
“ကျနော်တို့ UNFC နဲ့ အစိုးရနဲ့ ဒီလ ၉ ရက်နေ့မှာ အလွတ်သဘော တွေ့တုန်းက သဘောတူညီချက် အချို့ရခဲ့တယ်။ ဒီ သဘောတူညီချက်တွေကို လက်တွေ့အကောင်အထည် ဖော်နိုင်ခဲ့ ရင်တော့ ကျနော်တို့ ၂ ဦး၂ ဘက်အတွက် အောင်မြင် မှုဖြစ်လိမ့် မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်” ဟု UNFC ၏ ဒုတိယ အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက သျှမ်းသံတော်ဆင့် အား ပြောပါသည်။
အဆိုပါဆွေးနွေးပွဲမတိုင်ခင်က ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ဖြစ်သော ဦးလှမောင်ရွှေ က သတင်းဌာနတခုအား - ဦးအောင်မင်းအနေဖြင့် UNFC အား တွေ့ဆုံရန်အစီအစဉ်မရှိ ဟု ပြောကြားခဲ့ပါ သည်။
အလွတ်သဘောဆွေးနွေးပွဲ၌ ဦးအောင်မင်းအား UNFC မှ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ ဦးဆောင်သော ၇ ယောက် ပါအဖွဲ့က တွေ့ဆုံဆွေးနွေးရာ -
(၁) နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာဖြေရှင်းရန်။
(၂) နိုင်ငံရေးဆွေးနွေးပွဲကို UNFC အပြင် မြန်မာနိုင်ငံ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ များအားလုံး တချိန်တည်း တပြိုင်တည်း တစုတစည်းတည်း ပါဝင်နိုင်ရန်။
(၃) အောက်ပါ ခေါင်းစဉ်များ ကို Myanmar peace center ၌ လာမည့်ဒီဇင်ဘာလအတွင်း ဆွေးနွေးရန်။
(က) နိုင်ငံရေးဆွေးနွေးပွဲမူဘောင်၊
(ခ) နိုင်ငံရေးဆွေးနွေးပွဲခေါင်းစဉ်၊ အစီအစဉ် ၊
(ဂ) နိုင်ငံရေးဆွေးနွေးမှုအချိန်အပိုင်းအခြား ၊
(ဃ) နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အသုံးစရိတ် ပံ့ပိုးမှု - စသည့် သဘော တူညီ ချက်များဖြစ်သည် ဟု ဩဂတ်စ်လ ၂၅ ရက်က အပစ် ရပ်ရေး သဘောတူမှုရရှိခဲ့သည့် PNLO ၏ ဥက္ကဌ လည်းဖြစ်သော ခွန်ဥက္ကာကပြောပါ သည်။ (PNLO သည် အစိုးစစ်တပ်နှင့်အပစ်ရပ်ခဲ့သည့် ၁၃ ဖွဲ့ မြောက် အဖွဲ့ဖြစ်သည်)
“ အဓိကကတော့ UNFC ထဲက တဖွဲ့ဖွဲ့က ဦးကျွံပြီး သီးသန့်သွားမဆွေးနွေးလိုက်ဖို့ဘဲလိုတယ်။ နို့မဟုတ်ရင်တော့ ကျနော်တို့ လိုချင်တဲ့ စစ်မှန်သောဒီမိုကရေစီ ဆိုတာရလာမှာမဟုတ်ဘူး။ နောက်တခု UNFC က ကြိုးစားခဲ့သမျှ အဖတ် မတင်ဘဲနေမယ် ” ဟု ခွန်ဥက္ကာကပြောသည်။
လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA ကလည်း - နေပြည်တော်အစိုးရအား တပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် ကြေငြာရန် UNFC ကတောင်း ဆိုလိုက်သည်ဟု ဆိုပါသည်။ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အဆိုပါအချက် အပြင် နိုင်ငံရေး လွှတ်ငြိမ်းချမ်းသာခွင့်ကိုပါ ပေးရန်ပါ တောင်းဆိုခဲ့သည်ဟု ဆိုပါသည်။
UNFC တွင် အဖွဲ့ဝင် ၁၁ ဖွဲ့ရှိရာ အပစ်ရပ် ငြိမ်းချမ်းရေးဆွေးနွေးပြီးသည့်အဖွဲ့ ၆ ဖွဲ့ (ချင်း CNF, ကရင်နီ KNPP, ကရင် KNU, မွန် MNSP, သျှမ်းပြည်တိုးတက်ရေးပါတီ SSPP, ပအိုဝ်း PNLO) တို့ဖြစ်ပြီး အစိုးရနှင့် သဘောတူညီချက်မရသေး သည့် အဖွဲ့ ၅ ဖွဲ့ ( ကချင် KIO, ရခိုင် ANC, ပလောင် PSLF, လားဟူ LDU, ဝ WNO ) တို့ ဖြစ်ပါသည်။
အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရခဲ့သည့် တိုင်းရင်းသားအဖွဲ့အစည်း ၁၃ ဖွဲ့ ရှိပြီဖြစ်ရာ UNFC အဖွဲ့ဝင် ၆ ဖွဲ့အပြင် အဖွဲ့ဝင် မဟုတ် သည့် ၇ ဖွဲ့မှာ ( ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA, မိုင်းလား NDAA, တိုးတက် သော ကရင်ဗုဒ္ဓ ဘာသာတပ်မတော် DKBA, သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS, နာဂ NSCN, ကရင် KPC နှင့် ရခိုင် ALP ) တို့ ဖြစ်ပါသည်။ ထို့အပြင် ၁၉၉၄ ကတည်း က အပစ်ရပ်ပြီး ယနေ့တိုင် ထပ်မံပစ်ခတ်ခြင်းမရှိ ထပ်မံ ဆွေး နွေးခြင်းမရှိသော ကျန်အဖွဲ့တဖွဲ့မှာ ကယန်းပြည်သစ်ပါတီ KNLP ပါတီဖြစ်ပါသည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3665--unfc-.html