January 6, 2013

KNU အဖွဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံ


ကရင်အမျိုးသား အစည်းအရုံး KNU ခေါင်းဆောင်တွေဟာ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ ဒီကနေ့ တွေ့ဆုံပါတယ်။ အပစ်အခတ် ရပ်စဲရေးက တဆင့် ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းသွားမယ်လို့ နှစ်ဘက်စလုံးက ကတိပြုခဲ့ကြတဲ့အကြောင်း သိရပါတယ်။ တချိန်တည်းမှာပဲ ကရင်အမျိုးသား အားလုံး ပါ၀င်တဲ့ ညီလာခံတရပ်ကို ရန်ကုန်မှာ ခေါ်ယူကျင်းပနိုင်ဖို့ KNU ဘက်က စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။ ဒီအကြောင်းကိုတော့ KNU ကိုယ်စားလှယ် အဖွဲ့ရဲ့ ခရီးစဉ်မှာ လိုက်ပါ သတင်းယူနေတဲ့ ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုသူရစိုးက တင်ပြထားပါတယ်။

ဒီနေ့မနက်မှာ ကာကွယ်ရေး ဦးစီးချုပ်နဲ့ KNU ခေါင်းဆောင်တွေဟာ နေပြည်တော် စစ်ရုံးချုပ်မှာရှိတဲ့ ရိပ်သာမှာ သူတို့ တွေ့ကြတယ်ခင်ဗျ။ တွေ့တဲ့အခါမှာ KNU ဥက္ကဋ္ဌ မူတူးဆေးဖိုး ပြောတာက သူတို့ နောက် မကြာမကြာ တွေ့မယ်။ အပစ်အခတ် ရပ်စဲရေးကနေ စလို့ ထာဝရ ငြိမ်းချမ်းရေး ရသွားအောင် လုပ်သွားပါ့မယ်လို့ ကာကွယ်ရေး ဦးစီးချုပ်က ပြောတယ် ဆိုပြီးတော့ မူတူးဆေးဖိုးက ပြန် ပြောပြပါတယ်။

“ကျနော်တို့ တည်ဆောက်သွားမယ့် ပြည်တွင်း ငြိမ်းချမ်းရေးကို အပစ်အခတ် ရပ်စဲရေးကနေ ကျနော်တို့ စပြီး ဆောင်ရွက်သွားပါမယ်။”

ကရင် အမျိုးသား အစည်းအရုံး KNU က ပြောရေးဆိုခွင့်ရှိသူ ဦးမန်းငြိမ်းမောင် ကတော့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ သူတို့ တွေ့တဲ့အခါမှာ အပစ်အခတ် ရပ်စဲရေး ခိုင်မာဖို့ ဆက်လက် ဆွေးနွေးဖို့ကိစ္စတွေကို သူတို့ ပြောတယ်။ နောက်ပြီး သူတို့ ဒီ တွေ့ဆုံမှုကနေ နှစ်ဘက် ယုံကြည်မှု တည်ဆောက်နိုင်မယ်လို့ အခုလို ပြောပြပါတယ်။

“တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ အဆင့်မြင့် တပ်မှူးကြီးတွေကို ကျနော်တို့ တွေ့ခဲ့တယ်။ ကျနော်တို့ တွေ့တော့ ကာကွယ်ရေး ဦးစီးချုပ်က ပြောတယ်၊ ကျနော်တို့ ဒီ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ရာခိုင်နှုန်း ရ၀ လောက် အောင်မြင်နေပါပြီတဲ့။ အဲဒီတော့ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကို ကျနော်တို့ကတော့ ကျနော်တို့ ငြိမ်းချမ်းရေး ခရီးစဉ်မှာ အခက်အခဲ ဒီလောက် မကြီးမားတော့ပါဘူးလို့ ယုံယုံကြည်ကြည် တက်တက်ကြွကြွနဲ့ ပြောကြားခဲ့တယ်။ နောက်တခုကတော့ ကျနော်တို့ရဲ့ တိုင်းရင်းသားတွေရဲ့ ဖွံ့ဖြိုးရေးအတွက် သူ လုပ်ဆောင်ချင်တယ်၊ သူ ခံစားချက်အပြည့်နဲ့ ပြောကြား ခဲ့ပါတယ်။ ကျနော်တို့ ဒီ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဗမာ့တပ်မတော်က အဆင့်မြင့် တပ်မှူးကြီးများ၊ ခေါင်းဆောင်ကြီးများကို တွေ့တဲ့အခါကျတော့ တဦးနဲ့တဦး ယုံကြည်မှု ပိုရတယ်လို့ ကျနော်တို့ဘက်က အဲဒီလို ရှုမြင်ပါတယ်။”

ရန်ကုန်ရောက်တုန်း ရန်ကုန်မှာရှိတဲ့ ကရင်အဖွဲ့အစည်းတွေနဲ့ သူတို့ တွေ့တယ်။ ၁ နာရီလောက် သူတို့ တွေ့ဆုံခဲ့တဲ့ဟာတွေ၊ နောက် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံခဲ့တဲ့ဟာတွေကို ရန်ကုန်မှာရှိတဲ့ ကရင် အဖွဲ့အစည်းတွေကို သူတို့ ပြန်ရှင်းပြတယ်ပေါ့နော်။ သမ္မတကြီးက ရန်ကုန်မြို့မှာ ကရင်တိုင်းရင်းသားတွေ အားလုံး ပါ၀င်တဲ့ အစည်းအဝေးတခု လုပ်ဖို့ကို အစိုးရ အနေနဲ့ ပံ့ပိုးပေးမယ်၊ သဘောလည်း တူတယ် ဆိုပြီးတော့ အဲဒီအကြောင်းတွေကို ပြန်ပြီးတော့ ကရင်အဖွဲ့အစည်းတွေကို ရှင်းပြတာခင်ဗျ။

ကရင်အမျိုးသမီးများအဖွဲ့က ဒေါ် နော်ဆူဇန်နာလှလှစိုး ကတော့ ဒီ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကရင် ခေါင်းဆောင်တွေ တွေ့ဆုံမှုကနေ ရှေ့ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ပိုပြီးတော့ ကောင်းလာမယ်လို့ ထင်တယ်လို့ အခုလို ပြောပါတယ်။

“အခုက initial cease fire ပေါ့နော်။ ပဏာမ ဆိုတော့ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေးကို ဆက်သွားမယ်။ ပြီးတော့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုတွေ မြန်မြန် ဆက်သွားနိုင်မယ် လို့တော့ ကျမတို့ မျှော်လင့်နေပါတယ်။”

KNU အနေနဲ့ သမ္မတကြီးကိုရော၊ ကာကွယ်ရေး ဦးစီးချုပ်ကိုရော ပြောတာက ကချင်ကိစ္စနဲ့ ပတ်သက်လို့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတာက ငြိမ်းချမ်းရေးကို အနှောက်အယှက် ဖြစ်စေတယ်။ အဲဒါတွေကို ရပ်တန့်ပေးဖို့၊ သူတို့အနေနဲ့ ကြားဝင် ကူညီ ဆောင်ရွက်ပေးလို့ ရမယ်ဆိုရင်လည်း ကူညီ ဆောင်ရွက်ပေးပါ့မယ်လို့ သမ္မတကိုရော၊ ကာကွယ်ရေး ဦးစီးချုပ်ကိုရော သူတို့ ပြောတယ်လို့ ပြောပါတယ်။

“ကျနော်တို့ သမ္မတကြီးနဲ့ တွေ့တဲ့အခါမှာရော၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နဲ့ တွေ့တဲ့အခါမှာရော ကျနော်တို့ ဒီနေ့ မြောက်ပိုင်းမှာ ကချင် အမျိုးသားတွေနဲ့ ဖြစ်တဲ့ကိစ္စမှာ စစ်အရှိန်မြင့်တဲ့ ကိစ္စဟာ ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ထိခိုက်မှု တစုံတရာ ရှိတယ်။ ရိုက်ခတ်မှုတွေ ရှိတယ်။ နောက်ပြီးတော့ နိုင်ငံတော်ရဲ့ ပြုပြင် ပြောင်းလဲမှု လုပ်တဲ့အခါမှာရော ဒါဟာ သံသယနဲ့ စောင့်ကြည့်နေတဲ့ သူတွေအတွက် သံသယ ပိုမို ကြီးထွားစေတယ်။ ဒါကြောင့်မိုလို့ KIO နဲ့ ဖြစ်နေတဲ့ ပဋိပက္ခမှာ စစ်အရှိန်မြင့်နေမှုကို ကျနော်တို့ နိုင်ငံတော် လုံခြုံရေးကို မထိပါးတဲ့ ကိစ္စတွေ ဆိုရင် စစ်အရှိန်ကို လျှော့ဖို့အတွက် ကျနော်တို့ မေတ္တာရပ်ခံ တိုက်တွန်းခဲ့ပါတယ်။”

ကာကွယ်ရေး ဦးစီးချုပ်ကတော့ သူက ဒီဟာတွေဟာ အချုပ်အချာ အာဏာကို မထိပါးဘူး ဆိုရင်တော့ သူတို့အနေနဲ့ ခွင့်လွှတ်လို့ ရတယ်ပေါ့။ အချုပ်အချာ အာဏာကို ထိပါးလာတဲ့ အခါကျတော့ သူတို့အနေနဲ့ မလွှဲသာ မရှောင်သာနဲ့ လုပ်ရတယ် ဆိုတဲ့အကြောင်းကို ပြန်ပြီး ပြောပြ ပါတယ်။

အခု KNU က လာတဲ့ အဖွဲ့ထဲက နှစ်ယောက်လောက်က သူတို့ ကျန်ခဲ့ပြီးတော့ ကရင် နှစ်သစ်ကူး ပွဲတော်ကို တက်ဖို့ အစီအစဉ် ရှိပါတယ်။ တခြား ရန်ကုန်မှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့လည်း သူတို့ ထပ်ပြီးတော့ အစည်းအဝေး ကိစ္စကို အသေးစိတ် ဆွေးနွေးဖို့ အစီအစဉ်တွေ ရှိတယ်လို့ ဆိုပါတယ်။

http://burmese.voanews.com/content/knu-meeting-01-06-13/1578698.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India