ရွှေလီမြို့၊ ကျင်းချိန့်ဟော်တယ်မှာ ဒီကနေ့မနက် (၁) နာရီခွဲလောက်အထိ နှစ်ဖက်ကိုယ်စားလှယ်တွေ အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြပြီး၊ သဘောတူညီချက်တွေ ရရှိခဲ့ကြတာဖြစ်ပါတယ်။ သဘောတူညီချက် (၅) ချက်ထဲက အချက်အလက်တွေနဲ့ ပတ်သက်ပြီး ကေအိုင်အို ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က
“အရေးကြီးတဲ့အချက်ကတော့ နိုင်ငံရေးဆွေးနွေး ပွဲတွေ ဖြစ်လာတဲ့အထိ လုပ်သွားမယ်။ ပြီးတော့ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်ရတဲ့အထိ ဆက်လက်ဆောင်ရွက်သွားမယ် ဆိုတဲ့အချက်က အရေးကြီးပါတယ်။ အခုလောလောဆယ်တော့ လုပ်ကြမယ်ဆိုတဲ့ ကတိကဝတ်ဖြစ်ပါတယ်၊ ဒါတွေကို တဆင့်ချင်းလုပ်ကြရင်းနဲ့ ယုံကြည်မှုတည်ဆောက်သွားမယ်၊ ပိုပြီးမှ ခိုင်ခိုင်မာမာဖြစ်သွားမယ် လို့ မျှော်လင့်တာပါ။ ဒါပေမဲ့ ကျနော်တို့ အခုလုပ်နိုင်တာက အပစ်အခတ်ရပ်စဲရေး စာချုပ်လုပ်နိုင်တဲ့အထိ အကောင်အထည်ဖေါ်မယ်လို့ လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်။ ခိုင်မာတဲ့ အပစ်အခတ် ရပ်ဆိုင်းရေး ရသည်အထိ ကတိကဝတ်ပြုကြတာပါ၊ မူတစ်ခုကို ချလိုက်တာဖြစ်ပါတယ်"
ဖေဖော်ဝါရီလ (၄) ရက်နေ့ ဆွေးနွေးခဲ့ပြီးနောက်ပိုင်း တိုက်ပွဲတွေအရှိန်လျော့ကျသွားခဲ့ပါတယ်။ အလားတူ ပြဿနာဖြစ်ပွားနိုင်ရာ ဒေသတွေမှာရှိနေတဲ့ နှစ်ဖက်တပ်ကိစ္စတွေကို ဆက်လက်ညှိနှိုင်းသွားပြီး အောက်ခြေတပ်တွေကိုလည်း ညွှန်ကြားသွားမယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲရလာဒ် အခြေအနေနဲ့ ပတ်သက်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မီတီ ဒုတိယ ဥက္ကဌ ၀န်ကြီး ဦးအောင်မင်းက
“ဘယ်လောက်ကောင်းလဲ၊ ဒါအပစ်အခတ်ရပ်စဲတဲ့ သဘောပဲ၊ ခင်ဗျားတို့ပြောပြောနေတဲ့ တိုင်းရင်းသားတွေထဲမှာ ကချင်ကနောက်ဆုံးပေါ့၊ ခုနောက်ဆုံး ကျနော်တို့ လက်မှတ်ထိုးနိုင်တယ်၊ ဆက်ပြီးတော့ ခိုင်မာအောင်တည်ဆောက်မယ်၊ လက်မှတ်ထိုးတယ်ဆိုတာက ကျနော်တို့က အစည်းအဝေးမှတ်တမ်း ထုတ်လိုက်တာပေါ့၊ အစည်းအဝေးမှတ်တမ်းထဲမှာ ဒါတွေကိုဆက်လုပ်မယ်၊ လက်အောက်ခံတပ်တွေထိ ရှင်းပြမယ်၊ အခုလဲတိုက်ပွဲတွေက လျော့နည်းနေပြီ၊ ဆက်လဲဖြစ်စရာအကြောင်း မရှိတော့ဘူးပေါ့ဗျာ၊ နှစ်ဖက်တပ်မှူးကြီးတွေကိုယ်တိုင် ပါပြီးတော့လုပ်တာဆိုတော့၊ တပ်တွေဆက်တိုက်ပွဲမဖြစ်အောင်ဆိုပြီး လုပ်ကြတာဆိုတော့၊ အရင်တပတ်တုန်းကတော့ တိုက်ပွဲအရှိန်လျော့ဖို့လုပ်တယ်၊ အခုကတော့ တိုက်ပွဲတွေရပ်အောင်၊ တဆင့်ပြီးတဆင့် တက်တာပေါ့"
ဒီတစ်ကြိမ်ဆွေးနွေးပွဲမှာ အစိုးရကိုယ်စားလှယ်တွေဖက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ကာကွယ်ရေး ၀န်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး ဦးဆောင်တဲ့အဖွဲ့ တက်ရောက်ခဲ့ပြီး၊ကချင်လွတ်မြောက်ရေးအဖွဲ့ဘက်က ကေအိုင်အို ဗဟိုကော်မီတီဝင် ဦးဆွမ်လွတ်ဂန်နဲ့ ကေအိုင်အို ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ ပါ၀င်ကြပါတယ်။
ဒီဆွေးနွေးပွဲမှာပါ၀င်တဲ့ ညီညွတ်သော တိုင်းရင်းသား ဖယ်ဒရယ် ကောင်စီ (UNFC) ကိုယ်စား ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်က ဗိုလ်မှုးကြီး ခွန်ဥက္ကာကလဲ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ အားရတဲ့အကြောင်း ပြောပါတယ်။
“ဆွေးနွေးပွဲအခြေအနေကတော့ အလယ်အလတ်ပေါ့ဗျာ၊ ၅၀ ရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်းပေါ့၊ နှစ်ဖက်စလုံးအတွက် အကျိုးရှိတာပေါ့၊ ဘယ်ဘက်ကမှ အပြည့်အဝ လိုချင်တာတော့ မရကြဘူးပေါ့၊ သို့သော်လည်း နှစ်ဖက်မျှမျှတတ ရှေ့ဆက်သွားမယ့် ခရီးစဉ်အတွက် ချောချောမောမောဖြစ်တယ်လို့ ပြောနိုင်တာပေါ့"
ဒီဆွေးနွေးပွဲမှာ ညီညွတ်သော တိုင်းရင်းသားဖယ်ဒရယ်ကောင်စီ UNFC က ကိုယ်စားလှယ် (၄) ဦး၊ SSPP/SSA က ကိုယ်စားလှယ် (၂)ဦး၊ RCSS/SSA အဖွဲ့က (၂)ဦး၊ NDAA က ကိုယ်စားလှယ် (၂)ဦး၊ ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့က ကိုယ်စားလှယ် (၄)ဦး တက်ရောက်ကြတဲ့အပြင်၊ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက သံမှူးကြီး မစ္စတာ ၀မ်ကျုံးယင်း နဲ့ (၂)ဦး တက်ရောက်တယ်လို့ နှစ်ဘက်သဘောတူ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဖေဖော်ဝါရီလ (၄)ရက်နေ့ ဆွေးနွေးပွဲနဲ့ အခုတစ်ကြိမ်ဆွေးနွေးပွဲတွေက သဘောတူညီချက်တွေကို ဆက်လက်အကောင်အထည်အဖေါ်ဖို့ သဘောတူခဲ့ကြတဲ့အပြင် နောက်တစ်ကြိမ်ဆွေးနွေးပွဲကို ဧပြီလ (၁၀) ရက်နေ့မတိုင်ခင် ကျင်းပဖို့လည်း သဘောတူခဲ့ကြပါတယ်။
ဒါ့အပြင် စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေကို တစ်နိုင်ငံလုံးအတိုင်းအတာအရ ကျင်းပနိုင်ဖို့အတွက် တဆင့်ပြီးတဆင့် ဆက်လက်ညှိနှိုင်းကြမယ်လို့လည်း သိရပါတယ်။