- 08 September 2012

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ မော်မှော်ဘွမ် (Maw Mau Bum) မှ မော်ဝမ်း (Maw Wan) နှစ်ခြင်း ဘုရားကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေသော ဒုက္ခသည် မောင်ဆဂ လအောင် (Saga La Awng) အသက် ၂၀ နှစ်အား စက်တင်ဘာ ရ ရက် သောကြာနေ့က မြန်မာအစိုးရတပ် ခလရ (၅၁) တပ်မှ နှိပ်စက်ညှင်းဆဲ သတ်ဖြတ်လိုက်ကြောင်း ဒေသခံတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
၄င်းသည် အိမ်သို့ပြန်မည်ဟုပြောဆိုကာ ခြေလျင်ဖြင့်နေအိမ်သို့သွားနေချိန် ယခုကဲ့သို့ မြန်မာအစိုးရတပ်များ ဖမ်းဆီးနှိပ်စက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးပြောသည်။
“လအောင်က မော်မှော်ဘွမ် (Maw Mau Bum) လမ်းကနေ မပြန်ဘဲ အရမ်းကြောက်ရတဲ့ လမ်းကနေ ပြန်သွားတော့ စိမ်းအောင်ကုမ္ပဏီမှာ ရှိနေတဲ့ အစိုးရတပ်တွေကတွေ့ပြီး စစ်ဆေးမေးမြန်းတယ်။ ဖမ်းပြီး ဆာလာအိတ်ထဲ ထည့်ပြီး နှိမ်စက်ညှင်းဆဲတယ်။ ပြီးတော့ ချောက်ထဲပစ်လိုက်တယ်။ သူ့အမေက မပြန်ရဘူးလို့တော့ပြောတယ်တဲ့။ သူ့အမေက ကလေးပိုးထားတော့ သူ့ကို မမှီိလိုက်တာတဲ့” ဟု မျက်မြင်သက်သေ တဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
မြန်မာအစိုးရတပ်မှ မောင်လအောင်ကိုဖမ်းဆီး၍ မေးခွန်းများမေးမြန်းရာတွင် ကောင်းမွန်စွာမဖြေနိုင်သော ကြောင့် ယခုလိုအသတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။ ယခုအချိန်ထိ ၄င်း၏ရုပ်အလောင်းကို မတွေ့ရှိသေးသောကြောင့် ဆွေမျိုးများက နှစ်ဖက်တပ်များအား အကြောင်းကြားထားကြောင်း သိရသည်။
မောင်လအောင်သည် ၁၀ တန်း ၂ ကြိမ်ဖြေပြီး ယခုချိန် ကျောက်စိမ်း ရေမဆေးများကောက်ပြီး မိဘကိုကူညီနေကြောင်း သိရသည်။
ယခုချိန် ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် ရှိနေသော မြန်မာအစိုးရတပ်သည် ပြည်သူလူထုများ သွားလာလှုပ်ရှားနေစဉ် ဖမ်းဆီးစစ်ဆေး သေနတ်ဖြင့်ပစ်ခတ်ခြင်းများရှိနေပြီး စက်တင်ဘာလ ၅ ရက်နေ့တွင်လည်း မော်ဝမ်းဒေသခံ ဦးကရဲန်နော်ကျန်း (Kareng Naw Chyan) အား သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သေးသည်။
မော်ဝမ်းနှစ်ခြင်းဘုရားကျောင်းအတွင်း ဒေသခံစစ်ပြေးဒုက္ခသည်များ ၈၆၅ ယောက် ခိုလုံလျက်ရှိပြီး ယခုချိန်အစားအသောက်နှင့် ဆေးဝါးများ၊ နေရာထိုင်ခင်းများအခက်ခဲကြုံတွေ့နေရကြောင်း ကူညီသူတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။







Sunday, September 09, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
Posted in: