မြန်မာဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီက တနင်္ဂနွေနေ့က နေပြည်တော်မှာ ကော်မတီရဲ့ ပထမဆုံး အကြိမ် အစည်းအဝေးကို ကျင်းပခဲ့ရာမှာ ဒုသမ္မတက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ချပြခဲ့ပါတယ်။
တိုင်းပြည် ဖွံ့ဖြိုးတိုးတက် ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ ငြိမ်းချမ်းရေး မဖြစ်မနေ ယူမယ်၊ အဲဒီလို လုပ်ဆောင်ရာမှာ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့်၊ ပြည်ထောင်စု လွှတ်တော်အဆင့် ၃ ဆင့် လုပ်ဆောင်မယ်လို့ ဒုတိယ သမ္မကပြောကြောင်း အစိုးရ မီဒီယာ တွေမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် လက်ရှိ အပစ်အခတ် ရပ်ရေး အခြေအနေဟာ ထိလွယ် ရှလွယ် ဖြစ်ပြီး အခြေအနေ နောက်ပြန် ဆုတ်နိုင်သေးကြောင်းလည်း ပြောထားတဲ့အတွက် လက်ရှိ အခြေအနေတွေ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေနဲ့ပတ်သက်လို့ ထိုင်းအခြေစိုက် တိုင်းရင်းသား လူမျိုးများ ကောင်စီ ENC ဒုဥက္ကဌ ဆလိုင်း လျံမုန်းက သူတို့ ဘက်ကလည်း ၂၀၁၁ စက်တင်ဘာလမှာ အပစ်အခတ် ရပ်ဆဲရေး၊ ပြည်ထောင်စု အဆင့် အဓိပါ္ပယ် ပြည့်ဝတဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးအဖြေရှာရေး၊ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူပြီး ပြည်ထောင်စု သဘော တူညီချက် စာချုပ် အသစ်တဖန် လက်မှတ် ရေးထိုးပြီး ငြိမ်းချမ်းရေး အတွက် အဖြေရှာဖို့အဆင့် ၃ ဆင့်နဲ့ သွားဖို့ကို တင်ပြခဲ့ဖူး တဲ့ အကြောင်းပြောပါတယ်။
အခု အစိုးရရဲ့ အဆင့် ၃ ဆင့်နဲ့တော့ တူတာ လည်းရှိသလို၊ အသေးစိတ်ပိုင်းမှာ မတူညီတာတွေ ရှိတဲ့အကြောင်းကိုလည်း ပြောပြပါတယ်။ တွေ့ဆုံဆွေးနွေး ပြီး နိုင်ငံရေး အဖြေရှာတာမျိုးမဟုတ်ဘဲ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေး လက်နက် ချခိုင်းသလို ဖြစ်နေတဲ့ အကြောင်း တွေကိုလည်း ပြောပါတယ်။
လက်ရှိ တိုင်းပြည်ရဲ့ ပြဿနာက နိုင်ငံရေး ပြဿနာ ဖြစ်နေတဲ့ အကြောင်းနဲ့ ၁၉၄၇ ပင်လုံ သဘောတူညီချက် လိုမျိုး သဘောတူညီချက်မျိုးရရှိနိုင်ဖို့ လိုအပ်ကြောင်းနဲ့ ဒီလို ပုံစံနဲ့ ပြည်ထောင်စုကို ဆက်လည် တည်ဆောက်သွား နိုင်မှာ ဖြစ်ကြောင်း ပြောကြား သွားပါတယ်။
http://www.bbc.co.uk/burmese/burma/2012/08/120814_enc-reaction.shtml