
“ဂျူလိုင်လကတည်းက နိုင်ငံရေးပါတီတွေဆီတင်ထားတယ်။ ဝ တပ်ဖွဲ့က ကျမတို့ရဲ့လယ်မြေတွေကို အဓမ္မ ဝယ်ယူ တယ်။ အဓမ္မသိမ်းယူတာလဲရှိတယ်။ အခုဆက်တိုက်ဖြစ်နေသေးတယ်။ ပါတီအမတ်ကနေ တင်ပြပေးဖို့လဲပြောထားတယ်။ ဘာမှတော့မသိရသေးဘူး” ဟု ပုံပါကျင်ဒေသခံ နန်းခမ်းကပြောသည်။
မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲအတွင်း ဝ တပ်ဖွဲ့များ သျှမ်းပြည်အရှေ့တောင်ပိုင်းသို့ စတင်ရောက်ရှိလာချိန်မှစ၍ ဒေသခံများ၏ လယ်ယာမြေများအား နည်းအမျိုးမျိုးဖြင့် သိမ်းယူခဲ့ကြောင်း၊ စတင်ရောက်ရှိစဉ်က ဗိုလ်ချုပ်ခင်ညွန့် အမည်ဖြင့်သိမ်းပိုက်ကြောင်း၊ ထို့နောက်ပိုင်း ချောင်းအထက်ပိုင်းရှိလယ်မြေများအား အဓမ္မဝယ်ယူ၍ တခြားအောက်ပိုင်းရှိ လယ်သမားများအတွက် ရေမျှမပေး၊ နောက်ပိုင်းဈေးနှိမ်ဝယ်ခဲ့ကြောင်း လယ်ယာခြံ ပိုင်ရှင်များက ပြောပြပါသည်။
“ဒီလယ်မြေအသိမ်းခံရတဲ့ ကျနော်တို့ ပုံပါကျင်ရပ်ကွက် ၅ က လယ်သမား ၃ ယောက်စလုံး သူတို့မှာ ပုံစံ ၁၀၅ ရှိတယ်။ အဲဒီ ၁၀၅ မိတ္တူရယ် တင်ပြလာတဲ့စာတွေရယ် ကျနော့ရဲ့မေးခွန်းတွေရယ် တောင်ကြီးနဲ့ နေပြည်တော်ကိုပို့တယ်။ အဲဒီအသိမ်း ပိုက်ခံရတဲ့ လယ်ယာမြေတွေကို မြေစာရင်းတွေက ကွင်းဆင်းစစ်ဆေးတော့မယ်လို့ကြားထားတယ်။ ဘယ်တော့လာမလဲ တော့မသိဘူး ” ကျားဖြူ ပြည်နယ်လွှတ်တော်အမတ် စိုင်းဝင်းမြတ်ဦးက ပြောပါသည်။
ဂျူလိုင်လဆန်းပိုင်းက ပုံပါကျင်မြို့နယ်ခွဲ လယ်သမား နန်းခမ်းစိန်၊ စိုင်းလျဲန်း၊ နန်းမတ် တို့၏ လယ် ၅ ဧက အား ၀ တပ်ဖွဲ့က သိမ်းယူခဲ့ကြောင်း၊ လယ်ပြန်ရရေးအတွက် ရပ်ရွာအုပ်ချုပ်ရေးမှူးနှင့်အတူ စရဖများအားခေါ်ယူ၍ ၀ တပ်ဖွဲ့ များနှင့် သွားရောက်ဆွေးနွေးတော်လည်း အောင်မြင်မှုမရှိကြောင်း လယ်ယာဆုံးရှုံးသူများက ပြောပါသည်။
“လယ်ပိုင်ရှင်တွေက ရပ်ကွက်အကြီးအကဲတွေကို ရပ်မိရပ်ဖတွေ၊ စရဖနဲ့ ထွေအုပ်တွေပါ ခေါ်ပြီး ဝ တပ်ဖွဲ့အကြီးအကဲ တာ့ကန်း နဲ့ တာ့ပေါဝ်း ဆိုသူ ၂ ယောက်ကိုသွားတွေ့တယ်။ သူတို့က အစိုးရ အရာရှိရှေ့မှာဘဲ လယ်ရှင်တွေကို ကြိမ်း မောင်းတယ်။ ခင်ဗျားတို့ အသက်တိုချင်လား သက်တမ်းစေ့မနေချင်လို့လား စတာတွေဘဲ။ အာဏာပိုင်တွေလဲ ဘာမှမ တတ်နိုင်ဘူး” ဟု လယ်သိမ်းခံရသူတဦးက မကျေမနပ်ဖြင့် သျှမ်းသံတော်ဆင့်အားပြောပြသည်။
တောင်ပိုင်းသို့ ရောက်ရှိစဉ်ကတည်းက အဆိုပါ ၀တပ်ဖွဲ့တို့သည် အစိုးရ (ထိုစဉ်က ဦးခင်ညွန့်) ၊ ငြိမ်းချမ်းရေး နာမည်သုံး၍ ဒေသခံလူထု၏ ဝါးရုံ၊ ထင်းတောများအား ခုတ်ယူသုံးစွဲခြင်း၊ ခြံစည်းရိုးများပါမကျန် ဆွဲနုတ်ကာ ထင်းအဖြစ်အသုံးပြုခြင်း၊ ထိုနောက်ပိုင်း ဒေသံလူထု၏ လယ်ယာမြေများအား အဓမ္မဝယ်ယူခြင်း၊ ဈေးနှိမ်ဝယ်ခြင်း၊ အခမဲ့သိမ်းယူခြင်းများ ပြုလုပ်ခဲ့ ကြောင်း၊ မကျေနပ်ပြီး ပြန်ပြောပါက ‘ငြိမ်းချမ်းရေးဖျက်ဆီးသူဖြစ်ချင်လား’ စသဖြင့် ခြိမ်းခြောက်ခဲ့ကြောင်း၊ နိုင်ငံရေးပြောင်း လဲစပြုလာသောကြောင့် ယခုကဲသို့ ပြန်လည်တိုင်တန်းခြင်းဖြစ်ကြောင်း ပုံပါကျင်ဒေသခံများက ပြောသည်။
အသိမ်းခံရသည့်လယ်ယာမြေများမှာ ပုံပါကျင် အရှေ့ဘက်ရှိ ရပ်ကွက် ၅ နှင့် ၀ (ရွာသစ်) ပါတေရွာ အကြား လယ်မြေ များဖြစ် သည်ဟုသိရပါသည်။ အလားတူ မိုင်းတော့ မိုင်းထား မှ ၀ တပ်ဖွဲ့ထိန်းချုပ်နယ်မြေ ဟိုမိန်းမြို့နယ်ခွဲအထိလည်း ထိုကဲ့သို့ လယ်ယာမြေအသိမ်းခံရခြင်းများရှိခဲ့ကြောင်း ဟိုမိန်းဒေသခံများပြောပြချက်အရသိရသည်။
http://www.burmese.panglong.org/news/90-2008-08-03-06-47-55/3646-2012-11-13-10-18-23.html