Tuesday, October 30, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
အခုလောလောဆယ်မှာ
အဆိုးထဲက အကောင်းဆိုသလို တစ်ဖက်မှာ သေမိန့်ကျရောဂါတစ်ခုအဖြစ်
အများနားလည်ထားကြတဲ့ ကင်ဆာရောဂါနဲ့ စစ်ပွဲဆင်နွှဲနေရပေမယ့်
အခြားတစ်ဖက်မှာတော့ အရင်ကနဲ့စာရင် အချိန်ပိုရသလိုဖြစ်နေတာကြောင့် စာတွေ
ပိုပြီး ဖတ်ဖြစ်နေတယ်ဗျ။ အထူးသဖြင့် ဒီကနေ့ စာဖတ်သူအများစုကို
သူ့ထက်ငါကောင်း အပြိုင်အဆိုင် စည်းရုံးဆွဲဆောင်နေကြတဲ့ ဂျာနယ် တွေကို
ပိုပြီးတော့လည်း များများ၊ ပိုပြီးတော့လည်း စူးစူးနစ်နစ်
ဖတ်ဖြစ်နေမိတယ်ဗျာ။
ဦးခွန်ထွန်းဦးရဲ့ စကား
အခုရက်ပိုင်းအတွင်း ဖတ်ဖြစ်ခဲ့တဲ့ ဂျာနယ်ပါ သတင်း ဆောင်းပါး
တွေ့ဆုံမေးမြန်းခန်းတွေထဲက ကျွန်တော့်အာရုံမှာ လာငြိ တာတွေထဲက တစ်ခုကတော့
Voice ဂျာနယ်ထဲက ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥကဌ
ဦးခွန်ထွန်းဦးရဲ့စကား တစ်ခွန်း ဖြစ်တယ်ဗျ။ ဂျာနယ်ထဲမှာပါတဲ့ သူ့စကားက
ဒီလိုဗျာ။
“လွန်ခဲ့တဲ့ နှစ်ရက်လောက်က သမတရုံး ၀န်ကြီး ဦးအောင်မင်းက ဖက်ဒရယ်ဆိုတာ
ပြည်ထောင်စုမူ လို့ လက်ခံလာသလို နိုင်ငံရေးပါတီတွေ၊ သတင်းဂျာနယ်တွေမှာလည်း
ဖယ်ဒရယ်စနစ်နဲ့ ပတ်သက်ပြီး ခွဲထွက်ရေးမဟုတ်ဆိုတာကို ကျယ်ကျယ် ပြန့်ပြန့်
သိရှိလာတယ်။ အဘိုး၊ အဖေနဲ့ အန်ကယ်ကိုယ်တိုင် ထောင်ကျခံပြီး ဖယ်ဒရယ်ကို
နားလည်လက်ခံလာအောင် ကြိုးပမ်းရကျိုးနပ်တယ်” လို့ ပြောလိုက်တာဗျ။
ခွဲထွက်ရေးမူအမြင်ကို စွန့်လွှတ်လိုက်ပြီလား
အားလုံးသိကြတဲ့အတိုင်း ၂၀၀၈ အခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့
အစိုးရလက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့
ငြိမ်းချမ်းရေးရရှိရေးအတွက် အစိုးရကို ကိုယ် စားပြုပြီး စွမ်းစွမ်းတမံ
ကြိုးပမ်းဆောင်ရွက်နေတဲ့ ယခင် မီးရထား ၀န်ကြီး၊ ယခု သမတရုံးဝန်ကြီး
ဦးအောင်မင်းဟာ ယခင် စစ်အစိုးရ လက်ထက်က တိုင်းမှူးအဆင့်အထိ တာဝန်ယူခဲ့ဖူးတဲ့
စစ်အရာရှိ ဟောင်းကြီးတစ်ဦး ဖြစ်တယ်ဗျ။ အဲဒီတော့ ဦးခွန်ထွန်းဦးစကားအရ
ဖယ်ဒရယ်မူကို ခွဲထွက်ရေးမူအဖြစ် နှစ်ပေါင်းငါးဆယ်လောက် သဘောထားလာခဲ့ကြတဲ့
စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ကိုယ်စားလှယ်တစ်ဦး ဟာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ
အဲဒီအမြင်ကို စွန့်လွှတ်လိုက်တဲ့ သဘောလို့ ယူဆရမှာ ဖြစ်တယ်ဗျ။
အဓိက အကြောင်းပြချက်ကြီး
ဖယ်ဒရယ်မူဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးစနစ် တစ်ဆစ်ချိုး
ကွေ့သွားခဲ့တဲ့ဇာတ်လမ်းမှာ အဓိက အကြောင်းပြချက်ကြီး ဖြစ်ခဲ့တယ်ဗျ။
အကြောင်းကတော့ ပါလီမန် ဒီမိုကရေစီစနစ်ကို မြေမြှုပ် သင်္ဂြိုဟ်၊ သူ့အခေါ်
ဆိုရှယ်လစ် ဒီမိုကရေစီစနစ်၊ ပြည်သူလူထု အများစုကြီး အခေါ်
ဆိုရှယ်လစ်အရေခြုံတစ်ပါတီအာဏာရှင်စနစ်ကို ဗိုလ်ချုပ်ကြီးနေဝင်း
ထူထောင်ရာမှာ သူ အဓိက ပေးခဲ့တဲ့အကြောင်းပြ ချက်က အဲဒီဖယ်ဒရယ်မူ ဖြစ်တယ်ဗျ။
၁၉၄၇ အခြေခံဥပဒေထဲမှာ ထည့်သွင်း ထားတဲ့ ခွဲထွက်ခွင့် တစ်နည်း
ဖယ်ဒရယ်မူကို အကြောင်း ပြုပြီး ပြည်နယ် တစ်ခုက ခွဲထွက်ဖို့
ကြံစည်ကြိုးပမ်းလာတာကြောင့် ပြည်ထောင်စုကြီး မပြိုကွဲသွားရလေအောင်
နိုင်ငံတော်အာဏာကို တပ်မတော်က ရယူ ထိန်းသိမ်းလိုက်တာဖြစ်တယ်လို့ အဲဒီတုန်းက
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းက တိုင်းပြည်ကို အသိပေး
ကြေညာခဲ့တာဖြစ်တယ်ဗျ။
အကြံရကျပ်နေတုန်းမှာ
ရှစ်ဆယ့်ရှစ်အရေးတော်ပုံကာလအတွင်း ကျယ်ကျယ်ပြန့် ပြန့်
ထွက်ပေါ်လာတဲ့သတင်းတစ်ခုမှာ ဗိုလ်ချုပ်ကြီးနေဝင်းဟာ
အာဏာသိမ်းတဲ့ကိစ(ပထစအစိုးရခေါင်းဆောင်ေတွေနဲ့ ရှမ်းစော်ဘွား အများစုကို
ဖမ်းဆီး ထိန်းသိမ်းတဲ့ကိစ္စ)ပြီးတဲ့နောက် တပ်မတော်က ဘာကြောင့်
အာဏာသိမ်းရတယ်ဆိုတာ တိုင်းပြည်ကို တရားဝင် အသိပေးကြေညာဖို့
အကြံရကျပ်နေတုန်း သူ့လက်ထောက် စစ်ဗိုလ်ကြီး တစ်ဦးက ကြေညာချက်တစ်စောင်
ရေးယူလာတယ်။
အဲဒီကြေညာချက် ထဲမှာ ဖယ်ဒရယ်မူကြောင့် ပြည်ထောင်စုကြီး ပြိုကွဲရတော့မယ်
အန္တရာယ်ရှိလာတဲ့အတွက် အာဏာသိမ်းရတယ်လို့ ရေးထားတယ်။ အဲဒါကို
ဗိုလ်ချုပ်ကြီးနေဝင်းက ဖတ်ကြည့်ပြီး
“အေး ကောင်းတယ်၊ အဲဒီအတိုင်း ရေဒီယိုက အသံလွှင့် ကြေညာလိုက်” လို့
ပြောခဲ့တယ်လို့ ဆိုတယ်။ အဲဒီဖော်ပြချက်သာ မှန်တယ်ဆိုရင်တော့
ဗိုလ်ချုပ်ကြီးနေဝင်းဟာ ဖယ်ဒရယ်မူကြောင့် ပြည်ထောင်စုကြီး ပြိုကွဲမှာကို
တကယ်ပဲ စိုးရိမ်ပြီး အာဏာသိမ်းတာမဟုတ်ပဲ သိမ်းချင်လို့ သိမ်းပြီးမှ
ဖယ်ဒရယ်မူ နဲ့ ပြည်ထောင်စု ပြိုကွဲမယ့် အနရာယ်ဆိုတာကို တမင်သက်သက်
ဆင်ခြေဆင်လက် ဆင်နားရွက်လုပ်လိုက်တာ ဖြစ်တယ်လို့ ယူဆရမှာ ဖြစ်တယ်ဗျ။
၀န်ကြီးချုပ်ဟောင်းဦးနုရဲ့ သဘောထား
ထားပါတော့ဗျာ။ အခုအချိန်မှာ ဗိုလ်ချုပ်ကြီးနေဝင်းရော၊
အဲဒီကြေညာချက်ရေးယူလာတဲ့ စစ်ဗိုလ်ကြီးရော၊ အဲဒီအာဏာသိမ်းပွဲ ပြီးနောက်
ဖွဲ့စည်းတဲ့ တော်လှန်ရေးကောင်စီအဖွဲ့ဝင် အကုန်လုံးနီးပါး
လောက်မရှိကြတော့ပြီမို့ ဒီကိစကို အကျယ်အကျယ် မငြိမ်းဖွယ်လုပ်
မနေချင်တော့ပါဘူးဗျာ။ တစ်ဆက်တည်းမှာ ၀န်ကြီးချုပ်ဟောင်း ဦးနုက
”ပြည်ထောင်စုကြီး ပြိုကွဲ မဲ့ အနရာယ် အမှန်တကယ်ရှိနေပြီလို့ ကျုပ်ကို
နှစ်မိနစ်လောက်ပဲ ကြိုပြောပါ။ အာဏာသိမ်းစရာမလိုပါဘူး၊ ကျုပ်ကိုယ်တိုင် တပ်
မတော်ကို အာဏာအပ်မှာပါ”
လို့ ပြောခဲ့တာကို ၁၉၆၆ခု စက်တင်ဘာလက သတင်းထောက်တစ်ယောက်ဖြစ်တဲ့
ကျွန်တော်ကိုယ်တိုင် နားနဲ့ဆတ်ဆတ် ကြားခဲ့ရပြီး သတင်းရေး ခဲ့ဖူးပါတယ်။
၀န်ကြီးချုပ်ဟောင်းဦးနုလည်း အခုအချိန်မှာ မရှိတော့ပြီမို့ ဒီကိစ္စကို
ရာဇဝင်ထဲမှာ ထားရစ်ခဲ့ … လို့ ဆိုရတော့မပေါ့ဗျာ။
ပြည်ထောင်စု ပြိုကွဲရေးဆိုတဲ့အမြင်
ဖယ်ဒရယ်မူကြောင့် အာဏာသိမ်းတာလား။ အာဏာသိမ်း ပြီးမှ ဖယ်ဒရယ်မူကို
အကြောင်းပြချက်ဆင်ခြေအဖြစ် ဆွဲသုံးသလား ဆိုတဲ့ အချက်ကို ရာဇဝင်ထဲမှာ
ထားရစ်ခဲ့လို့ ရကောင်းရမှာဖြစ်ပေမယ့် ရာဇဝင်ထဲမှာ မနေရစ်ခဲ့ဘဲ အဲဒီနောက်
နှစ်ပေါင်းများစွာ အထိ လိုက်လာခဲ့တဲ့ကိစ္စကတော့ မြန်မာပြည်သူ
အစိတ်အပိုင်းတစ်ချို့ အထူး သဖြင့် မျိုးဆက်သစ် တပ်မတော် ခေါင်းဆောင်အများစု
စိတ်ထဲ ဖယ် ဒရယ်မူဆိုတာကို ပြည်ထောင်စု ပြိုကွဲရေးလမ်းစအဖြစ်
စွဲနေကြတဲ့ကိစ ဖြစ်တယ်ဗျ။
တကယ်ပဲ စိုးရိမ်လို့လေလား။ ဒါမှမဟုတ် သူ အာဏာ သိမ်းတဲ့ကိစကို
တရားမျှတတယ် (justify) လို့ အများက မြင်အောင် လေလားတော့မသိဘူး။
ဗိုလ်ချုပ်ကြီးနေဝင်းနဲ့သူ ဦးဆောင်တဲ့ အစိုးရပုံသဏ္ဍာန်နှစ်ခု
(တော်လှန်ရေးကောင်စီနဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ)က အဲဒီအချက်ကို
ထပ်တလဲလဲ သံမှိုနှက်သလို နှက်ခဲ့ တာကြောင့်လည်း အဲသလို စွဲနေခဲ့ကြတာ
ဖြစ်တယ်ဗျ။
ရွှေပြည်တော် မျှော်တိုင်းမနီး
ဗိုလ်ချုပ်ကြီးနေဝင်းက ဖယ်ဒရယ်မူကို ရိုးရိုးသားသား စိုးရိမ်
စိတ်နဲ့ပဲဖြစ်ဖြစ်၊ မရိုးမသား အသုံးချခဲ့တာပဲဖြစ်ဖြစ် သူကတော့ အဲဒီ
ပုစ္ဆာကို ပဟေဠိအဖြစ်ထားခဲ့ပြီး လောကထဲက ထွက်သွားခဲ့ပြီမို့ သူ့ အတွက်တော့
ပြသနာမရှိတော့ဘူးဗျာ။ ပြသနာရှိနေတာက ဖယ်ဒရယ် မူကို
ပြည်ထောင်စုဖြိုခွဲရေးမူအဖြစ် တပ်မတော်ခေါင်းဆောင် အဆက် ဆက်က
သဘောထားနေခဲ့ကြတာကြောင့် ကျွန်တော်တို့နိုင်ငံမှာ ပြည်
တွင်းစစ်မီးမငြိမ်းနိုင်ဖြစ်နေခဲ့တဲ့ ကိစြ္စဖစ်တယ်ဗျ။
တပ်မတော်ခေါင်း ဆောင်တွေက ဖယ်ဒရယ်မူဆိုတဲ့စကား ပြောလိုက်တာနဲ့
ပြောတဲ့သူကို မျက်ထောင့်နီကြီးတွေနဲ့ ကြည့်၊ ဖယ်ဒရယ်မူကို ကိုင်စွဲပြီး
မိမိ လူမျိုးစု အခွင့်အရေး (nationality’s rights)အတွက် တိုက်ပွဲဝင်နေ
သူတွေကို လူမျိုးစုသောင်းကျန်းသူတွေအဖြစ် ရှုမြင်လာကြရင်းနဲ့ပဲ
ကျွန်တော်တို့ နိုင်ငံမှာ ငြိမ်းချမ်းရေးကင်းမဲ့ပြီး ရွှေပြည်တော်
မျှော်တိုင်းမနီး ဖြစ်လာခဲ့တာ အခုတိုင်ဖြစ်တယ်ဗျ။ ငြိမ်းချမ်းရေးမှ မရ
တော့လည်း ကျွန်တော်တို့နိုင်ငံကကာမှာ မပြောနဲ့ ဒေသတွင်းမှာ တောင်
ဓားမနောက်ပိတ်ခွေးဖြစ်တာ ဘာဆန်းသလဲဗျာ။
ပြန်လည် ဆန်းစစ် သုံးသပ်ခွင့်ရှိ
အခုအချိန်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုရဲ့ အကျိုးဆက်
အဖြစ်စာနယ်ဇင်းလွတ်လပ်ခွင့်လည်း အတော်ကလေးရလာနေပြီမို့ ဖယ်ဒရယ်မူနဲ့
ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေ ကိုယ်တိုင် ပြောနေ ဆိုနေ ရေးနေ
သားနေကြပြီမို့ ဖယ်ဒရယ်မူနဲ့ပတ်သက်ပြီး တကယ် အဓိပာယ် အစစ်အမှန်ကို
ပြည်သူတွေ အတော်ကလေး သဘောပေါက် နားလည်နေကြပြီလို့ ကျွန်တော် ယူဆတယ်ဗျာ။
တပ် မတော်သားတွေလည်း ဖယ်ဒရယ်မူနဲ့ပတ်သက်ပြီး မိမိတို့အရင်တုန်းက
ရှိထားခဲ့တဲ့ နားလည်သဘောပေါက်မှုဟာ မှန်မမှန်ဆိုတာကို ပြန်လည် ဆန်းစစ်
သုံးသပ်ခွင့်ရရှိနေကြပြီဖြစ်တယ်ဗျာ။
ကျွန်တော်တို့ ပြည်သူ့ ခေတ်ဂျာနယ်မှာ ဦးအေးသာအောင် အခန်းဆက်ရေးခဲ့တဲ့
ပင်လုံနဲ့ ဖယ်ဒရယ် ဆောင်းပါးတွေကို ဖတ်ရှုခဲ့ကြသူများအနေနဲ့ ကျွန်တော်တို့
ပြည်ထောင်စုကြီးရဲ့ အတိတ်ကို မှန်မှန်ကန်ကန်သိရှိပြီး အနာဂတ် အတွက်
မြော်မြော်မြင်မြင်နဲ့ တွေးဆနိုင်ကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်ဗျ။
ပြည်နယ်အာဏာ ခွဲဝေပေးရေးအဓိက
တကယ်တော့ ၁၉၆၁ အစောပိုင်းကာလမှာ တိုင်းရင်းသား ခေါင်းဆောင်အချို့
(အထူးသဖြင့် ရှမ်းစော်ဘွားတွေ) ပြည်ထောင်စု အစိုးရကို အရေးဆိုဖို့
စီစဉ်ခဲ့ကြတာက ခွဲထွက်ခွင့်တောင်းဖို့ မဟုတ် ဘူးဗျ။ ပင်လုံညီလာခံမှာ
ချမှတ်ခဲ့တဲ့ အခြေခံမူများမှ တစ်စတစ်စ သွေဖည်လာပြီး တစ်နေ့တခြားတိုးတက်
ဆုံးရှုံးလာနေတဲ့ တိုင်းရင်းသား လူမျိုးအခွင့်အရေးတွေကို မှန်မှန်ကန်ကန်
ရရှိဖို့ဖြစ်တယ်ဗျ။
တစ်နည်းပြော ရရင် ၁၉၄၇ အခြေခံဥပဒေမှာ ဖော်ပြထားတဲ့
တိုင်းရင်းသားအခွင့် အရေးတွေကို လက်တွေ့မှာ အမှန်တကယ်ရရှိရေး
တောင်းဆိုဖို့သာ စီစဉ်ခဲ့တာ ဖြစ်တယ်ဗျ။ နိုင်ငံရေးရဲ့သဘာဝအတိုင်း
အကျပ်ကိုင်တာ ဖိအားပေးတာ စျေးဆစ်တာ စျေးကိုင်တာတွေတော့ ပါချင်လည်းပါမှာ
ပေါ့ဗျာ။
ဒါပေမယ့် တိုင်းရင်းသားခေါင်းဆောင် အများစုက ပြည်ထောင် စုက ခွဲထွက်လိုစိတ်မရှိကြတာတော့ ကျွန်တော် လေ့လာမိသလောက် သေချာတယ်ဗျာ။
သူတို့ အဓိကလိုချင်ကြတာက ပြည်ထောင်စုအာဏာနဲ့ ပြည်နယ်တွေရဲ့ အာဏာကို
ပင်လုံညီလာခံ (တစ်နည်း)၁၉၄၇ အခြေခံဥပဒေပါ ဖော်ပြချက်တွေအတိုင်း တိတိကျကျ
ခွဲဝေပေးဖို့ပဲ ဖြစ်တယ်ဆိုတာ အထောက်အထားတွေ အများကြီး ရှိပါတယ်ဗျာ။
ကျွန်တော်တို့နိုင်ငံကို ပြည်ထောင်စုမြန်မာနိုင်ငံလို့ တရားဝင်
ခေါ်ထားပေမယ့် တိုင်းရင်းသားတွေကတော့” ပြည်ထောင်စု အမည်ခံ
တစ်ပြည်ထောင်တည်း” အဖြစ် တစ်လျှောက်လုံး ရှုမြင်ခဲ့ကြ တယ်ဗျ။ ကျွန်တော်တို့
တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေး လိုချင်ကြတယ် ဆိုရင်တော့ တိုင်းရင်းသားတွေ
ရင်ထဲက အဲဒီအမြင် ပပျောက်လွင့်စင် သွားအောင် လူများစုဖြစ်တဲ့ ကျွန်တော်တို့
ဗမာတွေက လုပ်ဆောင်ကြ ရမှာ ဖြစ်တယ်ဗျ။ ဒီတော့မှသာ ရွှေပြည်တော်
မျှော်တိုင်း မဝေးတော့မယ့် အခြေအနေကို ဆိုက်ရောက်မှာ ဖြစ်တယ်ဗျာ။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကား
ကျွန်တော်ကတော့ တိုင်းရင်းသားဒေသတွေမှာ သေနတ်သံ တွေ မစဲသေးဘူးဆိုတဲ့
သတင်းတွေကြားရတိုင်း လွတ်လပ်ရေးဗိသုကာ တိုင်းရင်းသား သွေးစည်း ညီညွတ်ရေး
ဗိသုကာ၊ အမျိုးသားခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့စကား
တစ်ခွန်းကိုပဲ အမြဲ ကြား ယောင်မိတယ်ဗျာ။ ၁၉၄၇ အခြေခံဥပဒေထဲမှာ ပြည်နယ်
ခွဲထွက်ခွင့် ပုဒ်မထည့်ဖို့ ကိစကို မြန်မာခေါင်းဆောင်တချို့က
ကန့်ကွက်ကြတော့ ဗိုလ်ချုပ်က …
“အိုဗျာ..ဒီဆယ်နှစ်အတွင်း ပြည်နယ်တွေ ခွဲမထွက်ချင် အောင် ကျုပ်တို့
ဗမာတွေက ကြိုးစားရမှာပေါ့။ ဒီလိုမှ မကြိုးစားနိုင်ရင် ကျုပ်တို့
ညံ့လို့ပေါ့”
လို့ ပြောခဲ့တယ်လို့ ကြားဖူးတယ်ဗျာ။ ဟုတ်ပါ တယ်ဗျာ။
နှစ်ပေါင်းအရာအထောင် တမြေတည်းနေ တရေတည်း သောက်လာခဲ့ကြတဲ့
တိုင်းရင်းသားတွေနဲ့ စုပေါင်းတည်ထောင်ထားတဲ့ ပြည်ထောင်စု
မြန်မာနိုင်ငံတော်ကြီး မပြိုကွဲရလေအောင် လူများစု လူမျိုးစုဖြစ်တဲ့
ကျွန်တော်တို့ ဗမာလူမျိုးတွေက တရားမျှတ လွတ်လပ် ခြင်းနဲ့မသွေ တန်းတူညီမျှ
၀ါဒဖြူစင်တဲ့ နည်းလမ်းအသုံးပြုပြီး စတင် ကြိုးပမ်းသင့်ကြဖို့
ကျွန်တော်ယူဆတယ်ဗျာ။
(မှတ်ချက်။
။ ၁၉၆၁-၆၂မှာ အတိအလင်း တောင်းဆိုခဲ့တဲ့ ရှမ်းမူလို့ နာမည်ကြီးတဲ့
ဖက်ဒရယ်မူ သို့မဟုတ် ပြည်ထောင်စု စစ်စစ်မူ အကြောင်းနဲ့ ဖြစ်ရပ်မှန်များကို
ထဲထဲဝင်ဝင် လေ့လာလိုသူများ ‘မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များ
ရေးသားပြုစုရေးအဖွဲ’ က စိစစ် ထုတ်ဝေတဲ့ ]]၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး}}
တတိယတွဲ အခန်း၁၃၊ ယင်းစာအုပ် စတုတတွဲ အခန်း ၁၄၊ အခန်း ၁၅၊ အခန်း ၁၆၊
ထို့အပြင် အခန်း ၁၇ စာမျက်နှာ ၂၃၅ အောက်ခြေမှတ်စုပါ ၁၉၆၂ ဖေဖော်ဝါရီ ၂၄
ပြည်လမ်း အသံလွှင့်ရုံ လူမျိုးပေါင်းစုံနှီးနှောဖလှယ်ပွဲတွင်
ဦးထွန်းမြင့်(တောင်ကြီး) ပြောကြားသော မိန့်ခွန်း ကောက်နှုတ်ချက် တို့ကို
စေ့စေ့စပ်စပ် ဖတ်ရှုလေ့လာ ဆင်ခြင် စဉ်းစားသင့်ပါကြောင်း။)
၂၉၊ ၁၀၊ ၂၀၁၂
maungwuntha@gmail.com
ယခုအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။
http://moemaka.com/?p=28643
Posted in: ဆောင်းပါး
Email This
BlogThis!
Share to Facebook