
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က အစိုးရအနေနှင့် KIO အဖွဲ့မှ ခေါင်းဆောင်များထံ ကမ်းလှမ်းထားရာ အကြောင်း ပြန်ကြားခြင်း မရှိပါက ထပ်မံ ကမ်းလှမ်းရန် စီစဉ်ထားသည်ဟု ၀န်ကြီး ဦးအောင်မင်းက ယမန်နေ့က နေပြည်တော်ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center – MPC) တွင် ပြောကြားကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်သူ ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။
“အကြောင်းကြောင်းကြောင့် တဖက် အဖွဲ့အစည်းက အကြောင်း မပြန်နိုင်သေးရင် သူအနေနဲ့ နောက်အပတ်တွေမှာ ထပ်ပြီးတော့ ကမ်းလှမ်းစာကို ပို့မယ်လို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။ သို့သော် မည်သည့်နေရက်တွင် ပေးပို့မည်ကို ပြောဆိုခြင်း မရှိပေ။
အစိုးရအနေနှင့် နှစ်ဖက် ကိုယ်စားလှယ်များ သွားရောက်နိုင်မည့် ကချင်ပြည်နယ် ဗန်းမော်မြို့ သို့မဟုတ် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် တွေ့ဆုံရန် အဆိုပြုထားပြီး KIO ခေါင်းဆောင်များထံ ကမ်းလှမ်းထားခြင်း ဖြစ်သည်။
အစိုးရက ပေးပို့ခဲ့သည့်စာကိုလည်း KIO ခေါင်းဆောင်များ လက်ခံရရှိပြီး ယနေ့အထိ တစုံတရာ အကြာင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။
KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က “ဦးအောင်မင်းက အလုပ်များအောင် ပေးထားတယ်ဆိုတော့ အလုပ်များနေတယ်။ ထိုးစစ်တွေကိုပဲ ခုခံတိုက်ခိုက်နေရတယ်။ အဲဒီအတွက်ကြောင့် ဦးအောင်မင်းရဲ့ကမ်းလှမ်းတဲ့ စာအပေါ်မှာ အကြောင်းပြန်ကြားဖို့ အချိန်တော့ မပေးနိုင်သေးဘူး” ဟု ပြောသည်။
ဝန်ကြီး ဦးအောင်မင်းက ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း အလုပ်များလိမ့်မည်ဟု ပြောကြား၍ ယခုနှစ် ဇန်နဝါရီလအတွင်း တွေ့ဆုံရန် ပြောကြားထားသော်လည်း နှစ်ဖက်တပ်များအကြား တင်းမာနေသည့် စစ်ရေး အခြေအနေများကို ဖြေရှင်းနေကြောင်း ဦးလနန်က ဆိုသည်။
“အစိုးရရဲ့ ထိုးစစ်ဆင်းမှု အပေါ်မှာပဲ မူတည်ပါတယ်၊ အခု အစိုးရတပ်တွေ အလုံးအရင်းနဲ့ တက်လာနေတုန်းပဲ။ မြစ်ကြီးနား ဘက်ကနေ ရထားလမ်းကြောင်းနဲ့။ ဒါကိုကြည့်ချင်အားဖြင့် သူတို့က ဒီပွင့်လင်းရာသီမှာ သူတို့ လုပ်နိုင်သမျှ လုပ်မယ်ဆိုတဲ့ပုံ ပေါ်နေ တယ်” ဟု ဦးလနန်က ပြောသည်။
အစိုးရအနေနှင့် တိုင်းရင်းသားများ အားလုံး လိုအပ်တောင်းဆိုနေသည့် ဖက်ဒရယ် ပြည်ထောင်စု ပုံစံမျိုး ဖြစ်ပေါ်ရန် နိုင်ငံရေး ဆွေးနွေးမှုကို အကောင်အထည် ဖော်ဆောင်မှသာလျှင် ငြိမ်းချမ်းရေး ရရှိနိုင်မည်ဟု ၎င်းက ဆက်ပြောသည်။
ပြန်ကြားရေး ဝန်ကြီးဌာန ဒု ဝန်ကြီး၊ သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က “ကျနော်တို့ဘက်ကတော့ စစ်ရေးတွေကို ပြန်လျှော့ချပြီးတော့မှ ရာခိုင်နှုန်းပြည့် ပြန်ဆွေးနွေးနိုင်ဖို့၊ အထူးသဖြင့် တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို ပြောနိုင်မယ့်လူတွေကို သူတို့ဘက်က ပါစေချင်တာပေါ့၊ အောက်တိုဘာ ၃၀ ရက်နေ့တုန်းက ကျနော်တို့ဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးတို့ လိုက်ပါသွားတဲ့အချိန်မှာ ဟိုဖက်က ဦးဂွန်မော်တို့က ငြင်းလိုက်တဲ့အခါကျတော့ ဒါတွေ မဆွေးနွေးနိုင်တော့ဘူး” ဟု ဧရာဝတီသတင်းဌာနနှင့် သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။
“ဘယ်လောက် မျှော်လင့်လဲဆိုရင် ကျနော်ကတော့ ပြန်ကောင်းအောင် လုပ်ဖို့ ၁၀၀ ရာခိုင်နှုန်း မျှော်လင့်ပြီးတော့ ဆက်ပြီးတော့ ကြိုးစားသွားမှာပါ၊ တဖက်ရဲ့ တုံ့ပြန်ချက်ကတော့ ဒါ KIO အဖွဲ့အပေါ်မှာပဲ မူတည်ပါတယ်” ဟု ဦးရဲထွဋ်က ဆက်ပြောသည်။
၂၀၁၂ အောက်တိုဘာလ ၃၀ ရက်နေ့က သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနှင့် KIO ခေါင်းဆောင်များ တရုတ်နိုင်ငံ ရွှေလီမြို့ တွင် နောက်ဆုံး တွေ့ဆုံခဲ့သည်။
http://burma.irrawaddy.org/archives/31208