သြဂုတ်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

ကချင်ပြည်နယ် လွယ်ဂျယ်မြို့နှင့် မျက်နှာချင်းဆိုင် တရုတ်နိုင်ငံအတွင်းရှိ လူဦးရေ တစ်ထောင်ကျော်အခြေစိုက်သည့် လိုင်းရင်းဒုက္ခသည် စခန်းမှာ ယနေ့မနက် ၉နာရီမှစ၍ လွယ်ဂျယ်မြို့ဘက်သို့ ပြောင်းရွှေ့ခံရပြီဖြစ်သည်။
ထိုဒေသရှိ ဒုက္ခသည်များကို သွားရောက်ကူညီပေးနေသည့် ကချင်ကယ်ဆယ်ရေးအဖွဲ့-WPN မှ အမည်မဖော်လိုသူ တာဝန်ရှိသူတဦးက “ဒီမနက်ပဲ ပြောင်းလိုက်တယ်။ ကားက ၁၀စီးလောက်ရှိမယ်။ ကားခကတော့ တရုတ်အာဏာပိုင်တွေက ကူညီပေးတယ်။ ပြောင်းရွှေ့တာ ပစ္စည်းတွေနဲ့ဆိုတော့ တစ်နေကုန်ပဲ”ဟု ကေအိုင်စီသို့ ပြောသည်။
ယခု သြဂုတ်လ ၂၁ရက်နေ့က ကချင်လွတ်မြောက်ရေးအဖွဲ့-KIO နှင့် တရုတ်အာဏာပိုင်တို့သည် လိုင်းရင်းတွင် တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်းတွင် ဒုက္ခသည်များ ထိုသို့ ပြောင်းရွှေ့ခံရခြင်းဖြစ်သည်ဟု အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။
ပြောင်းရွှေ့ခံရသည့် ဒုက္ခသည်အမျိုးသမီးတစ်ဦးက “ကျမက ကိုယ့်ရွာမှာလည်း ပြန်လို့ မဖြစ်သေးဘူး။ ဒီမှာနေတော့လည်း ဟိုပြောင်းဒီ ပြောင်း အဆင်ပြေဘူး။ စိတ်ပင်ပမ်းတယ်။ ဒီမှာပဲ ဆက်နေရရင် ပိုကောင်းတယ်။ တဖက်ကလည်း တရုတ်အာဏာပိုင်တွေက နင်တို့ဒေသ မှာ တိုက်ပွဲမဖြစ်တော့ဘူး။ ပြန်တော့လို့ ခဏခဏ လာပြောတယ်”ဟု ဆိုသည်။
လိုင်းရင်းစခန်းရှိ ဒုက္ခသည်များအနက် ယနေ့ လွယ်ဂျယ်သို့ ပြောင်းရွှေ့သူများမှာ ၄၀၀ကျော်ရှိပြီး ၁၀၀ကျော်မှာ မိုင်ဂျာရာဒုက္ခသည်စခန်း သို့ ပြောင်းရွှေ့သွားကြကာ ကျန်ဒုက္ခသည်များမှာ လိုင်းရင်း၌ တလလျှင် တရုတ်ယမ်းငွေ ၈၀ သို့မဟုတ် ၉၀ ပေးရသည့် တိုက်ခန်းများငှား ကာ ဆက်လက် နေထိုင်လျှက်ရှိကြသည်ဟု WPN အဖွဲ့က ဆိုသည်။
ထို့အပြင် ကချင်ပြည်နယ်ရှိ အချို့နေရာများ၌ KIO နှင့် မြန်မာအစိုးရတပ်တို့အကြား ပစ်ခတ်မှု နည်းပါးသွားသည့်အပေါ် လိုင်းရင်းဒုက္ခ သည်အချို့မှာ နေရပ်ဒေသသို့ ပြန်သွားကြပြီး ဥယျာဉ်ခြံများနှင့် သီးနှံစိုက်ခင်းများကို ပြန်လုပ်ကိုင်ကြရင်း အခြေအနေစောင့်ကြည့်ကာ ၎င်းတို့ဒေသတွင်ပင် နေထိုင်သွားကြသည်ဟု သိရသည်။
WPN အဖွဲ့၏ ပြောပြချက်အရ လွယ်ဂျယ်သို့ ပြောင်းရွှေ့မခံရမီ လိုင်းရင်းဒုက္ခသည်များ၏ နောက်ဆုံး လူဦးရေစာရင်းမှာ ၁,၇၁၇ဦးရှိပြီး ယခု သြဂုတ်လ ၂၂ရက်နေ့ကလည်း တရုတ်နိုင်ငံ၊ နောင်တောင်းရှိ ဒုက္ခသည်ဦးရေ ၄,၀၀၀ကျော်နေထိုင်သည့် ဒုက္ခသည်စခန်း ၆ခုမှာ လည်း ကချင်ပြည်နယ် ဗန်းမော်မြို့နယ်၊ လနာဇွပ်(Lana Zup)သို့ ပြောင်းရွှေ့ခံခဲ့ရသည်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည့် ယခုကာလတွင် တရုတ်နိုင်ငံရှိ ဒုက္ခသည်များကို နေရပ်ပြန်မပို့ သင့်သေးကြောင်းနှင့် ယခုလို ပို့ဆောင်ခြင်းမှာ လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက တရုတ်အစိုးရ ကို ဝေဖန်ပြောဆိုနေကြသည်။
http://www.kicnews.org/?p=13084







Sunday, August 26, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
Posted in: