
“စစ်ပြေးဒုက္ခသည်စခန်းတွေမှာ ကလေးတွေဆို ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်တယ်။ လူကြီးပိုင်းတော့ ငှက်ဖျားရောဂါဖြစ်တယ်။ တွန့်ဟုန်းမှာဆို စခန်းတခုလုံးနီးပါးဘဲ။ ဆေးဝယ်ဖို့လည်း သူတို့မှာ ဝင်ငွေ မရှိဘူး။ နောက် ဆေးပေးခန်းလည်း မရှိဘူး” ဟု PWO မှ ကိုယ်တိုင်စစ်တမ်းသွားရောက်ကောက်ယူခဲ့ သူ လွေးပိုးညိုဝ်း က ပြောပါသည်။
နေရာဒေသ ရွှေ့ပြောင်းနေထိုင်ရခြင်း၊ သောက်ရေ သုံးရေ သန့်ရှင်းမှု မရှိခြင်း၊ ကျန်းမာရေးနှင့် ညီ ညွတ်မှု မရှိသည့် ပလပ်စတစ်ကာ တဲအိမ်များ၌ နေရခြင်းကြောင့် ကျန်းမာရေး ထိခိုက်ခြင်း ဖြစ်သည်ဟု ဆို၏။
“ဆေးဝါး လာကူပေးတဲ့အဖွဲ့ မရှိဘူး။ ကျမတို့ သွားတော့ ပလောင်ကျောင်းသား လူငယ်အဖွဲ့နဲ့ ပေါင်း ပြီး ဆေးဝါးတွေ သွားကူပေးခဲ့တယ်။ ဒါပေမဲ့ ဆေးဝါးတွေ လိုအပ်နေဆဲပါ ” ဟု လွေးပိုးညိုဝ်း က ဆက် ပြောပါသည်။
ထို့ပြင် စစ်ပြေးဒုက္ခသည်များမှာ စားနပ်ရိက္ခာ ဖူလုံမှု မရှိသည့်အတွက် အမျိုးသမီးများက ဝမ်းစာ အတွက် တာဝန်ယူနေရကြောင်း ဆို၏။
“မြန်မာစစ်တပ်က ပလောင်အမျိုးသားတွေကို စစ်သားအဖြစ် စုဆောင်းတာကြောင့် တခြားဒေသကို ထွက်ပြေးကြတယ်။ အဲဒီတော့ ကလေး၊ အမျိုးသမီးနဲ့ သက်ကြီးပိုင်းတွေဘဲ ကျန်တော့တယ်။ စခန်း ရောက်တော့လည်း ဝမ်းစာအတွက် အမျိုးသမီးတွေကဘဲ တာဝန်ယူရတယ်။ ကလေးတွေကိုလည်း ကျောင်းမထားနိုင်ကြဘူး။ စားနပ်ရိက္ခာလည်း လိုအပ်နေတယ်။”
ထို့အတွက်ကြောင့် စစ်ပြေးဒုက္ခသည် အမျိုးသမီးများမှာ ၎င်းတို့၏ကလေးများသာမက အသုံးအဆောင် ပစ္စည်းများကိုပါ သယ်ဆောင်ကြရကြောင်း၊ စခန်း၌လည်း ဝမ်းစာအတွက် အမျိုးသမီးများကသာ တာဝန်ယူနေရကြောင်း၊ ထို့ကြောင့် စစ်ပွဲသည် အမျိုးသမီးများအတွက် ဝန်ထုပ်ဝန်ပိုး ပို၍ဖြစ်စေ ကြောင်း PWO က ပြောပါသည်။
“လမ်းခရီးမှာ အမျိုးသမီးတချို့ ဖိနပ်မစီးရဘူး။ ဒါကြောင့် ခြေဖဝါးတွေ ပေါက်ဗြဲပြီး အနာဖြစ်တယ်။ နောက် ကိုယ်ဝန်ဆောင် အမျိုးသမီးတချို့လည်း ကိုယ်ဝန်ပျက်ကျတယ်။ စစ်တပ်နဲ့ တိုးမှာစိုးလို့ လမ်းမကြီးအတိုင်း ထွက်မပြေးရဲဘူး။ တောလမ်းကျတော့လည်း မြေမြှုပ်မိုင်းတွေ ရှိတာကြောင့် ရှောင် ရပြန်တယ်။ ဒါကြောင့် ကျွဲနွားသွားတဲ့လမ်းအတိုင်း ထွက်ပြေးလာကြရတယ်။ စခန်းတခုကိုရောက်ဖို့ အနည်းဆုံး ၂၅ ရက် အချိန်ယူရတယ်။”
ဒုက္ခသည်စခန်းအဖြစ် သီးသန့်ဖွင့်လှစ်ထားခြင်းမရှိဘဲ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေရ ကြောင်း၊ ယခု နမ့်ခမ်းမြို့၊ မန်တုံမြို့နယ် တွန့်ဟုန်းကျေးရွာနှင့် မန်တုံမြို့ ကချင်ခရစ်ယာန်ဘုရား ကျောင်း - ၃ နေရာ၌ ရွာပေါင်း ၁၅ ရွာမှ စစ်ပြေးဒုက္ခသည် စုစုပေါင်း ၁၀၀၀ ကျော်ရှိကြောင်း ပြောပါ သည်။
ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသဖြစ်သော နမ့်ဆန်နှင့် မန်တုံမြို့နယ်၌ အစိုးရတပ်၊ ကချင် လွတ်လပ်ရေး တပ်မတော် KIA ၊ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ လှုပ်ရှားရာ နယ်မြေဖြစ်ပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွား လျက်ရှိသည်။
မန်တုံမြို့နယ်နှင့် နမ့်ခမ်းမြို့နယ်သို့ စစ်တမ်းသွားရောက်ကောက်ယူခဲ့ပြီးနောက် PWO မှ “စစ်ပွဲ၏ ဝန်ထုပ်ဝန်ပိုး” အမည်ရှိ စာတမ်းကို ထုတ်ပြန်ကြေငြာပြီး နိုဝင်ဘာ ၅ ရက် မဲဆောက်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။
http://www.burmese.panglong.org/news/90-2008-08-03-06-47-55/3625-2012-11-06-08-57-42.html