
Thursday, November 01, 2012

မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
အစိုးရမှ ကရင်နီအမျိုးသား
တိုးတက်ရေးပါတီနှင့် အပစ်အခတ်ရပ်စဲရေးပြုလုပ်ပြီး စစ်မှန်တဲ့
ငြိမ်းချမ်းရေးကို ဖော်ဆောင်နေသည့် ကာလအတွင်း ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်များကို အားပျော့စေသည့် လုပ်ရပ်များကို ရပ်တန့်ပေးပါရန်
ကရင်နီလူမှု အဖွဲ့အစည်းများ ကွန်ယက် (KSCN) မှ ပြောကြားလိုက်ပါတယ်။
KNPP နှင့် အစိုးရတို့ ၆ လတာ
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ပြန်လည်သုံးသပ်ချက် စာစောင်ထုတ်ပြီး
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ရှိ Sinthana Resort တွင် အောက်တိုဘာလ ၃၁
ရက်နေ့က သတင်းစာရှင်းလင်းပွဲလုပ်တရပ် ကျင်းပပြုလုပ် သွားပါတယ်။

သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသူများ (ဓါတ်ပုံ-KCSN)
KSCN
Coordinator ခူးမီရယ်ဒူက “စစ်ရေးစစ်ရာကိစ္စတခု၊ နောက်တခုက
စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်မယ့် ကိစ္စမှာ ဆက်လက် တည်ဆောက်နိုင်ဖို့
အတွက်ပဲ တွန်းအားပေးတဲ့ အစီရင်ခံစာမျိုးပဲ ထွက်လာတဲ့ လုပ်ရပ်တွေပဲ တွေ့
ရတယ်။ နောက် တချက်က ရွာသစ်ရေကာတာ စီမံကိန်း အပါအဝင် ဒေသဖွံ့ဖြိုးရေး
စီမံကိန်းတွေကို ပြည်သူလူထုနဲ့ လူမှု အသင်း အဖွဲ့တွေကို
ပွင့်လင်းမြင်သာမှုရှိအောင် ထုတ်ပြန်အသိပေးရန်ဆိုတဲ့ အချက်မှာလည်း
ပွင့်လင်းမြင်သာမှု မရှိဘူးဆိုတဲ့ တချက်တွေ့ရတယ်။ ငြိမ်းချမ်းရေးအတွက်
အဟန့်အတား အားပျော့စေတဲ့အချက်လို့ ကျတော်တို့ သုံးသပ်မိတယ်” လို့ပြောပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ နှင့်
အစိုးရတို့ ယခုနှစ် မတ်လ (၇) ရက်နေ့တွင် သော်လည်းကောင်း၊ ဇွန်လ (၉)
ရက်နေ့တွင် သော်လည်းကောင်း သဘောတူညီချက် စာချုပ်များချုပ်ဆိုခဲ့ရာမှ
ထိန်းသိမ်းလိုက်နာဖို့ ပျက်ကွက်နေတဲ့ အချက်များထဲမှ စစ်တပ်သွားလာရေးကိစ္စ၌
ကေအဲန်ပီပီကို ကြိုတင်သတင်းပေးရန် သဘောတူခဲ့ကြသော်လည်း ကြိုတင်
သတင်းပေးခြင်းမရှိဘဲ ဇွန်လတွင် ကေအဲန်ပီပီထိန်းချုပ်ရာနယ်မြေအတွင်း
၀င်ရောက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားကာ မြန်မာ စစ်တပ် (၉) ဦးကျဆုံး
ခဲ့ကြရခြင်း။
ဖရူဆိုတွင် အငြင်းပွားနေတဲ့
စစ်လေ့ကျင့်ရေးသင်တန်းကွင်း တည်ဆောက်ရေး စီမံကိန်းကို လူထုသဘောထား
စုံစမ်းလေ့လာရန် သဘောတူထားပေမယ့် အစိုးရမှ ဆက်လက်တည်ဆောက်သွားဖို့
တွန်းအားပေးနေပြီး ဇူလိုင်လတွင် အစိုးရအရာရှိများ လွမ်းမိုးတဲ့
စုံစမ်းလေ့လာရေး ပြီးစီးသွားပေမယ့် လယ်ယာမြေအသိမ်းဆီးခံကြရတဲ့
ဒေသခံလူထုရဲ့ ဆန္ဒကိုလျစ်လျူရှုကာ စီမံကိန်း ဆက်လက် တည်ဆောက်သွားရန်ကိုသာ
ထိုလေ့လာရေးအဖွဲ့မှ တင်ပြခဲ့ခြင်း။

KCSN မှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓါတ်ပုံ-KCSN)
ကရင်နီပြည်နယ်အတွင်းရှိ
သံလွင်မြစ်အပေါ် တည်ဆောက်ရန် လျာထားသည့် ရွာသစ်ရေကာတာ စီမံကိန်းအပါအဝင်
အကြီးစား ဖွံ့ဖြိုးရေးစီမံကိန်းများ သွားရောက် လေ့ လာစောင့်ကြည့်ရန်
လူမှုအဖွဲ့ အစည်းများအား ခွင့်ပြုရန် သဘောတူခဲ့ကြပေမယ့် KCSN
ကိုယ်စားလှယ်များ ရေအားလျပ်စစ် (၆၀၀) မီဂါ၀ပ်ထုတ်လုပ်ရန်အတွက် တိုင်းထွာ
မှုပြုလုပ်နေသည့် တရုတ်ဒါထန်း ကုမ္ပဏီရှိရာ ရေကာတာ တည်ဆောက်မည့်နေရာသို့
စက်တင်္ဘာလအတွင်း သွားရောက်ရာ လမ်းတွင် တားမြစ်ခြင်း စသည် တို့ကြောင့်
ဖြစ်သည်ဟု အစီရင်ခံစာတွင် ရေးသားထားပါတယ်။
“အဓိက ကတော့ ငြိမ်းချမ်းရေးကို
ရေရှည်တည်တံခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့အတွက် နှစ်ဦး၊
နှစ်ဖက်သဘောတူညီမှု ရရှိထားတဲ့ အချက်အပေါ်မှာ ထိန်းထိန်းသိမ်းသိမ်းနဲ့
အကောင်အထည်ဖော်သွားဖို့။ နောက်လူထုတွေအတွက် စိတ်ရင်းစေတနာနဲ့
လုပ်ဆောင်သွားကြဖို့ တိုက်တွန်းချင်ပါတယ်” လို့ ခူးမီရယ်ဒူက
ပြောကြားသွားပါတယ်။
http://www.ktimes.org/index.php/news/366-kcsn
Posted in: ကရင်နီ,သတင်း
Email This
BlogThis!
Share to Facebook