နို၀င်ဘာ ၁၄၊ ၂၀၁၂
ငယ်စဉ်က မော်လမြိုင်မြို့ အင်္ဂလိပ်-မြန်မာ အစိုးရအထက်တန်းကျောင်း၌ ပညာသင်ကြားခဲ့ပြီး ၁၀တန်းအောင်မြင်ခဲ့သည်။ ယင်းနောက် ရန်ကုန်တက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားခဲ့ရာ ၁၉၂၇ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကို အင်္ဂလိပ်စာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ၁၉၅၃ခုနှစ်တွင် ဥပဒေဘွဲ့ရရှိခဲ့သည်။
မွန်ဦးဖိုးချိုသည် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနတွင် နည်းပြဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၄၂ခုနှစ်တွင် ပညာရေးနှင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှုကော်မတီ (Education and Peace Preservation Committee)တွင် ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။
မွန်ဦးဖိုးချိုသည် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးညိုမြတို့၏ ဆရာတစ်ဦးဖြစ်ပြီး မျိုးချစ်ကျောင်းသားများ၏ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုများကို အားပေးကူညီခဲ့သည်။ မွန်ဦးဖိုးချိုသည် အင်္ဂလိပ်အစိုးရခန့်အပ်သော အိုင်စီအက်စ်(I.C.S)ခေါ် အိန္ဒိယပဋိဉာဉ်ခံအုပ်ချုပ်ရေးဝန်ထမ်း ရာထူးကို လက်မခံဘဲ ငြင်းပယ်၍ မြန်မာလွတ်လပ်ရေးကိုသာ လိုလားခဲ့သူတစ်ဦးဖြစ်သည်။
၁၉၄၅ခုနှစ် နိုဝင်ဘာလ၉ရက်နေ့ မွန်ဦးဖိုးချိုခေါင်းဆောင်သော မွန်လူကြီးများသည် ဗဟန်းရေတာရှည်မွန်ကျောင်း၌စုစည်းပြီး မွန်အမျိုး သားတို့အတွက် နိုင်ငံရေးအဖွဲ့အစည်းအမြန်လိုအပ်နေပြီး မွန်နိုင်ငံရေးအဖွဲ့ ဖွဲ့စည်းပြီး ဖဆပလနှင့်ပူးပေါင်း၍ မြန်မာ့လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်မှသာလျှင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိလျှင် မွန်အမျိုးသားတို့အတွက် အခွင့်အရေးရမည်။ ပုဂ္ဂိုလ်ရေးထက် အဖွဲ့ အစည်းအားဖြင့် ဖွဲ့စည်းချိန်တန်ပြီဟု တင်ပြ၍ မွန်တိုင်းရင်းသားအစည်းအရုံးကို တည်ထောင်ခဲ့ကြသည်။ အစည်းအရုံး၏ရည်ရွယ်ချက်မှာ မွန်တမျိုးသားလုံးနှင့်ပတ်သက်သော နိုင်ငံရေး၊ သာသနာရေး၊ နေရေး၊ ထိုင်ရေး၊ ပြုပြင်ရေးကိစ္စအဝဝကို တပ်ဦးအနေဖြင့် ဆောင်ရွက်ရန် ဖြစ်သည်။ မွန်တိုင်းရင်းသားအစည်းအရုံး၏ အမှုဆောင်အဖွဲ့ဝင်များမှာ-
(၁) မွန်ဦးဖိုးချို – ဥက္ကဌ
(၂) မွန်ဦးသန်း – အတွင်းရေးမှူး
(၃) နိုင်ကျော်လှ(မွန်သမားတော်)- ဘဏ္ဍာရေးမှူး
(၄) ဦးအုံးဖေ(မိကလုံ) – စာရင်းစစ်
(၅) မွန်ထွန်းရင် – ဝါဒဖြန့်ချိရေးနှင့်စည်းရုံးရေး
(၆) နိုင်ချမ်းမွန် – ဝါဒဖြန့်ချိရေးနှင့်စည်းရုံးရေး
(၇) ဦးမောင်ကြီး – အမှုဆောင်အဖွဲ့ဝင်
(၈) ဦးစံညွှန်း – အမှုဆောင်အဖွဲ့ဝင်
(၉) ဦးရွှေကြိုင် – အမှုဆောင်အဖွဲ့ဝင်
(၁၀) ဦးဘချစ်(မော်လမြိုင်) – အမှုဆောင်အဖွဲ့ဝင်
(၁၁) ဦးဘသွင်(ကော့နှပ်) – အမှုဆောင်အဖွဲ့ဝင်
(၁၂) မွန်ချစ်ဖေ – အမှုဆောင်အဖွဲ့ဝင်
(၁၃) ဦးကျော်ဝင်း – အမှုဆောင်အဖွဲ့ဝင်
(၁၄) ဦးထွန်းအောင် – အမှုဆောင်အဖွဲ့ဝင် တို့ဖြစ်သည်။
ထို့နောက် မွန်တိုင်းရင်းသားအစည်းအရုံးသည် ဗိုလ်ချုပ်အောင်ဆန်း ဥက္ကဌအဖြစ်ဆောင်ရွက်နေသော ဖဆပလအဖွဲ့ချုပ်ကြီး ၁၉၄၅ခုနှစ် ဒီဇင်ဘာလတွင် ဆက်သွယ်၍ မွန်ဦးဖိုးချို၊ မွန်သန်းတို့သည် ဖဆပလအမှုဆောင်များ ဖြစ်လာကြသည်။ မွန်တိုင်းရင်းသားအစည်းအရုံးကို ဖဆပလက အမျိုးသားနိုင်ငံရေးပါတီအဖွဲ့အစည်းမဟုတ် လူထုလူတန်းစာအဖွဲ့အစည်းအနေဖြင့် ဆက်ဆံခဲ့သည်။
၁၉၄၆ခုနှစ် ဒီဇင်ဘာလ၂ရက်မှ၃ရက်နေ့အထိ ကျိုက္ခမီမြို့နယ် (ယခုသံဖြူဇရပ်မြို့နယ်) ပငရွာတွင် မွန်အမျိုးသားညီလာခံတရပ်ကို ကျင်းပ၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်ရွေးကောက်တင်မြှောက်ရာ မွန်ဦးဖိုးချိုသည် ဥက္ကဌအဖြစ် ရွေးချယ်ခံရသည်။ ယင်းညီလာခံ၌ အလုပ်အမှုဆောင်အဖွဲ့က-
(၁) သာသာနာသက္ကရာဇ် ၁၁၁၆ တပို့တွဲလပြည့်ကျော်(၁)ရက်နေ့သည် သမလ၊ ဝိမလ ညီနောင်နှစ်ပါးတို့သည် သိကြားမင်း၏အကူ အညီဖြင့်ဟံသာဝတီပဲခူးမြို့ကြီးကိုစတင်တည်ထောင်သည့်နေ့ကိုယူပြီး နှစ်စဉ်တပို့တွဲလပြည့်ကျော်(၁)ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ရန်။မွန်တိုင်းရင်းသားအစည်းအရုံးသည် ဖဆပလလက်အောက်တွင်ရှိနေစဉ် မွန်ဦးဖိုးချိုသည် ဖဆပလ စည်းရုံးရေးအတွက်တနင်္သာရီတိုင်းကို တာဝန်ယူပေးခဲ့သည်။ ၁၉၄၈ခုနှစ် ဇူလိုင်လတွင် မွန်ဦးဖိုးချိုသည် ဖဆပလအစိုးရ၏ ဖမ်းဆီးခြင်းခံရပြီး ၁၉၄၉ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြန်လည်လွတ်မြောက်သွားခဲ့သည်။
(၂) လာမည်ရွေးကောက်ပွဲတွင် မွန်အမျိုးသားတို့အတွက် သီးခြားမဲစာရင်း မဲဆန္ဒနယ်သတ်မှတ်ပေးရန် အကယ်၍ ဖဆပလအစိုးရက မပြုလုပ်ပေးလျှင် ရွေးကောက်ပွဲကို သပိတ်မှောက်ရန်တို့ကို တင်ပြတောင်းဆိုခဲ့သည်။
၁၉၅၁ခုနှစ်တွင် ဗီယက်နမ်နိုင်ငံဟနွိုင်မြို့၌ ကျင်းပခဲ့သော ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်သို့ မွန်ဦးဖိုးချိုသည် မြန်မာနိုင်ငံကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့သည်။ ညီလာခံအပြီးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုဗီယက်ပြည်ထောင်စုနှင့် ဟန်ဂေရီနိုင်ငံများသို့ လေ့လာ ရေးခရီး သွားရောက်ခဲ့သည်။
၁၉၅၅ခုနှစ်တွင် မွန်ဦးဖိုးချိုခေါင်းဆောင်သော မွန်တိုင်းရင်းသားအစည်းအရုံးသည် အစိုးရ၏ အတိုက်အခံနိုင်ငံရေးတပ်ပေါင်းစုကြီးဖြစ် သည့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (ပမညတ)အဖွဲ့တွင် ပူးပေါင်းပါဝင်ကာ နိုင်ငံရေးဆောင်ရွက်ခဲ့သည်။ ယင်းနှစ်၌ပင် မွန်ဦးဖိုးချိုသည် မွန်အမျိုးသားညီညွတ်ရေးတပ်ဦး (Mon National United Front) ကိုတည်ထောင်၍ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။
ထို့နောက် ၁၉၅၇တွင် မွန်ဦးဖိုးချိုခေါင်းဆောင်သော မွန်တိုင်းရင်းသားအစည်းအရုံးသည် မွန်ပြည်သူ့တပ်ဦးမှ ကေဒါများဖြင့် မော်လမြိုင်မြူ နီစပယ်ခန်းမတွင် ညီလာခံကျင်းပပြီး မွန်ပြည်နယ်သတ်မှတ်ပေးရန် ဖဆပလအစိုးရအား တင်ပြတောင်းဆိုခဲ့သည်။
ထို့နောက် ၁၉၆၀ခုနှစ် ဖေဖော်ဝါရီလ၆ရက်နေ့တွင် အိမ်စောင့်အစိုးရက ဦးစီးကျင်းပခဲ့သော ပါလီမန်ပြည်သူ့လွှတ်တော်အထွေထွေရွေး ကောက်ပွဲတွင် ပမညတကိုယ်စားလှယ်လောင်းအဖြစ် မော်လမြိုင်ခရိုင် ရေးမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်အရွေးခံရာ အနိုင်ရရှိခဲ့သည်။ ယင်းနောက် မွန်တိုင်းရင်းသားအစည်းအရုံးသည် ၁၉၆၂ခုနှစ် ဖေဖော်ဝါရီလ၁၉ရက်နေ့တွင် ပမညတမှ နှုတ်ထွက်ခဲ့သည်။ ၁၉၆၄ခုနှစ် မတ်လ၂၈ရက်နေ့တွင် ၁၉၆၄ခုနှစ် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့်ဥပဒေပြဌာန်းပြီးနောက် မွန်ဦးဖိုးချိုဦးစီးသည့် မွန် တိုင်းရင်းသားအစည်းအရုံးသည် အခြားနိုင်ငံရေးပါတီအဖွဲ့အစည်းများနှင့်အတူ ဖျက်သိမ်းခံခဲ့ရသည်။
၁၉၆၈ခုနှစ် ဒီဇင်ဘာလ၄ရက်နေ့တွင် တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်းက ကြေညာချက်အမှတ် ၃၂ကို ထုတ်ပြန်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံပြည်တွင်းညီညွတ်ရေးအကြံပေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ရာ မွန်ဦးဖိုးချိုသည် အကြံပေးအဖွဲ့(၃၃)ဦး၌ ပါဝင်ခဲ့သည်။ ထို့အပြင် မွန်ဦးဖိုးချိုသည် ၁၉၇၁ခုနှစ် စက်တင်ဘာလ၂၅ရက်နေ့တွင် မဆပလပါတီဗဟိုကော်မတီက ဗိုလ်ချုပ်ကြီးစန်းယု ဥက္ကဌအဖြစ် ဆောင်ရွက်သော အဖွဲ့ဝင်၉၇ဦးပါ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးကော်မရှင်ကို ဖွဲ့စည်းရာတွင်လည်း အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။
မွန်ဦးဖိုးချိုသည် စစ်ကြိုခေတ်၌ ‘မြန်မာနိုင်ငံလုံးဝလွတ်လပ်ရေးသို့’ ဟူသော အမည်ရှိ စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း ‘မြန်မာနိုင်ငံပြန်လည်ထူထောင်ရေး’ဟူသော စာအုပ်ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့်လည်းကောင်း ရေးသားထုတ်ဝေခဲ့သည်။ ထို့အပြင် လက်တင်ဘာသာဖြင့် ကဗျာများလည်း ရေးသားခဲ့သည်။ အားလပ်ချိန်တွင်လည်း မွန်ဦးဖိုးချိုသည် လူငယ်များအား အခမဲ့ အင်္ဂလိပ်စာနှင့် နိုင်ငံရေးပညာရပ်များ၊ ဥပဒေပညာရပ်များ သင်ကြားပို့ချပေးခဲ့သည်။ ထို့နောက် ဗဟိုတရားရုံးချုပ်ရှေ့နေအဖြစ် ကွယ်လွန်ချိန်အထိ ဆောင်ရွက်ခဲ့သည်။
၁၉၈၄ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ကောင်စီက ချီးမြှင့်သော နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမအဆင့်)ကို ရရှိခဲ့သည်။
ထို့နောက် မွန်တိုင်းရင်းသားခေါင်းဆောင်ကြီး မွန်ဦးဖိုးချိုသည် ၁၉၈၄ခုနှစ် မေလ၁၁ရက်နေ့တွင် ရန်ကုန်မြို့အင်းစိန်ဒေါန(၁)လမ်း အမှတ်(၃)နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီးဒေါက်တာဒေါ်မြသင်နှင့် မွေးစားသမီးတို့ ကျန်ရစ်ခဲ့ သည်။ ကြွင်းကျန်ရစ်သောရုပ်ကလာပ်ကို စော်ဘွားကြီးကုန်းခရစ်ယာန်သုသာန်(ယခုမြဝတီပုံနှိပ်တိုက်)၌ ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။
ကိုးကား-
(၁) မွန်အမျိုးသားတို့၏နောက်ခံသမိုင်း (၂၀၀၀)
(၂) သန်းဝင်းလှိုင်၊ အနှစ်ချုပ်မြန်မာ့သမိုင်းအဘိဓာန် (ဒုတိယတွဲ)၊ ပထမအကြိမ် ပညာရွှေတောင်စာပေတိုက်၊ ၂၀၁၀။
(၃) မြန်မာ့စွယ်စုံကျမ်းအနှစ်ချုပ် (၁၉၈၅)၊ စာ-၂၂၃။
http://moemaka.com/?p=29075