ကျောင်းသားများ၏ မွန်ပြည်နယ် ဗုဒ္ဓဟူးနေ့ နောက်ဆုံးရက် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရကြောင်း ခရီးစဉ် စီစဉ်သူ ပွင့်လင်းကွန်ယက် (မွန်ပြည်နယ်) က ပြောသည်။
ပယ်ဖျက်လိုက်ရသည့် ခရီးစဉ်မှာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ခရီးစဉ် ဖြစ်ပြီး တာဝန်ခံ ၃ ဦးအား ကရင်ပြည်နယ် အစိုးရက ခေါ်ယူတွေ့ဆုံပြီးနောက်တွင် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရခြင်း ဖြစ်သည်။
“ကရင်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ဥပဒေချုပ်၊ စစ်ဘက်ရေးရာ အရာရှိ၊ ထောက်လှမ်းရေး အကုန်လုံးတွေက (ဘားအံ ခရီးစဉ် တာဝန်ခံအဖွဲ့ကို) ခေါ်တွေ့ပြီးတော့ ပြောဆိုတဲ့အပေါ်မှာ ဆက်လုပ်လို့ အဆင်မပြေဘူး ဆိုတဲ့ အတွက် ဘားအံ ခရီးစဉ်ကို ဖျက်လိုက်ရတယ်” ဟု ပွင့်လင်းကွန်ရက် (မွန်ပြည်နယ်) ၏ ပြန်ကြားရေးနှင့် ဆက်သွယ်ရေး တာဝန်ခံ ကိုကြည်ဇော်လွင် က မဇ္စျိမကို ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားများ၏ ဘားအံ ခရီးစဉ်ကို မိမိတို့ အနေနှင့် ဟန့်တားမှု မပြုသော်လည်း သဘောမကျ
ကြောင်း၊ တာဝန် မယူကြောင်း စသည်တို့ကို ကရင်ပြည်နယ် အစိုးရအဖွဲ့က ပြောဆိုခဲ့သည်ဟု ဆိုသည်။
ဘားအံမြို့ ကြားတောရကျောင်းတွင် လူထုနှင့် တွေ့ဆုံကာ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန ဦးစီးဌာနမှ ထိန်းသိမ်းထားသည့် ကော့ဂွန်းဂူသို့ သွားရောက် လေ့လာရန် စီစဉ်ထားခဲ့သည်။
“၈၈ ကလည်း ကရင်ပြည်နယ် သက်သက်သွားဖို့ အစီအစဉ် ရှိတယ်။ ဒါပေမယ့် ဟိုဘက် (ဘားအံ) က လုပ်တဲ့ လူတွေလည်း ကျနော်တို့နဲ့ ရင်းနှီးတယ်။ ဘားအံကနေ သထုံဘက် ပတ်ပြန်လို့ ရတယ်ပေါ့။ အဆင်ပြေလို့ ရှိရင် ဘားအံကို ဝင်လာပေးပါ။ သူတို့ စီစဉ်ထားပေးပါ့မယ် ဆိုတော့ ကျနော်ကလည်း ဘားအံကို အစီအစဉ်မှာ
ရေးဆွဲထားတယ်” ဟု ကိုကြည်ဇော်လွင် က ပြောသည်။
ခရီးစဉ် ဖျက်သိမ်းကြောင်း အင်္ဂါနေ့တွင် သိရှိပြီးနောက် ၈၈ ကျောင်းသားအဖွဲ့သည် လေ့လာရေးခရီးအဖြစ် မုဒုံမြို့ အနောက်ဘက် သုံးမိုင်အကွာရှိ ကော့ပရံကျေးရွာသို့ ထွက်ခွာခဲ့သည်ဟု ဆိုသည်။ ကော့ပရံကျေးရွာတွင်
ရှေးဟောင်းပစ္စည်း မြောက်များစွာ စုစည်းထိန်းသိမ်းထားသည့် မွန်ရှေးဟောင်းကျေးရွာ သမိုင်းပြတိုက်တခု ရှိပြီး ကိုမင်းကိုနိုင် ၏ မိခင် ဇာတိရွာလည်း ဖြစ်သည်။
ခရီးစဉ်တလျှောက် လူထုတွေ့ဆုံဆွေးနွေးပွဲတွင် ပြည်သူများက ၎င်းတို့ နိစ္စဓူဝ ကြုံတွေ့နေရသည့် ပြဿနာများကို တင်ပြခဲ့ပြီး အများစုမှာ လယ်ယာမြေ အသိမ်းခံရသည့် ပြဿနာများ ဖြစ်ကြောင်း ခရီးစဉ် အစအဆုံး လိုက်ပါခဲ့သည့် ပွင့်လင်းကွန်ရက်မှ ကိုမင်းမင်းလတ် က ပြောသည်။
“သူတို့ ဒေသတွင်း ကြံုနေရတဲ့ နေ့စဉ်ပြဿနာ တရွာနဲ့ တရွာ၊ တမြို့နဲ့ တမြို့ မတူကြဘူး။ အများစုကတော့ လယ်သိမ်း မြေသိမ်း ယာသိမ်းကိစ္စတွေ တင်ပြကြတယ်” ဟု သူက ပြောသည်။
မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်း HURFOM ၏ မှတ်တမ်းအရ မွန်ပြည်နယ် ရေး၊ သံဖြူဇရပ်၊ ကျိုက်မရောမြို့နယ်နှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်တို့၌ တပ်အသစ် ချရန်နှင့် တပ်တွင်းစီးပွားရေးအတွက် မြေယာသိမ်းမှုသည် ၂ဝဝဝ-၂ဝဝ၅ ခုနှစ်ကာလတွင် အဆိုးဆုံး အခြေအနေ ဖြစ်ပြီး ယနေ့အထိ အနည်းဆုံး မြေဧကပေါင်း ၂ဝ,ဝဝဝ ကျော်ကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ရေးမြို့ခရီးစဉ်တွင် ပြည်သူများက ရေးလမ်းတံတား ပျက်စီးနေရသည့် ပြဿနာများကို တင်ပြခဲ့ပြီး ကျိုက်ထို ခရီးစဉ်တွင် ကျိုက်ထီးရိုး တောင်ပေါ်မှ ဈေးဆိုင်ရှင်နှင့် ဈေးသည်များက ၎င်းတို့ ကြုံတွေ့နေရသည့် ဆိုင်ခန်းပြဿနာ ကို တင်ပြကြသည်ဟု ဆိုသည်။
မွန်ပြည်နယ် ခရီးစဉ်တလျှောက်တွင် ၈၈ မျိုးဆက် ကျောင်းသားများအား လူထုက သောင်းသောင်းဖျဖျ ကြိုဆိုကြပြီး
အောင်မြင်သည့် ခရီးစဉ်တခုအဖြစ် ရှုမြင်ကြောင်း ကိုမင်းမင်းလတ် က ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားများသည် ဗုဒ္ဓဟူးနေ့ ညတွင် ရန်ကုန်သို့ ပြန်ကြမည် ဖြစ်ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၇ ရက်နေ့ထိ မြန်မာနိုင်ငံ တောင်ဘက်အစွန်ရှိ တနင်္သာရီတိုင်း မြိတ်နှင့် ကော့သောင်းမြို့နယ်များသို့ ဆက်လက် ထွက်ခွာကြမည် ဖြစ်ကြောင်း သိရသည်။
၎င်းပြင် အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ၈၈ မျိုးဆက်
ကျောင်းသားများနှင့် တွေ့ဆုံဖွယ် ရှိကြောင်း သိရသည်။
http://www.mizzimaburmese.com/news/inside-burma/10396-2012-11-14-17-19-56.html