
အစိုးရတပ်နှင့် ကချင်ပြည် လွတ်လပ်ရေးတပ်မတော် KIA တို့အကြား နှစ်ဖက်တွေ့ဆုံ ဆွေးနွေးရေး လုပ်ငန်းများ သောင်မတင် ရေမကျ ဖြစ်နေရခြင်းမှာ အစိုးရက ငြိမ်းချမ်းရေး အပေါ် အလေးမထားခြင်းဟု KIO က သံသယ ဖြစ်နေသည်။
မူဆယ်(သို့မဟုတ်) နေပြည်တော်တွင် တွေ့ဆုံကြရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဒု-ဥက္ကဌ ဦးအောင်မင်း လက်မှတ်ဖြင့် KIO အဖွဲ့ထံ သြဂုတ်လ (၂၅) ရက်နေ့က အဆိုပြုစာ ရေးပို့ခဲ့သည့်အပေါ် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်က ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဦးအောင်မင်း ကနေပြီးတော့ ကျနော်တို့ မလာနိုင်တာ သူတို့သိရဲ့သားနဲ့ မူဆယ် ဒါမှ မဟုတ် နေပြည်တော်ဆိုတာ ပြောလာတဲ့ ကိစ္စတော့ ဒီတွေ့ဆုံ ဆွေးနွေးမှုဟာ မလုပ်ရင် လည်း ကိစ္စမရှိပါဘူးဆိုတဲ့ ပေ့ါပေ့ါတန်တန် သတ်မှတ်တဲ့ သဘောလိုမျိုး ကျနော်တို့ မှတ်ယူ တယ်ခင်ဗျ။”
ထို့အပြင် KIA နှင့် အစိုးရတပ်တို့ တနှစ်ကျော်ကြာကာလအတွင်း တိုက်ပွဲအကြိမ်ရေပေါင်း (၁၇၀၀) ကျော်ဖြစ်ပွားခဲ့သလို အခြားတိုင်းရင်းသား ဒေသများနှင့် အခြေအနေ ကွာဟမှု ရှိသည့်အတွက် နေပြည်တော်သို့ မသွားခြင်း ဖြစ်သည်ဟုလည်း ဦးလနန်က ဆိုသည်။
“ကျန်တဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်တဲ့အခါမှာ သူတို့ရှေ့တန်းတွေမှာ တိုက်ပွဲတွေက ပြင်းပြင်းထန်ထန် ဆိုးဆိုးရွားရွား ဖြစ်တာမျိုး မရှိဘူးခင်ဗျ။ အခုကျနော်တို့ ဖက်မှာ တိုက်ပွဲတွေက အမြဲတန်းဖြစ်နေတယ်။ မနေ့ကအထိဆိုရင် တနှစ်နဲ့သုံးလ အတော အတွင်းမှာ တိုက်ပွဲပေါင်းက (၁၇၇၀) ကျော်သွားပြီ။ ဒီလိုဟာမျိုး ဖြစ်တဲ့အချိန်မှာ ကျနော်တို့ ဖက်က နေပြည်တော်မှာ သွားပြီးမှဘဲ တွေ့ဆုံမှု တက်ရောက်မယ်ဆိုရင် သာမာန်လူ တယောက်အနေနဲ့ ဒါဟာ လုပ်သင့် မလုပ်သင့်ဆိုတဲ့ဟာ စဉ်းစားတတ်မှာပါ။”
နှစ်ဖက်တွေ့ဆုံရေးကို ဗန်းမော် (သို့မဟုတ်) မူဆယ်မြို့များတွင် ပြုလုပ်ရန် လွန်ခဲ့သည့် ဇွန်လက အစိုးရဖက်မှ ပြောဆိုခဲ့သည့်အပေါ် အတိုင်းအတာတခုအထိ သဘောတူညီမှု မရနိုင်သေးသ၍ ပြည်တွင်း၌ မဆွေးနွေးနိုင်ကြောင်း KIO ဖက်မှ တုန့်ပြန်ပြောဆို လိုက်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ရွှေလီမြို့တွင် တွေ့ဆုံကြရန် ဇူလိုင်လ (၁၇) ရက်နေ့က အကြောင်းပြန်ကြားခဲ့သည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် တနှစ်ကျော်ကာလအတွင်း နှစ်ဖက် ကိုယ်စားလှယ်များ (၉) ကြိမ်ထက်မနည်း တွေ့ဆုံ ဆွေးနွေးခဲ့ရာ တပ်နေရာချထားရေးနှင့် ဒေသတွင်း အစိုးရတပ်များ ပြန်လည် ဆုတ်ခွာရေးကို KIO ဖက်က တောင်းဆိုခဲ့သည်။
သို့သော် ယင်းကိစ္စ အစိုးရဖက်မှ လိုက်လျောမှု မရှိသည့်အပြင် ဒေသတွင်း တပ်အင်အား ပိုမို ပို့ဆောင်နေသည့်အတွက် နေရာရွေးချယ်မှုထက် နှစ်ဖက် ယုံကြည်မှု ရရှိရေးက အဓိကဖြစ်သည်ဟု ဦးလနန်က အခုလို ပြောဆိုသည်။
“တွေ့ဆုံတဲ့ အခါတိုင်းမှာ နှစ်ဦးနှစ်ဖက်မှာ ခိုင်မာတဲ့ ယုံကြည်မှုက မရနိုင်ဘူးခင်ဗျ။ သူတို့ဖက်ကလည်း မပေးနိုင်သလို ကျနော်တို့ဖက်ကလည်း ဘယ်လိုမှ ရှာတွေ့လို့ မရတဲ့ဟာမျိုး။ နှစ်ဦးနှစ်ဖက်မှာ တွေ့ဆုံမှုတွေဟာ အဆင့်တက်လာတာမျိုး မရှိဘူး။ အကောင်းဖက်ကို သွားလာတာမျိုး မရှိဘူး။ ဒါကြောင့်မို့ တွေ့ဆုံမှုဟာ ခုထက်ထိတော့ သိပ်ပြီးတာ့ အကျိုးရလဒ်တော့ မပေါ်သေးဘူးဗျာ။”
ထို့အပြင် “တကယ်လို့များ ဒီတွေ့ဆုံမှု အဆင့်တွေမှာ အလားအလာ ကောင်းလာတယ်၊ တွေ့ဆုံမှု ပြုလုုပ်တဲ့ နောက်ပိုင်းမှာ တပ်တွေရဲ့ လှုပ်ရှားမှုတွေ လျော့သွားမယ်။ တိုက်ပွဲ တွေဟာ လျော့သွားမယ် ဆိုရင်ကတော့ ဒါ ယုံကြည်မှု ရှိလာတာပေ့ါ။ အဲလိုဟာမျိုး အဆင့်ဆင့် ယုံကြည်မှု ရှိလာရင်တော့ နေရာ ရွေးချယ် သတ်မှတ်မှုတွေဟာ ပြဿနာတရပ် မဟုတ်တော့ဘူးခင်ဗျ။” ဟု ဆက်လက် ပြောဆိုသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီး (၁၁) ဖွဲ့ရှိသည့်အနက် (၁၀) ဖွဲ့ နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီး ဖြစ်သည်ဟု အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီဝင်များက မကြာခနဆိုသလို သတင်းဌာနများသို့ ပြောဆိုခဲ့ပြီး မကြာခင် ပြေလည်လိမ့်မည်ဟု ပြောဆိုလေ့ရှိသော်လည်း ကချင်ပြည်နယ် အတွင်းတွင် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေဆဲ ဖြစ်သည်။
၀ုိင်းမော်မြို့နယ်အတွင်းရှိ KIA တပ်ရင်း (၃) ဒေသနှင့် တရုတ်မြန်မာ နယ်စပ် ပန်ဝါဒေသတဝှိုက်တွင် ယမန်နေ့က တိုက်ပွဲများ ပြင်းထန်နေပြီး ယခုတစ်ပတ်အတွင်း ကချင်ပြည်နယ် ဖားကန့်ဒေသတွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
http://www.nmg-news.com/bur/index.php?option=com_content&view=article&id=477&catid=5&Itemid=12