““ပထမ ကျနော်တို့ထောင်ကလွှတ်တော့ စဉ်းစားတာက ပါတီထောင်မယ်၊ လွှတ်တော်ထဲဝင်တဲ့သူဝင်မယ်၊ အပြင်ကလှုပ်ရှားတဲ့သူကလည်း အပြင်ကလှုပ်ရှားမယ် အတွင်းအပြင်ချိတ်ဆက်ပြီးတော့ပေါ့၊ အခုနောက်ပိုင်းမှာ ကျနော်တိုမြင်နေရတာက လွှတ်တော်တက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အပြင်မှာရှိတဲ့ လူမှုရေးအဖွဲ့အစည်း တွေ တွေ့ဆုံမှုကွာဟနေတာတွေ့ရတယ် ချိတ်ဆက်လို့မရကြဘူး၊ ပြည်သူတွေနဲ့အလှမ်းကွာနေတယ်”” လို့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုအောင်သူက မော်လမြိုင်သို့ရောက်ရှိစဉ် မွန်ပြည်နယ်မီဒိီယာအဖွဲ့ မှမေးမြန်းမှု အားပြန်လည်းဖြေကြားခဲ့ခြင်းဖြစ်သည်။ဆက်လက်၍ ကိုအောင်သူက ပြည်တွင်းငြိမ်းချမ်းရေး လုပ်ဆောင်မှုများမှာ ပုံသဏ္ဌာန်တင်မကဘဲ အနှစ်သာရများပါ ပါရှိရမှာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေကို ကျနော်တင်မကဘဲ ကေအန်ယူ(KNU) ကလည်းလိုချင်ပါကြောင်း၊ အားလုံးသိထားတာက ဖက်ဒရယ်ဆိုရင်ခွဲထွက်မယ်ဆိုတာဘဲဖြစ်ကြောင်း၊ အမှန်ကဖက်ဒရယ်ဆိုတာနဲ့ ခွဲထွက်မယ်ဆိုတာမဟုတ်ကြောင်း၊ ကေအန်ယူ(KNU)ကလည်းခွဲထွက်ဖို့ အစီစဉ်မရှိကြောင်း၊ တန်းတူရည်တူရပိုင်ခွင့်သာလို ချင်ခြင်းဖြစ်ကြောင်း၊ ပင်လုံထက်ကျယ်ပြန့်တဲ့ညီလာခံကို ပင်လုံသဘောသက်ရောက်တဲ့ညီလာခံဖြစ်အောင် အားလုံးပါ၀င်နိုင်အောင်ကြိုးစားဖို့လိုကြောင်း၊ အပေါ်ကလုပ်တာနဲ့အောက်ခြေကရတဲ့ သဘောတူညီမှုအပိုင်းမှာ သက်ရောက်မှုအားနည်းနေသေးကြောင်း၊ နောက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ ကျနော်တို့အနေနဲ့ ဘယ်လောက်အထိ ထဲထဲဝင်ဝင်ပါ၀င်ပတ်သက်ခွင့် ရမလဲဆိုတာကိုသိလိုကြောင်း၊ တိုင်းရင်းသားများအတွက် ပေးဆပ်လိုကြောင်း၊ ပဋိပက္ခလုပ်ဖို့မဟုတ်ကြောင်း၊ တိုင်းပြည်က ပဋိပက္ခလုပ်ပြီးဖန်တီးယူတဲ့ အဆင့်ကိုကျော်လွန်ခဲ့ပြီး ဖြစ်ကြောင်း၊ ကုန်လွန်သွားတဲ့အချိန်တွေကို နှမြောမိကြောင်းပြောကြားခဲ့သည်။အဆိုပါ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့အနေဖြင့် မော်လမြိုင်မြို့သို့ ရောက်ရှိခဲ့ခြင်းမှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အနီးရှိ(၃၃)ဆူရွာ တပ်မ(၆)တွင်ကျင်းပသော ကရင်ပြည်နယ်အာဇာနည်နေ့သို့တက်ရောက်ပြီး အပြန်တွင်မော်လမြိုင်မြို့သို့ လမ်းကြုံဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပွင့်လင်းရာသီ အောက်တိုဘာလလောက်တွင် မွန်ပြည်နယ်သို့ ရောက်ရှိလာဦးမှာဖြစ်ကြောင်း၊ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့အနေဖြင့် အဖွဲ့(၅)ဖွဲ့ခွဲ၍ မြန်မာနိုင်ငံအနှံသို့ လှည့်လည်သွားလာလျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီး ဆင်ဖြူကျွန်းမြို့တွင်နောက်ဆုံးတွေ့ဆုံ ပြီး ငြိမ်းချမ်ရေးနှင့် ပွင့်လင်းလူမှုအဖွဲ့အစည်းဖြစ်ပေါ်ရေး အခမ်းအနားကျင်းပကာ နိုင်ငံတော်နှင့် မီဒီယာများအား တင်ပြ အသိပေးခြင်းမျာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုလာရောက်သော ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့တွင် ကိုဌေးကြွယ်၊ ကိုသော်ဇင်ထွန်း၊ ကိုမင်းဇေယျ၊ ကိုဇော်ထက်ကိုကိုနှင့် ကိုအောင်သူတို့လိုက်ပါလာခဲ့ကြောင်း သိရသည်။







Tuesday, August 28, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
Posted in: