
သျှမ်းပြည်တော်လှန်ရေးစတင်ကတည်းက ယနေ့အထိ ခေတ်အဆက်ဆက် ပါဝင်လှုပ်ရှားလာခဲ့သော အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDAA မိုင်းလားတပ်ဖွဲ့၏အကြီးအကဲတဦးဖြစ်သည့် စဝ်ခွန်မြင့်သည် အဆုပ်ရောဂါ သက်ကြီးရောဂါတို့ဖြင့် မိုင်းလား မြို့ရှိ ၎င်းနေအိမ်တွင် အောက်တိုဘာ လ ၃၁ ညနေ ၄ နာရီ ၄၈ မိနစ်က ကွယ်လွန်ခြင်းဖြစ်ပြီး ကျန်ရှိရုပ် အလောင်းအား ယခုလ ၅ ရက် နေ့က သင်္ဂြိုဟ်မည်ဖြစ် ကြောင်း မိုင်းလားတပ်ဖွဲ့သတင်း ရပ်ကွက် က ဆိုပါသည်။
“စဝ်ခွန်မြင့်ဟာအခုလက်ရှိ ကျနော်တို့ NDAA ရဲ့ အတိုင်ပင်ခံလည်းဟုတ်တယ်၊ ဒု - ဥက္ကဌရာထူး တာဝန်လဲ ထမ်းဆောင်တယ်။ သာသနာရေးပိုင်းဆိုင်ရာလဲ သူဘဲ။ သူက သျှမ်းပြည် တော်လှန် ရေးစတင်တဲ့ နွံစစ်ဟန်တပ်ဖွဲ့ လက်ထက် ကတည်းက တော်လှန်ရေးနယ်ထဲဝင်ရောက် တာဝန်ထမ်း ခဲ့တဲ့ သက်တမ်းအရင့်ဆုံး ပုဂ္ဂိုလ်တဦးဖြစ်တယ်လို့လဲဆိုနိုင်ပါတယ်။ မိုင်းလားတပ်ဖွဲ့ထဲမှာလဲ အသက် အကြီးဆုံး ပုဂ္ဂိုလ်တဦးပေါ့” - ဟု တပ်ဖွဲ့ ဝင်တဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။
စဝ်ခွန်မြင့်သည် ကွန်မြူနစ်ပါတီ၏ပြည်သူ့တပ်မတော်တွင်ပါဝင်ခဲ့သော်လည်း လက်ျာဝါဒီ ယုံကြည် သူတဦးဖြစ်သည်ဟု ဆို၏။ သျှမ်းပြည်နိုင်ငံရေး စစ်ရေးဘက်၌ ထူးချွန်သူတဦးဖြစ်ပြီး နောက်လိုက် တပည့် တပမ်းများ၏ ချစ်ခင် ယုံကြည်လေးစားမှုကိုလည်း ခံယူရသူတဦး ဖြစ်သည်။
စဝ်ခွန်မြင့်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မုံးစယ့် မြို့နယ်ဇာတိဖြစ်ပြီး ဖခင်မှာ ယန်ကွမ်းထို မိခင်မှာ နန်းကောင်ခမ်းဖြစ်သည်။ မွေးချင်း ၄ ယောက် (ကျား ၂ မ ၂ ) အနက် ဒုတိယသားကြီးဖြစ်သည်။ ၁၉၂၆ တွင်မွေးဖွားရာ အသက် ၅ နှစ် အရွယ် သျှမ်းပြည် အရှေ့ ပိုင်း မိုင်းယန်းမြို့နယ် ဝမ့်ဟော့တိုက်ရွာသို့ပြောင်းရွှေ့နေထိုင်ခဲ့ရာမှ ကွယ်လွန် ချိန်အထိ သျှမ်းပြည်တွင်း၌ပင်နေထိုင်ခဲ့သည်။
၁၉၆၁ တွင် စဝ်ငါးခမ်းဦးဆောင်သော SNA သျှမ်းတပ်ဖွဲ့၌ ဝင်ရောက်အမှုထမ်းခဲ့သည်။ ထိုစဉ်က SNA ဌာနချုပ်ရုံးမှာ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ့်ဆိုင်မြို့ရှိ ဝမ့်ဟွေ့နမ့်ပုံတွင် တည်ရှိသည်ဟုဆိုပါသည်။
၁၉၇၁ စဝ်ငါးခမ်းကွယ်လွန်ပြီးနောက် ၁၉၇၁ တွင် SNA အား SSA နှင့်ပေါင်းစည်းကာ SSA-E ဟူ၍ အမည်တွင်ခဲ့သည်။ ထိုစဉ်က စဝ်ခွန်မြင့်သည် တပ်ရင်းအမှတ် ၃ ၏ တပ်ရင်းမှူးဖြစ်ခဲ့သည်။ ၁၉၇၄ တွင် SSA-E မှ SPLA သျှမ်းပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကိုဖွဲ့စည်းကာ ဗကပ CPB နှင့်မဟာမိတ်ဖွဲ့ခဲ့သည်။ ၁၉၇၆ တွင် ဗကပ နှင့်ပူးပေါင်းခဲ့ရာ စဝ်ခွန်ဆာ၊ ခွန်လောင်ခမ်း ၊ စဝ်ခွန်မြင့် ကဲ့သို့ ခေါင်းဆောင်များ ပါသွားသဖြင့် ဗကပ အောက်၌ တပ်မဟာ ၇၆၈ ကို တည်ထောင်ခဲ့သည်။ ယခုအချိန် အဆိုပါတပ်မဟာမှာ တပ်မဟာ ၃၆၉ အမည်ဖြင့် ဆီလူး၌ အခြေစိုက်နေဆဲဲဖြစ်သည်။ စဝ်ခွန်မြင့်မှာလည်း အဆိုပါတပ်မဟာမှ အုပ်ချုပ်ရေးအပိုင်း၌ တာဝန်ယူခဲ့သည်။
စဝ်ခွန်မြင့်သည် ကွယ်လွန်ချိန်အထိ မိုင်းလားမြို့ မန့်တုန့်သူ ဇနီး နန်းခမ်းလျဲန်းနှင့်နေထိုင်သည်။ ၎င်း၏ သားသမီး ၁၆ ဦးအနက် တဦးဖြစ်သည့် စိုင်းယီ့မှာ မိုင်းလားတပ်ဖွဲ့အတွင်း ရဲတပ်ဖွဲ့ခေါင်းဆောင် အဖြစ်တာဝန်ထမ်းရွက်နေပါသည်။
http://www.burmese.panglong.org/news/96-2008-08-03-06-49-23/3611-2012-11-01-08-17-39.html