Mon, 09/17/2012 - 18:33
နေပြည်တော် စက်တင်ဘာ ၁၇
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် စက်တင်ဘာ (၁၆) ရက် ညပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ရွှေတြိဂံရိပ်သာ ဧည့်ခန်းမ၌ အထူး ဒေသ (၄) မိုင်းလားအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ဒုတိယသမ္မတနှင့်အတူ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်ဝင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး အထူးဒေသ(၄) မိုင်းလား အဖွဲ့ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးစံပေ့၊ ဦးစံလူ၊ ဦးထိန်လင်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အထူးဒေသ(၄) မိုင်းလား အဖွဲ့ ဒုတိယ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယင်းနောက် ဒုတိယသမ္မတအား အထူးဒေသ(၄) မိုင်းလားအဖွဲ့မှ တစ်ဦးချင်း ပြန်လည် မိတ်ဆက်သည်။
ထို့နောက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အဖွင့်အမှာစကားပြောကြားရာတွင် ရှေးဦးစွာ မိမိတို့အဖွဲ့ ကျိုင်းတုံသို့ ရောက်ရှိရခြင်းမှာ ပြီးခဲ့သည့် လအတွင်း မိုးများစွာ ရွာသွန်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ရေကြီး ရေလျှံမှု အများဆုံးဖြစ်ခဲ့ပြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် (အရှေ့ပိုင်း) မိုင်းလား ဒေသတို့တွင်လည်း ရေကြီးရေလျှံပြီး အသက်အန္တရာယ်ဆုံးရှုံးမှုများကြောင့် ကူညီ ထောက်ပံ့ ပေးနိုင်ရန် လာရောက်ခြင်း ဖြစ်ကြောင်း။
နိုင်ငံအောက်ပိုင်းဒေသများသို့ နိုင်ငံတော်သမ္မတမှ သွားရောက်၍ ရေဘေးသင့် ပြည်သူများအား အားပေးကူညီထောက်ပံ့ခဲ့ပြီး ရှမ်းပြည်နယ်သို့ မိမိအနေဖြင့် ကူညီထောက်ပံ့ရန် လာရောက်ရခြင်း ဖြစ်ပါကြောင်း၊ ယမန်နေ့က လားရှိုးမြို့နှင် သိန်းနီမြို့တို့တွင် ရေဘေးသင့် ပြည်သူများနှင့် တွေ့ဆုံ၍ ကူညီထောက်ပံ့ပေးခဲ့ပြီး မိုင်းလားဒေသတွင်လည်း အလားတူ ထောက်ပံ့နိုင်ရန် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ဆက်လက် တိုးတက်နေမှု အခြေအနေနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် လိုအပ်သော အခြားလူမှုရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ရောက်လာရခြင်း ဖြစ်ပါကြောင်း။
ဧရာဝတီတိုင်းဒေသကြီးတွင် ရေကြီးနစ်မြှုပ်မှုကြောင့် လယ်မြေဧကသိန်းနှင့်ချီ၍ ဆုံးရှုံးခဲ့ရပြီး မိုင်းလားဒေသတွင်လည်း ပျက်စီးဆုံးရှုံးခဲ့သည်ကို သိရှိရကြောင်း၊ မိုင်းလား အထူး ဒေသအဖွဲ့မှ တင်ပြရန် ရှိသော အခက်အခဲများကို မိမိအနေဖြင့် အတတ်နိုင်ဆုံး ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး အချို့ရေရှည်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆက်လက်၍ ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အထူးဒေသ(၄) မိုင်းလားအဖွဲ့ ငြိမ်းချမ်ရေးနှင့် စည်းလုံးရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးစံပေ့က မိမိတို့အဖွဲ့ ယခုလို ဒုတိယသမ္မတနှင့် တွေ့ဆုံခွင့်ရသည့်အတွက် များစွာ ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ နိုင်ငံတော်မှ ထောက်ပံ့ငွေနှင့် ပစ္စည်းများ အစဉ် ထောက်ပံ့ နေမှုအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် အထူးဒေသ (၄) မိုင်းလားအဖွဲ့၏ လိုအပ်ချက်များအား ဆွေးနွေးတင်ပြသည်။
ယင်းနောက် အထူးဒေသ (၄) မိုင်းလားအဖွဲ့ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ အတွင်းရေးမှူ ဦးခမ်းမောင်က ယခင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပြီး မရရှိသေးသည့် ပြည်သူများကို ဆက်လက် ထုတ်ပေးစေလိုပါကြောင်း၊ မပြုလုပ်ရသေးသူ များကိုလည်း ပြုလုပ်ပေးစေလိုပါကြောင်း။
လမ်းများတည်ဆောက်ရာတွင် လိုအပ်သည့် ကတ္တရာများကို နိုင်ငံတော်မှ ပံ့ပိုးပေးစေလို ပါကြောင်း၊ ဝေးလံပြီး ဆင်းရဲနွမ်းပါးသည့် တောင်ပေါ်ဒေသများတွင် ကျန်းမာရေး ကာကွယ် စောင့်ရှောက်ကုသမှုပိုင်းတွင် ဆရာဝန်နှင့် ဆေးဝါးများ လုံလောက်မှု မရှိ၍ နိုင်ငံတော်မှ ဖြည့်ဆည်း ကူညီပံ့ပိုးပေးရန်နှင့် လက်ရှိဆေးရုံနှင့် ဆေးပေးခန်းများတွင် ဆေးရုံသုံး ကိရိယာများ ပြည့်စုံမှု မရှိပါသဖြင့် နိုင်ငံတော်မှ ကူညီပံ့ပိုး ပေးစေလိုပါကြောင်း တင်ပြသည်။
ထို့နောက် အထူးဒေသ (၄) မိုင်းလားအဖွဲ့ အုပ်ချုပ်ရေးကော်မတီ ရေအားလျှပ်စစ် ဌာနမှူး ဦးလှသောင်းက မိုင်းဝရေအားလျှပ်စစ် စက်ရုံစီမံကိန်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှုနှင့် ဆက်လက် တည်ဆောက် အကောင်အထည်ဖော်နေမှုများကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းက ငြိမ်းချမ်းရေး သဘောတူညီချက်များအရ ကျိုင်းတုံမြို့တွင် မိုင်းလားအဖွဲ့က ဆက်ဆံရေးရုံး ဖွင့်ပြီး ဖြစ်သကဲ့သို့ မိုင်းလားတွင်လည်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဆက်ဆံရေးရုံး ဖွင့်လှစ်ခဲ့ပြီး ဝန်ထမ်းများလည်း ရောက်ရှိ တာဝန် ထမ်းဆောင်လျက် ရှိပါကြောင်း၊ မိုင်းလားဒေသအဖွဲ့မှ အခြားနယ်မြေဒေသများသို့ သတ္တု တူးဖော်ခွင့်ပေးရန်အတွက် ကုမ္ပဏီ အမြန်ဖွဲ့စည်းသွားရန် လိုအပ်ပါကြောင်း၊ ထောက်ပံ့ ငွေနှင့် ဆန်များကိုလည်း ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ ပညာရေး အခက်အခဲ ဆရာ၊ ဆရာမ ဖြည့်တင်းလာရခြင်းမှာလည်း ပြည်နယ်အင်အားမှ ဖြည့်တင်းသွားပေးခြင်းဖြစ်ပြီး အဆိုပါ ဝန်ထမ်းများကိုလည်း မိုင်းလားဒေသတွင် နေပျော်စေရေးအတွက် ကူညီဆောင်ရွက်ပေးရန် လိုကြောင်း၊ တင်ပြထားသော ကတ္တရာ ရရှိရေးအတွက် ဆောက်လုပ်ရေး ဝန်ကြီး ဌာနနှင့် ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် မိုင်းဝနှင့် ကျိုင်းခမ်း ဓါတ်အား ထုတ်လုပ်ရေးကိစ္စကို စာဖြင့် တင်ပြရန် လိုအပ်ပါကြောင်းဖြင့် ပြန်လည် ရှင်းလင်း ဆွေးနွေး ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းက အထူးဒေသ (၄) မိုင်းလားအဖွဲ့သို့ ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယခုတင်ပြချက်များအပေါ် လုပ်ပေးနိုင်သည်များကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း၊ မှတ်ပုံတင်ကိစ္စကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှလည်း စီမံချက်ဖြင့် ပြုလုပ်ပေးလျက်ရှိသဖြင့် အချိန်ကျပါက မိုင်းလားဒေသသို့ ဆောင်ရွက်ပေး သွားမှာ ဖြစ်ကြောင်း။
သစ်တင်ပို့မှုတွင် အလုံးလိုက်တင်ပို့ခြင်းထက် တန်ဖိုးမြင့် အချောထည်ပြုလုပ်ပြီး ပို့ပါက အမြတ်စွန်းများများရရှိပြီး မိမိဒေသအတွက် ပိုမို၍ အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ကြောင်း၊ ခုတ်လဲပြီးပါက ပြန်လည် စိုက်ပျိုးရန်လိုကြောင်း၊ သို့မဟုတ်ပါက သစ်တော ပြုန်းတီးမှု ဖြစ်ပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်စေနိုင်ကြောင်း။
အလားတူ သတ္တုထွက်ပစ္စည်းများကိုလည်း အချောထည် ပြုလုပ်ပြီးမှ ပို့စေချင်ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေး လုပ်ငန်းကိစ္စရပ်များတွင် ငြိမ်းချမ်းရေးအဖွဲ့ အားလုံး တန်းတူရည်တူဖြစ်စေရန်အတွက် တရားဝင်ကုမ္ပဏီထူထောင်၍ ဆောင်ရွက်ရန် လိုကြောင်း၊ ဥပဒေနှင့် အညီ လုပ်စေချင်ကြောင်း၊ လိုအပ်၍ ငွေချေးပါကလည်း ဥပဒေနှင့်အညီ ချေးယူ နိုင်အောင် ဆောင်ရွက်ပေးနိုင်ပါကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံရေး တည်ငြိမ်အေးချမ်းအောင်၊ လက်နက်ကိုင် အဖွဲ့အစည်းများ ကိုလည်း တည်ငြိမ်အေးချမ်းအောင် ဦးစားပေး ဆောင်ရွက်နေကြောင်း၊ နိုင်ငံရေး တည်ငြိမ်မှု ရှိမှသာ စီးပွားရေး တိုးတက်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ရှိမှသာလျှင် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ကဏ္ဍပေါင်းစုံကို ပိုမို ကောင်းမွန် တိုးတက်အောင် လုပ်ကိုင် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ကြောင်း။
ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် ဒုတိယအဆင့် ဖြစ်သည့် စီးပွားရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းစီမံကိန်းများကို ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုတင်ပြချက်များကိုလည် နယ်စပ်ရေးရာဝန်ကြီးဌာနမှတစ်ဆင့် ဆက်လက် ဆွေးနွေးလုပ်ကိုင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင်များသည် အထူး ဒေသ (၄) မိုင်းလားအဖွဲ့ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များနှင့်အတူ စုပေါင်း၍ မှတ်တမ်း ဓါတ်ပုံရိုက်ကြသည်။
http://www.president-office.gov.mm/briefing-room/news/2012/09/17/id-1382