
နေပြည်တော်ရှိ MICC ခန်းမတွင် ယနေ့ မနက် ၉ နာရီက ကျင်းပသော ပထမအကြိမ်မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုဖိုရမ် အစည်းအဝေးဖွင့်ပွဲ အခမ်းအနား မိန့်ခွန်းပြောကြားစဉ် သမ္မတဦးသိန်းစိန်က ကချင်ကေအိုင်အေအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ပါကြောင်း ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။
သမ္မတဦးသိန်းစိန်က တပ်မတော်က ဆောင်ရွက်လျက်ရှိသော စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းရန် ၎င်းအနေဖြင့် အမိန့်ပေးလိုက်ပြီဖြစ်ပြီး ကေအိုင်အေအနေနှင့်လည်း စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားရန် လိုအပ်ကြောင်း၊ ၎င်းအနေဖြင့် ငြိမ်းချမ်းရေးရရှိသည်အထိ ဆောင်ရွက်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ဦးသိန်းစိန်က ပြောသည်။
“အလျဉ်းသင့်လို့ ကေအိုင်အေအဖွဲ့နဲ့ ငြိမ်းချမ်းရေးကိစ္စကို ပြောပြလိုပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိသည်အထိ ကျနော်အနေနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ကေအိုင်အိုကိုလည်း ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ ဆက်လက်ကမ်းလှမ်း ထားပြီး ယခုလည်း ဒီနေရာကနေ ထပ်မံဖိတ်ခေါ်လိုက်ပါတယ်။ မကြာမီ ငြိမ်းချမ်းရေးကို လက်ကမ်းလာနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ယခုအခါ တပ်မတော်က အကန့်အသတ်နဲ့ ဆောင်ရွက်နေတဲ့ စစ်ရေးဆောင်ရွက်မှုများရပ်ဆိုင်းဖို့ ကျနော်အနေနဲ့ အမိန့်ပေးထားပြီးဖြစ်ပါတယ်။ တဖက်ကလည်း အလားတူ ရပ်ဆိုင်းပေးထားဖို့လိုအပ်ပါတယ်” ဟု ဦးသိန်းစိန်က ဆက်လက်ပြောသည်။
အစိုးရနှင့်အပစ်အခတ်ရပ်စဲထားသော လက်နက်ကိုင်အဖွဲ့၁၀ ဖွဲ့နှင့် နိုင်ငံရေးဆွေးနွေးမှုများကို ယခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ပြုလုပ်မည်ဟု ဦးသိန်းစိန်က ဆိုသည်။
“ကေအိုင်အိုကလွဲပြီး ကျန်တဲ့အဖွဲ့ ၁၀ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး Political dialogue ကိစ္စတွေကို ၂၀၁၃ နှစ်ဦးပို်င်းမှာ စပြီး ဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ဆက်လက် ပြောသည်။
၁၈ လကြာဖြစ်ပွားလျက်ရှိသော ကေအိုင်အေနှင့် အစိုးရတပ်များအကြား တိုက်ပွဲများကြောင့် လူဦးရေ တသိန်း နီးပါး အိုးအိမ်များစွန့်ခွာထွက်ပြေးနေကြရကြောင်း ကချင်လူမှုအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယမန်နေ့ကလည်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ကလည်း ကေအိုင်အေနှင့်အစိုးရအကြား တိုက်ပွဲများရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် နှစ်ဖက်စလုံးကို တိုက်တွန်းကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။
မြန်မာအစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း ကချင်ပြည်နယ် လဂျားယန်ဒေသတွင် တပ်မတော်အနေဖြင့် နယ်မြေရှင်းလင်းမှုများဆောင်ရွက်ပြီးစီးသည့်အတွက် စစ်ရေးလှုပ်ရှားမှုများကို ယနေ့ မနက် စတင်ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာသွားသည်။
http://burma.irrawaddy.org/archives/31392