
ယမန်နေ့မှ စတင်၍ KIO ခေါင်းဆောင်များ ၎င်းတို့၏ ထိန်းချုပ် ဒေသတွင် ဆွေးနွေးနေဆဲ ဖြစ်သည့် အတွက် ညှိနှိုင် ဆွေးနွေးပြီးမှ သာလျှင် တွေ့ဆုံမည့် နေ့ရက်ကို သိရှိရမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် လတွင် အစိုးရနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးနိုင်ရန် သမ္မတ ဦးသိန်းစိန် အနေဖြင့် နေပြည်တော်သို့ ကမ်းလှမ်းထားပြီး KIA ဘက်က စစ်ရေး တင်းမာနေချိန် အတောအတွင်း နှစ်ဘက်တပ်များအပေါ် ယုံကြည်မှု ကင်းမဲ့နိုင်သောကြောင့် တွေ့ဆုံရန်ကိစ္စ မဖြစ်နိုင်ကြောင်း စက်တင်ဘာလ ၁၇ ရက်နေ့က အကြောင်းပြန်ကြားခဲ့သည်ဟု သိရှိရသည်။
အစိုးရအနေနှင့် ယခုလ ၁၀ ရက်နေ့က ထပ်မံ တွေ့ဆုံရန် ကမ်းလှမ်းထားပြီး စာကိုလည်း KIO ခေါင်းဆောင်များ လက်ခံရရှိကြောင်း အစိုးရထံသို့ ပြန်လည်အကြောင်း ကြားထားကြောင်း သိရသည်။
ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်းအောင်က တွေ့ဆုံဆွေးနွေးပွဲကို အစိုးရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒု ဗိုလ်ချုပ်ကြီး မြင့်စိုး ဦးဆောင်ပြီး ဆက်လက် တွေ့ဆုံဆွေးနွေးနိုင်မည့် မူတခု ချမှတ်နိုင်ရေးနှင့် တင်းမာနေသည့် စစ်ရေးကို ဆွေးနွေးမည်ဟု သိရကြောင်း ဆိုသည်။
“အရင် တပ်ပိုင်းဆိုင်ရာကိစ္စကို အစိုးရဘက်က ဆုံးဖြတ်နိုင်မည့်လူက မပါလာဘူး။ ဒီတခေါက် တပ်ပိုင်းကလည်း သူတို့ ဆုံးဖြတ်ပါမယ်လို့ ပြောတဲ့အပိုင်း ရှိလာတယ်ဆိုတော့ တိုးတက်လာမယ်လို့ ကျနော်တို့ ရာခိုင်နှုန်းအပြည့် ယုံကြည်ပါတယ်” ဟု ဦးဆန်းအောင်က ဆက်ပြောသည်။
ယခုနှစ် ဇွန်လ ၂၀ ရက်နေ့က ဦးအောင်မင်းနှင့် KIO ခေါင်းဆောင်များ မိုင်ဂျာယန်ဒေသတွင် နောက်ဆုံး တွေ့ဆုံခဲ့စဉ် နှစ်ဖက်တပ်များ တင်းမာနေသည့် စစ်ရေးကိစ္စများ ပြေလည်ရေးအတွက် တွေ့ဆုံရန် စီစဉ်ထားခဲ့ကြောင်း၊ ထိုအချိန်က တရုတ်နိုင်ငံ ရွှေလီမြို့တွင် KIA ဒု ဗိုလ်မှူးချုပ် ဂွန်မော်နှင့် အစိုးရ ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း ဗိုလ်ချုပ်ကြီး စိုးဝင်း အနေဖြင့် ရွှေလီမြို့သို့ သွားရောက်ရန် အခက်အခဲရှိသည့်အတွက် အစီအစဉ် အကောင်အထည် မပေါ်ခဲ့ကြောင်း သိရသည်။
ဦးအောင်မင်းကမူ ကချင်ဒေသ စစ်မြေပြင်သို့ ရောက်ရှိနေသည့် အစိုးရတပ်များကို တဆင့်ချင်း ရုပ်သိမ်းသွားမည်ဟု ပြောကြားကြောင်း ပေါ်ပြူလာသတင်းဂျာနယ် အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ပြောထားသည်။
၈၈ ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သည့် ဦးမြအေးက KIO နှင့် အစိုးရအကြား ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် အခက်အခဲ ဖြစ်နေရခြင်းမှာ ယခင် ဆွေးနွေးပွဲ၏ အကျိုးရလဒ်များ ထိရောက်မှု မရှိသောကြောင့် ဖြစ်သည်ဟု ပြောသည်။
“ဆွေးနွေးပွဲတွေ လုပ်တယ်၊ တဖက်ကလည်း စစ်ပွဲတွေ မရပ်ဆိုင်းနိုင်ဘူး ဆိုလို့ရှိရင် ဒီဆွေးနွေးပွဲတွေဟာ အရာထင်လာမှာ မဟုတ်ဘူး၊ ပိုပြီးတော့ သံသယတွေ ကြီးထွားလာမယ်၊ စစ်တိုက်ဖို့အတွက် ဒီဘက်ကနေပြီးတော့ ကမ္ဘာကို အရောင်ပြပြီး ဆွေးနွေးတာလားဆိုပြီး တဘက်က စဉ်စားတာမျိုး ဖြစ်သွားနိုင်တယ်လေ။ မည်သို့ဆိုစေကာမူ ဆွေးနွေးပွဲတွေ ပြန်စဖို့ကိုတော့ နှစ်ဖက်ကို တိုက်တွန်းတယ်၊ အစိုးရဖက်က ကမ်းလှမ်းလာတာကိုလည်း KIO အနေနဲ့ စဉ်းစားပြီးတော့မှ အဖြေတခုပေးသင့်တယ်လို့ မြင်တယ်” ဟု ဦးမြအေးက ဆိုသည်။
တွေ့ဆုံဆွေးနွေးရာတွင် KIO နှင့် အစိုးရဘက်မှ သြဇာအာဏာကြီးမားသည့် နှစ်ဖက်ကိုယ်စားလှယ်များ ပါ၀င်ရန်နှင့် တိုက်ပွဲများ ရပ်ဆိုင်းသွားရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖော်ဆောင်ရန် အဓိကလိုအပ်ကြောင်း ကိုမြအေးက ဆက်ပြောသည်။
KIO သည် ၁၉၉၄ ခုနှစ်တွင် ယခင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။
ယင်း တိုက်ပွဲများကြောင့် လက်ရှိ အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင် ၍ ၂၀၁၂ ခုနှစ်အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း သဘောတူညီချက် တစုံတရာ မရရှိသေးပေ။ သောင်းနှင့် ချီသော ဒေသခံများမှာလည်း အိုးအိမ်၊ တောင်ယာများကို စွန့်ခွာ၍ တရုတ် မြန်မာနယ်စပ် ဒုက္ခသည် စခန်းများ၊ ပြည်တွင်း စစ်ဖြစ်ရာ ဒေသ အနီးရှိ မြို့ပေါ်များနှင့် တောတောင်များထဲတွင် ထွက်ပြေး ခိုလှုံနေကြရဆဲ ဖြစ်သည်။
http://burma.irrawaddy.org/archives/23167