ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ဆမ်ပိုင် (Sambai) သွားလမ်းမှ မိုင် ၄၀ ကျော်ရှိသည့် ဒါဂါယန် (Daga Yang) နှင့် လိုင်ဖောန် (Lai Hpawng) ကြားတွင် ၂၉ ရက် ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီအချိန်က ကချင်လွတ် မြောက်ရေးတပ်ဖွဲ့ KIA ပြည်သူ့စစ် ၂ ဦး မြန်မာအစိုးရတပ်၏ စောင့်ကြိုပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။
၎င်းတို့ ၂ ဦးသည် ဆိုင်ကယ်ဖြင့် လိုင်ဖောန် (Lai Hpawng) KIA ပြည်သူ့စစ်တပ်ဖွဲ့ရှိရာသို့ အစားအသောက်နှင့် လိုအပ်သည့် ပစ္စည်းများကို လာပို့သည့်အချိန်တွင် မြန်မာစစ်တပ် ခမရ (၃၀၁) စစ်သားများ ခြုံခိုပစ်ခတ်ခြင်းဖြစ် သည်။
“အရင်ကတော့ ထိုလမ်း လွတ်လွတ်လပ်လပ် ကျနော်တို့ သွားနေတဲ့ လမ်းဖြစ်တယ်။ ဒါမဲ့ ထိုတပ်က ပြောက်ကျားနည်းလို့ ပြောရမယ်ထင်တယ်။ ကျနော်တို့ သွားနေတဲ့လမ်းမှာ ဒီလိုနဲ့အသင့်စောင့်နေပြီး ပစ်လိုက်တာ။”
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၅) အောက် တပ်ရင်း (၃)ဒေသတွင် ပြည်သူ့စစ်တပ်ဖွဲ့များအား ကူညီပေးနေသော တပ်ဖွဲ့ဝင် ၂ ဦးသည် ဂါးရာယန်ကျေးရွာ (Gara Yang mare)မှ ကို မဂျီဆိုင်းအောင် (Maji Seng Awng)ဖြစ်ပြီး၊ ဝါးရှောင် (Washawng)မှ ဦးခေါင်ဇယ် (Hkawng Je) ဖြစ်ကြောင်းသိရသည်။ ၎င်းတို့တွင် သေနတ်တလက်လည်းပါကြောင်းသိရသည်။
ထိုသူ ၂ ဦးသည် တိုက်ပွဲစတင်ချိန်မှ စပြီးထို နေရာများသို့ လိုအပ်သည့် ပစ္စည်း ရိက္ခာများပေးပို့နေသည့် သူများဖြစ်ကြောင်း KIA ရှေ့တန်းစခန်းမှ ဆိုသည်။
ယနေ့ နံနက်မှ ထိုနေရာတွင် တိုက်ပွဲများဖြစ်နေပြီး ညနေ ၃ နာရီမှ ပြန်လည်တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေကြောင်း ရှေ့တန်းမှ KIA အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
မြစ်ကြီးနား-လိုင်ဇာသွားလမ်းပေါ်ရှိ ဂါရားယန် (Gara Yang) ဘက်သို့ ထိုးစစ်ဝင်လာ မြန်မာအစိုးရတပ် စစ်ကား ၁ စီးကို ၂၉ ရက် ဗုဒ္ဓဟူးနေ့တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ တပ်မဟာ (၅) အောက် တပ်ရင်း (၃) တပ်များမှ မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ရာ မြန်မာအစိုးရဘက်မှ သေဆုံးဒဏ်ရာရရှိကြောင်း သိရသည်။
ထိုအစိုးရတပ် တပ်မ (၈၈) တပ်ကို နံနက် ရ နာရီခွဲအချိန်တွင် ပစ်ခိုက်တိုက်ခိုက်လိုက်ရာ မြန်မာအစိုးရတပ်မှ ၂ ဦး ကျဆုံးပြီး ရ ဦး ဒဏ်ရာရရှိကြောင်း KIA အရာရှိများဆိုသည်။
“သူတို့က ရွှေညောင်ပင်ဘက်မှ ကားနဲ့ဝင်လာတာ……ကျတော်တို့ဘက်က အသင့်ကြိုနေတာနဲ့ ပစ်လိုက်တာ” ဟု ရှေ့တန်းမှ KNG ကချင်သတင်းဌာနသို့ပြောသည်။
http://kachinnews.com/burmese/news/928-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%95%E1%80%B9%E1%81%8F-%E1%80%B1%E1%80%85%E1%80%AC%E1%80%84%E1%80%B9%E1%80%B7%E1%81%BE%E1%80%80%E1%80%AD%E1%80%B3%E1%80%95%E1%80%85%E1%80%B9%E1%80%81%E1%80%90%E1%80%B9%E1%80%99%E1%82%88%E1%80%90%E1%80%BC%E1%80%84%E1%80%B9-kia-%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%9E%E1%80%B0%E1%82%95%E1%80%85%E1%80%85%E1%80%B9-%E1%81%82-%E1%80%A5%E1%80%AE%E1%80%B8%E1%80%B1%E1%80%9E%E1%80%86%E1%80%AF%E1%80%B6%E1%80%B8.html