
အဆိုပါ သဘောတူညီချက်များတွင် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများ(Code of Conduct)၊ တပ်ပိုင်း ဆိုင်ရာ ကိစ္စများကို ဆက်လက်ဆွေးနွေးရေး၊ ယခုနှစ် မကုန်ခင် ထပ်မံတွေ့ဆုံဆွေးနွေးရေး နှင့် အပစ်အခတ်ရပ်စဲရေး ပိုမိုခိုင်မာ စေရေး အတွက် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် စသည့် အချက်တို့ ပါ၀င်ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ငြိမ်းချမ်း ရေး အကျိုးဆောင် ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။
ပြည်သူလူထု အတွက် အာမခံချက်ရှိသော လုံခြုံမှု ရရှိရေးနှင့် အဆင့်တိုင်းတွင် ယုံကြည်မှု တည်ဆောက်ရေးအတွက် ဦးတည် သည့် အချက်များကို အဓိကထားပြီး တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း KNU က ပြောဆိုထားသည်။
“အဓိက အချက် ၅ ချက်ကို သဘော တူညီမှု ရတယ်၊ ပထမ ကတော့ Code of Conduct ပေါ့ အပိုဒ် ၁၁ ပိုဒ် ပါပြီးတော့ အချက် ၃၄ ချက်ပါတဲ့ Code of Conduct ကို ဒုတိယ မူကြမ်း သဘောတူညီမှု ရတယ်၊ အဲဒါကို သူတို့ တဖြည်းဖြည်း ပြုလုပ် သွား မယ်၊ ၂ အချက်ကတော့ သူတို့ တပ်ပိုင်ဆိုင်ရာ ကိစ္စတွေကို နောက်အစည်းအဝေးတွေမှာ ဆက်ပြီးဆွေးနွေးဖို့ သဘောတူကြတယ်”ဟု ဦးလှမောင်ရွှေက ဆိုသည်။
KNU မှ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သော ကိုယ်စားလှယ် တချို့နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒု ဥက္ကဌ ဦးအောင်မင်း တို့က လက်မှတ်ရေးထိုးကြကြောင်း ဦးလှမောင်ရွှေက ဆက်ပြော သည်။
KNUအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးကလည်း အဆိုပါ မူကြမ်း၌ အပစ်အခတ်ရပ်စဲရေး အတွက် အရေကြီးသော အချက်များ ပါ၀င်ကြောင်း ရှင်းပြသည်။
“ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး အတွက်ဖြစ်ဖို့ အရေးကြီးပါတယ်၊ အနှစ်ချုပ်တွေ ဖွင့်ဆိုတဲ့ အချက်ကနေပြီးတော့ အထွေထွေ အာမခံချက် နောက် စစ်သည်တော် ကျင့်ဝတ်၊ ပြည်သူလူထုကို ဆက်ဆံခြင်း၊ ဘယ်လိုပုံစံနဲ့ ဆက်ဆံရမလဲ၊ အချက်တိုင်းက အရေး ကြီးပါတယ်၊ အရေးကြီးတဲ့ အချက်တွေကိုပဲ ထည့်ထားပါတယ်”ဟု မနော်မေဦးက ပြောဆိုသည်။
ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေး လေ့လာသူတချို့က KNU ၏ ဖိတ်ကြားချက်ဖြင့် တက်ရောက်ကြသည် ဟု ဆိုသည်။
ပြီးခဲ့သည့်လ ၅ ရက်နေ့ကလည်း ကရင်ပြည်နယ် မြဝတီမြို့၌ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဦးအောင် မင်း ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် KNU ခေါင်းဆောင်တချို့ တတိယအကြိမ် တွေ့ဆုံဆွေးနွေးမည့် ပွဲတွင် ခိုင်မာသည့် အပစ် အခတ် ရပ်စဲရေး ပေါ်ပေါက်စေရေး အတွက် အလွတ်သဘော ညှိနှိုင်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် ပထမဆုံး အကြိမ် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးခဲ့ပြီး ဒုတိယ အကြိမ်ကို ပြည်ထောင်စု အဆင့်တွေ့ဆုံဆွေးနွေးပွဲ အနေနှင့် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ဧပြီလ ၆ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရသည်။
၂၀၁၁ ခုနှစ် နို၀င်ဘာလ ၁၅ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ် အနေနှင့် ဦးအောင်မင်းက KNU ကိုယ်စားလှယ်များကို ငြိမ်း ချမ်း ရေး တွေ့ဆုံဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
KNU သည် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင်ကာ အစိုး ရ အဆက်ဆက်ကို ဆန့်ကျင် တော်လှန်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီ ဖြစ်သည်။
http://burma.irrawaddy.org/archives/19411