လောလောဆယ် အနေအထားအရ အစိုးရတပ်မှ KIA ဌာနချုပ် တပ်မဟာ(၅) နယ်မြေ၊ ရှမ်းပြည်မြောက်ပိုင်းရှိ တပ်မဟာ (၄) နယ်မြေ၊ တပ်မဟာ(၁)နယ်မြေ ပန်ဝါဒေသနှင့် တပ်မဟာ(၆) နယ်မြေ ဖားကန့်ဒေသများတွင် ထိုးစစ်ဆင် လှုပ်ရှားရန် ပြင်ဆင်နေကြောင်း KIA အရာရှိများက ပြောဆိုသည်။

၄င်းတိုက်ပွဲတွင် KIA ဖက်မှ ခြုံခိုတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်မှုမရှိသော်လည်း အစိုးရတပ်မှ ၆ ဦး သေဆုံးခဲ့ကြောင်း KIA အရာရှိပြောသည်။ သို့သော် ယင်းကိစ္စ သီးခြားအတည်ပြုချက် မရသေးပေ။
အလားတူ အစိုးရတပ်ဖွဲ့ဝင် အင်အား ၄၀၀ ကျော် တိုးချဲ့ထားသည့် ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း (Pangsai) နှင့် မုန်ဂိုး (Munggu) ဒေသတွင်လည်း တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း ဆက်လက် ပြောဆိုသည်။
မြန်မာအစိုးရတပ်မှ ထိုးစစ်ဆင်လှုပ်ရှားမှုများ ရပ်ဆိုင်းမည်ဟုကြေငြာခဲ့သော လဂျားယန် (Lajayang) ဒေသတွင်မူ လဂျားယန်အထက်ဘက်၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အစိုးရတပ်၏ စစ်ယာဉ်တန်း ၂၄ စီး ယမန်နေ့ နံနက် ၈ နာရီ အချိန်က KIA တပ်မဟာ (၅) နယ်မြေ ဖာဂီ (Hpa Gyi) ရွာသို့ ရောက်ရှိလာကြောင်း တပ်မဟာ (၅) မှ အရာရှိတဦးက KNG ကချင်သတင်းဌာနသို့ ပြောသည်။
“ခယာဘက်မှာတော့ နေ့တိုင်းဘဲ နက်ကြီးသံတွေ ပစ်နေကြတယ်။ လက်နက်ကြီးက (၃) နေရာကနေ ပစ်ပေးနေတယ်။ မန်ဆိုင်း (Man Seng)၊ မဂျွယ်ဘွမ် (Majoi Bum) နဲ့ လကန်းတောင် (Lakang Bum) ကနေ ခယာ (Hka Ya) ဘက်ကို ပစ်နေတာ။ ရပ်ဆိုင်းမှုမရှိဘူး ပစ်နေတာဘဲ” ဟုဆိုသည်။
ထို့အပြင် ယမန့်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က တရုတ်နယ်စပ် KIA တပ်မဟာ (၁)နယ်မြေ ပန်ဝါ (Pangwa) အထက် မှတ်တိုင် (၆) သို့ မြစ်ကြီးနားမြို့ အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) မှ ရဟတ်ယာဉ်ဖြင့် စစ်အင်အားနှင့် စားနပ်ရိက္ခာများ တိုးချပို့ဆောင်နေကြောင်း မြစ်ကြီးနား မျက်မြင်ဒေသခံများက KNG ကချင်သတင်းဌာန သို့ပြောသည်။
“တစ်ခါထွက်ရင် helicopter ၃ စင်းနဲ့ သွားနေတယ်။ အခုချိန်ထိ ဆိုရင် ၆ ကြိမ်မြောက် ရှိပြီ။” ဟုဆိုသည်။
အစိုးရတပ်များသည် ပန်ဝါ (Pangwa) အထက်သို့ ပြန်လည်ထိုးစစ်ဆင်ရန် တိုးချဲ့လာသည်ကို သုံးသပ်ခြင်း အားဖြင့် ဆက်လက်၍ တိုက်ပွဲကြီးများဖြစ်လာနိုင်ကြောင်း ပန်ဝါ (Pangwa) အထက်မှတ်တိုင် (၆) စခန်းရှိ အရာရှိက ပြောသည်။
အလားတူ တပ်မဟာ (၆)နယ်မြေ ဖားကန့်ဒေသတွင်လည်း ဇန်နဝါရီလ ၁၉ နေ့မှစ၍ အစိုးရစစ်တပ်များ စစ်မျက်နှာ ၃ ခုဖွင့်၍ ထိုးစစ်ဆင်လာသောကြောင့် အဆိုပါဒေသဝန်းကျင်ရှိ ရွာပေါင်း ၁၀ ရွာမှ ဒေသခံများ ဖားကန့်မြို့ဖက်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည်။
အစိုးရတပ်မှ ယခုကဲ့သို့ KIA တပ်များရှိရာ နေရာဒေသအနှံ့သို့ ကြည်းတပ်၊ လေတပ်၊ အမြှောက်တပ်များဖြင့် အင်အားတိုးချဲ့လှုပ်ရှားမှုများသည် ကချင်ပြည်နယ်တွင် တိုက်ပွဲကြီးများ ဆက်လက်၍ ဖြစ်ပွားလာနိုင်ကြောင်း ဒေသခံများသုံးသပ်နေကြသလို စိုးရိမ်မှုများ ဖြစ်နေကြသည်။
http://burmese.bnionline.net/index.php/news/kng/12817--kia---.html







Thursday, January 24, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
Posted in: