January 5, 2013

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကရင်အမျိုးသား အစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၅
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ကရင်အမျိုးသား အစည်းအရုံး(KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် အဖွဲ့ဝင်များအား ယနေ့ ညနေ(၄)နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် စက်မှုလယ်ယာစနစ် တောင်သူ ပညာပေးဧက (၅ဝဝ)စိုက်ခင်းရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း၊ လုပ်ငန်းကော်မတီဝင် များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ဦးခင်ရီ၊ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန( Myanmar Peace Center )မှ ပညာရှင်များနှင့် ငြိမ်းချမ်းရေး အကျိုးဆောင်များတက်ရောက်ကြပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့်အတူ အထွေထွေ အတွင်းရေးမှူးချုပ် ဒိုစောကွယ်ထူးဝင်း၊ အတွင်းရေးမှူး(၂) ဖဒိုစောမန်းမန်း၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ဖဒိုစောရော်ဂျာခင်၊ ဖဒိုမန်းညိမ်းမောင်နှင့် ဖဒိုစောလှထွန်းတို့ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထို့နောက် ကရင်အမျိုးသား အစည်းအရုံး(KNU)ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအား နှစ်သစ်ကူး လက်ဆောင်အဖြစ် ကရင်အမျိုးသားဝတ်စုံကို ဝတ်ဆင်ပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဆွေးနွေးပြောကြားရာတွင် ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဤနေရာတွင် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံရခြင်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဥက္ကဋ္ဌနှင့်အဖွဲ့အား အမြဲတွေ့ဆုံ ဆွေးနွေးလိုပါကြောင်း၊ ကရင်အမျိုးသား အစည်းအရုံး၏ (၁၅)ကြိမ်မြောက် ကွန်ဂရက်တွင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ရွေးကောက်တင်မြှောက်ခံရသဖြင့် ဝမ်းသာဂုဏ်ယူပါကြောင်း၊ သမိုင်းနှင့်ချီပြီး ရှည်ကြာ လှပြီဖြစ်သည့် မိမိတို့အချင်းချင်း လက်နက်ကိုင်ပဋိပက္ခကို မိမိတို့၊ ဥက္ကဋ္ဌတို့ လက်ထက်မှာပင် အဆုံးသတ်ပြီး သမိုင်းတွင်ရစ်မည့် ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်ရန် မိမိအနေဖြင့် ဆန္ဒပြင်းပြလျက်ရှိပါကြောင်း၊ ဥက္ကဋ္ဌအနေဖြင့်လည်း ငြိမ်းချမ်းသည့် လူ့ဘောင်တစ်ရပ် ကိုထူထောင်ရန် မိမိကဲ့သို့ကြိုးပမ်း ဆောင်ရွက်နေသည်ဟု ယုံကြည်ပါကြောင်း။
မိမိတို့အနေဖြင့်  နိုင်ငံရေးတွင်မတူကွဲပြားမှုအချို့ရှိမည်ဖြစ်သော်လည်း တိုင်းပြည်အတွက် အကျိုးရှိစေမည့် တူညီသည့်ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်း လိုပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တိုင်းရင်းသားအားလုံး တန်းတူညီမျှ အတူတကွ ခံစားစံစားနိုင်ရေးအတွက် မိမိတို့ အတူတကွ ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ ပွင့်လင်းစပြုနေပြီဖြစ်သည့် မိမိတို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လက်လွတ်မခံဘဲ တစ်ဦးနှင့်တစ်ဦးနားလည်မှု၊ ယုံကြည်မှုနှင့်စာနာမှု တို့ဖြင့် ထာဝရ ငြိမ်းချမ်းသည့် လူ့ဘောင်တစ်ရပ်ကို အတူတကွ လက်တွဲပူးပေါင်းပြီး သစ္စာရှိရှိ၊ သတ္တိရှိရှိဖြင့် ထူထောင် ဆောင်ရွက်သွားကြပါစို့ဟူ၍ တိုက်တွန်းလိုပါကြောင်းဖြင့် ပဏာမပြောကြားသည်။
ယင်းနောက် ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက နိုင်ငံတော် သမ္မတကြီးနှင့် တွေ့ဆုံဆွေးနွေး ရသဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ သမ္မတကြီးက ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းမှတစ်ဆင့် မိမိတို့အား တွေ့ဆုံရန် ဖိတ်ကြားခဲ့သည့် အတွက် လာရောက်ခြင်း ဖြစ်ပါကြောင်း။
ထို့အတူမိမိတို့အနေဖြင့်လည်း ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် တွေ့ဆုံ ဆွေးနွေးရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများကို တစ်ဆင့်ပြီး တစ်ဆင့်ပြုလုပ် နိုင်ခဲ့ပါကြောင်း၊ အပစ်အခတ် ရပ်စဲရေးမှ စတင်ခဲ့သည့် တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်ရန်အတွက် မိမိတို့(KNU)အဖွဲ့က ဆန္ဒပြင်းပြလျက် ရှိပါကြောင်း၊ ယနေ့အခါတွင် နိုင်ငံတော်၌ အပြောင်းအလဲများ ရှိနေသည်ဖြစ်ရာ ဤအပြောင်းအလဲ အတိုင်း လိုက်ပါဆောင်ရွက်ရန်သာရှိပြီး မိမိတို့အနေဖြင့် နောက်ဆုတ်ရန် မရှိပါကြောင်း။ နိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲမှုများ ဖြစ်ထွန်းနေပြီ ဖြစ်သော်လည်း ကချင်ပြည်နယ် ပဋိပက္ခမှာမူ ငြိမ်းချမ်းရေးအတွက် အဟန့်အတား ဖြစ်နေပါကြောင်း၊ ကချင်ဒေသငြိမ်းချမ်းရေးအတွက် မိမိတို့က မည်သို့ ပံ့ပိုးကူညီနိုင်မလဲ ဆိုသည်ကို စဉ်းစားနေပါကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အထွေထွေအတွင်းရေးမှူးချုပ် ဖဒိုစောကွယ်ထူးဝင်းနှင့်အဖွဲ့ဝင်လေးဦးတို့က ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဆွေးနွေးပွဲများ ဆက်လက်ကျင်းပရေး အပစ်အခတ် ရပ်စဲမှု ပိုမိုခိုင်မာရေး ဆက်ဆံရေးရုံးများ ဆက်လက်ဖွင့်လှစ်ရေးနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကိုဆွေးနွေးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ပြန်လည် ဆွေးနွေးပြောကြားရာတွင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ဆွေးနွေးချက်များမှာ ပကတိအခြေအနေများနှင့် ကိုက်ညီပြီး အနာဂတ် မျှော်မှန်းချက်များလည်း များစွာပါဝင်သည်ကို တွေ့ရှိရပါကြောင်း။
မိမိတို့၏ဆန္ဒများကို အကောင်အထည်ဖော်ရာတွင် စိန်ခေါ်မှုများရှိမည်ဖြစ်ပါကြောင်း၊ စိတ်ရှည် သီးခံပြီးကျော်လွှားသွားရန် ဖြစ်ပါကြောင်း၊ နိုင်ငံချစ်သည့်စိတ် အချုပ်အခြာ အာဏာမဆုံးရှုံးအောင် ထိန်းသိမ်းကာကွယ်လိုသည့်စိတ်၊ တိုင်းပြည် တည်ငြိမ်အေးချမ်း လိုသည့်စိတ်များတူညီစွာရှိကြပါကြောင်း၊ ထိုသို့ တူညီသည့် စိတ်ထားများရှိထားသည့် အတွက် ကျန်သည့် လုပ်ငန်းရပ်များကို ဆောင်ရွက်ရန် အခက်အခဲမရှိနိုင်တော့ပါကြောင်း၊ သို့သော်လည်း အချိန်ယူပြီးဆောင်ရွက်ရန် လိုအပ်ပါကြောင်း။ မတူကွဲပြားမှုများလည်း ရှိနိုင်ပါကြောင်း၊ မတူသည်များကို ဖယ်ရှားပြီး တူသည်များကို ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
(KIA) အဖွဲ့နှင့် အပစ်အခတ်ရပ်စဲပြီး နှစ်ဦးနှစ်ဖက် လိုလားချက်များ သဘောတူ လက်ခံနိုင်သည့် အချက်များကို ထိတွေ့ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ကြိုးပမ်းနေပါကြောင်း၊  ငြိမ်းချမ်းရေး ရရှိရေးအတွက် ဆက်လက် ကြိုးစား ဆောင်ရွက်မည် ဖြစ်ပါကြောင်း။
တိုင်းပြည်အနေဖြင့် ဖွံ့ဖြိုးတိုးတက်နိုင်သည့် ရေခံမြေခံကောင်းများ ရှိသော်လည်း အခြားနိုင်ငံများထက် နောက်ကျနေပါကြောင်း၊ ယင်းမှာ နှစ်ပေါင်း(၆ဝ)ကျော် မငြိမ်မသက် မှုများကြောင့် ပင်ဖြစ်ပါကြောင်း၊ အဆိုပါ မငြိမ်းချမ်းမှုကို အနာဂတ် မျိုးဆက်သစ်များအား လက်ဆင့်ကမ်း အမွေမပေးလိုကြောင်း၊ ထို့ကြောင့် မိမိတို့ လက်ထက်တွင် ဤမီးကို ငြိမ်းသတ် ပေးလိုပါကြောင်း၊ ထိုကိစ္စကို မိမိတစ်ဦး တစ်ယောက်တည်း လုပ်ဆောင်၍ မရနိုင်ဘဲ အားလုံး စုပေါင်းပြီး ဆောင်ရွက်မှသာ ရရှိမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆင့်ဆင့်သော ဆွေးနွေးမှုများ ဆောင်ရွက်နေပါကြောင်း၊ နောက်ဆုံး အဆင့်ဖြစ်သည့် နိုင်ငံရေး အဆင့်ဆွေးနွေးရာတွင် တိုင်းရင်းသား ကိုယ်စားလှယ်အားလုံး ပါဝင်သည့် လွှတ်တော်သည် ဆွေးနွေးရန် အကောင်းဆုံး နေရာဖြစ်ပါကြောင်း။
ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် အတူတကွ မှီတင်း နေထိုင်ကြသည့် တိုင်းရင်းသားများ သည် တစ်မြေတည်းနေ တစ်ရေတည်းသောက် မိသားစုဝင် ညီအစ်ကို မောင်နှမများ ဖြစ်ကြပါကြောင်း၊ အားလုံး အတူတကွ ပူးပေါင်းအဖြေရှာနိုင်မှသာ နိုင်ငံသား အားလုံး လိုလားသည့် ငြိမ်းချမ်းပြီး ဒီမိုကရေစီ ပြည့်ဝသည့် နိုင်ငံတော်ကို ရောက်ရှိနိုင်မည် ဖြစ်ပါကြောင်း။
တိုင်းရင်းသား အားလုံးအနေဖြင့် ကိုယ့်တိုင်းပြည်ကို ချစ်သည့်စိတ်၊ တည်ငြိမ်ပြီး အေးအေး ချမ်းချမ်း နေကြလိုသူများ ချည်းသာဖြစ်ကြောင်း၊ ယင်းတူညီမှ တစ်ဆင့် ကျန်နေသေးသည့် ညှိနှိုင်းရန် အချက်များကို ဥက္ကဋ္ဌတို့ အပါအဝင် ဝိုင်းဝန်း ကြိုးစား ပေးကြစေလိုကြောင်း၊ မိမိအနေဖြင့် တပ်မတော်ကို ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရုံမှ အပ စတင် တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ရန် မှာကြားထားပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် သမိုင်းတွင်ရစ်မည့် ထာဝရ ငြိမ်းချမ်းရေး ရလိုပါကြောင်း။
ထိုငြိမ်းချမ်းရေးကို သားစဉ်မြေးဆက်သို့ အမွေအဖြစ် ပေးခဲ့လိုပါကြောင်း၊ ယင်းမှာ မိမိတို့၏ စစ်မှန်သည့် ရိုးသားသည့် ဆန္ဒဖြစ်ပါကြောင်း၊ ထို့ကြောင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန်ဆိုလျှင် တစ်ခါမက အကြိမ်ကြိမ်အခါခါ ညှိနှိုင်း ဆွေးနွေး သွားရမည်ဆိုလျှင်လည်း ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ နယ်စပ်ဒေသ အတော်များများတွင် ရာခိုင်နှုန်း (၈ဝ)ခန့်မှာ ငြိမ်းချမ်းရေး အရသာခံစားနေကြပြီ ဖြစ်ပါကြောင်း၊ နိုင်ငံသားအားလုံး အပြည့်အဝ ခံစားရအောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
ဒေသဖွံ့ဖြိုး တိုးတက်စေရန်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန် လိုအပ်ပါကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထားကြောင်း။ FDI Law ကိုလည်း ရေးဆွဲပြဋ္ဌာန်းပြီးဖြစ်ပါ ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖွဲ့များ လာရောက်နိုင်ရန် အတွက် နယ်မြေဒေသ အေးချမ်းတည်ငြိမ်ရန် လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနိုင်ရန် အတွက်လည်း အထူးစီးပွားရေးဇုန်များ ဖော်ဆောင်လုပ်ကိုင်နေပြီ ဖြစ်ပါကြောင်း၊ ယင်း အထူးစီးပွားရေးဇုန်များ အကောင်အထည်ပေါ်လာပါက အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမှာဖြစ်ကြောင်း။
သယံဇာတခွဲဝေမှုနှင့်ပတ်သက်၍ တိုင်းရင်းသားအကျိုးစီးပွားကို မထိခိုက်စေရန်၊ မိမိနိုင်ငံ ၏ ဂုဏ်သိက္ခာကို မထိခိုက်စေရန်၊ မိမိနိုင်ငံ၏အချုပ်အခြာအာဏာကို မထိခိုက်စေရန်နှင့် သဘာဝ ပတ်ဝန်းကျင်မထိခိုက်စေရန် သတိထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ယင်းကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရန်အတွက် ငြိမ်းချမ်းမှုအပေါ်မူတည်ပါကြောင်း၊ ထို့ကြောင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ယုံကြည်မှုရှိရှိ နားလည်မှုရှိရှိနှင့် စာနာမှုရှိကြလျှင် ပြဿနာများသည် အလွယ်တကူနှင့် ပြေလည်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အနာဂတ် မျိုးဆက်သစ်များကို ငြိမ်းချမ်းရေး အမွေပေးခဲ့လိုပါကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံမှုများကို အချိန်မရွေး အကြိမ်ပေါင်းများစွာ တွေ့ဆုံနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ တွေ့ခွင့်ရမည်ဟုလည်း မျှော်လင့် ဆုတောင်းပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် ဆက် လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတက ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်များပေးအပ်ပြီး အမှတ်တရစုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။
ထို့နောက် ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စက်မှုလယ်ယာစနစ်  တောင်သူပညာပေးဧက(၅ဝဝ)စိုက်ခင်းအတွင်း စိုက်ပျိုးမွေးမြူထားရှိမှုများကို လှည့်လည် ကြည့်ရှု လေ့လာကြသည်။

http://www.ministryofinformation.gov.mm/index.php/reference/peace/1916--knu-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India