စစ်တွေ (မဇ္ဈိမ) ။ ။ ငြိမ်းချမ်းရေးဆွေးနွေးမှုများ အစိုးရနှင့် လုပ်ကိုင်လျက်ရှိသော ရခိုင်ပြည်လွတ် မြောက်ရေး ပါတီ (ALP) ၏ ဗွေဆော်ဦး ဆက်ဆံရေးရုံးတခုကို ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် တနင်္လာနေ့က ဖွင့်လှစ် လိုက်သည်။
ရခိုင်ယဉ်ကျေးမှုအဖွဲ့ဝင်များ အပါအဝင် လူ ရ၀၀ ခန့်တက်ရောက်သော ဆက်ဆံရေးရုံးဖွင့်ပွဲကို ALP ပါတီ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ဒေသရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ တက်ရောက် ဖဲကြိုးဖြတ်ခဲ့ကြသည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ဧပြီ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ အစိုးရနှင့် ALP ငြိမ်းချမ်းရေးဆွေးနွေးပွဲများ
ပြုလုပ်ခဲ့သည်။
ဗိုလ်မှူးကြီးထိန်လင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့်ALP အကြား ဧပြီလ ငြိမ်းချမ်းရေး သဘောတူညီချက်အရ ဆက်ဆံရေးရုံး ဖွင့်လှစ်ခဲ့နိုင်ခြင်း ဖြစ်ကြောင်းနှင့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများ ဖြစ်ပေါ်ရေး ကြိုးစား
ဆောင်ရွက်သွားမည်ဟု ပြောသည်။
ALP သည် ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ၁၉၆၇ခုနှစ်တွင် ရန်ကုန်မြို့၌ စတင်တည်ထောင်ခဲ့ပြီး၊ ၁၉၇၄ မှစ၍ လက်နက်ကိုင်လမ်းစဉ်ဖြင့် ပြည်သူ့လွတ်မြောက်ရေး ဆောင်ရွက်ခဲ့သည်။