February 8, 2013

ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေး တင်ပြထားတာကို ဆက်ဆွေးနွေးဖို့ရှိတယ်

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးပြီး ပူးတွဲ ကြေညာချက် တရပ် ထုတ်ပြန်နိုင်ခဲ့သည်။ နှစ်ဖက်တွေ့ဆုံနိုင်ရန် တရုတ်အစိုးက ကြားဝင် စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းက ရွှေလီတွင် တွေ့ဆုံမှုအပြီး ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်သည်။ တွေ့ဆုံပွဲတွင် ကချင်ဘက်မှ ဦးဆောင်တက်ရောက်သူ တဦးဖြစ်သည့် အမြဲတမ်း ဗဟိုကော်မတီဝင်၊ KIO ပညာရေးဌာန တာဝန်ခံနှင့် KIO ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဧရာဝတီ သတင်းထောက် လဖိုင်က တွေ့ဆုံ မေးမြန်းထားပါသည်။
မေး ။     ။ အစောပိုင်းက “၀” နယ်မှာ တွေ့ဖို့ စီစဉ်ထားတာကနေ ဘယ်လိုကြောင့် ရွှေလီကို ရွှေ့သွားတာပါသလဲ။
ဖြေ ။     ။ “၀” မှာ စီစဉ်ထားတာက မဖြစ်တော့ဘူးလေ။ ဘာကြောင့်ပျက်သွားလဲဆိုတာ ကျနော်တို့လည်း တိတိကျကျမသိဘူး။ ရွှေလီမှာဖြစ်တာက ဗြုန်းဒိုင်းဖြစ်လာတာ။ ကျနော်တို့ အစီအစဉ် မရှိပေမဲ့ တရုတ်နိုင်ငံခြားရေးရုံးက အရာရှိတွေက ဦးအောင်မင်းတို့နဲ့ တွေ့ဖို့ခေါ်ထားပြီ၊ ဦးအောင်မင်းတို့ တရုတ်ပြည်မှာ ရောက်နေပြီ၊ ဒါကြောင့် လာတွေ့ပါဆိုပြီး မရမက လာခေါ်တာကြောင့် ကမန်းကတန်း သွားလိုက်ရတာ။ တကူးတက လာပြောတာကို မသွားဘူးဆိုရင်လဲ မကောင်းတာကြောင့်ပါ။ အစည်းအဝေး အစီအစဉ်ဘာမှ မရှိဘူးတဲ့၊ တွေ့ရုံပဲ၊ အဲလိုပြောတာ။ ဒါကြောင့် သွားတွေ့တာဖြစ်တယ်။
မေး ။     ။ အပြင်သတင်းတွေမှာ စည်းဝေးပွဲကို အရမ်းချီးကျူး ရေးသားနေကြတာ တကယ်ရော အောင်မြင်တဲ့ တွေ့ဆုံပွဲလို့ ပြောနိုင်ပါသလား။
ဖြေ ။     ။ အောင်မြင်တယ်လို့လည်း ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့ဆက်ပြီးတော့ လုပ်သွားဖို့ အစည်းအဝေးတွေအတွက် ကြိုတင်ပြင်ဆင်တဲ့အဆင့် ဆွေးနွေးပွဲလို့ ခေါ်လို့ရပါတယ်။ အောင်မြင်တယ်ဆိုလည်း မမှားပါဘူး။
မေး ။     ။ တွေ့ဆုံပွဲတွေပြီးတိုင်း တိုက်ပွဲအရှိန် မြင့်လာတာ တွေ့ရပါတယ်။ အခုတခေါက် ဆွေးနွေးပွဲကရော ဘယ်လို မျှော်မှန်းထားလဲ။
ဖြေ ။     ။ ဆွေးနွေးပွဲမှာတော့ အများအားဖြင့် ကိုယ်စားလှယ်တွေပဲ ပါတာကိုး။ အစိုးရဘက်ကဆိုရင် စစ်တပ် မပါဘူးလေ။ ဒါကြောင့် စစ်ရှိန်လျှော့ရအောင်လို့ ခါတိုင်းလိုပဲ ဆွေးနွေးကြတယ်။ ဒါပေမဲ့ ဖြစ်မလာဘူး။ လိုင်ဇာနားမှာတော့ အစိုးရတပ်တွေ ရှိနေပါတယ်။ အစိုးရပြောတဲ့ အတိုင်းဆိုရင် ရောက်နေတဲ့နေရာမှာ ထိုးစစ် မလုပ်တော့ဘူးလို့ ပြောတာပဲ။ ရှေ့ဆက် ဘယ်လိုဖြစ်မလဲဆိုတာက မပြောနိုင်ဘူး။ အခုချိန်အထိ အစိုးရ ကြေညာထားတာက အဲဒီလိုပဲ။ ထိုးစစ်မရှိတော့ရင် ဆွေးနွေးပွဲတွေ ရှေ့ဆက်သွားဖို့ ဖြစ်နိုင်ပါတယ်။
မေး ။     ။ ရွှေလီတွေ့ဆုံပွဲမှာ ဗိုလ်ချုပ် ဂွန်မော် ပါလာတာ ဘာတွေထူးပါသလဲ။ တွေ့ဆုံပွဲကို ပိုအကျိုးရှိစေပါသလား။
ဖြေ ။     ။ သူပါလာတာကတော့ တရုတ်တို့၊ တပ်ပေါင်းစု KNU (ကရင်အမျိုးသား အစည်းအရုံ) တို့၊ UNFC (ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ) အဖွဲ့ဝင်တွေ ပါမယ်ဆိုတော့ နိုင်ငံခြားနဲ့ ပတ်သက်တာတွေ ပြောဖို့ ဆွေးနွေးဖို့ ပါလာတော့ သူနဲ့ ဆွေးနွေးလို့ ရတာပေါ့။ သူပါလာတယ်ဆိုရင် တပ်ကိစ္စအတွက်လည်း တပ်ကို အုပ်ချုပ်တဲ့သူပါမှ ပိုပြီးတော့ ဆုံးဖြတ်လို့ရတာပေါ့။ သူပါလာလို့ အဲဒီကိစ္စတွေ ဆွေးနွေးလို့ ရတာပေါ့။ အစိုးရဘက်ကို စစ်ရှိန်လျှော့ရအောင်လို့ ဆွေးနွေးထားတာ မဖြစ်တာက များတယ်။ ဆွေးနွေးပွဲပြီးရင် စစ်ရှိန်က များလာသလိုလို ဘာလိုလိုနဲ့ အဲလိုတွေဖြစ်ခဲ့တဲ့ အချိန်မှာ ဒီလိုကိစ္စတွေ ဖြစ်လာတယ်လေ။ အခုတခါက ဒု ဦးစီးချုပ်ပါလာတော့ ပြောအားရှိတာပေါ့။ ဒါကြောင့်မို့ ထူးခြားတယ်၊ အကျိုးရှိတယ်လို့ ပြောလို့ရပါတယ်။
မေး ။     ။ KIO ရဲ့ ငြိမ်းချမ်းရေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်က ဘယ်အတိုင်းအတာအထိ ရှိပါသလဲ။
ဖြေ ။     ။ ဗဟိုကော်မတီက ပေးအပ်လိုက်တဲ့ တာဝန်အတိုင်း၊ ပြောဖို့ဆိုဖို့ ဆွေနွေးဖို့ စီစဉ်ထားတဲ့အတိုင်း ဆွေးနွေးပါတယ်။ မဟုတ်ရင် ကိုယ်ပြောချင်တာပြော၊ ကိုယ်လုပ်ချင်တာလုပ် ဆိုရင် အဆင်မပြေဘူး။ ဘယ်အထိ ဆုံးဖြတ်နိုင်တယ်ဆိုတာ ဗဟိုကော်မတီက ဆုံးဖြတ်ပါတယ်။
မေး ။     ။ နောက်တခါ တွေ့ဆုံပွဲတွေမှာရော တရုတ်က ပါဦးမှာလား။ ဘယ်လိုနေရာက ပါမှာလဲ။
ဖြေ ။     ။ တရုတ်ကတော့ စောင့်ကြည့် လေ့လာရေးအဖွဲ့မှာ ပါဖို့ မေတ္တာရပ်ခံထားတယ်။ စောင့်ကြည့်လေ့လာတဲ့ အခန်းကဏ္ဍမှာ ပါ၀င်ဖို့ ပြောထားတယ်။ ဒါပါပဲ။ ရှေ့ဆက်ပြီး ဘယ်လောက်ပါမလဲ ဆိုတာတော့ ဖြစ်လာတဲ့ အခြေအနေပေါ်မှာ အများကြီး မူတည်တာ ဖြစ်ပါတယ်။
မေး ။     ။ နောက်တခါ ဆွေးနွေးပွဲ ဘယ်တော့လောက် ပြန်စနိုင်မလဲ။
ဖြေ ။     ။ ဖေဖော်ဝါရီလ မကုန်ခင် ပြန်တွေ့မယ်လို့ ပူးတွဲကြေညာချက်မှာ ပါတယ်။ အဲဒီအတိုင်းပါပဲ။ ဒီအတိုင်း ဖြစ်အောင်တော့ စီစဉ်ရမှာပဲ။ နေရာကတော့ အတိအကျ မပြောရသေးဘူး။ ဆွေးနွေးပွဲလုပ်ဖို့ အချိန်နီးမှပဲ အရင်လို နှစ်ဖက်ညှိပြီး လုပ်သွားမှာပါ။
မေး ။     ။ KIO က အဓိကဆွေးနွေးမယ့် နိုင်ငံရေး အကြောင်းအရာက ဘာလဲခင်ဗျ။
ဖြေ ။     ။ အရင်က တင်ပြထားတဲ့အတိုင်းပဲ၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေး တင်ပြထားတာကို ဆက်ဆွေးနွေးဖို့ရှိတယ်။ တင်ပြထားတာကြာပြီ။ စည်းဝေးလုပ်တိုင်း ဒါကိုပဲပြောနေတာပါ။ အဓိကလည်း ဒါပါပဲ။ အဓိက နိုင်ငံရေး ဆွေးနွေးတယ် ဆိုတာ ဒါပါပဲ။
မေး ။     ။ လတ်တလော အခြေအနေကို ကောင်းတယ် ပြောမလား၊ ဆိုးတယ် ပြောရမလား။
ဖြေ ။     ။ လတ်တလောကတော့ ဆွေးနွေးပွဲမှာ လာတက်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မူ အဖွဲ့ ဒု ဥက္ကဌ ဦးအောင်မင်း ကိုယ်တိုင် လာတက်တာမို့ လတ်တလောကတော့ လက်ခံသွားတာပေါ့။ အခြေအနေကတော့ နောက်ဆုတ် သွားတာမဟုတ်ဘဲ ရှေ့ကိုသွားဖို့ လမ်းစ ဖော်ဆောင်ထားတယ်လို့ ပြောရမှာပေါ့။ ရှေ့ဆက်ဖို့ အလားအလာ ရှိတယ်လို့ ပြောရမှာပေါ့။     ။

http://burma.irrawaddy.org/archives/33556
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India