ကချင်ပြည်နယ် မြစ်ကြီးနား-ဒေါ့ဖုန်းယန်လမ်းမကြား ဖာဂီ (Hpa Gyi) ကျေးရွာအနီး အောက်တိုဘာလ၂၃ ရက်တွင် အစိုးတပ်ကား ၁ စီးဖြင့်အင်အားဖြည့်လာချိန် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တပ်မဟာ (၅) အောက် တပ်ရင်း (၂၄)မှ မိုင်းဖြင့်ပစ်ခတ်တိုက်ခိုက်ရာ အစိုးရတပ်မှ ကားပျက်ဆီးပြီး အများအပြားသေဆုံး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မြန်မာအစိုးရ ဒေါ့ဖုန်းယန် ခြေလျင်တပ် ခလရ (၁၄၂) တပ်မှ ၂ မိုင် ကျော်ရှိ ဖာဂီကျေးရွာအနီးတွင် ပစ်ခတ်တိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း KIA ရှေ့တန်းမှ အရာရှိတဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။
“ကားအားလုံးပျက်စီးသွားတယ်။ အယောက် ၂၀ ကျော်လောက် ကားထဲမှာပါတယ်။ အချို့က ခြေကျင်နဲ့သွားကြတယ်။”
အစိုးရခြေလျင်တပ် အင်အား ၅၀ ကျော်ရှိသော ခလရ (၁၄၂) တပ်သားများသည် ဖာကီကျေးရွာဘက်တွင်ရှိသော ၄င်းတို့တပ်သို့အင်အားဖြည့်လာချိန် ရွာဦးတွင် KIA တပ်ရင်း (၂၄) မှ မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ခြင်းဖြစ်သည်။
ဖာဂီ (Hpa Gyi) ရွာသည် ရှမ်းအမျိုးသားများနေထိုင်သည့်ရွာဖြစ်ပြီး ဒေသခံအိမ်ခြေ ၄၀၀ ကျော်ရှိကြောင်းသိရသည်။
မြန်မာအစိုးရတပ်သည် ထိုသို့တိုက်ခိုက်ခံခဲ့ရပြီးနောက် ည ၁၀ နာရီချိန်ခန့်တွင် အင်အား ၂၀၀ ကျော်နှင့် ၎င်းကျေးရွာသို့ ပြန်ဝင်ရောက်လာပြီး သေနတ်များအဆက်မပြတ် ပစ်ခတ်ခဲ့မှုများပြုလုပ်ခဲ့ပြီး ဒေသခံများနှင့် ရွာသူကြီးများကိုလည်း စစ်ဆေးမေးမြန်းမှုများပြုလုပ်နေကြောင်းသိရသည်။
အစိုးရတပ်မှ ဒဏ်ရာရရှိသူများကို ယမန်နေ့ ညနေ ၂ နာရီချိန်တွင် ဒေါ့ဖုန်းယန် ခလရ (၁၄၂) တပ်သို့ ရဟတ်ယာဉ် တစ်စီးဖြင့် ၁၀ မိနစ်ခန့် နားပြီး ဒဏ်ရာရရှိသူများကို မြစ်ကြီးနားဘက်သို့ သယ်သွားကြောင်း သိရသည်။
ထိုတစ်ရက်အတွင်း မြစ်ကြီးနား-နမ်ဆန်ယန်တံတားတွင် စောင့်နေသည့် အစိုးရတပ်သား ၅ ယောက်ကိုလည်း KIA တပ်မဟာ (၅) အောက် တပ်ရင်း (၁၈) မှ ပြောက်ကျားတိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးသွားကြောင်း အရာရှိ တဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
နမ်ဆန်ယန်စခန်းအတွင်းသို့လည်း ညနေ ၃ နာရီချိန်တွင် ပြောက်ကျားစနစ်ဖြင့် ထပ်မံသွားရောက် ပစ်ခတ်ရာ အစိုးရတပ်မှ ၁ ဦး ထပ်မံသေဆုံးကြောင်း သိရသည်။
“ကျနော်တို့က သူတို့ရှိတဲ့နေရာမှာ ပစ်ပြီးပြန်သွားတာ။ အဲဒီတံတားမှာ ခုတလော ဆက်တိုက် လောက်ဖြစ်နေတယ်။”
အဆိုပါနမ်ဆန်ယန်စခန်းတွင် မြန်မာအစိုးရ အင်အား ရ၀ ကျော်ရှိကြောင်းသိရသည်။
မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO)သည် ငြိမ်းချမ်းရေးဆွေးနွေးရန် ညှိနှိုင်းနေသည့်ကြားက ယခုကဲ့သို့ တိုက်ပွဲများသည် နေ့စဉ် ဌာနချုပ်နယ်မြေနှင့် KIA တပ်ချရာနေရာအနှံ့တွင် တင်းမာမှုများဆက်လက်ဖြစ်ပွားနေသည်။
http://kachinnews.com/burmese/news/982-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%95%E1%80%B9%E1%80%80%E1%80%AC%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-kia-%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%BB%E1%80%96%E1%80%84%E1%80%B7%E1%80%B9-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%81%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%9B%E1%80%AC%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%B1%E1%80%9E%E1%80%86%E1%80%AF%E1%80%B6%E1%80%B8%E1%80%99%E1%82%88%E1%80%99%E1%80%BA%E1%80%AC%E1%80%B8.html