July 29, 2012

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တိုင်းရင်းသားလူမျိုးများ၏ အနာဂတ်အရေး

လက်ရှိနိုင်ငံရေးသုံးသပ်ချက်စာတမ်း အမှတ် (၃)
၂ဝ၁၂ ခုနှစ် မတ်လ
 
နိဒါန်း

လွတ်လပ်သောတိုင်းပြည်တခုတွင် စုပေါင်းနေထိုင်ကြသော လူထုအပေါင်းတို့ကို စုစည်းပေးသော အရာတခုရှိပါသည်။ ယင်းသည် ထိုတိုင်းပြည်၏ “အချုပ်အခြာအာဏာ” ကို စုပေါင်းပိုင်ဆိုင်ထားကြသည် ဟူသော “ဘုံပိုင်ဆိုင်မှု” ပင်ဖြစ်သည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို သာတူညီမျှစုပေါင်းပိုင်ဆိုင်ထားကြသော ပြည်သူလူထုကို “နိုင်ငံသား” များဟု ခေါ်တွင်ထားပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်ဆိုင်ထားသော နိုင်ငံတခုဖြစ်ပါသည်။ ထိုအချုပ်အခြာအာဏာကို ပြည်ထောင်စု အတွင်း မှီတင်းနေထိုင်ကြကုန်သော “နိုင်ငံသား” အားလုံးက စုပေါင်းပိုင်ဆိုင်ထားပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို စုပေါင်းပိုင်ဆိုင်ထားကြသော “နိုင်ငံသား” များသည် လူမျိုးတမျိုးတည်း မဟုတ်ပါ။ လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ ပါဝင်နေကြပါသည်။ ထို တိုင်းရင်းသားလူမျိုးပေါင်းစုံတို့က ပြည်ထောင်စုမြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို အတူတကွပူးပေါင်း၍ တန်းတူညီမျှစွာ စုပေါင်းပိုင်ဆိုင်ထားခြင်း ဖြစ်ပါသည်။

ယနေ့ကမ္ဘာပေါ်တွင် လက်ခံကျင့်သုံးနေသော စံချိန်စံနှုန်းအရ နိုင်ငံတော်အချုပ်အခြာအာဏာကို ပိုင်ဆိုင်ထားသည့် တိုင်းပြည်တခု၏ နိုင်ငံသားများကို “ကိုယ်ပိုင်ပြဋ္ဌာန်း” အပြည့်အဝရှိသော နိုင်ငံသားများဟု ကင်ပွန်းတပ်ခြင်း ခံကြရပါ သည်။ အကြောင်းမှာ - ထို နိုင်ငံသားများသည် မိမိတို့ပိုင်ဆိုင်ထားသော အချုပ်အခြာအာဏာကို အသုံးပြု၍ တိုင်းပြည်၏ ကောင်းကျိုးဆိုးကျိုးနှင့် ပြည်သူလူထု တရပ်လုံး၏ ကံကြမ္မာအားလုံးကို လွတ်လပ်စွာစီရင်ဆုံးဖြတ်ပိုင်ခွင့်နှင့် ပြဋ္ဌာန်းပိုင်ခွင့် ရရှိထားသောကြောင့်ပင် ဖြစ်ပါသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ပိုင်ဆိုင်ထားသော “နိုင်ငံသား” များအနေဖြင့် တိုင်းပြည်ကို နိုင်ငံရေးအရ စီမံအုပ်ချုပ်မည့် အစိုးရကို လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ပိုင်ခွင့် ရှိသည်။ တိုင်းပြည်တွင် ကျင့်သုံးမည့် ဥပဒေအမျိုးမျိုးကိုလည်း လွတ်လပ်စွာ ရေးသားပြဋ္ဌာန်းနိုင်ရန် မိမိတို့၏ ကိုယ်စားလှယ်များကို လွတ်လပ်စွာရွေးချယ်တင်မြှောက်၍ ဥပဒေပြုလွှတ်တော်သို့ စေလွှတ်တာဝန်ပေးပိုင်ခွင့် ရှိကြသည်။ ထို့အပြင် မိမိတို့ကိုယ်တိုင်ကျင့်သုံးရန် မိမိတို့နိုင်ငံသားများက တိုက်ရိုက်သော်၎င်း၊ ကိုယ်စားလှယ်များစေလွှတ်၍ သော်၎င်း ရေးဆွဲပြဋ္ဌာန်းထား သည့် ဥပဒေနှင့်အညီ နိုင်ငံသားများကျင့်ကြံနေထိုင်ခြင်း ရှိ/မရှိ ကို စီရင်ဆုံးဖြတ်မည့် တရားရုံးများကိုလည်း လွတ်လပ်စွာဖွဲ့စည်းတာဝန် ပေးအပ်ခွင့် ရှိကြသည်။

တိုင်းပြည်၏ အုပ်ချုပ်ရေးယန္တရားများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် နိုင်ငံသားများက မိမိတို့ကိုယ်စား အချိန်ပြည့်တာဝန် ထမ်းဆောင် မည့် “ဝန်ထမ်း” များကို ခန့်အပ်၍ တာဝန်ထမ်းဆောင်စေပါသည်။ ထိုသို့ အချိန်ပြည့်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ၏ လုပ်အားခ ကိုပေးဆောင်နိုင်ရန်အတွက် နိုင်ငံသားအားလုံးက စုပေါင်း၍ “အခွန်ဆောင်” ခြင်းဖြင့် နိုင်ငံတော်ရန်ပုံငွေကို စုပေါင်းရှာဖွေကြပါသည်။ ထိုမျှမက မိမိတို့၏ ဘဝလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးမည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့များကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ပိုင်ခွင့်ကို နိုင်ငံသားအားလုံး၏ လက်ဝယ်တွင် အာဏာအပြည့်အဝ ရှိပါသည်။

အချုပ်အခြာအာဏာပိုင်ရှင် နိုင်ငံသားများသည် မိမိတို့၏ စားဝတ်နေရေး ဖူလုံရေးအတွက် သော်၎င်း၊ မိမိတို့၏ ကာယအားနှင့် ဉာဏ အားနှစ်သွယ်ဖြင့် လုံ့လဝိရိယထား၍ ရှာဖွေစုဆောင်းရရှိထားသော ချွေးနဲစာနှင့် လုပ်အားခများ ထိုက်တန်စွာရရှိရေးအတွက် သော်၎င်း၊ မိမိတို့ဘဝတိုးတက်ရေးအတွက် စီးပွားရှာ၍ ကူးသန်းရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်သောအခါ မတရားအမြတ်ရှာစားမှု အမျိုးမျိုး ကို ရှောင်ကျဉ်ဖယ်ရှားနိုင်ရေးအတွက် သော်၎င်း တရားဥပဒေဖြင့် မိမိကိုယ်ကိုကာကွယ်စောင့်ရှောက်ပိုင်ခွင့် မိမိတို့ လက်ဝယ်တွင် အပြည့်အဝထားရှိကြရမည် ဖြစ်ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံသည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်ဆိုင်သော တိုင်းပြည်တခုအဖြစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကြေညာအသိအမှတ်ပြုခြင်း ခံခဲ့ရပြီးဖြစ်သည်။ သို့ရာတွင် လွတ်လပ်ရေးရပြီး နှစ်ပေါင်း (၆ဝ) ကျော် အထိ ကာလကြာ ရှည်လာသော်လည်း - အဘယ်ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများ နိုင်ငံတော်အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍သော်၎င်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရေးနှင့် ပတ်သက်၍သော်၎င်း၊ တိုင်းပြည်တခုလုံး၏ အရေးအရာကိစ္စများ စီမံခန့်ခွဲပိုင်ခွင့်နှင့် တာဝန်ယူပိုင်ခွင့်နှင့် ပတ်သက်၍သော်၎င်း - အငြင်းအခုံ ဖြစ်ပွားနေကြသနည်း။ ထိုငြင်းခုံမှုများအားလုံးသည် “နိုင်ငံရေးပြဿနာပင်” ဖြစ်သည်။ ထိုနိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်း၍ မရသောကြောင့် မိမိတို့တိုင်းရင်းသားလူမျိုး များသည် လက်နက်ကိုင်တော်လှန်ရေးဖြင့်  နှစ်ပေါင်း (၆ဝ) ကျော်ဆင်နွှဲနေခြင်း ဖြစ်ပါသည်။ အနှစ် (၆ဝ) ကျော်ပြည်တွင်းစစ်ကြောင့် ယခုတိုင် တိုင်းပြည်တွင် လူ့အသက်ပေါင်းမြောက်များစွာ စတေး၍ သွေးချောင်းစီးနေရပါသည်။

ဤစာတမ်းတွင် မိမိတို့တိုင်းရင်းသားလူမျိုးများ အဓိကရင်ဆိုင်နေရသော နိုင်ငံရေးပြဿနာအရင်းအမြစ်ကို ရှာဖွေဆန်းစစ်ပြီး၊ ထို ပြဿနာများကို မည်သို့မည်ပုံ ဖြေရှင်းသင့်ကြောင်း တင်ပြသွားမည်ဖြစ်ပါသည်။ မိမိတို့ရင်ဆိုင်နေရသော နိုင်ငံရေးပြဿနာများစွာ ရှိသည့်အနက် - ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြဿနာသည် ပြဿနာအားလုံး၏ အရင်းအမြစ်ပင်ဖြစ်ပါသည်။ ထို ပြဿနာကို အဖြေရှာဖြေရှင်း ရာတွင် မိမိတို့တိုင်းရင်းသားလူမျိုးများသည် ပြည်ထောင်စု၏ မူလပိုင်ရှင်များဖြစ်ကြပြီး နိုင်ငံတော်အချုပ်အချာအာဏာကို အပြည့်အဝ ပိုင်ဆိုင်ခွင့်ရှိသော နိုင်ငံသားများလည်း ဖြစ်ကြသည် ဟူသော ရှုဒေါင့်ဖြင့် ချဉ်းကပ်သွားမည် ဖြစ်ပါသည်။ ထို့ကြောင့် ပြည်ထောင်စု၏ မူလပိုင်ရှင်များအနေဖြင့် ပြည်ထောင်စုတခုလုံး၏ အရေးကို မိမိတို့တိုင်းရင်းသားလူမျိုးများ ကိုယ်တိုင်ကိုယ်ကျပါဝင်၍ ပူးပေါင်းတာဝန် ယူခွင့်ရှိပြီး၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာများကို တန်းတူညီမျှခွဲဝေ ကျင့်သုံးခွင့်ရှိသည် ဟူသော ရှုဒေါင့်ဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တိုင်းရင်းသားလူမျိုးများ၏ အနာဂတ်အရေးကို ဆွေးနွေးတင်ပြသွားမည်ဖြစ်ပါသည်။

နိုင်ငံသားတို့၏ အခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်

နိုင်ငံတော်အချုပ်အခြာအာဏာကို ပိုင်ဆိုင်ထားသော “နိုင်ငံသား” များသည် အသီးသီးသော ပုဂ္ဂိုလ်များဖြစ်ကြသည်။ သို့ရာတွင် လူသားတို့သည် တဦးတည်း တသီးတခြားစီဖြင့် နေထိုင်ကျက်စားသော သတ္တဝါတမျိုး မဟုတ်ပေ။ စုပေါင်းနေထိုင်၍ လူ့အဖွဲ့အစည်းကို ထူထောင်ပြီး၊ လူ့ယဉ်ကျေးမှုကို ဖန်တီးတတ်သော သတ္တဝါတမျိုး ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံသားတဦးစီမှစ၍ အဆင့်ဆင့်သော လူ့အဖွဲ့အစည်းအတွင်း နိုင်ငံသားများက မိမိတို့ပိုင်ဆိုင်ထားသော အချုပ်အခြာ အာဏာကို မည်သို့မည်ပုံ ခွဲဝေသုံးစွဲ၍၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ကို လူ့အဖွဲ့အစည်းအတွင်း လူ့ဘောင်အလွှာအလိုက်သော်၎င်း၊ လူမျိုးအလိုက်သော်၎င်း မည်သို့မည်ပုံ စီမံခန့်ခွဲကျင့်သုံးကြောင်း လေ့လာသုံးသပ်သွားရန် လိုအပ်မည် ဖြစ်ပါသည်။

လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်ထားသော တိုင်းပြည်တခုတွင် နေထိုင်နေကြသည့် “နိုင်ငံသား” များ ရရှိခံစားထိုက်သော အခွင့်အရေးများကို အကြမ်းအားဖြင့် နှစ်မျိုးနှစ်စားခွဲခြားထား နိုင်ပါသည်။ ယင်းတို့မှာ တသီးပုဂ္ဂလ အခွင့်အရေး (Individual rights) နှင့် စုပေါင်း၍ အများပိုင်ဆိုင်သော “စုပေါင်းဘုံပိုင်အခွင့်အရေး” (Collective rights) တို့ပင် ဖြစ်ပါသည်။ အများက စုပေါင်းပိုင်ဆိုင်သော “ဘုံပိုင်အခွင့်အရေး” (Collective rights) ကို ထပ်မံ၍ နှစ်မျိုးနှစ်စား ခွဲခြားနိုင်ပါသည်။ ယင်းတို့မှာ လူ့အဖွဲ့အစည်းတရပ်က လူ့ဘောင် အလွှာလိုက် ပိုင်ဆိုင်ထားသော “ဘုံပိုင်အခွင့်အရေး” (ဥပမာ - လယ်သမား၊ အလုပ်သမား၊ ကျောင်းသား၊ စစ်သား၊ ရဟန်းသံဃာ စသည့် …) နှင့် လူမျိုးအလိုက် ရရှိခံစားထိုက်သော “စုပေါင်းဘုံပိုင်အခွင့်အရေး” တို့ပင် ဖြစ်ပါသည်။

နိုင်ငံသားတိုင်းက တဦးချင်းစီခံစားရရှိထိုက်သော တသီးပုဂ္ဂလ (Individual rights) သည် နိုင်ငံတော်အချုပ်အခြာအာဏာများကို စုပေါင်းပိုင်ဆိုင်ခြင်းနှင့် ခွဲဝေသုံးစွဲခြင်းမှစ၍ ဒီမိုကရေစီကျင့်စဉ်တရားများနှင့်အညီ လူသားတိုင်းက ရရှိခံစားထိုက်သော လွတ်လပ်ခွင့် များ၊ မိမိ၏ကံကြမ္မာအကောင်းအဆိုးကို မိမိကိုယ်တိုင်လွတ်လပ်စွာ ဖန်တီးနိုင်ရေးအတွက် မိမိတို့ ကိုယ်တိုင်တာဝန်ယူပိုင်ခွင့်နှင့် တာဝန်ခံပိုင်ခွင့်များ၊ အစိုးရအပါအဝင် ပြင်ပလူများက မိမိ၏ဘဝ တည်ငြိမ်အေးချမ်းရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးကို လာရောက် နှောင့်ယှက်ခြင်းမရှိရလေအောင် မိမိကိုယ်ကိုမိမိကာကွယ်ပိုင်ခွင့်များ၊ မိမိလိုလားနှစ်သက်သော ဘဝကိုဖန်တီးနိုင်ရေးအတွက် မိမိစိတ်တိုင်းကျ ပညာဆည်းပူးခွင့်၊ စီးပွားရှာပိုင်ခွင့်နှင့် ဘဝထူထောင်ပိုင်ခွင့် စသည့် … စသည့် … တို့ပါဝင်ပါသည်။

ဒီမိုကရေစီကျင့်စဉ်တရားနှင့်အညီ နိုင်ငံသားတိုင်း ရရှိခံစားထိုက်သည့် အခွင့်အရေးများကို ထပ်ဆင့်လေ့လာကြည့်မည် ဆိုပါက ထိုလွတ်လပ်ခွင့်များတွင် - လွတ်လပ်စွာ ပြောဆိုဟောပြောခွင့်၊ ရေးသားထုတ်ဝေခွင့်၊ ဝေဖန်ဆွေးနွေးခွင့်၊ စီတန်း လှည့်လည်ဆန္ဒပြခွင့်၊ စုရုံးစည်းဝေးခွင့်၊ အသင်းအဖွဲ့သမဂ္ဂများနှင့် ပါတီများ ဖွဲ့စည်းထူထောင်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်၊ ဘုရားကျောင်းကန် သွားလာခွင့်၊ ပညာရှာမှီးခွင့်၊ တရားဥပဒေရှေ့မှောက်တွင် တန်းတူအခွင့်အရေး ရရှိခွင့်၊ တရားဥပဒေ၏ အကာအကွယ်ယူပိုင်ခွင့်၊ လိင်ခွဲခြားမှုနှင့် လူမျိုးခွဲခြားမှု မရှိပဲ နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားအသီးသီးတွင် လွတ်လပ်စွာ ပါဝင်လုပ်ဆောင်တာဝန်ယူပိုင်ခွင့် … စသည့် အခွင့်အရေးများ ပါဝင်နေကြောင်း တွေ့ရမည် ဖြစ်ပါသည်။

ထို လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို သေချာစွာလေ့လာဆန်းစစ်ကြည့်ပါက တသီးပုဂ္ဂလအခွင့်အရေးများနှင့် အများက စုပေါင်း၍ ပိုင်ဆိုင်ကြသော ဘုံပိုင်အခွင့်အရေးများ ကွန်ယက်ယှက်၍ နှီးနွယ်နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ဥပမာ လွတ်လပ်စွာပြောဆို ရေးသားခွင့်ကို တသီးပုဂ္ဂလအခွင့်အရေးအဖြစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းအကာကွယ်ပေးထားပါသည်။ သို့ရာတွင် လူမျိုးပေါင်းစုံ ရောနှောနေထိုင်သော တိုင်းပြည်တွင် လူမျိုးအသီးသီးက သီးခြားဘာသာစကားများကို ပြောဆိုရေးသားနေကြသော ကြောင့် လွတ်လပ်စွာပြောဆိုရေးသားခွင့်တွင် - မည်သည့်ဘာသာစကားဖြင့် လွတ်လပ်စွာ ပြောဆိုရေးသား ထုတ်ဝေကြမည်နည်း။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်သည် တသီးပုဂ္ဂလအခွင့်အရေးဖြစ်ပါက၊ ထို လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၏ ကိရိယာ တန်ဆာပလာဖြစ်သော “ဘာသာစကားလွတ်လပ်ခွင့်” သည် လူမျိုးအလိုက် ခံစားရရှိထိုက်သော ဘုံပိုင်အခွင့်အရေးဖြစ်ပါသည်။

ထိုနည်းတူ လွတ်လပ်စွာပညာရှာမှီးသင်ယူခွင့်ကို ပေးထားပြီး ပညာရှာရာ စာသင်ကျောင်းများတွင် မည်သည့် ဘာသာစကားဖြင့် သင်ကြားမည်နည်း။ ဘုရားကျောင်းကန်သွားလာခွင့်ဟူသော ဘာသာရေးလွတ်လပ်ခွင့်ကို တသီးပုဂ္ဂလအခွင့် အရေးအဖြစ် ပေးရုံဖြင့် မပြီးပေ။ သက်ဆိုင်ရာ ဘာသာတရားအလိုက် ဘုရားကျောင်းကန်များ တည်ဆောက်ခွင့်၊ ဘာသာ ရေးဆိုင်ရာ သင်ကြားပိုချခွင့်နှင့် ပုံနှိပ်ထုတ်ဝေခွင့်ကို “ဘုံပိုင်အခွင့်အရေး” များအဖြစ် ပေးထားသင့်ပါသည်။ တရားဥပဒေ ရှေ့မှောက်တွင် တန်းတူအခွင့်အရေးရရှိခွင့်နှင့် တရားဥပဒေ၏ အကာအကွယ်ရယူပိုင်ခွင့် ပေးထားပါသော်လည်း၊ ထို တရားဥပဒေကို မည်သူတွေက မည်သည့်ဘာသာစကားဖြင့် ရေးဆွဲပြဋ္ဌာန်းကြမည်နည်း။ ယင်းမေးခွန်းများသည် နိုင်ငံသား တိုင်း၏ “တသီးပုဂ္ဂလအခွင့်အရေး” များနှင့် လူမျိုးအလိုက် သော်၎င်း၊ လူ့ဘောင်အလွှာအလိုက် သော်၎င်း၊ စုပေါင်း၍ ရရှိခံစားထိုက်သော “ဘုံပိုင်အခွင့်အရေး” များအကြား ဆက်စပ်မှုပင် ဖြစ်ပါသည်။ ထိုဆက်စပ်မှုကို သေချာဆန်းစစ်ပြီး လက်တွေ့ဘဝတွင် အသုံးချနိုင်ခြင်းမရှိပါက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်း ထားရုံမျှဖြင့် မိမိတို့ တိုင်းရင်းသားလူမျိုးများလိုလားနှစ်သက်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရရှိပဲ ပျောက်ကွယ်သွားနိုင်ပါသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုး

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-determination) ကို ခေတ်အဆက်ဆက်တွင် ထိုခေတ်ထိုကာလ နိုင်ငံရေးအခြေအနေ တောင်းဆိုချက်များ အပေါ် အခြေခံ၍ အမျိုးမျိုးအဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြပါသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဟူသော နိုင်ငံရေး အတွေးအခေါ်ကို (၁၉) ရာစုမှ စတင်ကျင့်သုံးခဲ့ပြီး ပထမကမ္ဘာစစ်ကြီးအပြီးတွင် အမေရိကန်ပြည်ထောင်စု သမ္မတကြီး Woodrow Wilson ကြောင့် ပို၍ ထင်ပေါ် ကျော်ကြားသော နိုင်ငံရေးစကားလုံးဖြစ်လာခဲ့ပါသည်။ သမ္မတကြီး ဝီလ်ဆင်က ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အချက် (၁၄) ချက်ပါရှိသော အဆိုတရပ်ကိုတင်သွင်းခဲ့ပြီး၊ ထိုအဆိုထဲတွင် “လူမျိုးတိုင်းသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိကြပြီး၊ ထိုကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော လူမျိုးတိုင်း သည်လည်း လွတ်လပ်၍ အချုပ်အခြာအာဏာကို ပိုင်ဆိုင်သည့် အမျိုးသားနိုင်ငံများ ထူထောင်ခွင့် ရှိကြသည်” ဟုဖော်ပြခဲ့သည်။

သမ္မတကြီး ဝီလ်ဆင်အဆိုပြုခဲ့သော “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ၏ ဆိုလိုရင်း အဓိပ္ပာယ်မှာ “လူမျိုးတိုင်း ကိုလိုနီဘဝမှ လွတ်မြောက်၍ လွတ်လပ်သော နိုင်ငံများထူထောင်ပိုင်ခွင့် ရှိသည်”။ ထို့ကြောင့် ယင်းအဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကိုလိုနီမှ လွတ်မြောက်ရေးရှုဒေါင့်ဖြင့် ဖွင့်ဆိုထားသော “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အဓိပ္ပာယ်” (Decolonization Interpretation) ဟု ခေါ်ဆိုကြပါသည်။

ကိုလိုနီဘဝမှလွတ်မြောက်၍ အချုပ်အခြာအာဏာများကို ပိုင်ဆိုင်ထားသော “နိုင်ငံသစ်” များသည် တခါတရံ နိုင်ငံရေးအရ လွတ်မြောက် သွားကြသော်လည်း၊ စီးပွားရေးအရ လွတ်လပ်ခွင့်အပြည့်အဝ မရရှိခဲ့ကြချေ။ ထို နိုင်ငံသစ်များကို စီးပွားရေးအရ အရင်းရှင် နိုင်ငံကြီးများက ဆက်လက်စိုးမိုးချယ်လှယ်နေကြဆဲ ဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အဓိပ္ပာယ်ကို နိုင်ငံရေးရှုဒေါင့်တခု တည်းဖြင့် ဖွင့်ဆို၍ မရ၊ စီးပွားရေးအရပါ လွတ်လပ်ခွင့်ရရှိရမည် ဟူသောအမြင်ဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို နောက်ထပ်တခါ အဓိပ္ပာယ် တိုး၍ ဖွင့်ဆိုကြပါသည်။ ယင်းကို ကိုလိုနီခေတ်သစ်အမြင်ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုချက် “Neo-Colonization Interpretation” ဟု ခေါ်ဆိုကြပါသည်။

ကိုလိုနီခေတ်သစ်အမြင်ဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အထူးနီးစပ်သောအမြင်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်တခုမှာ - လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်ဆိုင်ထားသော နိုင်ငံသစ်များနှင့် အင်အားချိနဲ့သော နိုင်ငံငယ်များကို နိုင်ငံကြီးများက စစ်ရေးနှင့် နိုင်ငံရေး နည်းများဖြင့် ဝင်ရောက်စွက်ဖက်ချယ်လှယ်ခြင်း ကင်းရှင်းစေရမည် ဟူသော အမြင်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်ပင် ဖြစ်ပါသည်။ ယင်းကို “Freedom from Foreign Domination Interpretation” ဟု ခေါ်ဆိုကြပါသည်။

ကိုလိုနီဘဝမှ လွတ်မြောက်၍ အချုပ်အခြာအာဏာပိုင်ဆိုင်ပြီး လွတ်လပ်သည့် နိုင်ငံတော်များကို ထူထောင်ပိုင်ခွင့်ဆိုသည့် ဟူသော အမြင်ဖြင့် “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကမ္ဘာ့ကုလသမဂ္ဂပိညာဉ်စာချုပ်ပုဒ်မ (၅၅) တွင် အတိအလင်းပြဋ္ဌာန်းကာကွယ် ပေးထား ပါသည်။ ယင်းကို the UN shall create “conditions of stability and well-being which are necessary for peaceful and friendly relations among nations based on respect for the principle of equal rights and self-determination of peoples . . .”  ဟု ရေးသားထားပါသည်။

ထိုအချက်ကိုပင် ICESCR ပုဒ်မ (၁) ဖြင့်၎င်း၊ ICCPR ၏ ပုဒ်မ (၁) တွင် “All peoples have the right of self-determination, including the right to determine their political status and freely pursue their economic, social and cultural development.” ဟူ၍၎င်း၊ ၁၉၆ဝ ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းထားသော ဂျီနီဗာညီလာခံ ပြဋ္ဌာန်းချက် 1514 (XV) တွင် “All peoples have the right to self-determination; by virtue of that right they freely determine their political status and freely pursue their economic, social and cultural development.” ဟူ၍၎င်း ဖော်ပြထားပါသည်။

သို့ရာတွင် ကိုလိုနီဘဝမှ လွတ်မြောက်၍ အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံတော်များကို ထူထောင်ခွင့်ရှိသည် ဟူသော ရှုဒေါင့် တခုတည်းဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ပြည့်စုံလုံလောက်ခြင်း မရှိပေ။ ကိုလိုနီ ဘဝမှလွတ်မြောက်ပြီး လွတ်လပ်သော နိုင်ငံတော်များထူထောင်သည့် တိုင်းပြည်သစ်များထဲတွင် ပြည်ထောင်စုမြန်မာနိုင်ငံ ကဲ့သို့ လူမျိုးပေါင်းစုံရောနှော နေထိုင်သော တိုင်းပြည်များစွာ ရှိပါသည်။ ထိုသို့ လူမျိုးပေါင်းစုံရောနှောနေထိုင်သော တိုင်းပြည်များတွင် နေထိုင်ကြသည့် လူမျိုး အသီးသီးသည်လည်း မိမိတို့လူမျိုးများ၏ အမျိုးသားရေးအတွက် တောင်းဆို တိုက်ပွဲဝင်လာကြပါသည်။ သီးခြားလွတ်လပ်သော အမျိုးသားနိုင်ငံတော်များထူထောင်ရန် တောင်းဆိုခြင်းမဟုတ် သော်၎င်း၊ ထို လူမျိုးများက မိမိတို့၏ဘိုးဘွားပိုင်နယ်မြေအသီးသီးကို မိမိတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရ လွတ်လပ်စွာ စီမံအုပ်ချုပ်ပိုင်ခွင့်၊ မိမိတို့၏ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာစကားနှင့် ကိုးကွယ်ယုံကြည်မှုများ လွတ်လပ်စွာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ခွင့်များကို တောင်းဆိုလာကြပါသည်။ ယင်းကို အမျိုးသားရေးအမြင်ဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အဓိပ္ပာယ်ဖွင့်ဆိုချက် (Nationalist Interpretation) ဟု ခေါ်ဆိုကြပါသည်။

အမျိုးသားရေးအမြင်ဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် အလွန်နီးစပ်သော အမြင်တခုမှာ - လူနည်းစုများ၏ အမြင်ဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း (Minority Rights Interpretation) ပင်ဖြစ်ပါသည်။ လူနည်းစုများသည် အခြားသော လူမျိုးကြီးများကဲ့သို့ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးနယ်ပယ်အသီးသီးတွင် လွတ်လပ်မှုနှင့် အခွင့်အရေးအားလုံး အပြည့်အဝခံစား လိုကြပါသည်။ သို့ရာတွင် အမျိုးသားရေးအမြင်နှင့် လူနည်းစု အမြင်ဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အဓိပ္ပာယ်ဖွင့်ဆိုမှု ကွာခြားချက်မှာ - အမျိုးသားရေးအမြင်ဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အဓိပ္ပာယ်ဖွင့်ဆိုသောအခါ ဘိုးဘွားပိုင်နယ်မြေကို ကိုယ်ပိုင်အုပ်ချုပ်စီမံခြင်း ဟူသော ပထဝီနယ်နိမိတ်ကို အခြေခံသည့် အခွင့်အရေးကို တောင်းဆိုခြင်းသာ ကွာခြားပြီး အခြားအားလုံးမှာ အတူတူပင်ဖြစ်ပါသည်။

အမျိုးသားရေးအမြင်ဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် စစ်အေးကာလအပြီးတွင် အထူးအရေးပါသော ကမ္ဘာ့နိုင်ငံရေးအတွေးအခေါ်တရပ် ဖြစ်လာခဲ့ပါသည်။ ၁၉၉၂ ခုနှစ် စပိန်နိုင်ငံ မဲဒရစ်မြို့တွင် ကျင်းပခဲ့သော “မဲဒရစ် သဘောတူညီချက်” အရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အဓိပ္ပာယ်ဖွင့်ဆိုခြင်း ရောထွေးခြင်း မရှိရလေအောင် (၂) မျိုး (၂) စားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုသွားကြပါသည်။ ယင်းတို့မှာ - အချုပ်အခြာအာဏာပိုင်ဆိုင်၍ လွတ်လပ်သော နိုင်ငံတော်ထူထောင်ခွင့်နှင့် စပ်ဆိုင်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို “ပြင်ပရေး ဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” (External Self-determination) ဟု ခေါ်ဆိုပြီး၊ တိုင်းပြည်တခုအတွင်းရှိ လူမျိုးအသီးသီးက ရရှိပိုင်ဆိုင်ထိုက်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို “အတွင်းရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” (Internal Self-determination) ဟု ခေါ်ဆိုအဓိပ္ပာယ်ဖွင့်ထားပါသည်။

မဲဒရစ်သဘောတူညီချက်မှ ထွက်လာသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (၂) မျိုးအနက် အတွင်းရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် သည် လူမျိုးပေါင်းစုံရောနှောနေထိုင်သော တိုင်းပြည်များတွင် အထူးအရေးကြီးပါသဖြင့်၊ ကမ္ဘာ့ကုလသမဂ္ဂ၏ လက်အောက်ခံ အဖွဲ့အစည်းတခုဖြစ်သော UNESCO က သက္ကရာဇ် ၁၉၉၈ နိုဝင်ဘာလ (၂၁) ရက်မှ (၂၇) ရက်အထိ စပိန်နိုင်ငံ ဘာစီလိုနားတွင် ကျင်းပသည့်အစည်းအဝေးတွင် အောက်ပါ ဆုံးဖြတ်ချက်တရပ်ကို ချမှတ်နိုင်ခဲ့ပါသည်။ ယင်း ဆုံးဖြတ်ချက်ကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ဥပဒေကဲ့သို့လက်ခံကျင့်သုံးနိုင်ရန်အတွက် “UNESCO Division of Human Rights, Democracy and Peace” ၏ ပိညာဉ်စာတမ်းအဖြစ် ကြေညာခဲ့သည်။ ယင်း ပိညာဉ်စာတမ်းတွင် အောက်ပါ အရည်အချင်းများဖြင့် ပြည့်စုံသော လူမျိုးများကို “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ရရှိသောလူမျိုးများအဖြစ် သတ်မှတ်ရ မည်ဟုပါရှိပါသည်။ ထို အရည်အချင်းများမှာ -
(၁)   တူညီသော သမိုင်းအစဉ်အလာရှိခြင်း (Common Historical Tradition)
(၂)   လူမျိုးရေးနှင့် အမျိုးသားရေးလက္ခဏာရှိခြင်း (Racial or Ethnic Identity)
(၃)   တူညီသော ယဉ်ကျေးမှုအမွေအနှစ်ရှိခြင်း (Cultural Homogenity)
(၄)   အခြေခံရင်းမြစ်ခြင်း တူညီသော ဘာသာစကားရှိခြင်း (Linguistic Unity)
(၅)   ဘာသာရေး (သို့မဟုတ်) အယူဝါဒ တခုခုအပေါ်တွင် တူညီသော ခံယူချက်ရှိခြင်း (Religious or Ideological Affinity)
(၆)   တဆက်တစပ်တည်းရှိသော နယ်နိမိတ်အတိအကျရှိခြင်း (Territorial Connection)
(၇)   တူညီသော စီးပွားရေးဘဝကို အတူတကွဖန်တီးရယူခြင်းနှင့် စီးပွားရေးအရ မှီခိုအားထားလောက်သော အခြေအနေရှိခြင်း (Common Economic Life) တို့ပင်ဖြစ်ပါသည်။

ခြုံ၍ပြောရပါက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် အချုပ်အခြာအာဏာပိုင်ဆိုင်ထားသော လွတ်လပ်သည့် တိုင်းပြည်တခုအတွင်း မှီတင်းနေထိုင် ကြသော တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုနယ်ပယ်အသီးသီးတွင် မိမိတို့လူမျိုးအတွက် မိမိတို့ကိုယ်တိုင် လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်၊ တာဝန်ယူပိုင်ခွင့်နှင့် တာဝန်ခံပိုင်ခွင့် အပြည့်အဝ ရရှိကြရမည်ဟု ဆိုလိုရင်း ဖြစ်ပါသည်။

မိမိတို့လိုလားသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်

မိမိတို့ တိုင်းရင်းသားလူမျိုးများ အနှစ် (၆ဝ) ကျော် တော်လှန်ရေး ဆင်နွှဲ၍ တိုက်ပွဲတောင်းဆိုနေသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် မိမိတို့ လူမျိုးများ၏ နိုင်ငံရေးကံကြမ္မာကို မိမိတို့ကိုယ်တိုင်လွတ်လပ်စွာ စီရင်ဆုံးဖြတ်ပိုင်ခွင့် ရရှိရေးနှင့်တကွ နိုင်ငံရေး၏ လက်အောက်ခံ ပြဿနာများဖြစ်ကြသော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုနယ်ပယ်အသီးသီးတွင်လည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေးတို့ ပါရှိသည်။

နိုင်ငံရေးအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရမည်ဟု ဆိုရာ၌ - နိုင်ငံတော်အချုပ်အခြာအာဏာ၏ ရေသောက်မြစ်သုံးသွယ်ဖြစ်သော ဥပဒေပြု အာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာ (၃) ရပ်စလုံး အပြည့်အဝရရှိကြရမည်။ ထိုနိုင်ငံရေး အာဏာ (၃) ရပ်ထဲတွင် ဥပဒေပြုအာဏာသည် နိုင်ငံရေးအာဏာအားလုံး၏ အခေါင်အချုပ်ဖြစ်ပါသည်။ ဥပဒေပြုအာဏာရှိမှသာ မိမိတို့တိုင်းရင်းသားလူမျိုးများ ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်မည့် တရားဥပဒေများကို မိမိတို့ကိုယ်တိုင် လွတ်လပ်စွာ ရေးသားပြဋ္ဌာန်းကျင့်သုံးခွင့် ရှိရမည် ဖြစ်ပါသည်။ ထို့ကြောင့် ဥပဒေပြုအာဏာတွင် အရေးကြီးသော အင်္ဂါရပ် (၂) ခုရှိပါသည်။ ပထမအင်္ဂါရပ်မှာ နိုင်ငံတော်တခု (သို့တည်းမဟုတ်) လူမျိုးတမျိုး (သို့တည်းမဟုတ်) လူ့အဖွဲ့အစည်းတခု အတွင်း ကျင့်သုံးရမည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများကို ရေးဆွဲပြဋ္ဌာန်းပိုင်ခွင့် ပင်ဖြစ်ပါသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ရေးဆွဲပြဋ္ဌာန်းပိုင်ခွင့် မရှိသည့် လူမျိုး (သို့မဟုတ်) နိုင်ငံ (သို့မဟုတ်) ပြည်နယ်များသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရှိသော လူမျိုး၊ နိုင်ငံ၊ ပြည်နယ်များသာ ဖြစ်ကြသည်။ ထို့ကြောင့် လူမျိုးတမျိုး၊ နိုင်ငံတခုနှင့် ပြည်နယ်တခုထံတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိ/မရှိ ဟူသော မေးခွန်းကို ထိုလူမျိုး (သို့မဟုတ်) နိုင်ငံ (သို့မဟုတ်) ပြည်နယ်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိ/မရှိ ဟူသော စံချိန်စံနှုန်းဖြင့် တိုင်းတာရပေမည်။

ဥပဒေပြုအာဏာ၏ အခြားအင်္ဂါရပ်တခုမှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (သို့မဟုတ်) ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေမှအပ အခြားသော ဥပဒေနှင့် နည်းဥပဒေများကို ရေးဆွဲပြဋ္ဌာန်းပိုင်ခွင့် ဖြစ်ပါသည်။ သို့ရာတွင် ထိုဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ မဟုတ်လေသောကြောင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် မသက်ဆိုင်ပေ။ ကိုလိုနီလက်အောက်ရှိ လူမျိုးများနှင့် တပြည်ထောင်စနစ်ကို ကျင့်သုံး သော တိုင်းပြည်၏ ဒေသန္တရဥပဒေပြုအဖွဲ့များသာမက လစ်ဘရယ် (Liberal) ဒီမိုကရေစီစနစ်ထွန်းကားသော တိုင်းပြည်များ၏ မြူနီစီပယ်ကောင်စီများပင်လျှင် ကျင့်သုံးပိုင်ခွင့်ရှိသော ဥပဒေပြုအာဏာမျှသာ ဖြစ်ပါသည်။

ဥပဒေပြုအာဏာ - အထူးသဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများကို ရေးဆွဲပြဋ္ဌာန်း ပိုင်ခွင့်သည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ အနှစ်သာရ သာမက၊ နိုင်ငံရေးအာဏာအားလုံး၏ အခေါင်အချုပ်ဖြစ်ပါသည်။ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိသော လူမျိုးများအနေဖြင့် မိမိတို့ကိုယ်တိုင်ရေးဆွဲပြဋ္ဌာန်းသော ဥပဒေနှင့်အညီ မိမိတို့၏ တိုင်းပြည် (သို့မဟုတ်) ပြည်နယ်ကို အုပ်ချုပ်ရပါမည်။ ထိုဥပဒေနှင့်အညီ အုပ်ချုပ်ခြင်း ရှိ/မရှိ၊ ပြည်သူလူထုတရပ်လုံးနှင့် နိုင်ငံသားများ တရားဥပဒေနှင့်အညီ ကျင့်ကြံနေထိုင်ခြင်း ရှိ/မရှိ သည်ကို ထိုဥပဒေနှင့်အညီ တရားစီရင်၍ အရာရာကို ဆုံးဖြတ်ကြရပေမည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် နိုင်ငံရေးအာဏာကို လွတ်လပ်စွာကျင့်သုံးခွင့်ရရှိရုံနှင့် မပြီးသေးချေ။ နိုင်ငံရေးလက်အောက်ခံပြဿနာများ ဖြစ်ကြသော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုနယ်ပယ်အသီးသီးတွင်လည်း မိမိတို့၏ ဘဝကံကြမ္မာအကောင်းဆိုးကို လွတ်လပ်စွာ ဖန်တီးခွင့်၊ တာဝန်ယူခွင့်နှင့် တာဝန်ခံခွင့်များ ရရှိကြရမည် ဖြစ်ပါသည်။ ဤနေရာတွင် သတိထားရမည့် အချက်တခုမှာ - နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုနယ်ပယ်အသီးသီးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကျင့်သုံးသောအခါ လူ့အဖွဲ့အစည်းတရပ်၏ အလွှာလိုက် ပိုင်ဆိုင်ကျင့်သုံးခွင့်ရှိသော စုပေါင်းဘုံပိုင်အခွင့်အရေးနှင့် လူမျိုးအလိုက် ရရှိခံစားထိုက်သော စုပေါင်းဘုံပိုင်အခွင့်အရေး (Collective rights) များ မတူညီကြပေ … ဟူသော အချက်ပင် ဖြစ်ပါသည်။

လူ့ဘောင်အဖွဲ့အစည်း၏ အလွှာလိုက် ရရှိခံစားထိုက်သော ဘုံပိုင်အခွင့်အရေးများ၊ ဥပမာအားဖြင့် လယ်သမားထု၏ အခွင့်အရေးနှင့် အလုပ်သမားထု၏ အခွင့်အရေးများတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများ ပါရှိမည် ဖြစ်သော်လည်း၊ ထိုသို့သော လူ့အလွှာလိုက် ပိုင်ဆိုင်သည့် စုပေါင်းအခွင့်အရေးတွင် “ယဉ်ကျေးမှု၊ ဘာသာစကားနှင့် အမျိုးသားလက္ခဏာ (National Identity) ဆိုင်ရာ အခွင့်အရေး များ မပါရှိပေ။ ထို့ကြောင့် လူမျိုးအလိုက်ခံစားရရှိထိုက်သော စုပေါင်း “ဘုံပိုင်” အခွင့်အရေးနှင့် လူ့ဘောင်အလွှာလိုက် ခံစားရရှိထား သော စုပေါင်း “ဘုံပိုင်” အခွင့်အရေးတို့၏ အဓိက ကွာခြားချက်မှာ လူမျိုးရေးပေါ် အခြေခံသော စုပေါင်းအခွင့်အရေးသည် လူမျိုးတမျိုး ၏ အမျိုးသားရေး အင်္ဂါရပ်များဖြစ်ကြသော ဘာသာ၊ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများကို ဦးထိပ်ထားပြီး အလွှာလိုက် ခံစားထိုက်သော အခွင့်အရေးများထဲတွင် ပြည်သူလူထု၏ နေ့စဉ်ဘဝတွင် ကြုံတွေ့ခံစားနေရသော စားဝတ်နေရေးကိစ္စရပ်များကို ဗဟိုပြု၍ ဦးစားပေးလုပ်ဆောင်ကြောင်း တွေ့ရမည်ဖြစ်ပါသည်။

လူ့ဘောင်အဖွဲ့အစည်းတွင် ထို စုပေါင်းဘုံပိုင်အခွင့်အရေး (၂) မျိုးစလုံး လိုအပ်ပါသော်လည်း ထို အခွင့်အရေး (၂) မျိုး ကျင့်သုံးပုံ ကျင့်သုံးနည်း ကွာခြားပါသည်။ အကြောင်းမှာ လူမျိုးရေးနှင့်ပတ်သက်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် တိုက်ရိုက်ပတ်သက်သော နိုင်ငံရေးပြဿနာဖြစ်သောကြောင့်ပင် ဖြစ်သည်။ လူမျိုးပေါင်းစုံရောနှောနေထိုင်သော တိုင်းပြည်တွင် လူမျိုးအလိုက် ရရှိခံစားထိုက်သော အခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို စစ်မှန်သော ဖက်ဒရယ်စနစ်ဖြင့်သာ အကောင်အထည် ဖော်ဆောင်နိုင်ပြီး၊ အလွှာလိုက်ရရှိခံစားထိုက်သော စုပေါင်းအခွင့်အရေးမျိုးကိုမူ မည်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးဖြင့်မဆို လက်တွေ့ အကောင်အထည်ဖော် နိုင်ပါသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ် ဆက်စပ်ပုံ

မိမိတို့တိုင်းရင်းသားလူမျိုးများသည် စီးပွားရေးနှင့် လူမှုရေးနိမ့်ကျပြီး မိမိတို့ပြည်နယ်အသီးသီး ခေတ်နောက်ကျခြင်းကြောင့် တော်လှန် ရေးလုပ်နေခြင်း မဟုတ်ပေ။ မိမိတို့ ဆင်နွှဲတော်နေသော လက်နက်ကိုင် တော်လှန်ရေး၏ အဓိကရည်မှန်းချက်မှာ - နိုင်ငံရေးအရ မိမိတို့လူမျိုး၏ ကံကြမ္မာအကောင်းအဆိုးကို မိမိတို့ကိုယ်တိုင် လွတ်လပ်စွာ ဖန်တီးခွင့်၊ တာဝန်ယူခွင့်နှင့် တာဝန်ခံခွင့်တို့ ရရှိရေး တည်းဟူသော “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” အပြည့်အဝရရှိရေး ပင်ဖြစ်ပါသည်။ ယင်းနိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်း အဖြေရှာယူ၍ မရရှိခဲ့သောကြောင့် နှစ်ပေါင်း (၆ဝ) ကျော် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေရခြင်းဖြစ်သည်။ ထို့ကြောင့် မိမိတို့ ဆင်နွှဲနေသော တော်လှန်ရေး၏ အန္တိမပန်းတိုင်သည် “စစ်မှန်သော ပြည်ထောင်စုစနစ်” ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံကို ပင်လုံစိတ်ဓါတ်နှင့်အညီ အသစ်တဖန် ပြန်လည်တည်ဆောက်ရေးပင် ဖြစ်ပါသည်။

မိမိတို့တိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ မွေးရာပါအခွင့်အရေးအဖြစ် ပိုင်ဆိုင်ထားသော “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ကို အသုံးချ၍ မိမိတို့လိုလားသော နိုင်ငံရေးစနစ်ကို ဖန်တီးတည်ဆောက်ခွင့်၊ မိမိတို့လိုလားသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ်ကို ရေးဆွဲပြဋ္ဌာန်းပိုင်ခွင့် အခွင့်အရေးများ အပြည့်အဝ ရှိပါသည်။ ထို့ကြောင့် မိမိတို့၏ နိုင်ငံရေးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသုံးချပြီး၊ မိမိတို့လိုလား နှစ်သက်သော ဖက်ဒရယ်ပြည်ထောင်စုကြီးကို အတူတကွထူထောင်ရန် မိမိတို့တိုင်းရင်းသားလူမျိုးများနှင့် ဒီမိုကရေစီ အင်အားစုများ ပူးပေါင်းပြီး အောက်ပါလမ်ွးန်အခြေခံမူ (၈) ချက်ကို သက္ကရာဇ် ၂ဝဝ၅ ဖေဖော်ဝါရီလ (၁၂) ရက်၊ ပြည်ထောင်စုနေ့ တွင် တခဲနက် အတည်ပြု ပြဋ္ဌာန်းခဲ့ပါသည်။ ယင်းတို့မှာ -

(၁) အချုပ်အခြာအာဏာ (Sovereign Power)
ဖက်ဒရယ်ပြည်ထောင်စုစနစ်၏ အချုပ်အခြာအာဏာသည် တိုင်းရင်းသားပြည်သူလူထုတရပ်လုံးထံမှသာ ဆင်းသက် လာစေရမည်။
(က)      ပြည်ထောင်စုအချုပ်အခြာအာဏာသည် တိုင်းရင်းသားပြည်သူလူထုတရပ်လုံးထံမှ ဆင်းသက်လာစေရမည်ဖြစ်ပြီး၊ ထို အချုပ်အခြာအာဏာကို အာဏာကို တိုင်းရင်းသားပြည်သူလူထုတရပ်လုံးကိုယ်စား ကျင့်သုံးနိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ အခါအားလျော်စွာ ကျင်းပသော အထွေထွေရွေးကောက်ပွဲများတွင် ရွေးကောက် တင်မြှောက်ခြင်းခံရသော ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်အသီးသီး၏ ပြည်သူ့ကိုယ်စားလှယ်များ၊ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ ဥပဒေနှင့် နည်းဥပဒေများအရ ခန့်အပ်တာဝန် ပေးအပ်ခြင်းခံရသော ပြည်သူ့ဝန်ထမ်းများက အဆင့်ဆင့်ခွဲဝေကျင့်သုံးစေရမည်ဖြစ်ပါသည်။
(ခ)   အချုပ်အခြာအာဏာ၏ ရေသောက်မြစ်သုံးသွယ်ဖြစ်သော ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာ များကို သီးခြားစီကျင့်သုံးခြင်း (Separation of Powers) ရှိစေရမည်။
(ဂ)   ပြည်ထောင်စု၏ အချုပ်အခြာအာဏာ မူလပိုင်ရှင်ဖြစ်သော ပြည်သူလူထုအနေဖြင့် Initiative နှင့် Referendun Power များကို အစိုးရထံသို့၎င်း၊ ပြည်သူ့ဝန်ထမ်းများထံသို့၎င်း အလုံးစုံအပ်နှင်းခြင်းမရှိပဲ မိမိတို့လက်ဝယ်တွင် ထားရှိကျင့်သုံးခွင့် ရှိစေရမည်။

(၂) တန်းတူရေး (Equality)
တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေးအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ တန်းတူရည်တူ အခွင့်အရေးရှိစေရမည်။
(က)      ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးတိုင်းသည် လူမျိုးရေးအရ တန်းတူရည်တူ အခွင့်အရေး ရှိစေရမည်။
(ခ)   ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကို နိုင်ငံရေးအာဏာများဖြစ်သော ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာများကို တန်းတူရည်တူ အပ်နှင်းထားစေရမည်။
(ဂ)   ပြည်ထောင်စုအတွင်းရှိ မည်သည့်လူမျိုးကိုမှ အထူးအခွင့်အရေးမပေးရ။ မည်သည့် လူမျိုးကိုမှ အခွင့်အရေး ချုပ်ချယ် ကန့်သတ်ခြင်း မရှိစေရ။

(၃) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-determiniation)
တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု စသည့်ကဏ္ဍအသီးသီးတွင် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်အပြည့်အဝရှိစေရမည်။
(က)      တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုနယ်ပယ်များတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိကြသောကြောင့် မိမိတို့၏ နိုင်ငံရေးကံကြမ္မာကို မိမိတို့ကိုယ်တိုင် လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့် ရှိကြရမည်။
(ခ)   ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝ ရှိကြရမည်ဖြစ်သောကြောင့် နိုင်ငံရေးအာဏာ (၃) ရပ် ဖြစ်သော ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာများကို ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုသည်နှင့်အမျှ အပြည့်အဝကျင့်သုံးခွင့် ရှိစေရမည်။
(ဂ)   တိုင်းရင်းသားလူမျိုးများ၏ မွေးရာပါအခွင့်အရေးအဖြစ် ပိုင်ဆိုင်ထားသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို မည်သည့် အခြေအနေတွင်မှ ရုပ်သိမ်းဟန့်တားခြင်း မရှိစေရ။

(၄) ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်မူ (Federal Principles)
ဖက်ဒရယ်ပြည်ထောင်စုကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိသော ပြည်နယ်များဖြင့် ဖွဲ့စည်းရမည်။ ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော်နှစ်ရပ်ထားရှိစေရမည်။
(က) ဖက်ဒရယ်ပြည်ထောင်စုကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိ၍ တန်းတူသောနိုင်ငံရေးအာဏာများ အပ်နှင်းခြင်း ခံရသည့် ပြည်နယ်များကို အခြေခံ၍ ဖွဲ့စည်းရမည်။
(ခ)   ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကို ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာ တည်းဟူသော နိုင်ငံရေးအာဏာ (၃) ရပ်စလုံးကို အပြည့်အဝအပ်နှင်းစေရမည့်အပြင်၊ ထို နိုင်ငံရေးအာဏာ (၃) ရပ် စလုံးကို တရားဥပဒေနှင့် အညီ လွတ်လပ်စွာကျင့်သုံးနိုင်ရေးအတွက် ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရနှင့် ပြည်နယ်တရားရုံးချုပ်များကို လွတ်လပ်စွာ ထူထောင်ပိုင်ခွင့် ရှိစေရမည်။
(ဂ)   ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများကို ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်စေပဲ လွတ်လပ်စွာရေးသားပြဋ္ဌာန်း ပိုင်ခွင့် ရှိစေရမည်။
(ဃ)      ဖက်ဒရယ်ပြည်ထောင်စုစနစ်သည် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Self-rule) နှင့် ထိုအဖွဲ့ဝင် ပြည်နယ်များ ပူးပေါင်း၍ ဖွဲ့စည်းသည့် ပြည်ထောင်စုကို စုပေါင်းအုပ်ချုပ်ခွင့် (Shared-rule) တို့ကို ပေါင်းစပ်ထားသည့် စနစ်ဖြစ်သောကြောင့် - ဖက်ဒရယ်ပြည်ထောင်စုအစိုးရနှင့် ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အစိုးရများအကြားတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အာဏာများကို ခွဲဝေကျင့်သုံးခြင်း (Division of Powers) ရှိစေရမည်။
(င)   တန်းတူသော ပြည်နယ်များပူးပေါင်း၍ ပြည်ထောင်စုကို ဖွဲ့စည်းသောအခါ ပြည်ထောင်စုလွှတ်တော်တွင် လူမျိုးစုလွှတ်တော် (အထက်လွှတ်တော်) နှင့် ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) များကို ထားရှိရမည်ဖြစ်ပြီး၊ လူမျိုးစု (အထက်လွှတ်တော်) တွင် ပြည်နယ်များက ဦးရေတူညီသော ပြည်နယ်ကိုယ်စားလှယ်များကို စေလွှတ်စေရမည်။
(စ)   ပြည်နယ်များက စုပေါင်းကျင့်သုံးရန် ပြည်ထောင်စုလွှတ်တော်သို့ အပ်နှင်းထားသည့် နိုင်ငံခြားဆက်သွယ်ရေး၊ ပြည်ထောင်စု ကာကွယ်ရေး၊ ငွေစက္ကူနှင့် ငွေဒင်္ဂါးထုတ်လုပ်ရေးနှင့် ပြည်ထောင်စုလမ်းပန်းဆက်သွယ်ရေး စသော အာဏာများမှအပ ကြွင်းကျန်သောအာဏာ (Residual Power) များကို ပြည်နယ်များတွင် အပ်နှင်းထားစေရမည်။

(၅) လူနည်းစုများ၏ အခွင့်အရေးများကို ကာကွယ်ခြင်း (Minority Rights)
ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအတွင်း နေထိုင်ကြသော တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးများကို အပြည့်အဝကာကွယ်ပြဋ္ဌာန်းပေးရမည်။
(က)      ပြည်ထောင်စုပြည်နယ်များအတွင်းရှိ လူနည်းစုများ၏ အခွင့်အရေးများကို အပြည့်အဝကာကွယ်ပေးနိုင်ရန်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ (Autonomous Regions) နှင့် အမျိုးသားနယ်မြေများ (National Areas) ကို ဥပဒေနှင့်အညီ သတ်မှတ်ပြဋ္ဌာန်းစေရမည်။
(ခ)   ထိုလူနည်းစုများက မိမိတို့၏ယဉ်ကျေးမှုဘာသာစကားနှင့် အမျိုးသားရေးလက္ခဏာများထိန်းသိမ်းကာကွယ်ခွင့် သာမက နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးစသည်တို့ တိုးတက်ဖွံ့ဖြိုးစေရန် ဆောင်ရွက်ခွင့်အာဏာများကိုလည်း အပြည့်အဝ အပ်နှင်းထားရမည်။

(၆) ဒီမိုကရေစီအခွင့်အရေး၊ အခြေခံလူ့အခွင့်အရေးနှင့် ကျားမဆိုင်ရာ တန်းတူညီမျှမှု (Democracy, Human Rights and Gender Equality)
(က)      ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးများအားလုံးသည် လူပုဂ္ဂိုလ်တဦးချင်းအလိုက် ခံစားခွင့်ရှိသည့် တသီးပုဂ္ဂလ အခွင့်အရေးများ (Individual Rights) နှင့် တိုင်းရင်းသားလူမျိုးများ လူမျိုးအလိုက်ခံစားခွင့် ရှိသည့် စုပေါင်းအခွင့်အရေးများ (Collective Rights) ကို အပြည့်အဝခံစားပိုင်ခွင့် ရှိစေရမည်။
(ခ)   ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးများ မဟုတ်ကြသော်လည်း ပြည်ထောင်စု၏ နိုင်ငံသားကို ခံယူထားကြသော နိုင်ငံသားတိုင်းသည် နိုင်ငံသားများ၏ အခြေခံအခွင့်အရေး (Citizen Rights) များကို အပြည့်အဝခံစားခွင့် ရှိစေရမည်။
(ဂ)   နိုင်ငံသားတိုင်း၏ မွေးရာပါ ရပိုင်ခွင့်ဖြစ်သော အခြေခံလူ့အခွင့်အရေးများကို မည်သည့်အခြေအနေအောက်တွင်မှ ရုပ်သိမ်းခွင့် မရှိစေရ။
(ဃ)      ကျားမဆိုင်ရာ လိင်ကွဲပြားမှုကို အခြေခံသော ခွဲခြားဆက်ဆံမှုများကို လုံးဝပိတ်ပင်ဟန့်တားထားရမည်။

(၇) ပါတီစုံဒီမိုကရေစီစနစ် (Multi-party Democracy System)
လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်၍ လူမျိုးပေါင်းစုံက စုပေါင်းပိုင်ဆိုင်ထားသော ဖက်ဒရယ်ပြည်ထောင်စုတွင် ပါတီစုံဒီမိုကရေစီ စနစ်ကို ကျင့်သုံးစေရမည်။
(က)      ပြည်ထောင်စုတွင် တပါတီအာဏာရှင်စနစ် လုံးဝမပေါ်ပေါက်စေရန် ဥပဒေဖြင့် ဟန့်တားကာကွယ်ရမည်။
(ခ)   နိုင်ငံရေးပါတီများ ဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က သီးခြားပြဋ္ဌာန်းပေးရမည်။

(၈) ဘာသာရေးကို အခြေမခံသော နိုင်ငံတော်ဖြစ်ခြင်း (Secular State)
နိုင်ငံရေးနှင့် ဘာသာရေးရောစပ်ခြင်း မရှိစေပဲ၊ ဘာသာတရားကို အခြေမခံသော နိုင်ငံဖြစ်စေရမည်။
(က)      လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်မူအရ နိုင်ငံသားတိုင်းသည် မိမိနှစ်သက်ရာ ဘာသာအယူဝါဒကို ကိုးကွယ်ခွင့် ရှိစေရမည်။
(ခ)   ဘာသာရေးကို အသုံးချ၍ နိုင်ငံ့ရေးရာကိစ္စများကို ဆောင်ရွက်ခွင့် မပြုရ။
(ဂ)   ပြည်ထောင်စုလွှတ်တော်သည် မည်သည့်ဘာသာတရားကိုမျှ နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းခြင်း မပြုရ။
     
ကျန်ရှိနေသေးသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တိုက်ပွဲ

မိမိတို့တိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ မွေးရာပါအခွင့်အရေးအဖြစ် ရရှိပိုင်ဆိုင်ထိုက်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိ နိုင်ရေးအတွက် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို ရေးဆွဲပြဋ္ဌာန်းရန် ခေတ်အဆက် ဆက် အဆိုပြုထားခဲ့ပါသည်။ မိမိတို့လိုလားသော ပြည်ထောင်စုစနစ်တွင် အရေးကြီးသော အင်္ဂါရပ်များကို ခြုံ၍ပြန်လည် ဖော်ပြပါက -
(၁)   ပြည်ထောင်စုလွှတ်တော်တွင် အာဏာတူ လွှတ်တော် (၂) ရပ်ထားရှိရမည်။
(၂)   အထက်လွှတ်တော် (ဝါ) အမျိုးသားလွှတ်တော်တွင် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များက ဦးရေတူညီသော ကိုယ်စားလှယ်များကို စေလွှတ်ကြရမည်။
(၃)   ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များရှိ တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ပေးသည့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ခြင်းမရှိစေပဲ ပြည်နယ်များက သီးခြားလွတ်လပ်စွာ ရေးသားပြဋ္ဌာန်းပိုင်ခွင့် ရှိရမည်။
(၄)   ပြည်နယ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများကို အခြေခံ၍ ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရနှင့် ပြည်နယ်တရားရုံးချုပ်များကို ဖွဲ့စည်းထူထောင်ခွင့် ရှိရမည်။
(၅)   ပြည်နယ်များက ပြည်ထောင်စုအတိုင်းအတာဖြင့် စုပေါင်းဆောင်ရွက်၍ ပြည်ထောင်စုကို လွှဲအပ်ထားသည့် နိုင်ငံခြား ဆက်သွယ်ရေး၊ ငွေစက္ကူနှင့် ငွေဒင်္ဂါးထုတ်လုပ်ရေး၊ ပြည်ထောင်စုကာကွယ်ရေးနှင့် ပြည်ထောင်စု လမ်းပန်းဆက်သွယ်ရေး စသော အာဏာများမှအပ ကြွင်းကျန်အာဏာ (Residual Powers) များကို ပြည်နယ်များထံ အပ်နှင်းထားစေရမည် … ဟူသော အချက်များဖြစ်ပါသည်။

သက္ကရာဇ် ၂ဝဝ၈ ခုနှစ်တွင် နအဖစစ်အစိုးရက တဖက်သတ်ရေးဆွဲပြဋ္ဌာန်းထားသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အထက် ဖော်ပြပါ အချက် (၅) ချက်အနက် နံပါတ် (၁)၊ (၂)၊ နှင့် (၄) များ ပါရှိထားပြီး ဖြစ်ပါသည်။ သို့ရာတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ အရေးအကြီးဆုံးအချက်ဖြစ်သော “ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအတွင်းရှိ တိုင်းရင်းသား လူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ပေးနိုင်သည့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ ရေးဆွဲပြဋ္ဌာန်းခွင့်” မရှိသေးချေ။ ယင်းသည် မိမိတို့ ရင်ဆိုင်ရဦးမည့် “အနာဂတ်တိုက်ပွဲ” ဖြစ်ပါသည်။

ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေမရှိပဲ စစ်အစိုးရက တဖက်သတ်ရေးဆွဲပြဋ္ဌာန်းထားသည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ပြည်နယ် များကို တိုက်ရိုက်အုပ်ချုပ်ခြင်းသည် ကိုလိုနီခေတ်သစ်ဝါဒီ တမျိုးသာလျှင်ဖြစ်ပါသည်။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေမရှိပဲ ထူထောင် လိုက်သော ပြည်နယ်လွှတ်တော်များသည် နိုင်ငံရေးအာဏာအပြည့်အဝမရှိသော “အယောင်ဆောင်လွှတ်တော်” များသာ ဖြစ်ကြသည်။ ဒီမိုကရေစီ အထူးထွန်းကားသော တိုင်းပြည်များရှိ မြူနီစီပယ်ကောင်စီ လောက်ပင် အာဏာရှိနိုင်ကြမည် မဟုတ်ပေ။ ထို့ကြောင့် မိမိတို့သည် - မိမိတို့၏မွေးရာပါ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို မိမိတို့တိုင်းရင်းသားလူမျိုးများ အပြည့်အဝ ရရှိခံစားနိုင်ရေးအတွက် ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ဆက်လက်တိုက်ပွဲဝင်ရန် လိုအပ်နေပါသည်။

နိုင်ငံရေးရှုဒေါင့်မှ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အကောင်အထည်ဖော်နိုင်ရန် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ လိုအပ်သည့် နည်းတူ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ အခြားလက္ခဏာတရပ်ဖြစ်သော တိုင်းရင်းသားလူမျိုးများ၏ အမျိုးသာရေးလက္ခဏာများ (National Identity) ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက်လည်း မိမိတို့ဆက်လက်တိုက်ပွဲဝင်ရန် လိုအပ်နေပါသည်။ ထို အမျိုးသားရေးလက္ခဏာများ ထဲတွင် မိမိတို့သည် သီးခြားလူမျိုးတမျိုးစီ ဖြစ်ကြသည် ဟူသော “လူမျိုးဖြစ်ရေး” မှစ၍ မိမိတို့၏ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့ထုံးစံနှင့် ကိုးကွယ်ယုံကြည်မှုများကိုပါ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး ရှင်သန်တိုးတက်အောင် ဆောင်ရွက်ခွင့်အထိ အဆင့်ဆင့်သော လူမျိုးရေးဆိုင်ရာ အခွင့်အရေးများ ပါဝင်ပါသည်။ ထို့ကြောင့် ပြည်နယ်အစိုးရများကို မိမိတို့လူမျိုးများ၏ အမျိုးသားရေး ဆိုင်ရာကိစ္စရပ်များ၊ ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များအားလုံးကို ဆောင်ရွက်လုပ်ပိုင်ခွင့်အာဏာများကို ချွင်းချက်မရှိ အာဏာများကို အပ်နှင်းထားရန် လိုအပ်ပါသည်။ ယင်းကို ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေတွင်သာမက ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ အသီးသီး တွင် တိကျစွာ ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်ပါသည်။ ထိုလိုအပ်ချက်များကို အကြမ်းအားဖြင့် အောက်ပါအတိုင်း ဖော်ပြလိုပါသည်။

(၁)   ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များရှိ တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝ အာမခံချက်ပေးနိုင်သည့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများကို ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ခြင်းမရှိစေပဲ၊ ပြည်နယ်များက သီးခြားလွတ်လပ်စွာ ရေးသားပြဋ္ဌာန်းခွင့် ရှိကြရမည်။
(၂)   တိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ အမျိုးသားလက္ခဏာများ (National Identity) ကို လွတ်လပ်စွာ ထိန်းသိမ်းစောင့်ရှောက် ပြီး တိုးတက်ရှင်သန်အောင် ဆောင်ရွက်နိုင်စေရမည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားရေးလက္ခဏာဆိုင်ရာကိစ္စ ရပ်များကို ဆောင်ရွက်ပိုင်ခွင့်အာဏာရပ်အားလုံးကို ပြည်နယ်အစိုးရထံ အပ်နှင်းရမည်။ ဥပမာ - အမျိုးသားမှတ်ပုံတင်ကဒ် ထုတ်ပေးရေးတွင် ပြည်ထောင်စုတခုလုံး “မူ” အားဖြင့် တူညီမှု ရှိရမည်ဖြစ်သော်လည်း၊ ပြည်နယ်အစိုးရက ပြည်နယ်သားများကို အမျိုးသားမှတ်ပုံတင်ကဒ်ပြား ထုတ်ပေးခွင့် ရှိကြရမည် ဖြစ်ပြီး၊ ထို ကဒ်ပြားတွင် လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ပြောဆိုသုံးစွဲ သော ဘာသာစကား စသည်များကို အတိအကျဖော်ပြပေးရမည်။ သို့ရာတွင် နိုင်ငံကူးလက်မှတ် (Passport) များကိုမူ ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်သည်ဟု ဖော်ပြပါက လုံလောက်သည်။

       (ဤနေရာတွင် အထူးသတိထားရမည့် အချက်ရှိပါသည်။ မိမိတို့တိုင်းရင်းသားလူမျိုးများသည် မိမိတို့လူမျိုး မျိုးပြုတ် တိမ်ကောခြင်း မရှိရလေအောင် နှစ်ပေါင်း (၆ဝ) ကျော် လက်နက်ကိုင်တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် … မိမိ ဘာလူမျိုးဖြစ်သည် … ဆိုသော အမျိုးသားလက္ခဏာကွှိုန်းဆိုချက်ကို အမျိုးသားမှတ်ပုံတင်ကဒ်ပြားတွင် အတိအလင်းဖော်ပြရမည်။ ယင်းအချက်ကို မိမိတို့ဘိုးဘွားများက ပင်လုံညီလာခံတွင်၎င်း၊ တောင်တန်းဒေသစုံစမ်း ရေးကော်မရှင်တွင်၎င်း အတိအလင်းတောင်းဆိုခဲ့သော ကြောင့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းသည့်အချိန်မှစ၍ ယနေ့တိုင်အထိ အမျိုးသားမှတ်ပုံတင်ကဒ်ပြားများ တွင် လူမျိုးနှင့် ကိုးကွယ်ယုံကြည်မှုကို အတိအကျဖော်ပြထားခြင်း ဖြစ်ပါသည်။

       ယခုအခါ နိုင်ငံတကာပညာရှင်တချို့က အမျိုးသားမှတ်ပုံတင်ကဒ်ပြားတွင် လူမျိုးနှင့် ကိုးကွယ်ယုံကြည်မှု ပါဝင်ထည့် ထားခြင်းကို လူမျိုးခွဲခြားရေးဖြစ်သည်ဟု အကြောင်းပြကာ နောင်တွင် ထိုအချက်များ အမျိုးသားမှတ်ပုံတင်ကဒ်ပြားများမှ ပယ်ဖျက်ရန် အဆိုပြု နေကြပါသည်။ ယင်းသည် မိမိတို့တိုင်းရင်းသားလူမျိုးများ ဆင်နွှဲနေသော အမျိုးသားတော်လှန်ရေး၏ အတိမ်အနက်ကို သဘော မပေါက်ကြသောကြောင့် ဖြစ်သည်။ ထိုသူများ၏အမြင်တွင် စုပေါင်းအခွင့်အရေး (Collective rights) ရှိသင့်ဟု လက်ခံပါသော် လည်း၊ ထိုစုပေါင်းဘုံပိုင်အခွင့်အရေးထဲတွင် လူမျိုးအလိုက် ခံစားထိုက်သော စုပေါင်းအခွင့်အရေးများနှင့်ကို လူ့ဘောင် အလွှာ အလိုက် ခံစားထိုက်သော အခွင့်အရေးများ မတူညီကြောင်းနှင့် ထိုအခွင့်အရေး (၂) မျိုး ခွဲခြားသင့်ကြောင်းကို သဘောမပေါက် သောကြောင့် ဖြစ်သည်။ ထို့ကြောင့် မိမိတို့တိုင်းရင်းသားလူမျိုးများဆင်နွှဲနေသော အမျိုးသားတော်လှန်ရေးကို အမေရိကန်တွင် ဆင်နွှဲခဲ့သည့် အသားအရောင်ခွဲခြားမှု (Civil rights movement) နှင့် နှိုင်းယှဉ်ပြီး၊ မိမိတို့တိုင်းရင်းသားလူမျိုးများ ရေရှည်တွင် လူမျိုးတိမ်ကောပပျောက်မည့် အကြံဉာဏ်များကို မသိနားမလည်ပဲ ဝင်ရောက်အကြံပေးနေကြ ခြင်းပင်ဖြစ်ပါသည်)။

(၃)   ပြည်နယ်အစိုးရများကို သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးများအားလုံးကို ဆောင်ရွက် လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားရမည်။ ထိုအာဏာများထဲတွင် သက်ဆိုင်ရာတိုင်းရင်းသားစာပေများကို ပြည်ထောင်စုပညာရေး စနစ်နှင့် ဆန့်ကျင်ခြင်းမရှိစေပဲ၊ အထက်တန်းပညာရပ်အဆင့် သင်ကြားခွင့်နှင့် ထိုသို့ သင်ကြားနိုင်ရန် သင်ရိုွးန်းတမ်းရေးသား ပြုစုခွင့်နှင့် စာသင်ကျောင်းများ ဖွင့်လှစ်ခွင့် … စသည့် အာဏာများကိုပါ အပြည့်အဝပေးထားရမည်။
(၄)   တိုင်းရင်းသားလူမျိုးများတို့၏ ယဉ်ကျေးမှုကာကွယ်ထိန်းသိမ်းမြှင့်တင်နိုင်ရေးအတွက် စာနယ်ဇင်းများ ထုတ်ဝေဖြန့်ချီခွင့်၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားဋ္ဌာနများ လွတ်လပ်စွာ ဖွင့်လှစ်ပြီး ရုပ်/သံ ထုတ်လုပ်ခွင့်များကို ပြည်နယ်အစိုးရထံ အာဏာပေးအပ် ထားရမည်။
(၅)   တိုင်းရင်းသားလူမျိုးများတို့၏ ပြည်နယ်လွှတ်တော်များထဲတွင်၎င်း၊ အစိုးရ၏ လုပ်ငန်းခွင်ဆောင်ရွက်ချက်များနှင့် ထုတ်ပြန် ကြေညာချက်များတွင်၎င်း၊ ပြည်နယ်တရားရုံးများတွင် တရားစီရင်ချက်ချမှတ်ရာတွင်၎င်း၊ သက်ဆိုင်ရာ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကားများကို တရားဝင်ပြောဆိုသုံးစွဲခွင့်၊ ရေးသားတင်ပြခွင့်နှင့် အစိုးရပြန်တမ်းများတွင် တရားဝင်အသုံးပြုခွင့် ပေးရမည်။
(၆)   သက်ဆိုင်ရာပြည်နယ်၏ လူမှုဖူလုံရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာကိစ္စအရပ်ရပ်ကို လုပ်ပိုင်ဆောင်ရွက်ခွင့် အာဏာများ ပြည်နယ်အစိုးရထံ အပ်နှင်းထားရမည်။ ထို အာဏာများထဲတွင် ပြည်နယ်လူမှုဖူလုံရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အခွန်တော်ကောက်ပိုင်ခွင့်နှင့် ရန်ပုံငွေရှာဖွေပိုင်ခွင့်အာဏာ (ဥပမာ - ကမ္ဘာ့ဘဏ်တွင် ပြည်နယ်များက ငွေချေးယူခွင့်) များလည်း ပါဝင်စေရမည်။
(၇)   တိုင်းရင်းသားလူမျိုးများတို့၏ ဘိုးဘွားပိုင်နယ်မြေရှိ သဘာဝတွင်းထွက်သယံဇာတပစ္စည်းများ၊ မြေပေါ်မြေအောက်သယံဇာတ များ၊ သစ်တောများ၊ မြစ်ချောင်းအင်းအိုင်များနှင့် လယ်ယာမြေပိုင်ဆိုင်ခွင့်အားလုံးကို ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အတိအကျပြဋ္ဌာန်းပြီး၊ သက်ဆိုင်ရာ ပြည်နယ်တိုင်းရင်းသားလူမျိုးများသာလျှင် ပိုင်ရှင်များဖြစ်ကြကြောင်း ဥပဒေဖြင့် ကာကွယ် ရမည်။

နိဂုံးချုပ်

မိမိတို့ တိုင်းရင်းသားလူမျိုးများသည် ပြည်ထောင်စု၏မူလပိုင်ရှင်များ ဖြစ်ကြပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံသည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သော တိုင်းပြည်တခုဖြစ်ပါသည်။ လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သော တိုင်းပြည်၏ “အချုပ်အခြာ အာဏာ” များကို “နိုင်ငံသား” များက ပိုင်ဆိုင်ကြသည်။ နိုင်ငံတော်အချုပ်အခြာအာဏာကို ပိုင်ဆိုင်ထားသော “နိုင်ငံသား” များကို “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” အပြည့်အဝရှိသော လူမျိုးများဟု ဆိုထားပါသည်။ ထို့ကြောင့် မိမိတို့တိုင်းရင်းသားလူမျိုးများသည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်ဆိုင်သော တိုင်းပြည်တခု၏ နိုင်ငံသားများအနေဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို မိမိတို့၏ မွေးရာပါ အခွင့်အရေး အဖြစ် ပိုင်ဆိုင်ထားပြီးသား ဖြစ်ပါသည်။

သို့ရာတွင် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်ဆိုင်သော တိုင်းပြည်တခု၏ နိုင်ငံသားများအနေဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို မွေးရာပါ အခွင့်အရေးအဖြစ် ပိုင်ဆိုင်သင့် ပိုင်ဆိုင်ထိုက်သော်လည်း အဘယ်ကြောင့် မိမိတို့တိုင်းရင်းသားလူမျိုးများသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် အနှစ် (၆ဝ) ကျော် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေကြသနည်း။ အကြောင်းမှာ မိမိတို့၏ မွေးရာပါအခွင့်အရေး အဖြစ် ပိုင်ဆိုင်ထားသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသုံးချ၍ မိမိတို့ လိုလားသော နိုင်ငံရေးစနစ်၊ မိမိတို့ ရည်မှန်းထားသော ပြည်ထောင်စုစနစ်ကို မထူထောင်နိုင်သေးသောကြောင့် ပင်ဖြစ်ပါသည်။

မိမိတို့ တိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ မွေးရာပါအခွင့်အရေးအဖြစ် ပိုင်ဆိုင်ထားသော ကိုယ်ပိုင်အခွင့်အရေးကို အရုပ်သိမ်းခံရ သောကြောင့်၊ မိမိလူမျိုး တိမ်ကောပပျောက်ခြင်းမရှိပဲ၊ မိမိတို့၏ အမျိုးသားရေးလက္ခဏာများကို ကာကွယ်ထိန်းသိမ်းရန် အနှစ် (၆ဝ) ကျော် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့ဆင်နွှဲနေသော လက်နက်ကိုင်တော်လှန်ရေး၏ ရည်မှန်းချက်သည် မိမိတို့၏ မွေးရာပါအခွင့်အရေးအဖြစ် ပိုင်ဆိုင်သင့်ပိုင်ဆိုင်ထိုက်သော “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” အပြည့်အဝ ပြန်လည် ရရှိရေးဖြစ်ပြီး၊ ထိုကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသုံးချ၍ မိမိတို့လိုလားသော နိုင်ငံရေးစနစ်ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံကို ပင်လုံစိတ်ဓါတ် နှင့်အညီ အသစ်ပြန်လည်တည်ဆောက်ရေးပင် ဖြစ်ပါသည်။

မိမိတို့လိုလားသော နိုင်ငံရေးစနစ်မှာ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ လူမျိုးရေးအရသော်၎င်း၊ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ကိုးကွယ်ယုံကြည်မှုများအရ သော်၎င်း၊ သီးခြားကွဲပြားမှု ရှိကြသည်ဟူသော မတူကွဲပြားမှုကို အချင်းချင်း အသိအမှတ်ပြုလေးစားပြီး၊ ထို မတူကွဲပြားမှုကြောင့် ရန်ဖက်ပိပက္ခမဖြစ်ပဲ ငြိမ်းချမ်းစွာအတူလက်တွဲ နေထိုင်နိုင်ရေးဝါဒ လိုအပ်ပါသည်။ ထိုသို့ မတူကွဲပြားမှုကို လေးစားအသိအမှတ်ပြုပြီး စည်းလုံးညွီတ်ရေး (Unity in Diversity) ကို တည်ဆောက်ရန် တခုတည်းသော နည်းလမ်းမှာ ဤတိုင်းပြည်ကို စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် ပြန်လည်ထူထောင်ရေးပင် ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။

၂ဝ၁၂ ခုနှစ် မတ်လ (၂) ရက်
 http://www.burmaethnicstudies.net/analysis.html

Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India