
မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်လ၂၂ ရက် နေ့မှစ၍ တပတ်အတွင်းပြန်ပို့ခြင်း ခံရသည့် ယင်းဒုက္ခသည်များသည် တရုတ်နိုင်ငံ နန်တောင်းမြို့နယ် အတွင်းရှိ ရမ်လူး (Yang Lu)၊ လောင်ဖိုင် (Lau Hpai)၊ လုံဂရောက် (Lung Krawk)၊ နားကောင်းကောင် (Na Kawng Kawng)၊ ခဒေါင်ပါ (Hka dawng Pa)၊ ငါနောင်ပါ (Nga Nawng Pa) စခန်းများတွင် နေထိုင်သူများ ဖြစ်သည်။
ဒုက္ခသည်များ ပြန်ပို့သည့် အကြောင်းအရင်းကို မသိရသော်လည်း တရုတ်နိုင်ငံ ရွှေလီမြို့ အာဏာပိုင်များက ပြန်ခိုင်းခြင်း ဖြစ်ကြောင်း ကချင် ဒုက္ခသည်များ ကူညီကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဒွဲပီဆာက ဧရာဝတီသို့ ပြောသည်။
ဒုက္ခသည် အများစုက မံစီမြို့နယ် အတွင်းရှိ မန်ဝိန်ကြီး ကျေးရွာသို့ သွားရောက်နေထိုင်ကြပြီး ခရစ်ယာန် ဘာသာရေးခေါင်းဆောင် များက ကူညီ ထောက်ပံ့ ပေးထားကြောင်း ၎င်းက ပြောပြသည်။
“ကျနော်တို့ ကူညီနိုင်တဲ့ စေတနာရှင်တွေကို ကူညီဖို့ တောင်းဆိုတာ လောလောဆယ်ဆယ် စားဝတ်နေရေး ဒီလောက်ပဲ စီစဉ်ပေး ထားနိုင်ပါတယ်”ဟုလည်း ဦးဒွဲပီဆာ က ဆိုသည်။
တခြားသော အစိုးရမဟုတ်သည့် NGO အဖွဲ့တချို့က ရိက္ခာနှင့်ဆေးဝါးများ လာရောက် ထောက်ပံ့မှုများရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“မန်ဝိန်ကြီး ဆိုတာ လက်ရှိ အစိုးရ ရဲစခန်း ရှိတယ်၊ နောက် စစ်ကြောင်း လှုပ်ရှားမှုတွေလည်း အမြဲတမ်းရှိတယ်၊ ဒါပေမယ့် အခု
လော လောဆယ်တော့ ရဲစခန်းတွေက စစ်ပြေး ဒုက္ခသည်တွေကို ဘယ်လို နေရမယ် ဆိုတာလည်း မပြောဘူး၊ လာရောက်ကြည့် ရှုတာလည်း မရှိဘူး”ဟု ၎င်းက ရှင်းပြသည်။
ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံး(UNHCR) ကလည်း မြန်မာပြည် မြောက်ပိုင်း လုံခြုံမှုမရှိသော စစ်မက်ဖြစ်ပွားရာ ကချင် ဒေသသို့ ကလေးလူငယ် အများအပြား ပါ၀င်သည့် ဒုက္ခသည် ၅၀၀၀ ခန့်ကို တရုတ်အာဏာပိုင်များက ပြန်ပို့နေသည့် အတွက် အလွန် စိုးရိမ်မိကြောင်း ယခုလ ရ ရက်နေ့က ထုတ်ပြန်ထားသည်။
ကချင်ပြည်နယ် တရုတ်နယ်စပ်မှ လွယ်ဂျယ် ဒုက္ခသည် စခန်း ၄ ခု ရှိ ပြန်ပို့ခံရသော ဒုက္ခသည် ၁၂၀၀ ခန့်ကိုလည်း ယခုလဆန်း က တာပေါ်လင်စ၊ စောင်၊ ခြင်ထောင် နှင့် မီးဖိုချောင်သုံး ပစ္စည်းများကို သွားရောက်ထောက်ပံ့ ပေးခဲ့သေးသည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။
ပြန်ပို့ခံရသည့် ဒုက္ခသည်များထဲမှ ၃၄၀၀ ကျော်မှာ တိုက်ပွဲများကြောင့် ပျက်စီးခဲ့သည့် ၎င်းတို့၏ အိုးအိမ်များတွင် ပြန်လည် နေ ထိုင်ရန် ကြောက်ရွံ့နေသည့်အတွက် ဒုက္ခသည် စခန်းများ၌ပင် နေထိုင်လျက်ရှိကြောင်း၊ စားရေရိက္ခာ၊ အမိုးအကာ နှင့် ဆေးဝါးများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် တရုတ် အာဏာပိုင်များအနေဖြင့် ကချင် စစ်ပြေးဒုက္ခသည်များကို စစ်မက်ဇုန် အတွင်းသို့ ပြန်လည်ပို့ဆောင်နေခြင်း နှင့် ပတ်သက်၍ အကြိမ်ကြိမ် မေတ္တာ ရပ်ခံခဲ့ကြောင်းလည်း UNHCR ထုတ်ပြန်ချက်က ဆိုသည်။
ယင်း ဒုက္ခသည်များသည် ၂၀၁၁ ခုနှစ် ဇွန်လပိုင်းက အစိုးရတပ်များနှင့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA)တို့ အကြား တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ၍ တရုတ်ပြည်ဘက်သို့ ထွက်ပြေးသွားကြသူများ ဖြစ်ကြောင်း သိရသည်။
KIA သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ ့ဖြစ် ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။
ယင်းတိုက်ပွဲများကြောင့် အစိုးရနှင့် KIA ကြား ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နို၀င်ဘာလမှ စတင်၍ ၂၀၁၂ ခုနှစ်အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း ယနေ့အထိ ရေရာသည့် သဘောတူညီချက် တစုံတရာ မရရှိသေးပေ။
ယမန်နှစ် ဇွန်လမှ စတင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးရသော ဒေသခံ ဒုက္ခသည်များမှာ ကချင်ပြည် နယ်နှင့် ရှမ်းပြည်နယ်အတွင်း စုစုပေါင်း ရ၅၀၀၀ ခန့်ရှိကြောင်းလည်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
http://burma.irrawaddy.org/archives/19841







Tuesday, September 11, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
Posted in: