August 29, 2012

သမ္မတဦးသိန်းစိန်၏ ၀န်ကြီး အပြောင်းအလဲ KNUအကောင်းမြင်

သြဂုတ်လ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
မြန်မာအစိုးရ သမ္မတဦးသိန်းစိန်သည် ယမန်နေ့က ပြည်ထောင်စုဝန်ကြီး ၉ဦးအား ပြောင်းလဲတာဝန်ပေးခြင်းအပေါ် အကောင်းမြင် ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU က ယနေ့ ပြောကြားလိုက်သည်။
KNU ဒု-ဥက္ကဌ ပဒိုစောဒေးဗစ်သာကပေါက “ဒါကတော့ ကောင်းတဲ့အပြောင်းအလဲပဲလို့ မြင်ပါတယ်။ အခု တက်လာတဲ့လူတွေက တရား သေ ၀ါဒဖြန့်သမားတွေ မဟုတ်ဘူးပေါ့။ သမ္မတ ဦးသိန်းစိန်ဆိုတာကလည်း အပြောင်းအလဲကို တကယ်ဖြစ်စေချင်တဲ့ ပုဂ္ဂိုလ်လို့ မြင် တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အသစ်ပြောင်းလဲ ခန့်အပ်ခံရသူများနှင့်အတူ သမ္မတဦးသိန်းစိန်အနေဖြင့် အကောင်းဆုံး ကြိုးပမ်းသွားမည်ဟု မျှော်လင့်ကြောင်းလည်း စောဒေးဗစ်သကဘောက ဆက်ပြောသည်။
သမ္မတ ဦးသိန်းစိန်၏ ပြောင်းလဲခန့်လိုက်သည့် ၀န်ကြီးများထဲတွင် စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ရထားဝန်ကြီး ဦးအောင်မင်း၊ အမျိုးသားစီမံ ကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးတင်နိုင်သိန်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းတို့ကို သမ္မတရုံးဝန်ကြီးအဖြစ် ခန့်အပ်လိုက် ခြင်း ဖြစ်သည်။
ထို့အပြင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကို (ပြန်ကြားရေးဝန်ကြီး)၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို (သမဝါယမဝန်ကြီး)၊ သမ ၀ါယမဝန်ကြီး ဦးအုန်းမြင့်ကို (မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး)၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးအေးမြင့်ကို (စက်မှုဝန်ကြီး)နှင့် မူလ ၀န်ကြီးဌာနနှစ်ခု တာဝန်ယူထားသည့် ဦးတင့်ဆန်း(အားကစားဝန်ကြီး) စသည်တို့ကို သမ္မတက အသီးသီး ပြောင်းလဲခန့်အပ်ခဲ့သည်။
ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၃၂)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ (၁၂)တို့အရ ပြည်ထောင်စုဝန် ကြီးများအား ယင်းကဲ့သို့ ပြောင်းလဲတာဝန်ပေးလိုက်ခြင်းဖြစ်သည်ဟု ယနေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်းစာတွင် ဖော်ပြထားသည်။
သို့သော် (ယခင်)မြန်မာစစ်အစိုးရ ဦးဆောင်ရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီတစ်ပိုင်း၊ စစ်အာဏာရှင်တစ်ပိုင်း ဖြစ်သည့်အပေါ် အစိုးရအတွင်း၌ တပ်မတော်၏ ကြီးစိုးမှု တည်ရှိဦးမည်ဖြစ်သကဲ့သို့ သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော်အကြား အားပြိုင်မှု များ ဆက်လက် ဖြစ်ပေါ်နေဦးမည်ဟု ပဒိုစောဒေးဗစ်သကဘောက သုံးသပ်ပြောဆိုခဲ့သည်။
နိုင်ငံတော်သမ္မတ၏ အမိန့်ညွှန်ကြားချက်ဖြင့် လက်ရှိ တာဝန်ထမ်းဆောင်နေသော ပြည်ထောင်စုဝန်ကြီး ၉ဦးနှင့် ဒုဝန်ကြီး ၁၅ဦးကို သြဂုတ်လ ၂၇ရက်စွဲဖြင့် ပြောင်းလဲခန့်အပ်လိုက်သော ပြည်ထောင်စုဝန်ကြီး ၉ဦးမှာ
၁။ ဦးစိုးသိန်း – သမ္မတရုံးဝန်ကြီးဌာန (ယခင် – စက်မှုဝန်ကြီးဌာန)
၂။ ဦးအောင်မင်း – သမ္မတရုံးဝန်ကြီးဌာန (ယခင် – ရထားပို့ဆောင်ရေးဝန်ကြီးဌာန)
၃။ ဦးလှထွန်း – သမ္မတရုံးဝန်ကြီးဌာန (ယခင် – ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)
၄။ ဦးတင်နိုင်သိန်း – သမ္မတရုံးဝန်ကြီးဌာန (ယခင် – အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန)
၅။ ဦးအောင်ကြည် – ပြန်ကြားရေးဝန်ကြီးဌာန (ယခင် – လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာန)
၆။ ဦးကျော်ဆန်း – သမဝါယမဝန်ကြီးဌာန (ယခင် – ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)
၇။ ဦးအုန်းမြင့် – မွေး/ရေ ဝန်ကြီးဌာန (ယခင် – သမဝါယမဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန)
၈။ ဦးအေးမြင့် – စက်မှုဝန်ကြီးဌာန (ယခင် – သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန)
၉။ ဦးတင့်ဆန်း – အားကစားဝန်ကြီးဌာန (ယခင် – ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန)
ထို့အတူ အသစ်ခန့်လိုက်သော ဒုဝန်ကြီး ၁၅ဦးတွင် ဒေါက်တာဘွဲ ့ရသူများလည်း ပါ၀င်ပြီး ၎င်းတို့မှာ
၁။ ရဲချုပ်ကျော်ကျော်ထွန်း – ပြည်ထဲရေးဝန်ကြီးဌာန
၂။ ဦးပိုက်ထွေး- ပြန်ကြားရေးဝန်ကြီးဌာန
၃။ ဦးသန်းဆွေ – ယဉ်ကျေးမှုဝန်ကြီးဌာန
၄။ ဦးအောင်သိမ်း – သမ္မတရုံးဝန်ကြီးဌာန
၅။ ဒေါက်တာလင်းအောင် – ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
၆။ ဦးဆက်အောင် – အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
၇။ ဒေါက်တာဒေါ်ခင်စန်းရီ – အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
၈။ ဒေါ်စုစုလှိုင် – လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၉။ ဦးသောင်းတင် – ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
၁၀။ ဦးထင်အောင် – စွမ်းအင်ဝန်ကြီးဌာန
၁၁။ ဗိုလ်မှူးချုပ်ဝင်းမြင့် – လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
၁၂။ ဦးအေးမြင့်မောင် – ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
၁၃။ ဒေါက်တာဒေါ်သက်သက်ဇင် – ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
၁၄။ ဦးသောင်းထိုက် – အားကစားဝန်ကြီးဌာန
၁၅။ ဒေါက်တာဒေါ်သိန်းသိန်းဌေး – ကျန်းမာရေးဝန်ကြီးဌာန
ထိုသို့ ၀န်ကြီးများ ပြောင်းလဲခန့်အပ်မှုကြောင့် လစ်လပ်သွားသော ပြည်ထောင်စုဝန်ကြီးများကိုမူ မကြာခင် ထုတ်ပြန်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

http://www.kicnews.org/?p=13105

လိုင်ဇာဌာနချုပ်ကို ထိုးစစ်ဆင်နေသော အစိုးရ တပ်ဖွဲ့အား KIA မှ တန်ပြန် ထိုးစစ်ဆင်နေ

Zao_ha_Raaကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) သည် လိုင်ဇာ စစ်ဌာနချုပ်သို့ စစ်ဆင်လာနေသော အစိုးရ တပ်ဖွဲ့များကို ပြင်းထန်စွာ တန်ပြန် ထိုးစစ်ဆင်နေပြီးဟု KIA စစ်ရုံးချုပ်မှ တပ်မှူး တဦးက ဆိုပါသည်။
“ လိုင်ဇာ ဌာနချုပ် အနားမှာကို နှစ်နေရာလောက် တိုက်ပွဲ အပြင်းထန်ဖြစ်နေတုန်းပါဘဲ။ စတာက မနေ့ကတည်းကပါ။ ဒီနေ့ မှာတော့ ပိုပြီးပြင်းထန်လာပြီး တိုက်ပွဲတွေဟာလည်း ပိုပြီးကြာလာပါတယ်။ ပြီးတော့ လိုင်ဇာဌာနချုပ် အဝင်ထောက်ပို့ လမ်း ကြောင်းတွေမှာလည်း နေရာအနှံ့မှာ တိုက်ပွဲတွေဖြစ်နေတယ်။ အနဲဆုံးတော့ နေရာ (၅-၆)နေရာမှာ ဖြစ်နေတယ်။ ပြင်းထန် တယ်။ အသေးစိပ်တော့ မပြောနိုင်သေးဘူး” ဟု ဆိုပါသည်။
တိုက်ပွဲများသည် ဗဟိုဒေသ လိုင်ဇာ အပြင် တပ်မဟာ (၅) ဧရိယာရှိ နေရာအနှ့ံတွင် ဖြစ်ပွားနေခြင်းဖြစ်ပါသည်။ အစိုးရ တပ်ဖွဲ့ များသည် လိုင်ဇာဌာနချုပ်ကို နေ့စဉ် ပစ်ခိုက် တိုက်ခိုက် နေသော်လည်း ရှေ့မတိုးနိုင်ဘဲ လနှင့်ချီ ရှိနေခဲ့ရာမှ KIA တပ်ဖွဲ့များက ယခုကဲ့သို့ တန်ပြန် စစ်ဆင်မှုများ၊ ဖြစ်လာခဲ့သည်ဟု ဆိုပါသည်။
KIA, တပ်မဟာ (၅) ဒေသတွင် အစိုးရ (ခ.လ.ရ-၅၆)တပ်နှင့် KIA, ဗဟိုလုံခြုံရေး တပ်တို့ ကြား သြဂုတ်လ (၂၇)ရက်နေ့ တွင် ဒေါ့ဖုန်းယန် စာသင်ကျောင်း အနီး၌ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ အလားတူ  သြဂုတ်လ ၊၂၇ ရက်နေ့၌ပင် အစိုးရ (ခ.လ .ရ-၂၆၀)တပ်နှင့် KIA, တပ်ရင်း (၃) တပ်တို့သည် ၀ူထောင်နှင့် လောဒ်ခေါင် ကြားတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ ထို့အပြင် အစိုးရ (ခ.မ.ရ-၃၀၁)တပ်နှင့် KIA, တပ်ရင်း (၃)တပ်ဖွဲ့ တို့သည် (ခဇူး) ကျေးရွာအနီးတွင် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။
KK123009
တိုက်ပွဲ ရှေ ့တန်း တစ်နေရာ
တပ်မဟာ (၅) ဒေသအပြင် KIA တပ်ရင်း ( ၆) လက်အောက်ခံ တပ်ဖွဲ့(ဖားကန့်ဒေသ)သည် ဖားကန့်မြို့နယ်မျောက် ဖြူမှော်၊ ဆိုင်းဂျာဘွမ်၊ မိုးသောက် ကြယ်ကုမ္ပဏီ စသည့်နေရာများသို့  ထိုးစစ်ဆင်လာသော အစိုးရ(ခ.လ.ရ-၂၇၂)တပ်ဖွဲ့တို့နှင့် သြ ဂုတ် (၂၇ )ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၄း ၃၀ အထိ တိုက်ပွဲဖြစ်ခဲ့ကြပါသည်။ ယင်းတိုက်ပွဲများသည် ယနေ့အထိဆက် လက် ဖြစ်ပွားလာနေပြီး KIA မှ အသာစီး ရရှိနေသည်ဟု ဒေသခံများက ဆိုပါသည်။
ဤသို့ကြောင့် ဖါးကန့် ဒေသခံများသည် ဖါးကန့်မြို့ပေါ်သို့ ပိုမိုတိမ်းရှောင်လာခဲ့ပါသည်။ ဖါးကန့်မြို့နယ်ရှိ KIA တပ်ဖွဲ့များ သည်လည်း အသာစီး ရလာနေသည့်အတွက် ခါတိုင်းထက် ပိုမို တိုက်ခိုက် လာခဲ့သည်ဟု ဒေသခံများကဆိုပါသည်။
Par_King_refugees
KIA တပ်ဖွဲ့များသည် တန်ပြန် ထိုးစစ်မဆင်နွဲမှီ လိုင်ဇာဌာနချုပ်ကို ထိုးစစ်ဆင်နေသော အစိုးရ တပ်ဖွဲ့များ၏ နောက်တန်း ထောက်ပံ့ရေး လမ်းကြောင်းများကို တိုးမြှင့် တိုက်ခိုက်နေခဲ့ပါသည်။ ဤကဲ့သို့ နောက်တန်း တိုက်ခိုက်မှုများ အသာစီးရလာ နေသဖြင့် KIA တပ်ဖွဲ့များသည် လိုင်ဇာ ဌာနချုပ် အနီးရှိ အစိုးရ၏ ရှေ့တန်း တပ်ဖွဲ့များကိုပါ တန်ပြန် တိုက်ခိုက်လာခဲ့ခြင်းဖြစ် ပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2057--kia-.html

ဖားကန့်ဒေသတွင်း KIA နှင့်တိုက်ပွဲတွင် အစိုးရဖက် ကျဆုံးမှုများ

 
ဖားကန့်မြို့နယ်တွင်း အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ တိုက်ပွဲများသည် ဆက်လက်ပြင်းထန်နေပြီး ယမန်နေ့ သြဂုတ် ၂၇ ရက် ညနေ့တွင် ဖားကန့်ဒေသ မောမော်ဘွမ် (Maw Mau Bum) ဘက်သို့ ချီတက်လာသော မြန်မာအစိုးရတပ်ကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) မှ ပစ်ခတ်တိုက်ခဲ့ရာ မြန်မာအစိုးရတပ်မှ သေဆုံးမှုရှိခဲ့ကြောင်းသိရသည်။
KIA တပ်မဟာ (၂) အုပ်ချုပ်နယ်မြေ ဖားကန့်ဒေသတွင် အစိုးရတပ်များ စစ်အင်အားနှင့် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ယမန်နေ့ ဆိုင်းတောင် (Seng Tawng) အခြေစိုက် ခလရ (၁၆) နှင့် KIA တပ်ရင်း (၆) တွင် ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားခဲ့ရာ အစိုးရတပ်မှ သေဆုံးမှုများကြောင်း သိရသည်။
“အလောင်းတွေက အများကြီးဘဲ သေနတ်တွေနဲ့ ပုံနေကြတယ်။ ဒဏ်ရာရတဲ့သူတွေကို ဖားကန့်ဆေးရုံကိုပို့တယ်။ ဆေးရုံရောက်ရောက်ချင်း ၁၈ ယောက်လောက်သေဆုံးသွားတယ်” ဟု မျက်မြင်တဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
ထို့အတူ ယမန်နေ့ နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီထိ မြန်မာအစိုးရတပ်ပေါင်းစုတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တို့ ဆိုင်းဂျာဘွမ် (Seng Ja Bum) နှင့် ဂွေခါမှော် (Gwi Hka Maw) ကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာတွင် လက်နက်ကြီးလက်နက်ငယ်များနှင့် ပစ်ခတ်ခဲ့ကြပြီး အစိုးရတပ်မှ အမြောက်အများ သေဆုံးမှုရှိကြောင်း သိရသည်။
KIA ဘက်မှ သေဆုံးမှု ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း KIA အရာရှိတဦးပြောသည်။ သို့သော် လတ်တလော တိုက်ပွဲအတွင်း အစိုးရဖက်မှ ကျဆုံးမှုများနေကြောင်း KIO ဖက်မှ ပြောဆိုသော်လည်း နှစ်ဖက်တပ်များ၏ ကျဆုံးမှုနှင့်ပတ်သက်၍ အတိအကျ အတည်ပြုချက်ကိုမူ မသိရသေးပေ။
နှစ်ဖက်တပ်များ၏ လှုပ်ရှားမှုများကို တွေ့မြင်အကဲခြင်းအားဖြင့် တိုက်ပွဲများသည် ဆက်လက်ပြင်းထန် လာနိုင်ဖွယ်ရှိသောကြောင့် ဒေသခံများသည် ၄င်းတို့လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြကြောင်း သိရှိရသည်။

http://kachinnews.com/burmese/news/923-%E1%80%96%E1%80%AC%E1%80%B8%E1%80%80%E1%80%94%E1%80%B9%E1%82%94%E1%80%B1%E1%80%92%E1%80%9E%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8-kia-%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%96%E1%80%80%E1%80%B9-%E1%80%80%E1%80%BA%E1%80%86%E1%80%AF%E1%80%B6%E1%80%B8%E1%80%99%E1%82%88%E1%80%99%E1%80%BA%E1%80%AC%E1%80%B8.html

တိုက်ပွဲများကြောင့် ဖားကန့်တွင် စစ်ပြေးဒုက္ခသည် ၆၀၀၀ ကျော်ထိတိုးလာ

ကချင်လွတ်မြောက်ရေးတပ် KIA နှင့် အစိုးရတပ်များ တိုက်ပွဲပြင်းထန်လာသောကြောင့် ဒေသခံများနှင့် ကျောက်စိမ်းမှော်တွင် အလုပ်လုပ်ကိုင်နေသူများသည် လုံခြုံရာနေရာအသီးသီးထွက်ပြေးခိုလှုံလျက်ရှိရာ နေရာထိုင်ခင်းနှင့် အစားအစာ ဆေးဝါးများ သောက်သုံးရေများ လုံလောက်မှုမရှိသောကြောင့် ခက်ခဲကြုံတွေ့နေရသည်။
ဒုက္ခသည်များသည် ဖားကန့်မြို့ လုံးခင်း၊ မေသီလကျောင်း၊ ရခိုင်ရိုးရာ ယဉ်ကျေးမှုကျောင်း၊ ရှမ်းရိုးရာ ယဉ်ကျေးမှုကျောင်း၊ ဗုဒ္ဓဘုန်းကြီးကျောင်း စသည့်နေရာများနှင့် ကက်သလိတ် RC ဘုရားကျောင်း၊ ခရစ်ယာန်နှစ်ခြင်းကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်လာခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်ဒေသခံများ KNG ကချင်သတင်းဌာနသို့ပြောသည်။
တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ ဒုက္ခသည်များ ပိုမိုတိုးလာပြီး ၄င်းတို့အတွက် အရေးပေါ်ကူညီဆောင်ရွက်မှုများ လိုအပ်နေကြောင်း အဆိုပါ ဒုက္ခသည်များခိုလှုံလာသည့် ခရစ်ယာန်အသင်းတော်များမှသိရသည်။
ယခုအချိန် စစ်ပြေးဒုက္ခသည်များခိုလှုံရာစခန်းများတွင် ဝမ်းပျက်၊ ဝမ်းလျော ဖြစ်ပွားနေပြီး ၄င်းတို့အတွက် အဓိက အစားအသောက်၊ ရေရှားပါးမှု၊ ဆေးဝါးများ အကူအညီလိုနေကြောင်း ဒုက္ခသည်များကိုကူညီသူတစ်ဦး ပြောသည်။
“နဂိုကတည်းက ဖျားနာ နေတာလဲပါနေတယ်ဆိုတော့ ခုဒုက္ခသည်စခန်းပြန်ရောက်လာတော့ ပိုဆိုးနေတယ်။ ရေ (သောက်ရေသန့်)က ခက်နေတော့ အရမ်းဒုက္ခရောက်နေကြတယ်” ဟုပြောသည်။
ယခုချိန် ဒုက္ခသည်များကို အသင်းတော်များနှင့် ကျောက်ကုန်သည်အချို့၏ ကူညီမှုဖြင့် ရပ်တည်နေကြောင်း သိရသည်။
ကျောက်စိမ်းလုပ်ကွက်များရှိရာ ဖားကန့်ဒေသသို့ အစိုးရတပ်များ စတင်ထိုးစစ်ဆင်တိုက်ခိုက်လာမှုကြောင့် သြဂုတ်လ ၁၈ ရက်မှစ၍ ဒေသခံများ ကုန်သည်များ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။

http://kachinnews.com/burmese/news/922-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B7-%E1%80%96%E1%80%AC%E1%80%B8%E1%80%80%E1%80%94%E1%80%B9%E1%82%94%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%85%E1%80%85%E1%80%B9%E1%80%B1%E1%80%BB%E1%80%95%E1%80%B8%E1%80%92%E1%80%AF%E1%80%80%E1%81%A1%E1%80%9E%E1%80%8A%E1%80%B9-%E1%81%86%E1%81%80%E1%81%80%E1%81%80-%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9%E1%80%91%E1%80%AD%E1%80%90%E1%80%AD%E1%80%AF%E1%80%B8%E1%80%9C%E1%80%AC.html

စစ်ပြေးဒုက္ခသည်များ ပြန်မပို့ရန် သျှမ်းလူထုအဖွဲ့များ တိုက်တွန်း

သြဂုတ်လ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကေအိုင်စီ)
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်ရှိ ကွန်းကျော်ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် သျှမ်းစစ်ပြေးဒုက္ခသည် ၅၀၀ကျော်အား စစ်ဖြစ်ပွား နေသည့် ဒေသသို့ ပြန်မပို့ရန် သျှမ်းလူထုအဖွဲ့များက တောင်းဆိုလိုက်သည်။

နော်ဝေးဒုက္ခသည်ကောင်စီမှ မြန်မာနိုင်ငံငြိမ်းချမ်းရေး ထောက်ပံ့သည့် လုပ်ငန်းအစီအစဉ်၏ သဘောတူညီချက်အရ ထိုဒုက္ခသည်များကို နယ်စပ်နှင့် ၂၀ကီလိုမီတာကွာဝေးသည့် မုံးထားဒေသသို့ ပြန်ပို့ရန် စာရင်းကောက်ခံနေသည်ဟု သျှမ်းလူထုအဖွဲ့များက သြဂုတ်လ ၂၇ ရက်နေ့ထုတ် ကြေညာချက်တွင် ပါရှိသည်။

“နိုင်ငံတကာ အလှူရှင်များလည်းပဲ စစ်ပြေးဒုက္ခသည်များ ပြန်လည်နေရာချထားခြင်းအပေါ် ဖိအားပေးမယ့်အစား မြန်မာအစိုးရကို ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တွေ့ဆုံညှိနှိုင်းအဖြေရှာရန် ဖိအားပေးသင့်တယ်”ဟု သျှမ်းလူထုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင်က ပြောသည်။

ဒုက္ခသည်ပြန်ပို့မည့်အစီအစဉ်ကို သျှမ်းပြည်တပ်မတော်(တောင်ပိုင်း)နှင့် မြန်မာအစိုးရတို့ နှစ်ဘက် တွေ့ဆုံညှိနှိုင်းရာတွင် ပုံဖော်ခဲ့သော အစီအစဉ်ဖြစ်သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

သျှမ်းပြည်တပ်မတော်(တောင်ပိုင်း)နှင့် မြန်မာအစိုးရတို့ အပစ်ခတ်ရပ်စဲရေး နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် ၂၀၁၁၊ ဒီဇင် ဘာလနောက်ပိုင်း နှစ်ဘက်တပ်များအကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့သည့် ဒေသများတွင် မုံးထားဒေသသည် ပဋိပက္ခ ဆက်ဖြစ်နေ သည့် ဒေသတစ်ခုလည်း ဖြစ်သည်။

၎င်းဒေသသည် အစိုးရစစ်တပ်နှင့် ငြိမ်းချမ်းရေးရယူထားကြသည့် အခြားစစ်တပ်တို့ကို ထိတ်လန့်ကြောက်ရွံ့နေကြခြင်းနှင့် တချို့ဒေသ မှာ မြေမြုပ်မိုင်းများ ရှိနေခြင်းတို့ကြောင့် ဒုက္ခသည်များ မပြန်လိုကြကြောင်း သိရသည်။

စိုင်းခေးဆိုင်က “ကျနော်တို့ စစ်တမ်းကောက်တာ ဒုက္ခသည်တွေ အားလုံး မပြန်ချင်ကြဘူး။ ဘာလို့လဲဆိုတော့ အဲဒီဒေသမှာ စစ်တပ်တွေ အများကြီးရှိတယ်။ စစ်ပွဲဖြစ်မှာကိုလည်း ကြောက်နေကြတယ်။ အဲဒီနေရာဟာ သူတို့အတွက် လုံခြုံရေး အာမခံချက် ဘာမှမရှိလို့ သူတို့ လက်ရှိ နေနေတဲ့နေရာမှာပဲ နေချင်တယ်”ဟု ဆိုသည်။

ကွန်းကျော်ဒုက္ခသည်စခန်းတွင် နေထိုင်နေကြသည့် ဒုက္ခသည်များသည် အများအားဖြင့် သျှမ်းပြည်နယ်အလယ်ပိုင်းဒေသမှ ထွက်ပြေး လာကြသည့် ဒုက္ခသည်များဖြစ်သည်။

http://www.kicnews.org/?p=13102

စစ်ပြေးဒုက္ခသည်များဟာ ငြိမ်းချမ်းရေးအတွက် အစမ်းသပ်ခံ သတ္တဝါ များမဟုတ်

အပစ်ရပ်အဖွဲ့များရဲ့ ပြန်လည်နေရာချထားရေး၊ ထူထောင်ရေးအတွက် နယ်စပ်နေဒုက္ခသည်တွေကို ပြည် တွင်း ပြန်ပို့မယ့်အရေးမှာ နော်ဝေအစိုးရရဲ့ Myanmar Peace Support Initiative(MPSI) အဖွဲ့က တိုက် ရိုက် အကူအညီပေးသွားမယ်လို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ကာလမှာ သတင်း တွေ ထွက်ပေါ်နေပါတယ်။ လွန်ခဲ့တဲ့ ဂျူလိုင်လက ထိုင်း-နယ်စပ် ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ်မှာရှိတဲ့ ကုန်းကျော်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေက မုံးထားကို မပြောင်းရွှေ့ချင်ဘူးလို့ နော်ဝေးနိုင်ငံက အလှူရှင်ကိုယ်စားလှယ်တွေကို ပြောခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ပြေးဒုက္ခသည်များဟာ ငြိမ်းချမ်းရေးအတွက် အစမ်း သပ်ခံ သတ္တဝါ များမဟုတ်တဲ့အတွက် စစ်မီးထဲ့ ပြန်မပို့ဖို့ သျှမ်းလူထုအဖွဲ့အစည်းတွေကနေ ထုတ်ပြန် ကြေငြာ ချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ဩဂတ်စ်လ ၂၇ ရက်နေ့က ကြေငြာချက်ထုတ်ပြန်ခြင်း သတင်း စာရှင်းလင်းပွဲကိုလည်းထိုင်းနိုင်ငံချင်း မိုင်မြို့မှာ ပြုလုပ်ခဲ့ရာမှာ ကြေငြာချက်ထုတ်ပြန်ရခြင်း အကြောင်းရင်း နဲ့ ဒုက္ခသည်များ ဘက်က ရင်ဆိုင် နေရတဲ့အခက်အခဲတွေပါတဲ့အကြောင်းအစုံအလင်ကို သိရအောင် အဖွဲ့ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ စိုင်းခေးဆိုင် ကို သျှမ်းသံတော်ဆင့်က တွေ့ဆုံမေးမြန်းထားပါတယ်။

simina_kongjor_refugees_1
မေး။ ။ ဘာကြောင့် ကုန်းကျော် ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို မုံးထားကို မပို့ဖို့ ကြေငြာချက်ထုတ်ပြန်ရတာလဲ။

ဖြေ။ ။ နယ်စပ်မှာနေတဲ့ဒုက္ခသည်တွေဟာ ပြည်တွင်းစစ်မီးကိုရှောင်ပြေးလာတဲ့လူတွေဖြစ်တယ်။ မုံးထားဒေသခံတွေ မဟုတ်ပါဘူး။ သူတို့ကိုပြည်တွင်းပြန်ပို့ရင် နောက်တကြိမ် နောက်တခါ ဒုက္ခထပ်တွေ့မှာ စိုးလို့ ပ။ ကနေ့အခြေအနေ အရ မြန်မာပြည်တွင်းက နိုင်ငံရေးအခြေအနေဟာလည်း တည်ငြိမ်းအေးချမ်းတဲ့ အခြေအနေ မရှိသေး ပါဘူး။ ဒါကြောင့် နိုင်ငံတော်အေးချမ်းမှုရဲ့နောက်ဆက်တွဲတွေဖြစ်တဲ့ စီးပွါးရေးတောင့် တင်း ခိုင်မာခြင်း လည်း မရှိ၊ လူနေမှုဘ၀ တိုးတက်မြင့်မားခြင်းလည်းမရှိသေးတာကြောင့် ဒီဒုက္ခသည်တွေ နေရပ်ပြန်ပို့ဖို့ အချိန်မတန် သေးဘူးလို့ ကျနော်တို့ ပြောဆိုရခြင်းဖြစ်ပါတယ်။

မေး။ ။ ဒီသတင်းစာရှင်းလင်းပွဲက ပြောဆိုသွားမှုအပြင် ဘယ်လို တိုက်တွန်းချက်တွေထပ်ပေး ချင်သလဲ။

ဖြေ။ ။ ဘာဘဲလုပ်လုပ် လူထုဘက်က နေကြည့်စေချင်ပါတယ်။ ကျနော်တို့လူထု ဘယ်လိုကောင်း ကျိုးခံ စား ရမလဲ။ ဒုက္ခသည်တွေကို ပြည်တွင်းပြန်ပို့ရင် နိုင်ငံရေးအခြေအနေ ပြောင်းလဲလာမှာလား။ မပို့ရင်ကော ပြောင်းလဲမလား။ ဘယ်သူမှအာမခံချက်မပေးနိုင်ဘူး။ နိုင်ငံတော်အစိုးရအနေနဲ့လဲ ဒုက္ခသည်တွေကို နေရပ် ပြန်နေစေချင်ရင် နိုင်ငံရေးအာမခံချက်ပေးနိုင်တဲ့အနေအထိ လုပ်ပေးရမှာပေါ့။ အခွင့်အရေးကိုလည်း ပေးရမှာပေါ့။ လယ်သမားတယောက်ဟာ သူလုပ်နေတဲ့လယ်ကွက်တကွက်ကိုတော့ ပိုင်ဆိုင်သင့်တာပေါ့။ သူ့မှာ လယ်ကွက်မပိုင်ဘူးဆိုရင် တောထဲသွားရှာစားရမယ်။ တောထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့တွေ့ရင် သူတို့တောင်းတာပေးရမယ်။ နောက်ပြီးတောထဲမှာ ဗုံးတွေမိုင်းတွေနင်းမိရင်လဲ ကိုယ်ဘဲသေမယ်။ ဒီဟာတွေ အတွက်အာမခံချက်ဘယ်သူပေးနိုင်မှာလဲ။ ဝမ်းရေးတောင်လည်ပတ်လို့မရဘူးဆိုတဲ့အချိန်မှာ သူတို့ခလေး တွေအတွက် ဘယ်ကပိုက်ဆံနဲ့ ပညာရေးဘက်မှာထောက်ပံ့ပေးမှာလဲ။ သူတို့နေထိုင်မကောင်းလာရင် ဘယ်ကဆေးနဲ့ကုမှာလဲ။ ဘယ်ဆေးရုံကို တင်ရမလဲ။ ဒီဟာတွေအတွက် သူတို့ကိုအာမခံချက်ပေးနိုင်ပြီလား ဆိုတာ စဉ်းစားသင့်တယ်။ တိုက်ပွဲတွေရပ်တန့်ပြီဆိုတဲ့ အာမခံချက်ပေးနိုင်မှ ဒုက္ခသည်တွေကို ပြည်တွင်း ပြန်ပို့စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာဆီက မျက်နှာရအောင်၊ စီးပွါးရေးဘက်မှာမျက်နှာသာရ အောင် ငြိမ်းချမ်းရေးဖော်ဆောင်ရေးမှာ ဒီစစ်ပြေးဒုက္ခသည်တွေကို အစမ်းသပ်ခံသတ္တဝါ၊ မျက်နှာပြဖို့ သက်သက် အသုံးချခံရတဲ့ဘ၀ မဖြစ်စေချင်ဘူး။ သူတို့တွေဟာ လူသားတွေ်ဖြစ်တယ်။ သူတို့တွေဟာ နိုင်ငံသား တွေ်ဖြစ်တယ်ဆိုတာ မမေ့စေချင်ဘူး။

မေး။ ။ဒုက္ခသည်တွေနေရပ်ပြန်နေခွင့်ရဖို့ နိုင်ငံရေးအခြေအနေဟာ ဘယ်လိုဖြစ်သင့်သလဲ။

ဖြေ။ ။ ဒီကနေ့ဟာဆိုရင် နိုင်ငံရေးပါတီတွေ များပြားတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေဆိုရင်လဲ များပြား တယ်။ ဒီအဖွဲ့တွေအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကနေ လူ့အခွင့်အရေးချိုးဖောက်မှုမရှိစေရဘူး ဆိုတဲ့ဥပဒေ ပေါ်လာတဲ့အချိန်ဟာ ဒုက္ခသည်တွေအတွက် အိမ်ပြန်တဲ့အချိန်ဘဲဖြစ်တယ်။ ဒီဟာမပေါ် သေး ဘဲ ဒုက္ခသည် တွေကိုအိမ်ပြန်ပို့လို့ မပြောကောင်းမဆိုကောင်းတိုက်ပွဲ တွေပြန်ဖြစ်မယ် ဆိုရင် သူတို့တွေ ဘယ်မှာနေရမလဲ။ ဒီလိုဘဲ နယ်စပ်ကိုပြန်ပြေးမှာဘဲ။ အကောင်းဆုံးကတော့ အလှူရှင် တွေဟာ ဒုက္ခသည်တွေအပေါ် အထောက် အပံ့ဖြတ်ပြီး နေရပ်ပြန်ခိုင်းတာထက် အစိုးရကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်မှန်တဲ့ငြိမ်း ချမ်းရေး ဆွေးနွေးအကောင်အထည်ဖော်ဖို့ ဖိအားပေးသင့် တယ်။

မေး။ ။ ဒုက္ခသည်တွေကို သျှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ် မုံးထားမှာသွားနေဖို့ တရားဝင် ဆင့်ခေါ်စာရောက်လာပြီလား။

ဖြေ။ ။တရားဝင်ပြောလဲရတယ် တရားမဝင်ပြောလဲရတယ်။ အပစ်ရပ် ငြိမ်းချမ်းရေးဆွေးနွေးတယ် ဆိုကတည်းက အစမ်းသွားထားဖို့ဆိုတာပါလာတဲ့ကိစ္စဘဲ။ ဒါပေမယ့် ပြောင်းရွှေ့ဖို့ဆိုတာ နော်ဝေးက အလှူရှင် တွေက ရိက္ခာတွေလာပေးတုန်းက စာရင်းကိုပါထပ်ကောက်သွားပြီး ဘယ်တော့ပြောင်းရွှေ့ရမယ်ဆိုတာ ပြောမသွားဘူး။ တရားဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ ဒုက္ခသည်တွေကို ထပ်မံဒုက္ခရောက်ဦးမှာတော့ ကျနော်တို့ မလိုလားဘူး။

မေး။ ။ အဲလိုဆိုရင် အခုလိုပြောင်းဖို့ရွှေ့ဖို့ပြောတာက ဘယ်အဖွဲ့လဲ ။

ဖြေ။ ။ ရွှေ့ပါလို့တော့ ဘယ်သူမှမပြောသေးဘူး။ အစမ်းသွားထားဖို့တော့ ပြင်ဆင်နေတယ်။ ဘယ်အဖွဲ့ လဲဆိုတော့ ၁- ကတော့ အလှူငွေ ရိက္ခာတွေပေးနေတဲ့နော်ဝေးနိုင်ငံက တည်ထောင်ထားတဲ့ Myanmar Peace Support Initiative (MPSI) ငြိမ်းချမ်းရေးထောက်ပံ့ရေးအဖွဲ့ပေါ့။ ဒုက္ခသည်တွေကို သူတို့က ကူညီထောက်ပံ့ထားတော့ သူတို့ လုပ်ချင်ဖြစ်ချင်တဲ့အတိုင်း လုပ်ပေးရတော့မယ့်အခြေအနေမှာရှိတယ်။

မေး။ ။ငြိမ်းချမ်းရေးက လုပ်နေတာ တနှစ်သက်တမ်းရှိသွားပြီ။ စစ်မှန်တဲ့ငြိမ်းချမ်းရေး မြင်ရလား။

ဖြေ။ ။ဟုတ်တယ်။ ကျနော်တို့ သျှမ်းပြည်တပ်မတော်တပ်ဖွဲ့နဲ့ အစိုးရရဲ့စစ်တပ်တို့အပစ်ရပ်ရေး လုပ်လာ ကြတာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းကဘဲ။ ခုချိန်ထိ တိုက်ပွဲက အကြိမ် ၃၀ ထက်မနည်းဖြစ်နေတုန်းဘဲ။ ဒီပုဂ္ဂိုလ်တွေ ငြိမ်းချမ်းရေးကိုတကယ်မြတ်နိုးတယ်ဆိုရင် တိုက်ပွဲတွေဆက်ဖြစ်နေစရာအကြောင်းမရှိဘူး။ ဖြစ်ခဲ့တဲ့တိုက်ပွဲကိုပြန်ကြည့်မယ်ဆိုရင်လည်း မြန်မာစစ်တပ်ဘက်က ကျူးလွန်တိုက်ခိုက်လာတဲ့ တိုက်ပွဲတွေ ဘဲဖြစ်နေတယ်။ အစီအစဉ်ချပြီးအကွက်ကျကျတိုက်ခိုက်နေတာဘဲလို့လူတွေက မြင်နေကြတယ်။ သိနေကြ တယ်။ နားလည်မှုလွဲမှားလို့ ပစ်ခတ်မှုဖြစ်ရတာပါလို့ချည်း ဆင်ခြေပေးတယ်။ နားလည်မှုလွဲတယ်ဆိုတာက ၁၀ ကြိမ်လောက်ဖြစ်ရင် နားလည်မှုက မလွဲသင့်တော့ဘူး။ တကယ်ကိုငြိမ်းချမ်းရေးလိုချင်တဲ့လူတွေ အတွက် ဆိုရင် ပေါ့။ နောက်တချက်- တိုက်ပွဲနေဖြစ်နေသေးသရွေ့ တရားမျှတမှုဆိုတာ ပေါ်ပေါက်လာမှာမဟုတ်ဘူး။ လူ့အခွင့်အရေးချိုးဖောက်မှုဆိုတာလဲ ရှိနေဦးမှာဘဲ။ အခုလဲကြည့်ပါလား ပြည်တွင်းကလူတွေ ငြိမ်းချမ်းမှု မရသေးဘူး။ လယ်တွေအလကား အသိမ်းခံရတယ်။ အဓမ္မလုပ်အားခိုင်းစေနေတာတွေခံနေရသေးတယ်။ ပညာရေးတိုးတက်မှုမရှိဘူး။ ကျန်းမာရေးအတွက်အာမခံချက်မရှိဘူး။ ဒီလို ငြိမ်းချမ်းမှုမရသေးတဲ့နေရာကို ဘာကြောင့် ဒုက္ခသည်တွေကို ပို့ချင်နေတာလဲ။ နိုင်ငံရေးပါတီတွေ လွှတ်တော်အမတ်တွေဆိုတာကလဲ တတိုင်းလုံးတပြည်လုံးအထိ ဒေါင့်စေ့ မြင်နိုင်သိနိုင်တာမှမဟုတ်တာ။ ဒီအခြေအနေဟာ ငြိမ်းချမ်းတဲ့ အခြေ အနေလို့ဆိုနိုင်ပြီလား။ ကျနော့်မျက်စိထဲမှာတော့ ကျနော်တို့ သျှမ်းပြည်မှာ ငြိမ်းချမ်းမှုဆိုတာ တစက်မှ မတွေ့ရသေးပါဘူး။

မေး။ ။ ငြိမ်းချမ်းမှုမရသေးတာကို လူတိုင်းကသိနေတယ်။ သို့ပေမယ့် ဘာကြောင့် ဒုက္ခသည်တွေကို ကူညီ ထောက်ပံ့မှု ဖြတ်တောက်တာလဲ။ ဘာကြောင့်နေရပ်ပြန်ပို့ချင်တယ်လို့ပြောနေကြတာလဲ။ အလှူရှင်တွေဟာ ဒုက္ခသည်တွေအပေါ် စစ်မှန်တဲ့စေတနာ ရှိတယ်လို့ ပြောလို့ရလား။ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ အလှူရှင်ဆိုတာ ကျနော်တို့ နိုင်ငံသားမဟုတ်ဘူးလေ။ နာရင် သူတို့မနာဘူးလေ။ ဒုက္ခနဲ့ရင်ဆိုင် ရင်သူတို့ကိုယ်တိုင်မဟုတ်ဘူးလေ။ သူတို့ကူညီတယ်ဆိုတာက ဘာကြောင့်သူတို့ကူညီတာလဲ။ လူဆိုတာ ကိုယ့်အတွက်အကျိုးအမြတ်မရှိရင် ဘယ်သူမှ ရင်းနှီးမှု မပေးချင်ကြဘူး။

ဘာလို့အဲလိုပြောတာလဲ။ စဉ်းစားကြည့်ပါ။ သူတို့ တဖက်က ကူညီထောက်ပံ့မယ်။ တဖက်ကလည်း နယ်မြေ ဒေသအနေအထားလေ့လာရင်း သူတို့နိုင်ငံက စီးပွါးရေးလုပ်ငန်းရှင်တွေ ကျနော်တို့နိုင်ငံထဲလာပြီး စီးပွားရေး လုပ်မယ်။ ကျနော်တို့နိုင်ငံကပိုက်ဆံတွေ သူတို့နိုင်ငံကိုသယ်သွားတယ်။ နောက်တခု- သူတို့အခုလို ကူညီ နေတယ်ဆိုတာ ကမ္ဘာက သိအောင် ပြလိုက်တယ်။ မျက်နှာယူတယ်။

သူတို့ က ကျနော်တို့အပေါ်တကယ်စေတနာရှိရင် ရော့ငွေ။ ရော့လူ။ ရော့ပညာ ။ ပေးလိုက်ရုံဘဲ။ အခုက သူတို့ကိုယ်တိုင်လာတယ်။ ငွေလဲသူတို့ကိုယ်တိုင်ကိုင်တယ်။ပညာရှင်သူတို့ပါလာတယ်။ အလုပ်သမား သူတို့ပါလာတယ်။ ငါတို့ပေးတာယူ ငါတို့ခိုင်းတာလုပ်ဆိုတဲ့သဘောမျိုးတွေ့ရတော့ ကျနော်တို့သျှမ်းပြည် သားတွေသိထားသင့်တာက ကျနော်တို့အပေါ် သူတို့ တကယ်စေတနာရှိသလား။ သတိထားသင့်ပါတယ်။ ဇာတ်စင်နောက်မှာဘာတွေရှိလဲဆိုတာ မြင်တတ်အောင်ကြည့်ဖို့ လိုပါတယ်။

မေး။ ။ ဒီလိုဆိုရင် သျှမ်း CBO ကနေပြီးတော့ ဒီဒုက္ခသည်တွေကို ဘယ်လိုကူညီဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်သလဲ။

ဖြေ။ ။ကျနော်တို့ကတော့ ဒုက္ခသည်တွေနဲ့လက်တွဲပြီး ဒုက္ခသည်တွေလိုအပ်တာကို ကူညီတောင်းဆိုပေးဖို့။ ဒုက္ခသည်တွေ ဒုက္ခထပ်မရောက်အောင် အတတ်နိုင်ဆုံး ကူညီပေးဖို့ ဖြစ်ပါတယ်။

Shan Community Based Organization ( Shan CBO) တွင် သျှမ်းလူထုအဖွဲ့အစည်းများ၊ သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၊ သျှမ်းသဘာ၀ပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့၊ သျှမ်းအမျိုးသမီးရေးရာကွန်ယက်၊ သျှမ်းလူငယ်စွမ်းအား၊ သျှမ်းလူငယ်ကွန်ယက် အဖွဲ့တို့ ပါဝင်ပါတယ်။

သျှမ်း-ထိုင်းနယ်စပ်တွေမှာ သျှမ်းပြည်သား စစ်ပြေးဒုက္ခသည်တွေ အနေများတဲ့နေရာတွေကတော့ -
၁-ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နှင့်မျက်နှာချင်းဆိုင်ရှိ ကောင်းမုံမိန်းစခန်း - ၂၅၀ ဦး
၂-ထိုင်းနိုင်ငံ ပန်မဖနှင့် မျက်နှာချင်းဆိုင်ရှိ လွယ်တိုင်းလျဲန်းစခန်း - ၂၃၀၀ ဦး
၃-ထိုင်းနိုင်ငံ ဝိန်းဟိုင်မြို့နှင့် မျက်နှာချင်းဆိုင်ရှိ လွယ်လမ်စခန်း - ၄၀၀ ဦး
၄-ထိုင်းနိုင်ငံ ဖှန်မြို့နှင့် မျက်နှာချင်းဆိုင်ရှိ လွယ်ဆမ်ဆစ်စခန်း - ၁၅၀၀ ဦး
၅-ထိုင်းနိုင်ငံ မယ့်ဖှာ့လုံနှင့် မျက်နှာချင်းဆိုင်ရှိ လွယ်ကော်ဝမ်းစခန်း -၂၉၀၀ ဦး
၆- ထိုင်းနိုင်ငံ ဝိန်းဟိုင်မြို့ရှိ ကုန်းကျော်ဒုက္ခသည်စခန်း - ၆၂၀ ဦး
စုစုပေါင်း - ၇၉၇၀ ဦး ရှိတယ်လို့ စာရင်းဟောင်းတွေအရသိရပါတယ်။

သို့ပေမယ့် ကုန်းကျော်ဒုက္ခသည်စခန်းမှာတော့ တချို့တဝက်ဟာ မြို့ထဲဆင်းအလုပ်ရှာ၊ တချို့တဝက်ကျ တော့ ပြည်တွင်းပြန်သွားပြီဖြစ်တဲ့အတွက် တချို့တဝက် လောက်ဘဲကျန်တယ်လို့ဆိုပါတယ်။ အိမ်ခြေလည်း ၁၂၀ ဝန်းကျင်လောက်ဘဲကျန်တယ်လို့ သိရပါတယ်။

August 28, 2012

ယခုလကုန် တောင်ကြီး၌ရုံးဖွင့်နိုင်ရေး PNLO ကြိုးစားနေ

သျှမ်းပြည်တောင်ပိုင်းမြို့တော်တောင်ကြီး၌ ယခုလမကုန်မီ ဆက်ဆံရေးရုံးဖွင့်လှစ်နိုင်ဖို့ကြိုးစားနေကြောင်း ပအိုဝ်းအမျိုး သား လွတ်မြောက်ရေးအဖွဲ့ချုပ်ကပြောသည်။
PNLO_peace_talking_with_state_government
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးအောင်မင်း၊ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် PNLO အဖွဲ့မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးမအဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် စကားပြောကြစဉ် ( မြန်မာ့သတင်းစဉ်)

“ ကျနော်တို့ တောင်ကြီးမှာ ဒီလမကုန်မီ ဖွင့်နိုင်အောင်ကြိုးစားနေပါတယ်။ စုစုပေါင်းတော့ ၃-၄ နေရာ လျာထား ပါတယ်။ အခုတောင်ကြီးမှာ အရင်ဆုံးဖွင့်မှာပါ။ ကျန်တဲ့နေရာတွေမှာတော့ ထပ်ပြီးဆွေးနွေးပြီးမှဘဲဆက်ဖွင့် သွားမှာပါ” ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ်  ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ် ၊ ငြိမ်းချမ်းရေး ကိုယ်စား လှယ် ဒုတိယ ခေါင်းဆောင်လည်း ဖြစ်သော စစ်ဦးစီးချုပ်   ဗိုလ်မှူးကြီးခွန်သူရိန်က သျှမ်းသံတော်ဆင့်အားပြော ပြသည်။

ဆက်ဆံရေးရုံးများကို သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၊မောက်မယ်မြို့၊ ဆီဆိုင်မြို့အပြင် မွန်ပြည်နယ် သထုံမြို့တွင် လည်း ဖွင့်လှစ်ရန်စီစဉ်ထားကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် နှင့် PNLO ၏ အတွင်းရေးမှူး ခွန်မြင့်ထွန်းကပြောပါသည်။

“ကျနော်တို့ ဌာနချုပ်ကိုလည်း သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်မောက်မယ်မြို့နယ် ကဒူးကြီးမှာ စိုက်ဖို့ မျှော်မှန်းထား ပါတယ်။ ဒီအကြောင်းတွေကို လာမယ့်အောက်တိုဘာလမှာ လုပ်ဖို့ သဘောတူထားတဲ့ ပြည်ထောင်စုအဆင့် ထပ်မံဆွေးနွေးပွဲမှာမှ ဒီအကြောင်းတွေထပ်ပြီးဆွေးနွေးပါမယ်” ဟု ဗိုလ်မှူးကြီးခွန်သူရိန်ကပြောပါသည်။

နှစ်ဦးနှစ်ဘက်ယုံကြည်စိတ်ချမှုရှိဖို့ အချိန်ယူရမှာဖြစ်ကြောင်း၊ ထို့အတွက် ဒုတိယအကြိမ်ပြုလုပ်မည့် ပြည်ထောင်စု အဆင့်ဆွေးနွေးပွဲ၌ ပွင့်ပွင့် လင်းလင်းဆွေးနွေးဖို့ လိုအပ်ကြောင်း လည်း ပြောပါသည်။

ယမန်နေ့ ဩဂတ်စ် ၂၇ ကမူ PNLO ငြိမ်းချမ်းရေးကိုယ်စားလှယ်များက ၁၉၆၀ ဝန်းကျင်က ပအိုဝ်း (တက္ကသိုလ်) ကျောင်း သားဟောင်းကြီးများအဖွဲ့နှင့်တွေ့ဆုံပြီး ၎င်းတို့ဦးစီးဖွင့်လှစ်ထားသည့်တောင်ကြီးမြို့ မင်းကွန်းပရိယတ္တိ စာသင် တိုက်ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံသို့သွားရောက်လေ့လာလည်ပတ်ခဲ့ကြကြောင်း ဗိုလ်မှူးကြီးခွန်သူရိန်က ပြောပြသည်။

ယခုလ ၂၅ ရက်က တောင်ကြီးမြို့ တောင်ကြီးဟိုတယ်တွင် ပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲသို့  PNLO ကိုယ်စား လှယ် အဖွဲ့ခေါင်းဆောင် ခွန်မြင့်ထွန်းနှင့် အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ပြီး အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အမှတ်(၂)လျှပ်စစ် ဝန်ကြီးဌာန ပြည်ထောင် စု ဝန်ကြီး ဦးခင်မောင်စိုးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်များ၊ ပြည်နယ် အစိုးရဘက် မှ သျှမ်းပြည်နယ် လုံခြုံ ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ပြည်နယ် ဥပဒေချုပ် ဦးမောင် မောင် ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အဆိုပါတွေ့ဆုံပွဲ၌ အပစ်ရပ်စဲရေးနှင့် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲအတွက် သဘောတူညီချက် လက်မှတ် ရေးထိုး နိုင်ခဲ့သည့်အပြင် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ ပါ ပြုလုပ်နိုင်ခဲ့ ကြောင်း ဗိုလ်မှူးကြီးခွန်သူရိန်က ပြောသည်။

PNLO သည် အစိုရနှင့် အပစ်ရပ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ၁၃ ဖွဲ့မြောက် လက်မှတ်ရေးထိုးသည့်အဖွဲ့ဖြစ်ပြီး တောင်ကြီးမြို့တွင် တတိယမြောက် ဆက်ဆံရေးရုံးဖွင့်လှစ်ခဲ့သည့် အဖွဲ့ဖြစ်ပါသည်။

ယခုတကြိမ် ပြည်နယ်အဆင့် ဆွေးနွေးပွဲမှ သဘောတူညီချက် ၅ ချက်မှာ -
၁- ၂၀၁၂ ဩဂတ်စ်လ ၂၅ မှစ၍ အပစ်အခတ်ရပ်စဲရေး
၂-နှစ်ဘက်သဘောတူညီမှုရထားသည့် သတ်မှတ်နယ်မြေများတွင် နေထိုင်ရေး
၃-သတ်မှတ်နေရာမှအပ တခြားဒေသသို့ လက်နက်ဖြင့်သွားရောက်ခြင်းမပြုရေး
၄-ဆက်ဆံရေးရုံးများကို တောင်ကြီး၊ ဆီဆိုင်၊မောက်မယ်မြို့များ၌ ထားရှိရေး
၅-ပြည်ထောင်စုအဆင့်ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့များဖွဲ့စည်းရေး စသည်တို့ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။

ညနေပိုင်း ပြည်ထောင်စုအဆင့်ဆွေးနွေးရာ၌ ဆွေးနွေးသဘောတူခဲ့သော အချက် ၈ ချက်မှာ-
၁- ပစ်ခတ်တိုက်ခိုက်မှု ခိုင်မာသည်ထက်ခိုင်မာအောင်ဆွေးနွေးရန်
၂- Code of Conduct  သတ်မှတ်နိုင်အောင် ညှိနှိုင်းဆောင်ရွက်ရေး
၃-ဆက်ဆံရေးရုံးမှားလုပ်ငန်းလည်ပတ်နိုင်အောင်ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ ကူညီရန်
၄-PNLO/PNLA တပ်ဖွဲ့ဝင်များ၏ တပ်တည်နေရာများကိုဆက်လက် ညှိနှိုင်းရန်
၅-မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်ရေးကိစ္စညှိနှိုင်းဆောင်ရွက်ရန်
၆-သတင်းမီဒီယာများကိစ္စညှိနှိုင်းဆောင်ရွက်ရန်
၇-တပ်ဖွဲ့ဝင်များ၏စားဝတ်နေရေးကိစ္စ ဆွေးနွေးညှိနှိုင်းရန်
၈-ပြည်သူလူထုလုံခြုံရေးနှင့် အခြေခံစိုက်ပျိုးရေးကိစ္စဆွေးနွေးညှိနှိုင်းရန်တို့ဖြစ်သည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3436--pnlo-.html

ဖားအံမြို့ ကရင့်ရိုးရာ ချည်ဖြူဖွဲ့ပွဲတော်သို့ KNU ပထမဆုံးအကြိမ် ပါ၀င်ဆင်နွဲခဲ့

သြဂုတ်လ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုမှ ကြီးမှူးကျင်းပသော (၃၅)နှစ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ပွဲတော်ကို သြဂုတ်လ ၂၆ရက်နေ့က ဖားအံမြို့ရှိ ဇွဲကပင်ခမ်းမတွင် ကျင်းပခဲ့ရာ ကရင်အမျိုးသားအစည်းအရုံး-KNU မှ ခေါင်းဆောင်အချို့ ပထမဆုံး အကြိမ် တက်ရောက်ဆင်နွဲခဲ့သည်။

၎င်းလက်ချည်ပွဲကို KNU ၏ သစ်တောဌာန တာဝန်ခံ ပဒိုစောအားတိုးနှင့် မြဝတီ ဆက်ဆံရေးရုံးတာဝန်ခံ ဒုဗိုလ်မှူးကြီးဖောဒို့တို့အပြင် ၀န်ကြီးချုပ် ဦးဇော်မင်းနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ပါတီခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကရင်လူငယ်မောင်မယ်များ နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၁၀၀၀နီးပါး တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
KNU နှင့်အတူ လိုက်ပါသွားခဲ့သူ မန်းမျိုးမြင့်က “KNU ခေါင်းဆောင်တွေ အခုလို ဖားအံမှာလုပ်တဲ့ ချည်ဖြူဖွဲ့ပွဲကို တက်ရောက်ခွင့်ရတာ အင်မတန် ကောင်းပါတယ်။ လူတွေကလည်း ကြိုဆိုတာ၊ ၀မ်းသာတာ တွေ့ရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ချည်ဖြူဖွဲ့ပွဲ တက်ရောက်သူ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် နန်းစေးအွာက “အခုလို တက်ရောက်လာတာ ၀မ်းသာပါတယ်။ ဒေသခံလူထုအားလုံးလည်း ၀မ်းသာကြပါတယ်။ ဒါပေမယ့် တချို့တော့ KNU နဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ သိပ်မရဲကြ ဘူး။ ၁၇/၁(မတရားအသင်း ဆက်သွယ်တဲ့ပုဒ်မ)ကို မပယ်ဖျက်သေးတဲ့အခါကျတော့ ကြောက်ကြတာပေါ့နော်။ အဲဒီ တရားမဝင်အသင်း ဆိုတာ မရှိတော့ဘူးဆိုရင် အားလုံးက ဒီထက် ပွင့်ပွင့်လင်းလင်း ဖြစ်လာလိမ့်မယ်လို့ထင်တယ်”ဟု ပြောသည်။

ယင်းအခမ်းအနားကို မနက်(၁၀)နာရီတွင် စတင် ကျင်းပခဲ့ပြီး အစီအစဉ်အရ ချည်ဖြူဖွဲ့ပွဲ အစဉ်အလာအတိုင်း ဦးဆောင်ကြသည့် လူကြီး သူမများက ရိုးရာလိပ်ပြာခေါ်ခြင်း၊ လက်ချည်မင်္ဂလာပြုခြင်း၊ ကရင်လူငယ်မောင်မယ်များက ရိုးရာသီချင်း သီဆိုခြင်းနှင့် ဧည့်ခံကျွေးမွေး ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ကရင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာအရ ကျင်းပသော ပွဲတော်များအနက် ၀ါခေါင်လအတွင်း ကျင်းပသည့် ချည်ဖြူဖွဲ့ ပွဲတော်သည် အပါအဝင်ဖြစ်ပြီး မြန်မာနိုင်ငံရှိ တောင်ပေါ်၊ မြေပြန့် ကရင်လူမျိုးများသာမက ပြည်ပနိုင်ငံ အသီးသီးတွင် သွားရောက် အခြေ ချ နေထိုင်နေကြသော ကရင်လူမျိုးများလည်း အစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်း ဆင်နွှဲကျင်းပကြသည်။
“ကရင်အမျိုးသားတွေ အခုလို စည်းစည်းလုံးလုံးနဲ့ တွေ့နိုင်မယ့် ပွဲတော်တွေကနေတဆင့် အမျိုးသားရေးကိစ္စတွေကို အမြဲတမ်း တွေ့ဆုံ ဆွေးနွေးကြမယ်ဆိုရင် ကျနော်တို့ ကရင်အမျိုးသားထုထဲမှာလည်း မကြာခင် ကျနော်တို့ ရည်မှန်းချက်တွေ ပြည့်ဝလိမ့်မယ်လို့ သုံးသပ်မိ ပါတယ်”ဟု မန်းမျိုးမြင့်က ဆက်ပြောသည်။
ယခု ပြုလုပ်သည့် ချည်ဖြူဖွဲ့ပွဲသည် ဖားအံမြို့နယ် အတိုင်းအတာအနေဖြင့် ကျင်းပခြင်းဖြစ်ပြီး ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းမှ ငွေကျပ်ဆယ်သိန်းနှင့် KNU မှ ငွေကျပ်သုံးသိန်း ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီထံ လှူဒါန်းခဲ့သည်ဟု သိရသည်။
ကရင်လူမျိုးတို့၏ ရှေးလူကြီးသူမများ အဆိုအရ ၀ါခေါင်လသည် မကောင်းဆိုးဝါးများ ပျော်မြူးသည့် လရာသီဖြစ်ပြီး ထိုမကောင်းဆိုးဝါး ၀ိညာဉ်များ မိမိတို့၏ သားသမီး၊ မြေး၊ မြစ်များအပေါ် လာရောက်စွဲကပ်ပါက မကောင်းသည့် အတိတ်နိမိတ်၊ ဘေးဥပါဒ် ကျရောက်တတ် သည်ဟု ယုံကြည်ကြကာ ၎င်းကို ကာကွယ်သည့်အနေဖြင့် လက်နှစ်ဖက်၏ လက်ကောက်ဝတ်တွင် ချည်ဖြူများ ချည်နှောင်ပေးခြင်း ဖြစ် သည်။

http://www.kicnews.org/?p=13114

တတိယအကြိမ် အပစ်ခတ်ရပ် ဆိုင်းရေး ဆွေးနွေးမည့်ရက် ပြန်လည် သတ်မှတ်ဟု KNUသတင်းထုတ်ပြန်

ဂုတ်လ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် မြန်မာ အစိုးရတို့ နှစ်ဦးနှစ်ဘက် ပြန်လည်ညှိနှိုင်းပြီး တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေး မည့်ရက်ကို ပြန်လည်သတ်မှတ် အတည်ပြုလိုက်ပြီဖြစ်ကြောင်း KNU က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
၎င်းသတင်းထုတ်ပြန်ချက်ထဲတွင် ဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စက်တင်ဘာလ ၃ရက်မှ ၄ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး လူထုအတွက် အာမခံချက်ရှိသော လုံခြုံမှုရရှိရေးနှင့် အဆင့်တိုင်းတွင် ယုံကြည်မှု တည်ဆောက်ရေးကို ဦးတည်သည့် အချက်နှစ်ချက်ကို အဓိကထား ဆွေးနွေးညှိနှိုင်းသွားမည်ဟု ဖော်ပြထားသည်။
ထိုအချက်နှစ်ချက်မှာ ပြည်သူလူထု ဘဝလုံခြုံမှုကို အာမခံပေးနိုင်ရေးအတွက် တပ်များ ပြန်လည် နေရာချထားရန်နှင့် နှစ်ဦးနှစ်ဘက် လိုက်နာရမည့် အပစ်အခတ် ရပ်ဆိုင်းရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများ (Code of Conduct) မူကြမ်း စသည်တို့ဖြစ်သည်။
“အချက်နှစ်ချက်ပဲဆိုပေမယ့် ခိုင်မာတဲ့ အပစ်အခတ်ရပ်ဆိုင်းရေး ရယူနိုင်ဖို့ အရေးအကြီးဆုံး အချက်နှစ်ချက်ဖြစ်နေတာရယ်၊ အပြန်ပြန် အလှန်လှန် အကျေအလည် ဆွေးနွေးရမှာမို့ အချိန်သေသေချာချာ ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်”ဟု နော်မေဦးမူတြော်က ပြောသည်။
ယခုသွားရောက်ဆွေးနွေးမည့် KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို နော်စီဖိုးရာစိန်မှ အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်သွားမည် ဖြစ်ပြီး ဒုအဖွဲ့ခေါင်းဆောင်အဖြစ် ဒုတိယ စစ်ရေးချုပ် ဗိုလ်မှူးချုပ်စ’ရှာထုဝေါ်နှင့်အတူ စုစုပေါင်း ကိုယ်စားလှယ်အဖွဲ့ဝင် ၁၀ဦး ပါ၀င်မည် ဟုလည်း နော်မေဦးမူတြော်က ကေအိုင်စီသို့ ပြောဆိုသည်။
KNU ၏ သတင်းထုတ်ပြန်ချက်တွင် စစ်ရေးပဋိပက္ခများကို ဖြေရှင်းနိုင်ရန်နှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်သည့် ဖြစ်စဉ်တွင် နောင်ဖြစ်ပေါ်လာမည့် နိုင်ငံရေးပြောင်းလဲမှု၏ ဆိုးကျိုး၊ ကောင်းကျိုး သက်ရောက်မှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ခံစားရ မည့်သူအားလုံး၏ ၀ိုင်းဝန်းကြိုးပမ်းမှုအားဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပါရှိ သည်။
မြန်မာအစိုးရနှင့် KNU တို့၏ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်တွင်းနှင့် နိုင်ငံတကာမှ လေ့လာသူများလည်း ပါ၀င် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၅ရက်က KNU မှ ထုတ်ပြန်ခဲ့သည့် သဘောထားကြေညာချက်ထဲတွင် တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ အတွက် ယခင် သတ်မှတ်ထားသည့် သြဂုတ်လ ၂၇-၂၉နေ့ရက်ကို မြန်မာအစိုးရမှ ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ဖော်ပြခဲ့ပြီးနောက် ယခု ထပ်မံ၍ ရက်သတ်မှတ် အတည်ပြုသည့်သတင်းကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

http://www.kicnews.org/?p=13118

ကချင်နှင့်ရခိုင်ဒုက္ခသည်ကလေးသူငယ်တွေအတွက် ရန်ပုံငွေရှာဖွေပွဲ


ကချင်နဲ့ ရခိုင်ဒေသက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့ ကလေးသူငယ်တွေ အတွက် ပညာရေး ရန်ပုံငွေ ရှာဖွေပွဲတခုကို ရန်ကုန် အခြေစိုက် လူငယ်ကွန်ရက် အဖွဲ့တွေ စုစည်းပြီး စနေနေ့က ပြုလုပ်ခဲ့ပါတယ်။
အပြည့်အစုံကို ကိုဂျေက ဆက်ပြီး တင်ပြပေးမှာပါ။




ယုံကြည်စိတ်ချရသည့် အဖွဲ့စည်း လူပုဂ္ဂိုလ်များရှေ့တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် KIA/KIO တောင်းဆို

စိုင်းထွန်းအောင်လွင်

ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရာတွင် ယုံကြည်စိတ်ချရသည့် အဖွဲ့စည်း၊ လူပုဂ္ဂိုလ်များ၏ ရှေ့မှောက်တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)/(KIO) မှ တောင်းဆိုထားကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့ထံ မှ သိရသည်။
ကချင်ငြိမ်းချမ်းရေးကွန်ယက်၊ နာရေးကူညီမှုအသင်း၊ Rain Fall နှင့် အဖြူရောင်တွဲလက်များ အစရှိသည့် အဖွဲ့အစည်းများသည် တိုက်ပွဲများဖြစ်ပွားနေသည့် ကချင်ဒေသသို့ သြဂုတ်လ ၁၂ ရက်မှ ၂၂ ရက်နေ့အထိ သွားရောက်လေ့လာခဲ့ပြီး  (KIA)/(KIO) တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် (KIA)/(KIO)  တာဝန်ရှိသူများက ပြောကြားခဲ့ခြင်းဖြစ်သည်။

ကချင်ငြိမ်းချမ်းရေး ကွန်ယက်နှင့်အတူ ကချင်ဒေသ ခရီးစဉ်တွင် လိုက်ပါသွားခဲ့သည့် မဇင်မာအောင် (Rainfall) က “ကေအိုင်အေ၊   ကေအိုင်အိုတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့နေရာမှာ သူတို့ဘက်က ဒီတစ်ကြိမ် ဆွေးနွေးပွဲလုပ်ရင် ပိုပြီးပွင့်လင်းမြင်သာမှုရှိုဖို့ ယုံကြည်စိတ်ချရတဲ့ အဖွဲ့စည်း၊ လူပုဂ္ဂိလ်တွေရဲ့ရှေ့မှာ ဆွေးနွေးပွဲ ပြုလုပ်ချင်တယ်လို့ ကေအိုင်အေ တာဝန်ရှိသူတွေက ပြောပါတယ်” ဟု မြန်မာပို့စ် ဂလိုဘယ်သို့ပြောသည်။

ထို့ပြင် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများဖြစ်စေ၊ ငြိမ်းချမ်းမှုကို အမှန်တကယ်လိုလားသူ သမ္မစိတ္တရှိပြီး မျှတသည့် သဘောထားရှိသည့် လူပုဂ္ဂိုလ်များ၊ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရာတွင်ပါ၀င်လာပါက လက်ကမ်းကြိုဆိုနေမည် ဖြစ်ကြောင်းလည်း သိရသည်။

“ကေအိုင်အေ၊ ကေအိုင်အိုအနေနဲ့ ပြီးခဲ့တဲ့ ပြည်ထောင်စုအဆင့် ငြိ်မ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့နဲ့ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ သုံးကြိမ်စလုံးဟာ တရားဝင် တွေ့ဆုံဆွေးနွေးတဲ့ ဖြစ်စဉ်လို့မမြင်ဘူး၊ ပွင့်လင်းမြင်သာမှုရှိတယ်လို့လည်း မမြင်ဘူး။ တကယ်လို့ နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုတွေမှာ ပိုပြီးပွင်လင်းမြင်သာမှုရှိအောင်၊ အများပြည်သူ သိရှိအောင်တွေ့ဆုံဆွေးနွေးပုံတွေကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်ပေးမယ်ဆိုရင် သူတို့အနေနဲ့ တွေ့ဆုံဆွေးနွေးပွဲကို ပွင့်လင်းမြင်သာတဲ့ တွေ့ဆုံဆွေးနွေးမှု အဖြစ် မှတ်ယူမယ်” ဟု မဇင်မာအောင်က ပြောသည်။

(KIA)/(KIO) တို့နှင့် မြန်မာတပ်မတော်အကြား ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် နှစ်ဘက်တာဝန်ရှိသူများ သဘောတူညီခဲ့သော အပစ်ခတ်ရပ်စဲမှု ပျက်ပြယ်ခဲ့ရကာ ယခုသြဂုတ်လတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်မှာ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။

တိုက်ပွဲများကြောင့် ကချင်ဒေသရှိ ဒေသခံလူထု ထောင်ပေါင်းများစွာ အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရပြီးနီးစပ်ရာ ဒုက္ခသည် စခန်းများတွင် ဒုက္ခသည်များဖြစ် ခိုလှုံရောက်ရှိနေခဲ့ကြသည်။
လက်ရှိအခြေနေတွင် (KIA)/(KIO)  တာဝန်ရှိသူများနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့မှ တာဝန်ရှိ  ပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးရန် နေရာညှိနှိုင်းမရ ဖြစ်နေသည်ဟု သိရပြီး ကေအိုင်အေ၊ ကေအိုင်အိုဘက်မှ မိုင်ဂျာယန်နှင့် လွယ်ဂျယ်ကြားက တနေရာတွင် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းထားသည်ဟု သိရသည်။
 
ထို့ပြင် (KIA)/(KIO)  တာဝန်ရှိသူများ အနေဖြင့် လွန်ခဲ့သည့် ဇူလိုင်လအတွင်း ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့နှင့် တွေ့ဆုံစဉ်ကလည်း နောက်တစ်ကြိမ် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရာတွင် မျှတပြီး ယုံကြည်လေးစားလောက်သော ပုဂ္ဂိုလ် (သို့မဟုတ် ) အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးမှုတွင် ပါ၀င်လာရန် လိုအပ်ကြောင်း(KIA)/(KIO)  ရှိ တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု ၈၈ မျိုးဆက်ကျောင်းသားများထံမှ စုံစမ်းသိရှိရသည်။

http://www.themyanmarpostglobal.com/?p=1738
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India