဖွဲ့ကို ကြိုဆိုရန် ယနေ့ နံနက်ပိုင်းက စစ်တွေမြို့တွင် လော်စပီကာဖြင့် မြို့ကို ပတ်ပြီး တိုက်တွန်းနေကြောင်း စစ်တွေမြို့မှ လူငယ်တဦးကပြောသည်။
ဒေါ် စောမြရာဇာလင်းမှာ ယခုနှစ် ဧပြီလအတွင်းက ပြုလုပ်ခဲ့သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီနှင့် မြန်မာအစိုးရတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အဖွဲ့ဝင်တဦးအဖြစ် ပါ၀င်ပြီး သွားရောက်ရန် စီစဉ်ခဲ့ သော်လည်း အကြောင်း အမျိုးမျိုးကြောင်း ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး ယခုမှ သူမ၏ မြန်မာပြည် ခရီး စဉ်ကို စတင်နိုင်ခြင်း ဖြစ်သည်။
ဒေါ် စောမြရာဇာလင်းမှာ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံတွင်ပေါ် ပေါက်ခဲ့သည့် အရေးအခင်းကာလတွင် စစ် တွေမြို့၌ သပိတ် ခေါင်းဆောင်တဦးအဖြစ် ပါ၀င်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် ဘင်္ဂလာဒေ့ချ်သို့ ထွက်ခွာလာခဲ့ပြီး တော်လှန်ရေး လုပ်နေ သူ အမျိုးသမီး ဖြစ်သည်။

http://www.narinjara.com/burmese/?p=1863

 

August 23, 2012

ပလက်ဝ မြို့နယ်အတွင်း အစိုးရစစ်တပ် အင်အားတိုးချဲ့

ယခုလအတွင်း ချင်းပြည်နယ်ပလက်ဝမြို့နယ်တွင် အစိုးရတပ်စခန်းများ တိုးချဲ့လာနေကြောင်း သတင်း ရရှိသည်။
ဒိုးချောင်းဝ နှင့် ခမောက်ဝရွာတွင် ခမရ ၅၆၃၊ ခဝဲနှင့် ကွမ်းချောင်းဝရွာတွင် ခမရ ၃၄၄ နှင့် နောက်ထပ် ရင်းနှစ်ခု ထပ်တိုးချဲ့မှာဖြစ်ကြောင်း သိရသည်။
“တပ်စခန်းဟောင်းတွေရှိတဲ့ မရိတ်ဝနှင့် ရှင်းလက်ဝ တွင် ခမရ ၅၅ တပ်အင်အား ထပ်ဖြည့်လာတယ်၊ အကြောင်းရင်းတော့ မသိပါ ”  ဟု ဒေသခံ တဦးက ပြောသည်။
သို့သော် တချို့ဒေသခံများကမူ နယ်မြေလုံခြုံရေးအတွက် ဖြစ်နိုင်ကြောင်း အဓိက ရခိုင်နှင့် ရိုဟင်ဂျာ ကုလား ပြသနာ ကြောင့် ယခုလို လုံခြုံရေး အတွက် တိုးချဲ့လာခြင်းဖြစ်နိုင်ကြောင်း  ဝေဖန်ပြော ဆိုကြသည်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က ပလက်ဝမြို့နယ် အထက်ပိုင်း ကုလားချောင်းပေါ်ရှိ ပကာဝ ရွာနှင့် မွေလိုက်ဝရွာ အနီး တွင် လက်နက်ကိုင် ရိုဟင်ဂျာ (၇) ဦးအား ဒေသခံ ရခိုင်လူမျိုးတွေက တွေ့ရှိသဖြင့် နယ်မြေခံ စစ်တပ်ထံ တိုင်ကြားခဲ့ရာ နယ်မြေခံ လုံခြုံရေးစစ်တပ်က ရှာဖွေနေကြောင်း ခူမီး သတင်း ဝေ့ဆိုက်တွင်ဖော်ပြထားသည်။
အဆိုပါ တပ်ရင်းတွေကို ဗျူဟာမှူး နှစ်ဦးက ဦးဆောင်ကြောင်း ချင်းပြည်နယ်အတွင်း ပလက်ဝမြို့နယ်သည် တပ်စခန်း အများဆုံးရှိသည့် နေရာဖြစ်ကြောင်း သိရသည်။
ပလက်ဝနယ်သည် ပြည်ထောင်စု အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသည့် စီအဲန်အက်ဖ် နှင့် အေအယ်လ်ပီတို့ လှုပ်ရှားရာ နေ ရာဖြစ်သည်။
“ ဒါက ကျတော်တို့ စီအဲန်အက်ဖ် နဲ့ အေအယ်လ်ပီ လက်နက်ကိုင်တွေနဲ့ တိုက်ရိုက်မပါတ် သက်နိုင်ဘူးလို့ ထင်ပါတယ်” ဟု စီအဲန်အေ စစ်ရုံးချုပ်မှ အရာရှိငယ်တဦးက ပြောသည်။
လက်ရှိချင်းအမျိုးသားတပ်ဦး နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်တွင် ချင်းအမျိုးတပ်ဦးမှ ပလက်ဝမြို့ နယ်အတွင်း တပ်စခန်းထားရှိရေးနှင့် ပါတ်သက်ပြီး သဘောတူညီမှု မရသေးကြောင်း ထပ်မံသိရသည်။

http://khonumthungburmese.org/?p=449

August 22, 2012

ကျောက်တော်တွင် ဖွင့်လှစ်မည့် ALP ဆက်ဆံရေးရုံး အစိုးရဘက်မှ ဆိုင်းငံ့ထား

မောင်ရမ္မာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ပထမဆုံး ဖွင့်လှစ်ရန် စီစဉ်ထားသည့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP ၏ ဆက်ဆံရေးရုံးကို အစိုးရဘက်မှ ဆိုင်းငံ့ထားသဖြင့် မဖွင့်လှစ်နိုင်ဘဲ ဖြစ်နေကြောင်း သတင်း ရရှိသည်။
ကျောက်တော် ဆက်ဆံရေးရုံးကို ဖွင့်လှစ်ရန် သဘောတူညီမူ ရရှိထားပြီ ဖြစ်သော်လည်း ပြည်တွင်း မငြိမ်သက်မှုများကြောင့် အစိုးရဘက်မှ ဆိုင်းငံ့ထားခြင်း ဖြစ်သည်ဟု  ရခိုင်ပြည် လွတ် မြောက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး (၂) ခိုင်သုခက နိရဥ္စရာသို့ ပြောသည်။
ကျောက်တော် ဆိပ်ကမ်း တစ်နေရာ။
“၁၄၄ ပုဒ်မထုတ်ထားတာက တစ်ကြောင်း၊ ဒေသအတွင်း ဘင်္ဂလီ မူဆလင်တွေနဲ့ ရခိုင်တွေအကြား တင်းမာမှုတွေ ဖြစ်နေတာက တစ်ကြောင်း၊ ခုလို ဒေသအတွင်း မငြိမ်သက်မှု ဖြစ်နေတာတွေကြောင်း  ကျောက်တော်မှာ ဆက်ဆံရေး ရုံးဖွင့်မှာကို  ခေတ္တ ဆိုင်းထားပေးဖို့ အစိုးရဘက်က Request လုပ်လာတဲ့ အတွက်  ဆက်ရေးရုံး ဖွင့်ဖို့ကိစ္စ ကြန့်ကြာနေရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယာယီ ဆိုင်းငံ့ထားခြင်းသာ ဖြစ်သဖြင့် ကျောက်တော်မြို့တွင် ALP ဆက်ဆံရေးရုံးကို မကြာမှီ ဖွင့်လှစ် သွားနိုင်မည်ဟု မျှော်လင့်ကြောင်း  ခိုင်သုခက ပြောသည်။
“ ကျွန်တော်တို့ ဘက်က ရုံးဖွင့်ဖို့အတွက် အားလုံးအဆင်သင့် ဖြစ်နေပါပြီ။ ရုံးအဖွဲ့ဝင်တွေကိုလည်း စေလွှတ်ထား ပြီးပြီ။ ရခိုင်ပြည်နယ် အခြေအနေတည်ငြိမ်လို့ အစိုးရဘက်က ကမ်းလှမ်းလာတာနဲ့ ကျွန်တော်တို့ ကျောက်တော် မြို့မှာ ALP ဆက်ဆံရေးရုံးကို ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။”
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဆက်ဆံရေးရုံးကို ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ပထမဆုံး ဖွင့်လှစ်မည် ဖြစ်ပြီး တခြားမြို့များဖြစ်သည့် စစ်တွေ၊ ရန်ကုန်၊ မြဝတီ၊ မောင်တော၊ ပလက်ဝ စသည့် မြို့နယ်များတွင် ဖွင့်လှစ်ရန် သဘောတူညီမှု ရရှိထားသည်ဟု ဆိုသည်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီသည် ရခိုင် ပြည်နယ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူညီချက်၅ ချက်ကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင်  ဧပြီလ ၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည်။
သဘောတူညီချက်များမှာ  ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်နှင့် မြန်မာတပ်မတော်ကြား ပစ်ခတ်မှှုကို ရပ်တန့်ရန်၊ နှစ် ဦးနှစ်ဘက် ဆက်သွယ်ရေး အတွက် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်၊ ပစ်ခတ်မှု ရပ်ဆိုင်းသော ကာလအတွင်း နှစ်ဘက် သဘောတူညီထားသော နယ်မြေများအပ နယ်မြေကျော်လွန်ပြီး လက်နက် ကိုင်ဆောင် သွားလာမှုကို နှစ်ဦး နှစ်ဘက် ကြိုတင် ညှိနိုင်းပြီးမှ ဆောင်ရွက်ရန်၊ အပစ်အခတ် ရပ်စဲ ထားစဉ် အတွင်း ရခိုင်ပြည် လွတ် မြောက်ရေးပါတီ အဖွဲ့ဝင်များကို မြန်မာတနိုင်ငံလုံး လွတ်လပ်စွာ သွားလာခွင့် ပြုရန်နှင့် ရခိုင်ဒေသအတွင်း တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး စသည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး အတွက် ဆက်လက် ညှိနှိုင်း ဆွေးနွေးသွား ကြရန် တို့ဖြစ်ကြသည်။
များမကြာမီက ရခိုင်ပြည်နယ် လွှတ်မြောက်ရေး  တပ်မတော်အား နည်းခြား စောင့်တပ်ဖွဲ့ရန် ငြိမ်းချမ်းရေးအဖွဲ့မှ ဦးအောင်မင်းမှ ပြောကြားချက်ကို နယ်ခြား စောင့်တပ်ဖွဲ့ရန် ပါတီတွင် မူမရှိဟု ဆိုကာ ALP က ပယ်ချခဲ့သည်။

http://www.narinjara.com/burmese/?p=1790

August 17, 2012

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ ဆက်ဆံရေးရုံးဖွင့်မည်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) က ကျောက်တော်မြို့မှာ ပထမဆုံး ဆက်ဆံရေးရုံးကို ဩဂုတ်လအတွင်းမှာ ရုံးဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
အဆိုပါ ရုံးဖွင့်လှစ်နိုင်ဖို့ ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခများကြောင့် ကြန့်ကြာမှုတွေ ရှိတယ်လို့ အေအယ်လ်ပီ အတွင်းရေးမှူး ခိုင်သုခက ပြောပါတယ်။
စစ်တွေ၊ ရန်ကုန်၊ မြ၀တီ၊ မောင်တော၊ ပလက်ဝ၊ ကျောက်တော်မြို့တွေမှာ အေအယ်လ်ပီ ဆက်ဆံရေးရုံးနဲ့ စီးပွားရေးရုံးတွေဖွင့်ဖို့ အစိုးရနဲ့ သဘောတူညီ ထားကြပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ပြည်နယ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူညီချက် ၅ ချက်ကို ဧပြီ ၅ ရက်နေ့မှာ လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့်မှာ တွေ့ဆုံနိုင်ရန်အတွက် အေအယ်လ်ပီက အဆိုပြုထားပေမယ့် အစိုးရဘက်မှ အကြောင်းမပြန်သေးပါဘူး။
ရခိုင်ပြည်လွတ်မြောက်ရေးတပ် (အေအယ်လ်ပီ/အေအယ်လ်အေ) ဟာ ၁၉၇၃ ခုနှစ်မှာ စတင်တည်ထောင်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ မြန်မာ-အိန္ဒိယ နယ်စပ်နဲ့ မြန်မာ-ထိုင်း နယ်စပ်မှာ အခြေစိုက်လျက်ရှိတယ်လို့ သိရပါတယ်။ 

http://burmese.dvb.no/archives/29287

August 15, 2012

ကျောက်တော်၌ ALP ဆက်ဆံရေးရုံး ဖွင့်မည်

ALP_01အစိုးရနှင့် ဆက်ဆံရေး ထားရှိရန် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) သည် ရခိုင်ပြည်နယ် ကျော်တော်မြို့၌ ဆက်ဆံ ရေးရုံး ဖွင့်လှစ်ရန် သြဂုတ်လ အတွင်း စီစဉ် ထားကြောင်း ပါတီ အထွေထွေ အတွင်းရေးမှူး ခိုင်သုခက ဆိုပါသည်။
“ ကျောက်တော်မှာလည်းပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ထားတာ ရှိတော့ မြန်မာအာဏာပိုင်တွေဘက်က စောင့်ပါအုံး ဆိုပြီး ပြောနေလို့ ကြန့်ကြာ နေတာပါ” ဟုဆိုပါသည်။
ဆက်ဆံရေးရုံးများကို စစ်တွေ၊ မောင်တော၊ ပလက်ဝ၊ ကျောက်တော်၊ ရန်ကုန်နှင့် မြဝတီ၊ မြို့များ၌ ထားရှိရန် အစိုးရနှင့် သ ဘော တူညီထားပါသည်။ သို့သော်လည်း ပလက်ဝ မြို့၌ ရခိုင်အမျိုးသား လွတ်မြောက်ရေး ပါတီ (ALP) ၏ ဆက်ဆံရေးရုံး ထားရှိမှုကို ချင်းပြည်သူ့ တပ်ဦး (CNF) မှ ကန့်ကွက် ထားပါသည်။
ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) သည် အစိုးရနှင့် ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးနိုင်ရန် အဆိုပြု ထားခဲ့ သော်လည်း အစိုးရမှ အကြောင်းပြန်ကြားခြင်း မရှိသေးပါ။
ALP သည် ပြည်ထောင်စု အဆင့် တွေ့ဆုံပွဲဖြစ်မြောက်ပါက ၄င်းတို့အပေါ် မတရားအသင်း ကြေညာထားမှုကို ပြန်လည် ရုပ် သိမ်းပေရေး၊ ရခိုင်ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ စာပေယဉ်ကျေးမှု ကိစ္စရပ် များတွင်လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရရန် အချက် (၁၇) ချက်ကို တောင်းဆိုရန်ရှိပါသည်။

Yakhing_libration_Army_copyဒုဥက္ကဌ ခိုင်စိုးနိုင်အောင်၏ ပြည်တွင်းငြိမ်းချမ်းရေးခရီစဉ်၌ လူထုသောင်းနဲ့ချီ ကြိုဆိုခဲ့ (ဓါတ်ပုံ - Soe Thant Aung)
ALP သည်အပစ်အခတ်ရပ်စဲထားသည်ဟု ဆိုသော်လည်း တပ်နေရာချထားရေးကိုမူ အစိုးရနှင့် ညှိနှိုင်းနေဆဲ ဖြစ်ပါသည်။ လေ့လာသူများကမူ ALP ၏ တပ်ဖွဲ့များသည် ထိုင်းမြန်မာနယ်စပ်၌သာ အခြေခံ ထားသည့် အတွက် တပ်နေရာ ချထားမှု၌ အခက်အခဲ ဖြစ်နိုင်ကြောင်း ဆိုကြပါသည်။
ALP သည်ရခိုင်ပြည်နယ်၌ ဖြစ်နေသော ဘင်္ဂလီအရေးခင်းကို ဒုတိယအကြိမ် မတရား ကျူးကျော် ၀င်ရောက်မှု ဖြစ်ပြီး နယ် ချဲ့ခြင်းဖြစ်သည်ဟု ခံယူကြောင်း အထွေအထွေ အတွင်းရေးမှူး ဖြစ်သူ ခိုင်သုခက ဆိုပါသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် ရခိုင်ပြည်နယ်အစိုးရတို့သည် ၂၀၁၂ ဧပြီလ (၅) ရက်နေ့၌ အပစ်အခတ်ရပ်စဲ ရေးမဏာမသဘော တူညီချက် (၅) ချက်ကို လက်မှတ် ရေးထိုးခဲ့ပါသည်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)ကို ၁၉၇၃ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ ဆင့်အိန္ဒိယ နယ်စပ်နှင့် ထိုင်းနယ်စပ်တို့တွင် အခြေစိုက် နေပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2014--alp-.html

August 8, 2012

နယ်ခြားစောင့်တပ်အဖြစ် လက်ခံရန် ‘မူ’ မရှိဟု ALP ပြော



စံခလပူရီ (မဇ္စျိမ) ။       ။ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP အနေဖြင့် နယ်ခြားစောင့်တပ် BGF အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် သဘောထား မရှိကြောင်း ALP ဒု-ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင် က ပြောကြားလိုက်သည်။

ALP အား အင်အားတိုးချဲ့ကာ BGF တခုအဖြစ် ဖွဲ့စည်းပေးရန် ဝန်ကြီး ဦးအောင်မင်း က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နှင့်တွေ့ဆုံစဉ် သဘောထား ပြုခဲ့သည့်အပေါ် ALP ဒု-ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင် က တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

“အစိုးရ ဘက်က အခုအထိ ကျနော်တို့ကို ပြောတာဆိုတာ၊ ဆွေးနွေးတာ၊ ကမ်းလှမ်း လာတာမျိုး ဘာမှ မရှိသေးပါဘူး။ ကျနော်တို့ ပါတီရဲ့ သဘောထားက ရှင်းရှင်းလေးပါ။ နယ်ခြားစောင့်တပ် BGF ကို လက်ခံဖို့ မူ မရှိပါဘူး” ဟု မဇ္စျိမကို
ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း က ALD အတွင်းရေးမှူး ဦးမျိုးကျော် နှင့် ဇူလိုင်လကုန်ပိုင်းက တွေ့ဆုံစဉ် ALP နှင့်ပတ်သက်သည့် ၎င်း၏ သဘောထားကို ပြောကြားခဲ့ကြောင်း
ပြည်တွင်း မီဒီယာတခု၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ဦးမျိုးကျော်အား ကိုးကား၍ ဖော်ပြထားသည်။

ထိုကဲ့သို့ ဦးအောင်မင်း၏ သဘောထား ပြုသည့်အပေါ်လည်း မည်သို့မျှ သဘောထား မပေးလိုကြောင်း ခိုင်စိုးနိုင်အောင် က ပြောသည်။

ဧပြီလဆန်းပိုင်းက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် ALP တွင် လက်နက်ကိုင် အင်အား ၅ဝဝ ခန့် ရှိပြီး စစ်တပ်နှင့် ပါတီဝင် စုစုပေါင်း အင်အားမှာ ၃,ဝဝဝ ခန့် ရှိသည်ဟု သိရသည်။

“ကျနော်တို့ အပစ်ရပ် သဘောတူတာကလည်း လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ဖို့ မဟုတ်ပါဘူး။ လက်နက်ကို ကိုယ့်လက်မှာ ကိုယ် ကိုင်ထားပါ။ အစိုးရနဲ့ ကျနော်တို့နဲ့ တိုင်းပြည် တိုးတက်ရေးအတွက် အတူတကွ ပူးပေါင်း
ဆွေးနွေးကြမယ်။ အဲလို အခြေခံ အချက်တွေနဲ့ အပစ်ရပ်ကြတာပါ” ဟု ခိုင်စိုးနိုင်အောင် က ဆိုသည်။

အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွင် ပါဝင်သည့် လုပ်ငန်းစဉ်များကို ALP အနေနှင့် အကောင်အထည်
ဖော်ရန် ရှိသော်လည်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသည့် ပြည်တွင်း ပဋိပက္ခများကြောင့် ကြန့်ကြာနေရသည်ဟု
ပြောသည်။

ရခိုင် တိုင်းရင်းသား တိုးတက်ရေး ပါတီ RNDP မှ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကမူ ALP အနေဖြင့် နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းရန် လက်ခံပါက တိုင်းပြည်၏ အနောက်ဘက်မှ နိုင်ငံခြားသား တရားမဝင် ဝင်ရောက်လာမှုအား ကာကွယ်နိုင်မည်ဖြစ်ပြီး ဆက်ဆံရေးရုံး ထားရှိခြင်းထက် ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း တိုက်တွန်းထားသည်။

ရခိုင် ပြည်သူများအား အကာအကွယ် ပေးရေးနှင့်ပတ်သက်၍ စက်တင်္ဘာလတွင် ကျင်းပမည့် ဗဟိုကော်မတီတွင် အကျယ်တဝင့် ဆွေးနွေးမည်ဖြစ်ပြီး အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် သြဂုတ်လကုန် (သို့မဟုတ်) စက်တင်္ဘာ လဆန်း၌
တွေ့ဆုံရန် ရှိသည် ဟုလည်း ခိုင်စိုးနိုင်အောင်မှ မဇ္စျိမအား ပြောပါသည်။

ALP သည် ဧပြီလ ၅ ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံး ဖွင့်လှစ်ရေး အပါအဝင် ပဏာမ သဘောတူညီချက် ၅ ချက် လက်မှတ် ရေးထိုးခဲ့သည်။

ကျောက်တော်၊ ပလက်ဝ၊ စစ်တွေနှင့် ရခိုင်ပြည်နယ်ရှိ မြို့ကြီး များ၌ ဆက်ဆံရေးရုံးနှင့် စီးပွားရေးရုံးများ ဖွင့်လှစ် သွားနိုင်ရန်လည်း ALP မှ စီစဉ်ထားကြောင်း သိရသည်။

ALP / ALA (ရခိုင်ပြည် လွတ်မြောက်ရေးတပ်)ကို ၁၉၇၃ ခုနှစ်တွင် စတင် တည်ထောင် ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ မြန်မာ-အိန္ဒိယ နယ်စပ်နှင့် မြန်မာ-ထိုင်း နယ်စပ် တို့တွင် အခြေစိုက်လျက် ရှိသည်။

http://www.mizzimaburmese.com/news/inside-burma/9813-----alp-.html

July 29, 2012

ချင်းပြည်တွင် ALP ဆက်ဆံရေးရုံးထားရှိမည့်ကိစ္စ ချင်းပါတီများက သမ္မတထံ ကန့်ကွက်စာပို့

ရခိုင်ပြည်နယ်အစိုးရ နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တို့အကြား သဘောတူညီချက်အရ  ချင်းပြည် နယ် ပလက်ဝမြို့နယ်တွင် ALP ဆက်ဆံရေးရုံးထားရှိမည့်ကိစ္စ ကန့်ကွက်ကြောင်း ချင်းနိုင်ငံ ရေး နှစ်ပါတီက  နိုင်ငံတော်သမ္မတ ဦးသိန်း စိန်ထံ ယနေ့ စာရေးပေးပို့လိုက်ကြသည်။ 
၄င်းတို့၏ ဧပြီလ ၆ ရက်နေ့  သဘောတူညီချက် ၅ ချက်တွင် ပါ၀င်သည့်   ပလက်ဝမြို့နယ်မှာ ALP ဆက်ဆံရေးရုံးထားရှိရေး သဘောတူညီချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ချိုး ဖောက်ခြင်း ဖြစ် သည်ဟု ချင်းအမျိုးသားပါတီ (CNP) နှင့် ချင်းတိုးတက်ရေးပါတီ (CPP) တို့က ကန့်ကွက်စာပို့ လိုက် ကြခြင်းဖြစ်သည်။
မိတ္တူကို လွှတ်တော်နှစ်ရပ်စလုံး၏ ဥက္ကဌ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ၊ ချင်းပြည်နယ် ၀န်ကြီးချုပ်၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး ဥက္ကဌ တို့ကိုလည်း ပေးပို့ထား ကြောင်းသိရသည်။
ချင်းတိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး(၂) ဦးရှိန်းထွန်းက “ ချင်းအမျိုးသားပါတီ(CNP) နဲ့ ချင်းတိုး တက်ရေးပါတီ(CPP) တို့အနေနဲ့ ရခိုင်ပြည်နယ်အစိုးရရဲ့ ပြည်နယ် အဆင့်သဘောတူ လက်မှတ်ရေး ထိုးထားတဲ့ ချင်းပြည်နယ် ပလက်ဝမြို့မှာ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ ALP ဆက်ဆံရေးရုံး ထားရှိမယ့်အစီအစဉ်ဟာ အခြေခံ ဥပဒေနဲ့ ညီညွတ်မှုမရှိခြင်း၊ ချင်း နဲ့ ရခိုင်လူမျိုးတို့ အကြား မလိုလားအပ်တဲ့ နားလည်မှု၊ ယုံကြည်မှုလွဲမှားစေနိုင်တဲ့ လုပ်ရပ်ဖြစ်ခြင်း တို့ ကြောင့် အလေး အနက်ကန့်ကွက်ပါတယ်’’ ဟု ခိုနူမ်းထုန်သတင်းဌာနကို ပြောသည်။
ဆက်လက်ပြီး ALP အနေဖြင့် ချင်းပြည်နယ်အတွင်း ဆက်ဆံရေးရုံးမထားဘဲ ရခိုင်ပြည်နယ် တနေ ရာရာမှာ ထားရှိသင့် ကြောင်း ဦးရှိန်းထွန်းကပြောသည်။
“ ALP အနေနဲ့ ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ စစ်တွေ၊ သန်ထောင် လိုမျိုး တနေရာရာ ရခိုင်ပြည်နယ် ထဲမှာ ဖွင့် သင့်တာပေါ့၊ အခုက နယ်ကိုကျော်ပြီး ဖွင့်တာဖြစ်နေတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သွေဖယ် ဆန့် ကျင်နေတဲ့သဘောမှာရှိတယ် ၊ မလုပ် သင့်မလုပ်အပ်တဲ့အရာပါ’’ ဟု ဦးရှိန်းထွန်းကပြောသည်။
ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ် နှင့် နယ်နိမိတ်ချင်းထိစပ်နေ ပြီး ချင်းမျိူးနွယ်စု မြို(ခေါ်) ခူမီး၊ ဒိုင် လူမျိုးများ အများစုနေထိုင်ကြသည်။ ထို့အပြင် ပလက်ဝမြို့နယ်သည် အိန္ဒိယ -မြန်မာ နှစ်နိုင်ငံကနေ အကောင်အ ထည်ဖော်နေသော ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း၏ အချက်အခြာ ကျရာဒေသတခု လည်းဖြစ်သည်။
ယခုကိစ္စနှင့်ပါတ်သက်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ငြိမ်းချမ်းရေး ခေါင်းဆောင် ဦးခိုင်စိုးနိုင်အောင်က ယာယီ ရုံးထိုင်လိမ့်မည်ဟု ပြောသည်။
ပြည်တွင်းပြည်ပရှိ ခူမီးချင်းတိုင်းရင်းသားများကလည်း အင်တာနက်အွန်လိုင်းမှတဆင့် အချိပ်အဆက် များလုပ်ဆောင်ပြီး ဒေသခံလူထုတွေထံ လက်မှတ်ကောက်ခံပြီး နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ ကန့်ကွက် စာပို့ရန် စီစဉ်နေကြောင်း အိန္ဒိယ-မြန်မာနယ်စပ်တွင်နေထိုင်သူ ခူမီးတိုင်းရင်းသား ကိုလှထွန်းက ခိုနူမ်းထုန် ကိုပြောသည်။
“ ပလက်ဝ ဆိုတာ ကျနော်တို့ ခူမီးနယ်ပေါ့ကွာ၊ သူတို့ရုံးစိုက်ချင်တယ်ဆိုရင် ရခိုင်ပြည်နယ်မှာ သွားစိုက်သင့် တာပေါ့၊ ကျနော်တို့ ခူ မီးနယ်မှာ ရုံးစိုက်တာမျိုး မဖြစ်သင့်ဘူး၊ အခုကျနော်တို့ ကန့်ကွက် မယ့်စာတွေပေါ့နော်၊ ကန့်ကွက် မယ့်ဟာတွေကို ကျနော်တို့လုပ်နေတယ်လေ၊ အခုလောလောဆယ် တော့ ပြည်သူလူထုနဲ့ ပူးပေါင်းပြီးတော့ ဘယ်လိုလုပ် ဆောင်ကြမလဲဆို တဲ့ဟာကို Group Mail မှာ ဆက်သွယ်နေကြတုန်းဘဲ’’ ဟုသူကပြောသည်။
ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်အစိုးရ နှင့် ချင်းအမျိုးသားတပ်ဦး ( CNF) တို့အကြား ပြည်နယ် အဆင့် သဘောတူညီ ချက်အရ ချင်းအမျိုးသားတပ်မတော်တပ်စခန်းချမည့် ဒေသဖြစ်နေသော်လည်း ချင်းအမျိူးသား တပ်ဦးမှ ALP ရုံးထား မည့်ကိစ္စနှင့်ပတ်သက်၍ တစုံတရာထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်းသိရသည်။

April 11th, 2012
KNG

အစိုးရ ငြိမ်းချမ်းရေးကမ်းလှမ်းချက် ALP လက်ခံ

သမ္မတ ဦးသိန်းစိန် အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) က လက်ခံပြီး နှစ်ဘက် တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်နေကြောင်း အဆိုပါ ပါတီ ခေါင်းဆောင်က ပြောသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ ဒုတိယခေါင်းဆောင် ဦးသိန်းဇော်က ALP နှင့် ငြိမ်းချမ်းရေး ဆွေးနွေး လိုကြောင်း ဇန်နဝါရီလ ၂၃ ရက်နေ့က စာရေးသား ကမ်းလှမ်းခဲ့သည့် အပေါ် တွင် ALP က လက်ခံခဲ့ခြင်း ဖြစ်သည်။


ALP ပါတီဝင်များ စစ်ရေးလေ့ကျင့်နေစဉ် (ဓာတ်ပုံ - ALP)
“ငြိမ်းချမ်းရေး ကမ်းလှမ်းတယ်ဆိုတော့ ကောင်းတဲ့အရာပေါ့ဗျာ။ ကျနော်တို့က တွေ့ဆုံဆွေးနွေးဖို့ သဘောထားရှိတယ်” ဟု ALP ပါတီ ဒု ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်က ဧရာဝတီကို ပြောသည်။
အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်အား ကြိုဆိုကြောင်းနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် ပါတီ ဗဟို ကော်မတီ အစည်းအဝေး ခေါ်ယူပြီး အကြောင်းပြန်မည်ဟု ALP က အစိုးရအား တုန့်ပြန်ခဲ့သည်။
“ပါတီ ဗဟိုကော်မတီအတွင်းမှာ ဆွေးနွေးရဦးမယ်။ ပြီးမှ ဘယ်အချိန်မှာတွေ့မယ်၊ ဘယ်နေရာမှာ တွေ့မယ်၊ ဘယ်နှယောက် တွေ့မယ်ဆိုတာ အကြောင်းပြန်မယ်လို့ စာပြန်ရေးထားတယ်” ဟု ပါတီ ဒု ဥက္ကဋ္ဌက ပြောသည်။
ပါတီဗဟိုကော်မတီ အစည်းအဝေးအား လာမည့် ဖေဖော်ဝါရီလအတွင်း ခေါ်ယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ချ် ၃ နိုင်ငံ နယ်စပ်တွင် အခြေစိုက် လှုပ်ရှားလျက်ရှိသော ALP သည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ၁၉၆၇ ခုနှစ်မှ စတင်ကာ လက်နက်စွဲကိုင် တော်လှန်နေသည့် အဖွဲ့ဖြစ်သည်။
အစိုးရ အဆက်ဆက်အား နှစ်ပေါင်း ၄၀ ကျော် လက်နက်ကိုင် တော်လှန်ခဲ့သည့် ALP တွင် ပါတီဝင်နှင့် လက်နက်ကိုင် အင်အား ၃၀၀၀ ခန့် ရှိကြောင်း ဥက္ကဋ္ဌ ဦးခိုင်ရဲခိုင်က ဆိုသည်။
ပြည်တွင်းတွင် ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် ALP အား ကမ်းလှမ်းမှုအပေါ် ကြိုဆိုကြောင်း ရခိုင်အမျိုးသား ဒီမို ကရေစီ ပါတီခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။
“ပြည်တွင်းစစ် ရပ်စဲဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့ အခုလို အပစ်အခတ် ရပ်စဲတယ်။ ဒီကနေတဆင့် နိုင်ငံရေးအရ ဆွေးနွေးမယ် ဆိုရင်တော့ ကြိုဆိုပါတယ်” ဟု သူက ဆိုသည်။
၁၉၇၆ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (မဒတ) အဖွဲ့ဝင် ဖြစ်သည် ALP ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အကူအညီဖြင့် ကရင်ပြည်နယ် တနေရာတွင် ပထမဆုံး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဦးခိုင်မိုးလင်းက စတင် တည်ထောင်ခဲ့သည်။
သမ္မတ ဦးသိန်းစိန် အစိုးရသည် ဇန်နဝါရီလအတွင်း ရှမ်းပြည်တပ်မတော် – တောင်ပိုင်း (SSA – S) နှင့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့ပြီး KNU၊ မွန်ပြည်သစ်ပါတီတို့နှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်နေသည်။
ထို့အပြင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး  (ABSDF) တို့ကိုလည်း ငြိမ်းချမ်းရေး ဆွေနွေးရန် ကမ်းလှမ်းထားသည်။
သို့သော် ရ လ ကျော်ကြာ တိုက်ပွဲများ ဖြစ်ပွားနေသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ မအောင်မြင်သေးဘဲ ဆက်လက်ညှိနှိုင်း ဆွေးနွေးရန်နှင့် တိုက်ပွဲများ လျှော့ချရန်သာ သဘောတူညီမှု ရရှိထားသည်။

January 31, 2012 
ဧရာဝတီ

ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းပြီ

အိန္ဒိယ- မြန်မာနယ်စပ်တွင် အခြေစိုက်သော ရခိုင်ပြည် လွှတ်မြောက်ရေးပါတီကို ဦးသိန်းစိန် အစိုးရမှ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းလိုက်ပြီ ဖြစ်သည်။


ALA-soldiers
ပါတီ ပြောရေးဆိုခွင့်ရှိသူ တွဲဘက် အထွေထွေ အတွင်းရေး (၂) ခိုင်သုခက ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းမူ အပေါ် နိရဉ္စရာသို့ ယခုလို အတည်ပြု ပြောကြားသည်။

" ဟုတ်ပါတယ်။ သူတို့က ဒီလ ၂၃ ရက်နေ့က စာရေးပြီး ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီ ဒုဥက္ကဌ ဦးသိန်းဇော်က စာရေးပြီး ကမ်းလှမ်းတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီ ဥက္ကဌကြီးဆီကို လိပ်မူတပ်ပြီး အကြောင်း ကြားလာတာ ဖြစ်ပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ကမ်းလှမ်းမူ အပေါ် ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီအနေနှင့် ကြိုဆိုကြောင်း ပြောကြားသည်။

" အခုလို ကမ်းလှမ်းလာမူ အပေါ်မှာ ကျွန်တော်တို့ဘက်ကတော့ ကြိုဆိုပါတယ်။ များမကြာမှီ ကျွန်တော်တို့ဘက်ကလည်း အဲဒီကမ်းလှမ်းလာမူ အပေါ်မှာ တုန့်ပြန်သွားမှာ ဖြစ်ပါတယ်"ဟု ပြောသည်။

အဆိုပါ ငြိမ်းချမ်းရေး ကမ်းလှမ်းသည့်စာအား ထိုင်း-မြန်မာနယ်စပ် တွင် အခြေစိုက်သော ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်မှ တဆင့် ကမ်းလှမ်းလာခြင်း ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ငြိမ်းချမ်ရေး ဆွေးနွေးရန် ကမ်းလှမ်းလာမူ အပေါ် သဘောထား အမြင်ကို မေးကြည့်ရာ သူက ယခုလို ဆက်ပြောသည်။

ALA-soldiers
" အခု လောလောဆယ်တော့ ဘယ်လို ဖြစ်လာမယ်ဆိုတာ ပြောလို့ မရသေးဘူး။ ဆွေးနွေးတဲ့ အခါမှ သိရမှာပါ။ ကျွန်တော်တို့ဘက်က သဘောထား၊ သူတို့ဘက်က သဘောထားတွေကို သိပြီးမှ ဘယ်လို ရှေ့ဆက် ဆောင်ရွက်မယ်ဆိုတာ ပြောနိုင်မှာပါ။ အခုလောလောဆယ်တော့ ပြောဖို့ခက်ပါတယ်" ဟု သူက ပြောသည်။

ရခိုင်ပြည် လွှတ်မြောက်ရေးပါတီ၏လက်အောက်တွင် ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော် ရှိပြီး ရခိုင်ပြည်သူများ အကျိုးစီးပွားအတွက် လက်နက်ကိုင်တော်လှန်ရေးဖြင့် ဗမာ အစိုးရအအား ဆယ်စုနှစ်နှင့် ချီပြီး ဆင်နွဲနေသော ပါတီ တရပ်ဖြစ်သည်။

ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီနှင့် ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်ကို ၁၉၇၃-၇၄ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး ကော်မူးရာတွင် ဗိုလ်ခိုင်မိုးလင်းက ဦးဆောင်ပြီး တည်ထောင်ခဲ့သည်။ ပါတီ ဥက္ကဌ ခိုင်မိုးလင်းသည် ကရင်ပြည်နယ်မှ ၁၉၇၆ တွင် ကရင်နီ၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်များကို ဖြတ်ပြီး ရဲဘော် ၁၂၀ နှင့် အတူ ရခိုင်သို့ ချီတက်စဉ် ၁၉၇၇ ခုနှစ် ဧပြီနှင့် မေလတွင် ဗမာစစ်တပ်နှင့် တိုက်ပွဲပေါင်း ရာကျော်ဖြစ်ပွားခဲ့ပြီး နောက်ဆုံးတွင် တိုက်ပွဲမှ မလွှတ်မြောက်နိုင်သဖြင့် ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် ပါလာသော ပစ္စတိုဖြင့် မိမိကိုယ်ကို မိမိ လုပ်ကြံကာ သူရဲကောင်းပီသစွာ အသက်ပေးဆပ် သွားခဲ့သည်။

နိရဉ္စရာမှ

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ဥက္ကဌ ခိုင်ရဲခိုင်နှင့် ဆက်သွယ်မေးမြန်းချက်

မြန်မာနိုင်ငံမှာ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရသစ် တက်လာပြီးတဲ့ နောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဖြစ်ကြတဲ့ ကရင်အမျိုးသား အစည်း အရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း SSA(S)၊ ကချင် လွတ်မြောက်ရေး အဖွဲ့ KIO နဲ့ အစိုးရတို့ အကြား ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးကြတာကို တွေ့နေရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်မှာ လူပ်ရှား တိုက်ပွဲ ၀င်နေတဲ့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီနဲ့တော့ တစ်စုံတစ်ရာ ကမ်းလှမ်းတာ၊ ပြောဆို ဆွေးနွေးတာတွေကို မကြား ရသေးပါဘူး။ ဒါကြောင့် ဦးသိန်းစိန်အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးသွားဖို့ အလားအလာ ဘယ်လို ရှိနေသလဲ ဆိုတာ သိရှိရအောင် ALP ပါတီ ဥက္ကဌကြီးလည်းဖြစ်၊ ALA စစ်ဦးချုပ်လည်း ဖြစ် တဲ့ ခိုင်ရဲခိုင်ကို နိရဉ္စရာမှ မောင်ရမ္မာက ဆက်သွယ် မေးမြန်းကြည့်တဲ့ အခါ


ALP-President-(Khaing-Ray-Khaing)
အခုထက်ထိ ကျွန်တော်တို့ကို တရားဝင် ကမ်းလှမ်းတာ မရှိသေးပါဘူး။ သူများကတဆင့် ပြောသံတွေ တော့ ကြားရတယ်။ ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပြီးတော့ ပတ်ဝန်းကျင်က ဝေဖန်သံတွေကို ကြားရပါတယ်။

(တကယ်လို့ ဦးသိန်းစိန်အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းလာရင် ဥက္ကဌကြီးတို့ ALP အနေနဲ့ လက်ခံ ဖို့ အခြေအနေ ရှိပါလား။ ဘယ်လို အစီအစဉ်တွေ ရှိပါသလဲ။)

ကျွန်တော်တို့ နိုင်ငံရေး ပြဿနာ ဖြစ်နေကြတာတော့ အမှန်ပါ။ ရခိုင်ပြည်ဟာ ကောဇာ သက္ကရာဇ် ၁၁၄၆ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၇၈၄ ခုနှစ်က စပြီးတော့ လွတ်လပ်ရေး ဆုံးရှုံးသွားခဲ့တယ်။ အဲဒီ အချိန်က စပြီး နိုင်ငံရေးပြဿနာ ဖြစ်လာတာ ဒီနေ့အထိပါဘဲ။ ဖြေရှင်းလို့ မရသေးပါဘူး။ အဲဒီလို ရှိနေတဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းဖို့လို့ ကျွန်တော်တို့ကို ကမ်းလှမ်းရင် နိုင်ငံရေး အရ ဖြေရှင်းဖို့ ဆွေးနွေးမှာပါ။

(နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုပြီးတော့ ဦးသိန်းစိန်အစိုးက ကမ်းလှမ်းလာလို့ ဆွေးနွေးဖြစ်မယ်ဆိုရင် ဘယ်လို အချက်တွေကို ALP အနေနဲ့ အဓိကထား ဆွေးနွေးသွားဖို့ မှာပါလဲ။)

အဆင့်ကတော့ အမျိုးမျိုးရှိမှာပါ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ကတော့ ရခိုင်ပြည်ဟာ အချုပ်အခြာအာဏာ ကျဆုံးသွားခဲ့ရတဲ့ အတွက် ကျဆုံးသွားတဲ့ အချုပ်အခြာအာဏာကို ပြန်လည် ရရှိရေး ဖြစ်ပါတယ်။ ဒါကို နိုင်ငံရေးအရ ဖြေရှင်းရမယ်။ မဖြေရှင်းနိုင် သရွှေ့တော့ ရခိုင်ပြည် သူတွေရဲ့ ဘ၀ဟာ ပြည့်စုံတဲ့ အခွင့်အရေးကို ရရှိနိုင်တယ်လို့ ပြောဆိုနိုင်မှာ မဟုတ်ပါ။ အဲဒီအခွင့်အရေးတွေကို ရအောင်ထိကျွန်တော်တို့ တိုက်ပွဲ ၀င်သွားဖို့ ဖြစ်ပါတယ်။

(ဦးသိန်းစိန်အစိုးရက ဥက္ကဌကြီးတို့ ရခိုင်ပြည်လွတ်မြောက်ရေ ပါတီ (သို့) ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် အပေါ် တစုံတရာ ကမ်းလှမ်းမှု မလုပ်ခဲ့ရင် ဥက္ကဌကြီင်္းတို့ အနေနဲ့ ရှေ့ကို ဘာတွေ ဆက်လုပ်သွားဖို့ အစီအစဉ် ရှိပါသလဲ။)

ကျွန်တော်တို့က သွားနေကျ လမ်းအတိုင်း လက်နက်ကိုင် တိုက်ပွဲကို ဆက်လက် ဆင်နွဲသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ယုံကြည်ထားတာက လက် နက်ကိုင် တိုက်ပွဲသာလျှင် အဆုံး အဖြတ် ပေးနိုင်မယ့် အဖြေ ဖြစ်တယ်။ ဗမာပြည်မှာ ဒီမိုကရေစီ တိုက်ပွဲကို ဆင်နွဲကြတယ်။ ဒါပေမယ့် ဗမာပြည်သူတွေ လိုအပ်တဲ့ အတိုင်း အတာ အဆင့်ထိ ကို မရရှိဘဲ ဖြစ်နေတယ်။ တိုင်းရင်းသားတွေအနေနဲ့ တိုင်းရင်းသားတွေ လိုလားတဲ့ အဆင့် တစ်ခုထိ မရောက်ရှိဘဲ ဖြစ်နေတာကို တွေ့ရတယ်။ ဒီကနေ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဆိုတာကလည်း တကယ့် အနှစ်သာရ မပါတဲ့ အတွက် နိုင်ငံရေးအရ ရှေ့ကို မတက်လှမ်းနိုင်ဘဲ ဖြစ်နေတယ်။ အဲဒီအတွက် ကြောင့် လက်နက်ကိုင် တိုက်ပွဲနဲ့သာ အဖြေထွက်ဖို့ ဖြစ်တယ်လို့ မြင်ပါတယ်။ အခု ၀တပ်ဖွဲ့(၀တဖ) ကို ကြည့်ပါ။ ၀တွေဟာ လက်နက်ကိုင် အင်အားကို တည်ဆောက်ထားတဲ့အတွက် သူတို့နယ်မြေကို သူတို့ ထိန်းသိမ်းထားပြီး သူတို့ အာဏာကို တည်ဆောက်ထား နိုင်တယ်။ အဲဒါဟာ အနီးကပ် ဥပမာ ဖြစ်တယ်။ အဲဒီအတွက်ကြောင့် ရှမ်း၊ ကချင်၊ ကရင်တွေ ဘာကို လိုချင်လဲ။ လိုချင်တာကို လက်နက်နဲ့ ဖြေရှင်းမှ ရမယ်။ အဲဒါကြောင့် အစိုးရ ကျွန်တော်တို့ကို ဆွေးနွေးဖို့ မကမ်းလှမ်းရင်လည်း ပြဿနာ မရှိပါ။ ကျွန်တော်တို့က အပစ်အခတ် ရပ်စဲရေး မရှိရင် စစ်ရေးကိုဘဲ နိုင်သလောက် ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ အုပ်ချုပ်သူတွေဟာ ကျူးကျော် သူတွေ ဖြစ်တယ်။ အဲဒီ ကျူးကျော်သူတွေကို ကျွန်တော်တို့က ဆက်လက် တိုက်ပွဲကြရမှာ ဖြစ်ပါတယ်။

( ဒီကနေ့ ပြုလုပ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ အပစ်အခတ်ရပ်စဲရေးတွေ အပေါ်ကော ဘယ်လို မြင်ပါသလဲ။)

ကျွန်တော် မြင်တာက ဒီလိုရှိပါတယ်။ သူတို့နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အကြား တိုက်ခိုက်လာခဲ့ကြတာ နှစ်ပေါင်း ၆၀ ကျော်ရှိလာပြီ။ အခု လတ်တလော ပေါ်ပေါက်နေတဲ့ တိုက်ပွဲ သဏ္ဍာန်ကို ကြည့်ရင် ပြည်တွင်းက ဒီမိုကရေစီအင် အားစုတွေရယ်၊ ပြီးတော့ လက်နက်ကိုင် အင်အားစုတွေရယ် ၊ နိုင်ငံတကာ ဒီမိုကရေစီအင်အားစုတွေ ၀ိုင်းပြီးတော့ တိုက်လာကြတဲ့ အခါမှာ အခုဆိုရင် စစ်အုပ်စု နောက်ခံပေးထားတဲ့ လက်ရှိ အစိုးရမှာ ဘေးကျပ် နံကျပ် ဖြစ်နေတယ်။ အကျပ်အတည်းတွေ အရမ်းဆိုက်နေတယ်။ ဒါကြောင့် စစ်ရေးအရ ရှင်သန်ရေးနဲ့ တည်ဆောက်ရေးတို့ အတွက် ယာယီ အပစ် အခတ် ရပ်စဲတဲ့ သဘော၊ ပြေငြိမ်းတဲ့ သဘောလို့ မြင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုအချိန်ထိ နိုင်ငံရေး အရ ဖြေရှင်းတာမျိုး မရှိသေးဘူး။ စစ်အင်အားကိုဘဲ သူတို့ ဆက်လက် တည်ဆောက် သွားလိမ့်မယ်လို့ဘဲ ကျွန်တော် သုံးသပ်ပါတယ်။

( ဥက္ကဌကြီး အနေနဲ့ ရခိုင်ပြည်သူတွေကို ဘာများ ပြောချင်ပါသလဲ။)

ရခိုင်ပြည်သူတွေကို ကျွန်တော် ပြောချင်တာက ကျွန်တော်တို့ ပြည်သူတွေဟာ နှစ်ပေါင်းများစွာ လွတ်လပ်မူ ဆုံးရှုံးပြီး ဆင်းရဲဒုက္ခတွေနဲ့ ကြုံတွေ့နေကြရတယ်။ ဒါကြောင့် မျိုးချစ် လူငယ်တွေက အခုအခါ ပြည်တွင်းမှာ အမျိုးသားဆိုင်ရာ ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး လှုပ်ရှားမူတွေ ပြုလုပ်လာနေကြတာကို တွေ့နေ၊ မြင်နေ၊ ကြားနေရပါတယ်။ ဒါဟာ အားရစရာကောင်းပါတယ်။ အခု ကျွန်တော်တို့မြေက ထွက်တဲ့ သဘာဝ သံယံဇာတ ပစ္စည်းတွေကို ကျွန်တော်တို့ ပြည်သူတွေ ခံစားခွင့် မရှိဘူး၊ အဲဒါတွေဟာ ဘာကို ပြသလဲဆိုရင် အချုပ်အခြာ အာဏာ မရှိလို့ ဒီလို ဖြစ်ရတာကို ပြနေတာ ဖြစ်တယ်။ ဒီလို ခံစားခွင့် မရှိတဲ့ အတွက် ရခိုင်ပြည်သူတွေရဲ့ ဘ၀ဟာ တစ်နေ့ပြီး တစ်နေ့ ဆင်းရဲလာတယ်။ ဒါဟာ ရခိုင် အမျိုးသားတွေမှာ အရာရာအားလုံး ဆုံးရှုံးနေတာကို ညွှန်ပြနေတာ ဖြစ်တယ်။ အဲဒါကြောင့် ကိုယ့်ဆီကထွက်တဲ့ ဆန်ကို ကိုယ်မစားရတဲ့ ဘ၀၊ ကိုယ့်ဆီက ထွက်တဲ့ သဘာဝ သယံဇာတတွေကို ကိုယ်တို့ သုံးပိုင်ခွင့် မရတဲ့ ဘ၀မျိုးနဲ့ ဆက်လက် သွားနေကြမယ်ဆိုရင် ကျွန်တော်တို့ ရခိုင်ပြည်သူတွေဘ၀ ဒီထက် ဆိုးဝါးပြီး အဆုံးမှာ လူမျိုးပါ ပျောက်သွား ဖို့ဘဲ ရှိပါတယ်။ အဲဒီအတွက် ကြောင့် ရခိုင်ပြည်သူတွေ အနေနဲ့ အချုပ်အခြာ အာဏာပိုင်နိုင်ငံ ထူထောင်ဖို့ အတွက် ရဟန်းရှင်လူအားလုံး၊ ရခိုင်ပြည်သူ ကလေး လူငယ်တွေကပင် အစ ညီညီညွတ်ညွတ်နဲ့ ရန်သူကို တိုက်ခိုက်ကြရမယ်။ အဲဒီမှသာလျှင် ကျွန်တော်တို့ရဲ့ ဘ၀သစ်ကို တည်ဆောက်လို့ရမယ်။ မဟုတ်ရင် ကျွန်တော်တို့ဘ၀က မျက်ရည်စက်လက်နဲ့ ဆက်လက် ဆင်းရဲဒုက္ခရောက်နေကြရမှာ ဖြစ်ပါ တယ်။ အဲဒီ အတွက်ကြောင့် ရဟန်းရှင်လူ ရခိုင်ပြည်သူအပေါင်းတို့ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြပါ။ညီညွတ်ကြပါလို့ ပြောချင်ပါတယ်။ (ပြီး)

-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ တနင်္ဂနွေ, ဇူလိုင် 29, 2012
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India