ကချင်ပြည်နယ်တွင် မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြား တိုက်ပွဲပိုမိုပြင်းထန်လာသောကြောင့် မိမိနေရပ်ဒေသများကို စွန့်ကာ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များမှာ တစ်သိန်းနီးပါးရောက်ရှိလာပြီဖြစ်သည်။
ယခုချိန် ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင်းတိုက်ပွဲကြောင့် ဖားကန့်မြို့တွင်းထွက် ပြေးလာသူများ၊ တရုတ်ပြည်ချမ်းဘက်မှ ပြောင်းရွှေ့လာသူများ၊ ယခင်က တောတောင်များတွင် နေထိုင်သူများမှာလည်း ယခုချိန် ထိုနေရာတို့တွင် အစိုးရတပ်များ ထိုးစစ်ဆင်နေရာယူလာမှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာခြင်း ထိုသို့ထပ်မံတိုးလာခြင်းကြောင့် ယခုချိန် ဒုက္ခသည် အရေအတွက်မှာ ၉၀၀၀၀ ကျော်နေပြီဖြစ်သည်။
ထိုသို့ရောက်ရှိလာသော ဒုက္ခသည်များသည် ကချင်ပြည်နယ် တရုတ်နယ်စပ်တစ်လျှောက်နှင့် မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော် စသည့် မြို့ပေါ် လုံခြုံရာနေရာတို့တွင်ရောက်ရှိခိုလုံနေခြင်းဖြစ်သည်။
၎င်းဒုက္ခသည်များလာသည်နှင့်အမျှ မိုးရာသီချိန်ဖြစ်၍ နေရာထိုင်ခင်း၊ ကျန်းမာရေး၊ ပညာရေးများတွင် ပိုမိုထိခိုက်လာကာ ဒုက္ခသည်စခန်းများတွေလည်း မြန်မာအစိုးရအာဏာပိုင်များမှ ပုဒ်မ ၁၇(၁) မသင်္ကာမှုဖြင့် လိုက်လံဖမ်းဆီးမှုများလည်း များလာကြောင်း ကချင်အမျိုးသမီးအဖွဲ့ KWAT မှ ပြောရဲဆိုခွင့်ရှိသူ ဒေါ်မွန်းနေလီပြောသည်။
“ဒုက္ခသည်တွေပိုများလာတော့ အခုချိန်မိုးရာသီလည်းဖြစ်တယ်။ ဖျားနာတာတွေအရမ်းများတယ်။ ငှက်ဖျားတို့၊ ၀မ်းလျှော်ရောဂါ၊ ချောင်းဆိုးတာတွေ တစ်ယောက်နဲ့တစ်ယေက်ကူးတဲ့ဟာမျိုးတွေ အဲဒီမှာ ဆေးဝါးမလုံလောက် တဲ့ပြသနားတွေ ပြီးတော့ အခုကကျောင်းတက်ချိန်လည်းဖြစ်တယ်။ စာတွေမလုံလောက်ဘူး။ အဲလိုမျိုးပြသာနာ ကပိုဆိုးလာတယ်။ ပြီးတော့ စခန်းကလူတွေကိုလည်း ဒုက္ခသည်စခန်းမှာရောက်နေတာသိပေမဲ့ မသင်္ကာမှုနဲ့ ဖမ်းပြီး ရူးလောက်အောက်ကို နှိပ်စက်တာတွေလေနော်” ဟု ဒေါ်မွန်းနေလီကပြောသည်။
ထိုသို့ စစ်ပဋ္ဋိပက္ခကြောင့်ရွှေ့ပြောင်းနေရသူစစ်ပြေးဒုက္ခသည် (၉၀၀၀၀) ကျော်အတွက်လိုအပ်သော အရေးပေါ်အကူအညီထောက်ပံ့ရေးအစီအစဉ်များ လွတ်လွပ်စွာလုပ်ဆောင်နိုင်ရန် အတွက် ခွင့်ပြုပေးရန် ပြည်ပရောက် ကချင်အမျိုးသားအဖွဲ့အစည်းများမှ သြဂုတ်လ ၂၉ ရက်နေ့တွင် သမ္မတဦးသိန်းစိန်အစိုးရသို့ ပေးပို့သော ကြေညာချက် ထုတ်ပြန်လိုက်သည်။
ထိုကြေညာချက်ကို ကချင် အမျိုးသားအစည်းအရုံး (KNO)၊ ကချင် အမျိုးသမီးအစည်းအရုံး (KWAT)၊ ကချင် လူမှုဖွံ့ဖြိုးရေးကွန်ယက် KDNG၊ ကချင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ KEO စသည့် ကချင်အဖွဲ့အစည်း ၁၁ ဖွဲ့တို့မှ ပူးပေါင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ကြေညာချက်တွင် ကချင်ပြည်နယ်တွင် မြန်မာတပ်မတော်၏ ထိုးစစ်ဆင်မှုရပ်တန့်ညွန်ကြားချက်ကို မလိုက်နာသောရှေ့တန်းရှိ စစ်တပ်မာျးကို ထိရောက်စွာအရေးယူပေးရန်။ အစိုးရနှင့် KIO ကြား စစ်မှန်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာရန်၊ လူ့အခွင့်အရေးချိုးဖောက်မှုများအား စုံစမ်းရေးကော်မရှင်ဖွဲ့၍ စစ်ဆေးဖော်ထုတ်ရန်လည်း ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းသို့ တောင်းဆိုထားသော စာများပါရှိသည်။
http://kachinnews.com/burmese/news/927-%E1%80%80%E1%80%81%E1%80%BA%E1%80%84%E1%80%B9-%E1%80%85%E1%80%85%E1%80%B9%E1%80%B1%E1%80%BB%E1%80%95%E1%80%B8%E1%80%92%E1%80%AF%E1%80%80%E1%81%A1%E1%80%9E%E1%80%8A%E1%80%B9-%E1%80%90%E1%80%85%E1%80%B9%E1%80%9E%E1%80%AD%E1%80%94%E1%80%B9%E1%80%B8%E1%80%94%E1%80%AE%E1%80%B8%E1%80%95%E1%80%AB%E1%80%B8-%E1%80%90%E1%80%AD%E1%80%AF%E1%80%B8%E1%80%9C%E1%80%AC%E1%80%B1%E1%80%94.html







Saturday, September 01, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု










