July 29, 2012

ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်အာဏာရှင်ပြဿနာ



လက်ရှိနိုင်ငံရေးသုံးသပ်ချက်စာတမ်း အမှတ် (၂)
၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ
 
 
ပြည်တွင်းငြိမ်းချမ်းရေးနှင့်စစ်အာဏာရှင်ပြဿနာ

သမ္မတသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အလျင်အမြန်ပြုလုပ်နေပါသည်။ သူ၏ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲမိန့်ခွန်း၌ မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ လိုအပ်ကြောင်း ရှင်းလင်းတင်ပြပြီး၊ တိုင်းပြည်ငြိမ်းချမ်းရေး (Peace)၊ တည်ငြိမ်ရေး (Stablity)၊ နှင့် ဖွံ့ဖြိုးတိုးတက်ရေး (Development) တို့ကို နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အခြေခံမူ (၃) ရပ်အဖြစ် လက်ခံကျင့်သုံးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

သမ္မတသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အခြေခံမူ (၃) ရပ်တွင် ပထမနှင့် ဒုတိယမူများသည် တိုင်းရင်းသားလူမျိုးများ ဆင်နွှဲနေသော အနှစ်ခြောက်ဆယ်ကျော် ပြည်တွင်းစစ်နှင့် တိုက်ရိုက်သက်ဆိုင်နေပါသည်။ တိုင်းရင်းသားလူမျိုးများ၏ တောင်းဆိုတိုက်ပွဲဝင်နေသည့် နိုင်ငံရေးပြဿနာများကို မဖြေရှင်းနိုင်သမျှ တိုင်းပြည်ငြိမ်းချမ်းနိုင်လိမ့်မည် မဟုတ်ပေ။ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်နှင့် ရင်ဆိုင်နေရပြီး တိုင်းရင်းသားဒေသများတွင် စစ်ပွဲဖြစ်ပွားနေသမျှ မြန်မာနိုင်ငံတွင် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် မဟုတ်ပေ။ ထိုနည်းတူ မြန်မာနိုင်ငံနှင့် ဆက်စပ်နေသည့် အိမ်နီးချင်းနိုင်ငံ များနှင့် ဒေသဆိုင်ရာတည်ငြိမ်အေးချမ်းရေး (Stability) ကိုလည်း တည်ဆောက်၍ မရနိုင်ပေ။ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒေသဆိုင်ရာတည်ငြိမ်မှု မရှိသ၍ ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ ဥပမာ - တခုအဖြစ် တင်ပြလိုပါသည်။

 ၁၉၉၄ ခုနှစ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း (KIO) နှင့် နဝတစစ်အစိုးရအကြား အပစ်အခတ်ရပ်စဲရေးလုပ်ပြီး နောက် ကချင်ပြည်နယ်အတွင်း ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများစွာ နှစ်ဦးနှစ်ဖက် ပူးပေါင်းပြီးဆောင်ရွက်ခဲ့ပါသည်။ သို့သော် ၂ဝ၁၁ ခုနှစ်တွင် စစ်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး ရက်ပိုင်းအနည်းငယ်အတွင်း တံတားပေါင်း (၂၅) ခုကို မိုင်းခွဲဖျက်ဆီး ပစ်လိုက်ကြသည်။ စစ်ပြေးဒုက္ခသည်နှင့် အတင်းအဓမ္မ ပြောင်းရွေ့ခံရသူ (၅) သောင်း (၅) ထောင်ကျော် ရှိလာပြီး စာသင် ကျောင်းပေါင်း (၅ဝ) ကျော်ကိုလည်း ပိတ်ထား ရပါသည်။ ထို့ကြောင့် ကျောင်းသား (၇,၈၇၂) တို့၏ ပညာရေးလည်း ထိခိုက်နစ်နာ ရပါသည်။ မြန်မာ့တပ်မတော်မှ တပ်ရင်း (၁၃ဝ) ကျော်ကို စစ်မြေပြင်သို့ စေလွှတ်ပြီး တိုက်ပွဲပေါင်း (၇ဝ၃) ကြိမ်ဖြစ်ခဲ့သည်ဟု သိရပါသည် (BCES-BP. No. 2 ကိုရှု)။ ထိုသို့သော အခြေအနေအောက်တွင် မည်သို့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်နည်း။ ပြည်တွင်း စီးပွားရေးသာမက တရုတ်အပါအဝင် နိုင်ငံတကာနှင့် ကူးသန်းရောင်း ဝယ်ရေးကို များစွာထိုခိုက်နစ်နာစေမည် ဖြစ်ပါသည်။

ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေး မရရှိသေးသ၍ ဒေသဆိုင်ရာ တည်ငြိမ်မှုလည်း မရရှိနိုင်ပေ။ ဒေသဆိုင်ရာတည်ငြိမ်မှု မရှိသ၍ ဖွံ့ဖြိုးရေးလုပ်ငန်းကိုလည်း မည်သည့်နည်းနှင့်မျှ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်လိမ့်မည် မဟုတ်ကြောင်း ဤစာတမ်း ငယ်တွင် သုံးသပ်တင်ပြသွားမည် ဖြစ်ပါသည်။


စစ်အစိုးရမှ အရပ်သားအစိုးရသို့ အပြောင်းအလဲကာလ အခြေအနေ

သမ္မတသိန်းစိန်က သူ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးမူ (၃) ရပ်ကို စွဲကိုင်ပြီး “ထာဝရငြိမ်းချမ်းရေး” ဟူသော ကြွေးကြော် သံအောက်တွင် - တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေးပြုလုပ်ရန် ဖိတ်ခေါ်ကမ်းလှမ်း ချက်ကို သက္ကရာဇ် ၂ဝ၁၁ သြဂုတ်လ (၁၈) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထိုအချိန်မှစ၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းပေါင်း (၁၃) ဖွဲ့ နှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများကျင်းပခဲ့ပြီး၊ အဖွဲ့ပေါင်း (၈) ဖွဲ့နှင့် သဘောတူလက်မှတ်များရေးထိုးခဲ့ပြီး ဖြစ်သည်။

သို့ရာတွင် တချို့သော လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးစကာပြောဆိုနေချိန်တွင် အခြားတဖက်တွင်လည်း အခြားသော တိုင်းရင်းသားလူမျိုးများကို စစ်ရေးဆင်၍ တိုက်ခိုက်ချေမှုန်းနေသည်ကို တွေ့ရပါသည်။ ဘာတွေ ဖြစ်နေ သနည်း။ လက်တဖက်ဖြင့် “သံလွင်ခက်” ကို ကိုင်၍ ငြိမ်းချမ်းရေးကမ်းလှမ်းပြီး၊ အခြားလက်ဖြင့် “ဓါး” များ ကိုင်ဆောင် နေဆဲ ဖြစ်နေပါသလော။ ထိုအခြေအနေအောက်တွင် သမ္မတသိန်းစိန်၏ အနေအထား၊ ရပ်တည်ချက်၊ အခြေခံရိုးသား တည်ငြိမ်မှု မည်မျှရှိနေပါသနည်း … ဟု မေးခွန်းပေါင်းများစွာ ထွက်နေပါသည်။ တချို့ တိုင်းရင်းသား ခေါင်းဆောင်များက “ယခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအပေါ် လုံးဝအယုံအကြည်မရှိကြောင်း” … ဖွင့်ပြောနေကြသည် (BCES-paper: No.1)။ ထိုမေးခွန်းများအတွက် မိမိမှာ မဖြေဆိုပါ။ ဖြေဆိုပိုင်ခွင့်လည်း မရှိပါ။ သို့သော် လက်ရှိအစိုးရ၏ အခြေအနေကို နားလည် သဘောပေါက်ရန် သုံးသပ်ကြည့်ချင်ပါသည်။

လက်ရှိအစိုးရ၏ အခြေအနေကို သုံးသပ်ချင်ပါက ယခင် နအဖစစ်အစိုးရက ရေးဆွဲပြဋ္ဌာန်းခဲ့သော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အခြေခံ၍ စစ်အစိုးရမှ လက်ရှိအစိုးရထံသို့ မည်သို့မည်ပုံ အာဏာလွှဲပြောင်းခဲ့သနည်း ဟူသော အချက်များကို နားလည်ရန် လိုအပ်ပေလိမ့်မည်။ ထို့အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နိုင်ငံရေးအကြံအစည် တချို့ကိုလည်း တစေ့ တစောင်းလေ့လာကြည့်ရန် လိုအပ်ပေလိမ့်မည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်ရှိအစိုးရထံ အာဏာလွှဲပြောင်းရာ၌ ဗိုလ်ချုပ်ကြီးနေဝင်းက နဝတစစ်အစိုးရတရပ်ကို ဖန်တီးပြီး အာဏာလွှဲပြောင်းပုံခြင်း မတူပေ။ ဗိုလ်ချုပ်ကြီး နေဝင်းက တပ်မတော် ဟူသော ယန္တရားတခုတည်းကို မဏ္ဍိုင်ပြု၍ နိုင်ငံတော်အာဏာတခုလုံးကို လူတစု၏ လက်ထဲသို့ ပုံ၍လွှဲအပ် ခဲ့ပါသည်။ အာဏာကို လူတစုထံပုံ၍ လွှဲအပ်ခဲ့သဖြင့် ထိုအင်အားစုသည် မကြာမီအတောအတွင်း အထူးအာဏာကြီးမား လာခဲ့ပါသည်။ ထို့ကြောင့် သူကိုယ်တိုင်ပင် ပြန်ခံလိုက်ရပါသည်။ ဤသို့ဖြင့် ဗိုလ်ချုပ်ကြီးနေဝင်းသည် အကျယ်ချုပ်ဘဝဖြင့် ဘဝဆုံးခန်းတိုင်ခဲ့ပါသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့် ဗိုလ်ချုပ်ကြီးနေဝင်း၏ ကြမ္မာဆိုးများ သူ့ထံ ပြန်ဝင်မလာရေးအတွက် ကြိုတင်ပြင်ဆင်ပြီး အကာအကွယ်ယူခဲ့ပါသည်။ ထို့ကြောင့် အာဏာကို တနေရာတည်းတွင် ပုံအပ်မလွှဲပဲ လေးပိုင်းပိုင်း၍ ခွဲပစ်လိုက်ပါသည်။ အာဏာကို တနေရာတည်း ပုံအပ်မထားပဲ ခွဲဝေပေးလိုက်သည်ဟု ဆိုသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လုပ်ရပ်သည် ဒီမိုကရေစီကျင့်စဉ်အရ နိုင်ငံတော်အာဏာကို ခွဲဝေကျင့်သုံးခြင်းနှင့် လုံးဝနှိုင်းယှဉ်၍ မရပေ။ ဒီမိုကရေစီစနစ်တွင် ကျင့်သုံး သည့် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရား တခုနှင့်တခုအကြား အာဏာထိန်းညှိသည့် ပုံစံမျိုး မဟုတ်ပေ။ အင်အားစုတခုနှင့် တခုအကြား အားပြိုင်အနိုင်မယူရလေအောင် သူ့ကိုယ်သူ အကာအကွယ်ယူခြင်းမျှသာ ဖြစ်ပါသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံ၍ လက်ရှိအစိုးရထံ အာဏာလွှဲပြောင်းရာတွင် နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားကို (၄) နေရာခွဲ၍ လွှဲအပ်ခဲ့သည်။ ထို အုပ်ချုပ်ရေးယန္တရားများမှာ - (၁) သမ္မတ (၂) လွှတ်တော် (၃) တပ်မတော် နှင့် (၄) ပါတီ တို့ပင်ဖြစ်ပါသည်။ ထို အုပ်ချုပ်ရေးယန္တရား (၄) ခုကို နိုင်ငံရေးအာဏာနှင့် သြဇာအရှိန်အဝါ ညီတူညီမျှနီးပါးရှိသည့် သူ့နောက်လိုက်တပည့်များကို ကိုင်တွယ်စေပါသည်။ ဥပမာအားဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသည် နိုင်ငံတော်အကြီးအကဲ ဥသျှောင်ဖြစ်နေပါသော်လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မဟုတ်ပေ။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေအရ အရပ်သားသမ္မတသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို တိုက်ရိုက်ထမ်းဆောင်နိုင်ခွင့် မရှိသောကြောင့် စစ်တပ်တခုလုံးကို တိုက်ရိုက်ကွပ်ကဲအုပ်ချုပ်၍ အမိန့်ပေးနိုင်သော အခွင့်အာဏာ သူ့ထံတွင် မရှိပေ။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရပ်သားမဟုတ်သော ကာကွယ်ရေးဦးစီးချုပ်ကို တပ်မတော်တရပ်လုံးအား တိုက်ရိုက် ဦးစီးချုပ်ကိုင်ခွင့် ပေးရုံသာမက၊ နိုင်ငံတော်အာဏာသိမ်းပိုင်ခွင့်ကိုပါ ပေးထားသောကြောင့် သမ္မတနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အကြား မည်သူက ပိုမိုတန်ခိုးအာဏာကြီးမားနေသနည်း … ဟု မေးခွန်းထုတ်စရာ ရှိနေပါသည်။ သမ္မတသည် နိုင်ငံတော်အတွင်း သြဇာအာဏာအင်အားအကြီးမားဆုံး အင်အားစု ဟုခေါ်ဆိုသည့် “နိုင်ငံတော်ကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ” ဥက္ကဋ္ဌရာထူးကို အပ်နှင်းခံရပါသော်လည်း စစ်တပ်ကို တိုက်ရိုက်အမိန့်ပေးပိုင်ခွင့် မရှိသောကြောင့် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ရေးပိပက္ခနှင့် တိုက်ပွဲများကို ရပ်တန့်က ရပ်ပါ ဟု တိုက်ရိုက် အမိန့်ပေးပိုင်ခွင့် မရှိပေ။ နီးစပ်သူများ ပြောပြချက်အရ သမ္မတသိန်းစိန်သည် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ရေးခင်းမှုကို ရပ်ဆိုင်းစေချင်ပါသည်ဟု ဆိုကြသည်။ သို့သော် သူဘာမျှတတ်နိုင်ခြင်း မရှိပါ။

လတ်တလောတွင် သမ္မတသိန်းစိန် ဦးဆောင်နေသော အစိုးရနှင့် တပ်မတော်အကြားတွင် သော်၎င်း၊ အစိုးရနှင့် လွှတ်တော်အကြားတွင် သော်၎င်း၊ လွှတ်တော်နှင့် ပါတီအကြားတွင် သော်၎င်း အမြင်မတူညီမှု၊ ဝိဝါဒကွဲပြားမှု၊ အာဏာ ပြိုင်ဆိုင်မှုနှင့် ထိပ်တိုက်ရင်ဆိုင်မှုမျိုး မရှိသေးသော်လည်း အချင်းချင်း သူ့ခြေလှမ်း၊ ကိုယ့်ခြေလှမ်းများကို စောင့်ကြည့်နေ ကြသည်ကို သိသာထင်ရှားစွာ မြင်နိုင်မည် ဖြစ်ပါသည်။

မည်သူစပြီး “ရွေ့” မည်နည်း

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် လိမ်မာပါးနပ်စွာဖြင့် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားကို အင်အား (၄) နေရာခွဲ၍ အာဏာကို ဖြန့်ကျဲကာ ညင်သာစွာအာဏာလွှဲအပ်ခဲ့ပါသည်။ ထို အင်အား (၄) နေရာကို ဗိုလ်နေမြဲ၊ ကျားနေမြဲ ထားခြင်းအားဖြင့် သူ့အတွက် အန္တရယ်ကင်းနိုင်လိမ့်မည်ဟု တွက်ချက်ထားပုံရပါသည်။

သို့ရာတွင် နိုင်ငံတော်ယန္တရားတခုလုံး ပုံမှန်လည်ပတ်နိုင်ရေးအတွက် ထိုအင်အားစု (၄) နေရာမှ ပုဂ္ဂိုလ်များ အလုပ်လုပ် ရန်လိုအပ်ပါသည်။ တိုင်းပြည်၏ အထွေထွေပြဿနာများကိုလည်း ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖက်ပေါင်းစုံမှ ချွတ်ခြုံကျနေသော တိုင်းပြည်၏အခြေအနေကို မျက်စိမှိတ်၊ နားပိတ်ပြီး လှစ်လျှူရှု ပစ်ထား၍ မရပေ။ နိုင်ငံရေးအကြပ်အတည်းကြောင့် နောက်ဆက်တွဲပြဿနာများအဖြစ် ရင်ဆိုင်နေရသော စီးပွားရေးနှင့် လူမှုရေးပြဿနာပေါင်းစုံကို အရေးတကြီး ဖြေရှင်းရန် လိုအပ်နေပါသည်။ နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှု၊ အိမ်နီးနားချင်း များနှင့် ကုန်သွယ်ကူးသန်းရောင်းဝယ်ရေး၊ ပြည်သူလူထုတရပ်လုံး နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရသော စီးပွားရေးနှင့် လူမှုရေးအကြပ်အတည်းများကို ဖြေရှင်းရန် လိုအပ်နေပါသည်။ ထိုပြဿနာများကို သီးခြားစီကိုင်တွယ်၍ မရပေ။ အားလုံး ဆက်စပ် ဒွန်တွဲနေပါသည်။ သေချာစွာ လေ့လာဆန်းစစ်ကြည့်ပါက ထိုပြဿနာများအားလုံး၏ အခေါင်အချုပ်သည် အနှစ် (၆ဝ) ကျော် “ပြည်တွင်းစစ်” တည်းဟူသော “ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ လက်နက်ကိုင်ပိပက္ခ ဖြေရှင်းရေး” တို့ပင်ဖြစ်ကြောင်း တွေ့နိုင်ပါသည်။

အနှစ် (၆ဝ) ကျော်ရင်ဆိုင်ကြုံတွေ့နေရသော ပြည်ထောင်စုပြဿနာဖြေရှင်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် လတ်တလော နိုင်ငံရေးအကြပ်အတည်းမှ ရုန်းထွက်နိုင်ရေးအတွက် “နိုင်ငံရေးအရွေ့” ကို မည်သူက အရင်စတွန်း မည်နည်း။ ထို “နိုင်ငံရေးအရွေ့” ကို စတွန်းသူမှာ သမ္မတသိန်းစိန်ပင် ဖြစ်ပါသည်။ အဘယ်ကြောင့်နည်း။ အထူးသိသာ ထင်ရှားနေသော အချက်မှာ သူသည် အုပ်ချုပ်ရေးယန္တရားကို ထိပ်ပိုင်းမှ ကိုင်တွယ်နေသောကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အခြားခြားသော ပြဿနာအားလုံးနှင့် နေ့စဉ်ကြုံတွေ့ရင်ဆိုင်နေရသူ ဖြစ်ပါသည်။ ထို့ကြောင့် သူက နိုင်ငံရေးအရွေ့ကို စတင်ပြီး တွန်းနေရခြင်း ဖြစ်ပါသည်။ ယင်းသည် ပထမအချက် ဖြစ်နိုင်ပါသည်။

ဒုတိယအချက်မှာ သမ္မတဦးသိန်းစိန်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နိုင်ငံရေးကစားကွက်ထဲတွင် အာဏာချိန်ခွင်လျှာ ထိန်းညှိပေးနေသည့် ကျားကွက်တကွက်မျှသာ ဖြစ်ပါသည်။ ထိုကျားကွက်ထဲတွင် အင်အားချင်းညီမျှသော အခြား အင်အားစု (၃) ရပ်ကို သူရင်ဆိုင်နေရပါသည်။ ထို့ကြောင့် သမ္မတသိန်းစိန်၏ အာဏာဆက်လက်တည်တံ့ရေးသည် ထို အင်အားစု (၃) ရပ်ဖြစ်သည့် တပ်မတော်၊ လွှတ်တော်နှင့် အာဏာရပါတီတို့အပေါ်တွင် တည်မှီနိုင်ခြင်း မရှိတော့ပေ။ ထိုအင်အားစု (၃) ရပ်သည် သမ္မတ၏ ပြိုင်ဖက်များသာ ဖြစ်သွားပါတော့သည်။ ထို့ကြောင့် ထိုအင်အားစု (၃) ရပ်ကို ကျော်၍ သမ္မတက နိုင်ငံရေးအရွေ့ကို စတင် “တွန်း” နေခြင်း ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်နေကြပါသည်။

နိုင်ငံရေးနှင့် စစ်ရေးတွင် “ထာဝရရန်သူလည်း မရှိ … ထာဝရမိတ်ဆွေလည်း မရှိ” ဟူသော ဆိုရိုးစကားရှိပါသည်။ သမ္မတ သိန်းစိန်အနေဖြင့် သူ့အာဏာဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် နိုင်ငံရေး “အရွေ့” ကိုစပြီး “တွန်း” လိုက်သည်နှင့် တပြိုင်နက် ယခင်က သူ၏ ပင်မနိုင်ငံရေးအသိုင်းအဝိုင်းနှင့် တပ်မတော်မှ စစ်ဗိုလ်ချုပ်များသည် အလိုအလျှောက် ပြိုင်ဖက်အင်အားစုများ ဖြစ်သွားကြပြီး၊ ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများသည် သူ့အာဏာဆက်လက် ရှင်သန်ရပ်တည်နိုင်ရေးအတွက် မရှိမဖြစ် လိုအပ်သော အင်အားစုများအဖြစ် နေ့ချင်းညချင်း ပြောင်းသွားကြပါသည်။ ထို့ကြောင့် သမ္မတသိန်းစိန်သည် နိုင်ငံရေးအရွေ့ကို လိမ်မာပါးနပ်စွာကိုင်တွယ်၍ ဖက်နှစ်ဖက်ကို အားပြုပြီး စတင်တွန်းနေခြင်း ဖြစ်ပါသည်။

သမ္မတသိန်းစိန်၏ နိုင်ငံရေးအရွေ့တွင် ပထမဦးစားပေးအဖြစ် ဒီမိုကရေစီအင်အားစုများကို စည်းရုံးသိမ်းသွင်းခြင်းပင်ဖြစ်ပါ သည်။ ထို့ကြောင့် ယခင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေအောက်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့သော ရွေးကောက်ပွဲဥပဒေကို အလျင်အမြန် ပြင်ဆင်၍ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်လာနိုင်ရေးအတွက် လမ်းဖွင့်ပေးခဲ့သည်။ ယင်း အရွေ့သည် အလွန် လိမ်မာပါးနပ်သော နိုင်ငံရေး “အရွေ့” ကိုတွန်းခြင်း ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး၊ လွှတ်တော်ထဲတွင် ဝင်ရောက်နေရာ ယူလိုက်ရုံဖြင့် သမ္မတသိန်းစိန်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ခင်အောင်မြင့် တို့ကို လွယ်ကူစွာ အာဏာချိန်ခွင် ညှိပြီးသား ဖြစ်သွားပါတော့သည်။ ထိုသူများအနေဖြင့် အာဏာလက်ဝယ်ပိုင်ဆိုင်ထားကြသည်ဟု ဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ သြဇာ၊ အရှိန်အဝါနှင့် တန်ခိုးကြီးမားမှုတို့ကို မည်သို့မျှယှဉ်ပြိုင် နိုင်ကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သမ္မတသိန်းစိန်အနေဖြင့် သူ၏ အဓိကပြိုင်ဖက် (၃) ခုတွင် တခုဖြစ်သော လွှတ်တော်ကို အင်အားထိန်းညှိရန် ဒေါ်အောင်ဆန်းစုကြည်ကို အထူးလိုလားနေခြင်း ပင်ဖြစ်ပါသည်။

သမ္မတသိန်းစိန်၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု “ဒုတိယအရွေ့” မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား အပစ် အခတ်ရပ်စဲရေး နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပရန် ဖိတ်ခေါ်ကမ်းလှမ်းခြင်းပင် ဖြစ်ပါသည်။ ယင်းသည် “စစ်အာဏာရှင်စနစ်နှင့် ပြည်တွင်းစစ်” အပြန်အလှန်အားပြုကူညီမှု “ထောက်တိုင်ကြီး” ကို ဖြိုချရန် ပထမခြေလှမ်း ဖြစ်သည်ဟု သုံးသပ်နိုင်ပါ သည်။ မြန်မာနိုင်ငံတွင် “အညမည သဘောတရား” ကို လိမ်မာပါးနပ်စွာအသုံးချ၍ “စစ်အာဏာရှင်စနစ်နှင့် ပြည်တွင်းစစ်” တို့ကို အပြန်အလှန်အကျိုး ဖြစ်အောင် စစ်ရေးနှင့် နိုင်ငံရေးလမ်းနှစ်သွယ်ဖြင့် စတင်အသုံးချနိုင်ခဲ့သူမှာ ဗိုလ်ချုပ်ကြီးနေဝင်း ပင်ဖြစ်ပါသည်။

ဗိုလ်ချုပ်ကြီးနေဝင်းသည် စစ်အာဏာရှင်စနစ် အခိုင်အမာတည်ဆောက်နိုင်ရေးအတွက် ပြည်တွင်းစစ်ကို တမင်တကာမွေး ထားခဲ့သူ ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းပဲ၊ စစ်ရေးဖြင့် ဖြေရှင်းနေခဲ့ခြင်းဖြစ် ပါသည်။ အမှန်စင်စစ် ပြည်တွင်းစစ် ချုပ်ငြိမ်းသွားရန် စစ်ရေးဖြင့် အပြတ်တိုက်ခိုက် ချေမှုန်းခြင်းမျိုးကို ဗိုလ်ချုပ်ကြီးနေဝင်း နှင့် ဗမာ့တပ်မတော်က လုံးဝလုပ်ဆောင်ခဲ့ခြင်း မရှိပါ။ ပြည်တွင်းစစ် အတွန့်ရှည်ရေးအတွက် စစ်ရေးဖြင့် ကြိုးပမ်းဆောင် ရွက်ခဲ့ခြင်းမျှသာ ဖြစ်ပါသည်။ ပြည်တွင်းစစ် ရှိနေမှသာ တပ်မတော် တန်ခိုးကြီးထွားနိုင်ပေမည်။ သို့မှသာ စစ်တပ်မှ နိုင်ငံ တော်အာဏာကို ဆက်လက်ထိန်းသိမ်းနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ပြည်တွင်းစစ်ကို အကြောင်းပြပြီး ပြည်ထောင်စု မပြိုကွဲရေး ဟူသော ကြွေးကြော်သံဖြင့် ပြည်သူလူထုကို ခြိမ်းခြောက်ကာ စစ်အာဏာရှင်စနစ်ကို ရာစုနှစ်တဝက်ကျော် တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေးမှ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးဆီသို့

သမ္မတသိန်းစိန်၏ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအောင်မြင်ပြီး အနှစ် (၆ဝ) ကျော် ပြည်တွင်းစစ်ကြီး ရပ်စဲနိုင်ပါက တပ်မတော်မှ “စစ်အာဏာရှင်စနစ် တည်ဆောက်ရေး” ဟူသော နိုင်ငံရေးယန္တရားကြီး တစတစပြိုကွဲသွား နိုင်ပါသည်။ စစ်အာဏာရှင်စနစ်သည် ပြည်တွင်းစစ်ကို မှီခိုအားကိုးပြီးမှသာ ရှင်သန်နိုင်ခြင်း ဖြစ်သည်။ ပြည်တွင်းစစ် မရှိပါက စစ်အာဏာရှင်စနစ်၏ နိုင်ငံရေးရေသောက်မြစ်ကြီး ခမ်းခြောက်သွားပါလိမ့်မည်။ ထို့ကြောင့် ပြည်တွင်းစစ်ရပ်စဲ ခြင်းသည် စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးအတွက် အဓိကသော့ချက် ဖြစ်ပါသည်။ ယင်းသည် သမ္မတသိန်းစိန် ရည်မှန်း ထားသော ပြည်တွင်းငြိမ်းချမ်းရေး၏ ရေရှည်အကျိုးတရား ဖြစ်နိုင်ပါသည်။ ထို့အပြင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ အောင်မြင်ပါက သမ္မတသိန်းစိန်အတွက် လတ်တလော နိုင်ငံရေးရလာဒ် တခုရရှိ နိုင်ပါသေးသည်။ ယင်းမှာ သူ၏နိုင်ငံရေး ပြိုင်ဖက်ဖြစ်နေသော တပ်မတော်ကို ထိန်းချုပ်ပြီး အာဏာချိန်ခွင့်လျှာကို လွယ်ကူစွာ ထိန်းညှိနိုင်ခြင်း ဖြစ်ပါသည်။

သို့ရာတွင် အပစ်အခတ် ရပ်စဲရေးကို နိုင်ငံရေးအရ အဓိပ္ပာယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးပွဲ အဖြစ်သို့ အလျင်အမြန် ကူးပြောင်းနိုင်ခြင်း မရှိပါက သမ္မတသိန်းစိန်အတွက် အထူးအန္တရယ်ကြီးမားနိုင်ပါသည်။ တိုင်းပြည်ကိုလည်း ထိခိုက်နစ်နာ စေနိုင်ပါသည်။ ယင်း အန္တရယ်မှာ သမ္မတသိန်းစိန်၏ ပြိုင်ဖက်များထဲမှ - အထူးသဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဆန့်ကျင်နေသော စစ်ဗိုလ်ချုပ်တချို့ ပြန်လည်ခေါင်းထောင်လာပြီး၊ ထိုမှတဆင့် စစ်တပ်မှ အာဏာသိမ်းမှု ပြန်လည် ဖြစ်ပွားနိုင်ခြင်းပင် ဖြစ်သည်။ ထိုသို့ စစ်တပ်မှ နောက်ထပ်တခါ ပြန်လည်အာဏာသိမ်းသွားပါက သမိုင်းတွင် ကြုံတွေ့ခဲ့ဘူးသော အခြေအနေများ ပြန်လည်ဖြစ်သွားနိုင်ပါသည်။ ပြင်သစ်တော်လှန်ရေးကြီးတွင် လူဝီဘုရင်ကိုဖြုတ်ချ နိုင်သော်လည်း၊ တော်လှန်ရေး ရည်မှန်းချက်များ အကောင်အထည်မဖော်နိုင်ခင် လူဝီဘုရင်ထက် အဆပေါင်းများစွာ ဆိုးသွမ်းသော နပိုလီယံ စစ်အာဏာရှင်စနစ် ပြန်လည်ထူထောင်ခဲ့ခြင်းကို၎င်း၊ ရှစ်လေးလုံးအရေး တော်ပုံကြီးဖြင့် မဆလ တပါတီအာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့သော်လည်း ဒီမိုကရေစီခေတ်သစ်ကြီးကို အလျင်အမြန် မထူထောင် နိုင်ခဲ့သော ကြောင့် ဗိုလ်ချုပ်ကြီးနေဝင်းထက် အဆပေါင်းများစွာ ဆိုးဝါးသော ဗိုလ်ချုပ်မှူးကြီး စောမောင်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အာဏာရှင်စနစ်အောက်တွင် ပြည်ထောင်စုကြီး ပြားပြားဝပ်သွားခဲ့သော အတွေ့အကြုံကို သော်၎င်း သင်ခန်းစာယူသင့်ပါသည်။

သမ္မတသိန်းစိန်၏ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး တကယ်အောင်မြင်နိုင်ရေးအတွက် အဓိကအကျဆုံးသော အချက်များမှာ အနှစ် (၆ဝ) ကျော် ပြည်တွင်းစစ် ငြိမ်းချမ်းရေး ဖြစ်ပါသည်။ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို တကယ်လိုလားပါက ယခုကျင်းပလျှက် ရှိနေသော အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို “နိုင်ငံရေးအရ အဓိပ္ပာယ်ရှိသော တွေ့ဆုံဆွေးနွေးပွဲ” အဖြစ်သို့ အမြန်ဆုံးပြောင်းလဲကျင်းပရန် လိုအပ်ကြောင်း သုံးသပ်တင်ပြ လိုက်ရပါသည်။

http://www.burmaethnicstudies.net/analysis.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India