
ယင်း ကားပေါ်တွင် DKBA တပ်ဖွဲ့ဝင် ၂ ဦးနှင့် ဗိုလ်ချုပ် စောလားပွယ်၏ ဆွေမျိုး အပါအဝင် ၆ ဦး လိုက်ပါလာပြီး မဲဆောက်မြို့မှ တဆင့် ထိုင်း-မြန်မာနယ်စပ်သို့ မောင်းသွားနေစဉ် ဖုပ္ဖရဒေသရှိ စစ်ဆေးရေး ဂိတ်တခုတွင် အဖမ်းခံရခြင်း ဖြစ်ကြောင်း DKBA တပ်ဖွဲ့မှ ဗိုလ်မှူးကြီး စန်းအောင်က ဧရာဝတီသို့ ပြောသည်။
ကားပေါ်တွင် လိုက်ပါလာသူများသည် နယ်စပ်ဖြတ်ကျော်သည့် တရားဝင် စာရွက်စာတမ်း တချို့သာပါရှိပြီး ထိုင်းနိုင်ငံ နယ်စပ်မှ တဆင့် DKBA တပ်ဖွဲ့ဝင်ရှိရာ မြဝတီမြို့နယ် ဆုံစည်းမြိုင် ကျေးရွာသို့ သွားမည်ဟု သိရသည်။
DKBA တပ်ဖွဲ့ဝင်များရှိရာ ဆုံစည်းမြို့ဒေသကို မြဝတီမြို့မှ သွား၍ရသော်လည်း ဗိုလ်ချုပ် စောလားပွယ်၏ အမျိုးတော်စပ်သူ သက်ကြီးရွယ်အို ပါသည့်အတွက် အဆင်ပြေရန် စီစဉ်ခဲ့ကြောင်း ဗိုလ်မှူးကြီး စန်းအောင်က ဆက်ပြောသည်။
ထိုင်း အာဏာပိုင်များက ကားပေါ်တွင် လိုက်ပါလာသူများကို ပြန်လွှတ်ပေးသော်လည်း ကားမောင်းသူကိုမှု လူကုန်ကူးမှုဖြင့် စွပ်စွဲ၍ မဲဆောက်မြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
လတ်တလောတွင် ကားမောင်းသမား ပြန်လည် လွတ်မြောက်လာရန် ကြိုးစားဆောင်ရွက်နေပြီး အခြေအနေများကို မသိရှိရသေးကြောင်း ကားသမားအမှုကို ဆောင်ရွက်ပေးနေသည့် DKBA တပ်ဖွဲ့မှ ကိုဇေယျာက ပြောသည်။
“ကားနဲ့ လူကိုတော့ မရသေးဘူး။ ဒီမနက် ကားကို လာထုတ်ပါလို့ ရဲအရာရှိတဦးရဲ့ လက်ထောက်က ပြောတယ် ဆိုပြီးတော့ လှမ်းပြောလို့ ကျနော်တို့ သွားတဲ့အခါ အမှုတွဲ ကာယံကံရှင်က တရားရုံးရောက်နေတော့ ထုတ်လို့ မရသေးပါဘူး” ဟု ၎င်းက ဆိုသည်။
ကားမောင်းသမားနှင့် ပတ်သက်သည့် အခြေအနေမှန်ကို ကားမောင်းသမားနှင့် တွေ့ဆုံ စကားပြောခွင့် ရမှသာလျှင် သိရှိရမည်ဟု ကိုဇေယျာက ပြောသည်။
“အရင်ကလည်း ထိုင်းနိုင်ငံကနေပြီးတော့ သွားတာပဲ။ သွားခဲ့တဲ့ အခေါက်ရေလည်းများပြီ။ ဒီတကြောင်းကျမှ ဘာဖြစ်လို့ ဒီလိုဖြစ်တာလဲ ဆိုတာကတော့ နောက်ကွယ်က တခုခုများ ရှိနေသလားလို့ ကျနော်တို့ စဉ်စားထားတာရှိပါတယ်” ဟု ဆိုသည်။
ကိုဇေယျာက ဖမ်းဆီးရသည့် အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း၊ ကားလမ်းများ သွားရေးလာရေး အခက်အခဲရှိသည့်အခါ နှစ်နိုင်ငံ မဟာမိတ်ဆက်ဆံရေး ပုံစံအရ DKBA တပ်ဖွဲ့ဝင် တချို့ကို ထိုင်းနိုင်ငံဘက်မှ ပို့လေ့ပို့ထ ရှိကြောင်းပြောသည်။
ဗိုလ်ချုပ် စောလားပွယ်ကို ဧပြီလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံရှိ မူးယစ်ဆေး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံး (ONCB) မှ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဖမ်းဆီးရန် ဆုငွေ ထိုင်း ဘတ် ၁ သန်း (ဒေါ်လာ ၃,၂၀၀၀ ခန့်) ထုတ်ပြန်ထားသည်။
DKBA တပ်ဖွဲ့ဝင်များ အခြေစိုက်သည့် ဝေါ်လေတပ်စခန်း တည်ရှိရာ ထိုင်းဘက်ခြမ်းတွင် ၂၀၀၃ ခုနှစ်က ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား (ရာဘ) အလုံးရေ ၉ ဒဿမ ၄ သန်း ဖမ်းဆီးရရှိခဲ့မှုနှင့် ပတ်သက်၍ ONCB အဖွဲ့က ဗိုလ်ချုပ် စောလားပွယ်တွင် တာဝန်ရှိသည်ဟု စွပ်စွဲ၍ ဆုကြေးငွေ ထုတ်ထားခြင်း ဖြစ်သည်။
http://burma.irrawaddy.org/archives/25314