August 25, 2012

ငြိမ်းချမ်းရေး စကားဝိုင်းများ နောက်ကွယ်

ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ စစ်တပ် ခေါင်း ဆောင်တွေ အကြား သဘောထားကွဲလွဲမှု ရှိနေတယ်လို့ သတင်း ထွက်ပေါ်နေပါတယ်။
ဇန်နဝါရီလက ကရင်ပြည်နယ်၊ ဘားအံမြို့ ဆွေးနွေးပွဲ ကာလအတွင်း တွေ့ရသော မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး (ဓာတ်ပုံ – ဧရာဝတီ)

ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ပထမ အကြိမ် အစည်းအဝေးကို နေပြည်တော်မှာ သြဂုတ် ၁၂ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အစည်းအဝေးမှာ ဒု ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ ခေါင်းဆောင် မီးရထား ၀န်ကြီး ဦးအောင်မင်း တို့ အကြား သဘောထား ကွဲလွဲမှုတွေရှိတယ်လို့ အစည်းအဝေး တက်ရောက်ခဲ့ကြတဲ့ ကော်မတီဝင် တချို့က ပြောပါတယ်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ တဦး ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး စိုးဝင်း က ဆွေးနွေးရာမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အစိုးရ စစ်တပ်တို့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာတွေ၊ တိုက်ပွဲတွေမှာကျဆုံးတာ၊ ထိ ခိုက် ဒဏ်ရာ ရတာ၊ လက်နက်တွေ ဘယ်လောက်အထိ သိမ်းဆည်း ရမိတဲ့အကြောင်းတွေကိုပဲ  ဦးစားပေး ဆွေးနွေး တင်ပြ တယ် လို့သိရတယ်။
စစ်တပ် ကိုယ်စားပြုထားတဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဗိုလ်ချုပ်ကြီး စိုးဝင်း ပြောတဲ့ကိစ္စတွေဟာ ဂုဏ်ယူဝင့်ကြွားတဲ့ အသွင် ဆောင်နေတဲ့အတွက်  ငြိမ်းချမ်းရေး ဖော်ဆောင်နေစဉ်မှာ အဲဒီလိုစကားမျိုး မပြောသင့်ဘူးလို့ ဦးအောင်မင်း က ထောက်ပြ ဆွေးနွေးခဲ့တယ်လို့ ကော်မတီဝင်တချို့က ပြောပါတယ်။
ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ဝင် တဦးကလည်း ၎င်းတို့ အဖွဲ့အနေနဲ့ ငြိမ်းချမ်းရေး ကိစ္စလုပ်ဆောင်နေပေမယ့် စစ်တပ် က အပြည့်အဝ ပူးပေါင်းမှုမရှိတဲ့အတွက် လက်နက်ကိုင်အဖွဲ့တချို့က ယုံကြည်မှု မရှိကြောင်း၊ ဒါကြောင့် စားပွဲဝိုင်း ဆွေးနွေးပွဲပေါ်သို့ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့(KIO) အဖွဲ့ ရောက်မလာနိုင်သေးဘူး လို့ ဧရာဝတီ ကို ပြောပါတယ်။

“စစ်တပ်က ခေါင်းမာနေတဲ့ အတွက် ငြိမ်းချမ်းရေးကိစ္စတချို့ နှောင့်နှေးနေရတယ်၊ အပြန်အလှန် ယုံကြည်မှု တည်ဆောက်လို့ မရသေးဘူး”လို့ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ဝင် က ပြောပါတယ်။
ဗိုလ်ချုပ်ကြီး စိုးဝင်းရဲ့ ဆွေးနွေးမှု တွေဟာ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးမှု ကို အဟန့်အတား ဖြစ်စေတယ် လို့ တချို့ကရှှုမြင် ကြပါတယ်။ အဲဒီအစည်းအဝေးကို အစိုးရ အဖွဲ့ ပြည်ထောင်စု ၀န်ကြီးတွေ နဲ့ ကော်မတီဝင်တွေ ဖြစ်တဲ့ တိုင်းရင်း သား လွှတ်တော် ကိုယ်စားလှယ်တွေလည်းပဲ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

“ဦးအောင်မင်း ကတော့ ငြိမ်းချမ်းရေး ကို တကယ်ဖြစ်စေချင်တဲ့ ပုံစံတွေ့ရတယ်၊ ဒါပေမယ့် စစ်တပ်ဘက် က အပြည့် အဝ ထောက်ခံမှု မရသေးဘူး၊ ဒီအတိုင်းဆိုရင် နိုင်ငံရေးအရ ဆွေးနွေးပွဲတွေဟာ ၂၀၁၅ မတိုင်ခင် မဖြစ်လောက်သေးဘူး”လို့ ငြိမ်းချမ်း ရေး ကော်မတီဝင် တဦးက ဧရာဝတီကို ပြောပြပါတယ်။
အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် တဦးအဖြစ် လုပ်ဆောင်ခဲ့တဲ့ စက်မှု(၁) ၀န်ကြီးဟောင်းနဲ့လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း ကိုတော့ သဘောထားတင်းမာသူ အဖြစ် ရှှုမြင်ကြသလို ငြိမ်းချမ်းရေး ဆောင်ရွက်ရာမှာလည်း အောင်မြင်မှု မရခဲ့ပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေဟာ ခေါင်းမာတဲ့အတွက် ညှိနှှိုင်းမရဘူး လို့ လည်း မီဒီယာတွေကို မကြာခဏ ဖြေဆိုပါတယ်။
ဦးသိန်းစိန်အစိုးရသစ် လက်ထက်မှာ ဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့နဲ့ ဦးအောင်သောင်း ခေါင်းဆောင်တဲ့ အ ဖွဲ့ ၂ ဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ဦးအောင်သောင်းဟာ ငြိမ်းချမ်းရေး ကိစ္စနဲ့ ပတ်သက်ပြီး သုံးစွဲမယ့် ငွေကြေးတွေ ထဲက ကျပ်သိန်း ထောင်ချီကာ ကိုယ်ကျိုးအတွက် အသုံးပြုလိုက်တယ်လို့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ အသိုင်းအဝိုင်း က သိရပါတယ်။

ဒါကြောင့် ဦးအောင်သောင်းကို ငြိမ်းချမ်းရေး အဖွဲ့က ထုတ်ပယ်ခံရတယ်လို့လည်း ဆိုကြပါတယ်။ အဲဒီနောက်ပိုင်း သမ္မတ ကိုယ်တိုင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီနဲ့ ဒု သမ္မတ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဦးဆောင်တဲ့ လုပ်ငန်းကော်မတီ နှစ်ရပ်ကို မေလ ၃ ရက်နေ့ က ဖွဲ့စည်းခဲ့ပါတယ်။
လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဖြစ်တဲ့ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ကတော့ ပြည်တွင်းငြိမ်းချမ်းရေးကို မရ ရအောင် လုပ်ဆောင်မယ်၊ ငြိမ်းချမ်းရေးကလွဲပြီး ရွေးစရာလမ်း မရှိဘူးလို့ ကော်မတီရဲ့ ပထမအကြိမ် အစည်းအဝေးမှာ ပြောဆိုထား တယ်။

ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဟာ ကော်မတီ ဥက္ကဋ္ဌ ဖြစ်ပေမယ့် လုပ်ပိုင်ခွင့်အပြည့်အဝမရှိဘူးလို့ သိရတဲ့အပြင် မိမိ လုပ်ပိုင်ခွင့် ကိစ္စတွေကိုလည်းပဲ သတ္တိရှိရှိ လုပ်ကိုင်ရဲတဲ့ အနေအထား မရှိဘူးလို့ သုံးသပ်ကြပါတယ်။ သမ္မတနဲ့စစ်တပ် ရဲ့ လမ်းညွှန်မှုတွေကိုသာ လုပ်ဆောင်ရတယ်လို့ နိုင်ငံရေး လေ့လာသူတွေက ပြောဆိုကြပါတယ်။

“ဒု သမ္မတ သာ သတ္တိရှိရှိ လုပ်ရဲကိုင်ရဲမယ်ဆိုရင် သူ့မှာ လုပ်ပိုင်ခွင့်တွေ အများကြီး ရှိပါတယ်၊ ဒါပေမယ့် ငြိမ်းချမ်းရေး ကိစ္စမှာ တော့ စစ်တပ်ကို ပြောဆိုနိုင်တဲ့ အနေအထား သူ့မှာမရှိဘူး၊ စစ်တပ်ဘက်ကလည်း အလျှော့ပေးမယ့် အနေအထား မတွေ့ရ ဘူး”လို့ ငြိမ်းချမ်းရေး ကော်မတီဝင် က ဆိုပါတယ်။
ဒေါက်တာ စိုင်းမောက်ခမ်း က ဆွေးနွေးရာမှာတော့ ၎င်းကိုယ်တိုင် တိုင်းရင်သားတဦးဖြစ်သလို စစ်တပ်ဘက်က ကြည့်ရင် လည်းပဲ အစိုးရအဖွဲ့ အကြီးအကဲ တယောက်အနေနဲ့ သက်ဆိုင်တဲ့ အကြောင်း၊ ဒါကြောင့် နှစ်ဘက်စလုံး အနေနဲ့ ငြိမ်းချမ်းရေး ကိစ္စကို အောင်မြင်အောင် လုပ်ဆောင်စေချင်ကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရတယ်။

ဒု သမ္မတ ဟာ ရှမ်းတိုင်းရင်းသား ဆိုပေမယ့် ကြ့ံခိုင်ရေးပါတီ က ဖြစ်နေတာရယ်၊ အစိုးရ အဖွဲ့မှာ ဆိုရင်လည်းပဲ တိုင်းရင်းသား ခေါင်းဆောင် အနေနဲ့ တယောက်တည်း ဖြစ်နေတာကြောင့် လုပ်ချင်တဲ့စိတ်ရှိပေမယ့် တခြားအစိုးရအဖွဲ့ဝင်တွေရဲ့ သဘော တူညီမှု ရမှသာ ဆောင်ရွက်နိုင်မှာပါ။
ဒု သမ္မတက ငြိမ်းချမ်းရေး ကိစ္စ မရ ရအောင် လုပ်မယ်လို့ ပြောတဲ့ စကားဟာ စေ့စပ်ဆွေးနွေး မရပါက တိုက်ပွဲများ ဖြစ်ပေါ် လာနိုင်တဲ့သဘော ဖြစ်နေကြောင်း၊ ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) ကို ထိုးစစ်ဆင်မယ့် အနေအထား တွေ့နေ ရတယ်လို့ KIA ရဲ့ ပြောခွင့်ရသူ ဦးလာနန် က ဆိုပါတယ်။
“ဗန်းမော် နဲ့ လိုင်ဇာ မှာ စစ်တပ်တွေ အင်အား တိုးမြှင့်ချထားပြီး လုံခြုံရေး ယူနေတဲ့ သဘောပါ၊ ပြီးရင် KIA ကို ထိုးစစ် ဆင် လာနိုင်ခြေ ရှိတယ်”လို့လည်း သူက ပြောဆိုပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ PCG အဖွဲ့ဝင် ဦးဆန်းအောင် ကလည်း ကချင်တွေ ဘက်က ဆွေးနွေးမယ့် ကိစ္စတွေကို မကြာခဏ မေးမြန်းနေပေမယ့် အစိုးရဘက် က တစုံတရာ တုံ့ပြန်မှု မရှိဘူးလို့ ဆိုပါတယ်။

တိုင်းရင်းသားအဖွဲ့တွေက အနှစ်သာရ ပြည့်ဝတဲ့ နိုင်ငံရေး ဆွေးနွေးဖို့ တောင်းဆိုနေကြပေမယ့် အစိုးရ ဘက်ကတော့ တနှစ် ကျော်လာတဲ့အထိ ရေရာတဲ့တုံ့ပြန်မှု မရှိသေးပါဘူး။ အဲဒါကြောင့်လည်းပဲ ဦးသိန်းစိန် အစိုးရ ရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်ချက် အပေါ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေ က သံသယတွေ ရှိလာကြပါတယ်။

အစိုးရ အဖွဲ့ ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ နိုင်ငံတကာမှာ ၎င်းတို့အစိုးရ အဖွဲ့အပေါ် အမြင်ကောင်းရေး အတွက် ဟန်ပြ လုပ်ဆောင်နေတာသာ ဖြစ်ကြောင်း၊ အဓိက မကျတဲ့ ဆက်ဆံရေးရုံး ဖွင့်တာ၊ စီးပွားရေး၊ လူမှုရေးကိစ္စတွေ စောင်းပေး ဆွေး  နွေး ရင်း အချိန်ဆွဲနေတယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေ က ဆိုကြပါတယ်။

“ငြိမ်းချမ်းရေး အပေါ်သံသယ ဖြစ်စရာတွေ တွေ့လာတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အစိုးရ အနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးလို တဲ့ ဆန္ဒ မတွေ့ရဘူး၊ နိုင်ငံရေး ဆွေးနွေးမှုတွေကို ဘေးဖယ်ထားပြီးတော့ စီးပွားရေး ကိစ္စ၊ တခြား ကိစ္စတွေပဲ စောင်းပေး ပြော နေတယ်”လို့ မွန်ပြည်သစ် ပါတီ ရဲ့ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ က ဆိုပါတယ်။
ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) မှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ဒု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ မေလ ၁၉ ရက်နေ့က သဘောတူညီချက်များ လက်မှတ်ထိုးပြီးနောက် လက်ဆွဲနှုတ်ဆက်စဉ် (ဓာတ်ပုံ – ဧရာဝတီ)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင်နီ၊ ချင်း စတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့နဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး သဘောတူ စာချုပ်တွေ လက်မှတ်ရေး ထိုးပြီးပါပြီ။ ပြည်ထောင်စု အဆင့် ဆက်လက် ဆွေးနွေး ဖို့ အစိုးရဆီကို ကမ်းလှမ်းထားပေမယ့် အစိုးရ ဆီက တစုံတရာ အကြောင်းပြန်ကြားတာ မရှိသေးဘူးလို့ တိုင်းရင်းသား ခေါင်းဆောင်တွေ က ပြောပါတယ်။
ငြိမ်းချမ်းရေး ကိစ္စတွေမှာ စစ်တပ်ရဲ့ ပါ၀င်ပူးပေါင်းမှု အားနည်းတဲ့ အတွက်ကြောင့်လည်းပဲ ငြိမ်းချမ်းရေး သဘောတူ ထားတဲ့ အဖွဲ့တွေနဲ့ အစိုးရ စစ်တပ် အကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်နေပါတယ်၊ ခုံခံရုံ မှအပ ထိုးစစ် မဆင်ဖို့ သမ္မတ က အမိန့် ပေး ပေမယ့် စစ်တပ်က လိုက်နာမှု မရှိပါဘူး။

ရှမ်းပြည် တပ်မတော် တောင်ပိုင်းနဲ့ မြောက်ပိုင်း တပ်ဖွဲ့တွေ နဲ့လည်း ပြည်နယ် အဆင့် ငြိမ်းချမ်းရေး သဘောတူညီမှု စာချုပ်တွေ လက်မှတ်ရေးထိုး ထားကြပေမယ့် တိုက်ပွဲငယ်တွေ မကြာခဏ ဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေဖြစ်ပွားနေရတာဟာ အစိုးရ တပ်တွေက သတ်မှတ်ထားတဲ့ စည်းကမ်းတွေ ဖောက်ဖျက်တဲ့ အတွက်လို့ ရှမ်းခေါင်းဆောင်တွေ က ပြောပါတယ်။

“တနေရာ က တနေရာကို သွားမယ်ဆိုရင် ကြိုတင် အကြောင်းကြားပြီးမှ သွားရမယ်လို့ စာချုပ်မှာ သဘောတူ လက်မှတ် ထိုး ထားပေမယ့် စစ်တပ်က မလိုက်နာဘဲ နယ်မြေကျူးကျော်လာတဲ့ အတွက် ကျနော်တို့က တိုက်ရတာပါ”လို့ ရှမ်းပြည် တပ် မတော် တောင်ပိုင်း ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်ဆိုင်း က ပြောပါတယ်။
အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းကတော့ ရှမ်းပြည်နယ် အတွင်း တိုက်ပွဲများ ဖြစ်ပွားရခြင်းနဲ့ ပတ်သက်ပြီး “နှစ်ဘက်တပ်တွေ နေရာ မသတ်မှတ်နိုင်သေးခြင်း၊ ဆက်ဆံရေးရုံး မဖွင့်လှစ်နိုင်သေးခြင်းတို့ကြောင့် ဖြစ်ပွားရတယ် လို့ သုံး သပ် မိကြောင်း” လို့ သြဂုတ်လ ၂၀ ရက် ကျင်းပတဲ့ လွှတ်တော်မှာ ဖြေဆိုသွားပါတယ်။

မိုင်းရယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော် ၏ “လက်နက်ကိုင် အဖွဲ့အစည်းများ အကြား အ ပစ် အခတ်ရပ်စဲရေး သဘောတူညီမှုရရှိပြီးနောက် မည်သည့်အတွက်ကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းကုုိ သိလို ကြောင်း” မေးခွန်း နဲ့ ပတ်သက်ပြီး ၀န်ကြီး ဦးအောင်မင်း က အထက်ပါ အတိုင်း ပြန်ဖြေခဲ့တာပါ။

ကရင်အမျိုးသား အစည်းအရုံး(KNU) ဗဟိုကော်မတီ အဖွဲ့ဝင် ဖောဒို ကတော့ တိုက်ပွဲ ဖြစ်ပွားရတဲ့ကိစ္စဟာ ဆက်ဆံရေး ရုံးဖွင့် ခြင်း မဖွင့်ခြင်းနဲ့ မသက်ဆိုင်ဘူးလို့ ထောက်ပြပါတယ်။ ၎င်းက“KNU ရဲ့ တပ်မဟာ ၅ နယ်မြေမှာလည်း ငြိမ်းချမ်းရေး ယူပြီး နောက် တိုက်ပွဲငယ်တချို့ ရှိနေတာပဲ”လို့ ဆိုပါတယ်။ ကရင်နယ်မြေတွေမှာ ဆက်ဆံရေးရုံးတွေ ဖွင့်ထားပြီးပါပြီ။

ငြိမ်းချမ်းရေး သဘောတူထားတဲ့ လက်နက်ကိုင် အဖွဲ့တွေအနက် ကရင်ဒေသက လက်နက်ကိုင်တပ်တွေ နဲ့ စစ်တပ် အကြား တိုက်ပွဲ ဖြစ်ပွားမှုမရှိတဲ့ ကိစ္စဟာ နယ်မြေအလိုက် တာဝန်ယူထားတဲ့ စစ်တိုင်းမှူး တွေက အထက် အမိန့် မနာခံခြင်းနဲ့ သက် ဆိုင်တယ် လို့ တချို့ က ဆိုပါတယ်။

KNU အဖွဲ့ဝင် ဖောဒို ကတော့ စစ်တပ်အရာရှိတွေ အထက်အမိန့် နာခံတာနဲ့ မဆိုင်ကြောင်း၊ သတ်မှတ်ထားတဲ့ စည်းကမ်းတွေ ကို နှစ်ဘက်စလုံးက အပြန်အလှန် လိုက်နာတဲ့အတွက်ကြောင့် ကရင်ဒေသမှာ တိုက်ပွဲနည်းတာဖြစ်ကြောင်း ပြောဆိုပါတယ်။

အစိုးရ ရဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လမ်းစဉ်ကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံး လက်နက်ချ အပစ်အခတ် ရပ်စဲပြီး နိုင်ငံရေးပါတီထောင်ရေး၊ ရွေးကောက်ပွဲဝင်ရေး၊ လွှတ်တော်ထဲရောက်မှသာ နိုင်ငံရေး ဆွေးနွေးမှု လုပ်ဆောင်ရေး ဆိုတဲ့ အချက်တွေပါ။ အဲဒီအချက်တွေကို တိုင်းရင်းသား အဖွဲ့တွေက လုံးဝ လက်မခံကြပါဘူး။

“ဒါဟာ ဟိုတုန်းက နဝတ၊ နအဖ လမ်းစဉ်ပဲလေ၊ လက်နက်တွေ စွန့် BGF(နယ်ခြားစောင့်တပ်)လုပ်၊ ပြီးရင် ပါတီထောင် ရွေးကောက်ပွဲဝင် ဆိုတဲ့ လမ်းစဉ်ပဲ ချပြနေတာ”လို့ နိုင်ဟံသာ က ဆိုပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက BGF ကိစ္စ လက်မခံပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာတော့ နိုင်ငံတော်၌
လက်နက်ကိုင် တပ်မတော် တခုတည်းသာ ထားရှိရမယ်လို့ ရေးထားပါတယ်။
ယခင် နအဖ စစ်အစိုးရ လမ်းစဉ်ကို ဆက်လက်ကိုင်စွဲမည်ဆိုပါက ပြည်တွင်းစစ် ထပ်မံဖြစ်ပွားလာဦးမှာ ဖြစ်တယ်၊ အစိုးရ အဖွဲ့ဝင် တချို့နဲ့ စစ်တပ်ခေါင်းဆောင်တွေရဲ့စိတ်ထဲမှာ တိုင်းရင်းသားတွေကို တတန်းတည်း မဖြစ်ချင်ဘူး၊ ဒီ စိတ်ဓာတ်တွေ ပျောက် သွားဖို့ လိုအပ်နေတယ်လို့ နိုင်ဟံသာ က ဆက်ပြောတယ်။

အပစ်အခတ်ရပ်စဲထားပေမယ့် ထပ်မံတိုက်ခိုက်ရတာဟာ တိုင်းရင်းသားတွေ တောင်းဆိုနေကြတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်း တူရေး၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ်တည်ဆောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ပဲ ဖြစ်ပါတယ်။

၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲခဲ့ကြတဲ့ လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ဟာ နိုင်ငံရေး ဆွေးနွေးမှု မဖြစ်ခဲ့တဲ့ အတွက် တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့ရကြောင်း၊ ဒါကြောင့် လက်ရှိမှာ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ လိုလားနေကြတာ ဖြစ်ကြောင်းလည်း ပြောဆိုကြပါတယ်။
အစိုးရအဖွဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်း ကိုတော့ သဘောထားပျော့ပျောင်းသူ၊ လိုချင်တာကို လိမ်မာပါးနပ်စွာနဲ့ တဘက်သား လက်ခံလာအောင် ပြောဆိုဆွေးနွေးတတ်သူလို့ လက်နက်ကိုင် အဖွဲ့ တွေက မှတ်ချက်ပေးကြပါတယ်။

ဦးအောင်မင်းဟာ အလွတ်သဘော ပြောတာတွေသာများနေပြီး လက်တွေ့မှာ ထိရောက်မှုမရှိသေးတဲ့အတွက် သူ့ရဲ့ ငြိမ်းချမ်း ရေး အပေါ်မှာ သံသယနဲ့ ယုံကြည်မှု နည်းလာတယ်လို့ ဆိုကြပါတယ်။ ၂၀၁၅ ခုနှစ် မတိုင်မီ အားလုံးပါ၀င်တဲ့ ညီလာခံကြီး (အစည်းအဝေးကြီး) တခု ကျင်းပပေးမယ်လို့လည်း ဦးအောင်မင်း က မက်လုံးပေး ပြောဆိုထားပါတယ်။

နိုင်ငံရေးအရ ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာရေးအတွက် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကလည်း တိုင်းရင်းသား အစုံပါ၀င်တဲ့ ညီလာခံတခုကို ပြည်ပ တနေရာမှာ ကျင်းပပြီး အဖြေရှာနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။

လူမှုရေး၊ နိုင်ငံရေး အဖွဲ့ အစည်းအသီးသီးတွေနဲ့ လိုက်လံ တွေ့ဆုံ ဆွေးနွေးနေပြီး လူအများရဲ့ ထောက်ခံမှုလည်း ရနေသူ ဖြစ် တဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်းဟာ စစ်တပ် ထောက်ခံမှုမပါဘဲ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှု မရှိမရှိ ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။     ။

http://burma.irrawaddy.org/archives/18539
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India