အစိုးရ ဘက်ကတော့ တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး အတွက် အတတ်နိုင်ဆုံး ကြိုးပမ်း နေပြီး နိုင်ငံရေး ဆွေးနွေးပွဲ တွေပြုလုပ်ဖို့ လိုအပ်တယ် ဆိုတာကိုလည်း သူတို့ လက်ခံတဲ့ အကြောင်း ပြောခဲ့ တယ်လို့ သိရပါတယ်။
နောက်ထပ် ဆွေးနွေးမှုတွေ ထပ်လုပ်ဖို့ သဘောတူ ခဲ့တဲ့ အပြင် အကျဉ်းထောင် အသီးသီးမှာ အကျဉ်း ကျခံ နေကြရတဲ့ ABSDF ကျောင်းသား တပ်မတော် အဖွဲ့ဝင်တွေ လွတ်မြောက်ရေး၊ နှစ်ဘက် ယုံကြည်မှု ရရှိရေး အတွက် အဆင့်ဆင့် ဆက်လက် ဆွေးနွေးသွားဖို့ သဘောတူ ထားတယ်လို့ ကိုသံခဲက ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ABSDF ပါဝင် လိုတယ်လို့လည်း ပြောခဲ့ကြောင်း သူက ပြောပါတယ်။
ABSDF ကျောင်းသား တပ်မတော် အနေနဲ့ လောလောဆယ် အသွင်ပြောင်းဖို့ မရှိသေး သလို လက်နက် ချဖို့လည်း မရှိ ပေမဲ့ လက်နက်ကိုင် တိုက်ပွဲဝင် ရုံနဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး ဆိုတာကိုတော့ လက်ခံ ထားတယ်လို့ ကိုသံခဲက ပြော ပါတယ်။
၈၈ လူထု အရေးတော်ပုံကြီး ကနေ ပေါက်ဖွား လာတဲ့ ABSDF အနေနဲ့ ပြည်သူလူထု လိုလားတဲ့ ဒီမိုကရေစီ အခွင့် အရေးတွေ ရပြီ ဆိုရင် လက်နက်ကိုင် တိုက်ပွဲဝင်စရာ လိုတော့မှာ မဟုတ်ဘူး၊ တခြား လက်နက်ကိုင် အဖွဲ့တွေလည်း အလားတူပဲ ဖြစ်လိမ့်မယ်လို့ သူက ဆိုပါတယ်။
နိုင်ငံရေး အရ အသေ အချာ အာမခံနိုင် တော့မှ ABSDF အနေနဲ့ မြန်မာ နိုင်ငံကို ပြန်နိုင်မယ်လို့ ကိုသံခဲက ပြောပါတယ်။
http://www.bbc.co.uk/burmese/burma/2012/11/121109_absdf_secondmeeting_uaungmin.shtml