February 28, 2013

ခွဲထွက်အဖွဲ့များနှင့် နားလည်မှု ရရေး ကော်မတီတရပ် ဖွဲ့စည်းသွားရန် KNU ချမှတ်

ဖေဖော်ဝါရီလ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ခွဲထွက်သွားသည့် ကရင်လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် နားလည်မှုရယူသွားရန် လုပ်ငန်းကော်မတီတရပ် ဖွဲ့စည်းသွားမည် ဟု ဖားအံခရိုင်၊ လေးဝါးနေရာ၌ ဖေဖော်ဝါရီလ ၁၈ရက်နေ့မှ ၂၆ရက်နေ့အထိ ကျင်းပသည့် ဗဟိုအမြဲတမ်းကော်မတီ အစည်းအ ဝေးတွင် ကရင်အမျိုးသားအစည်းအရုံး-KNU က ချမှတ်ခဲ့သည်။
KNU ၏ ၁၅ ကြိမ်မြောက်ညီလာခံအပြီး ပြုလုပ်သော ၎င်းပထမအကြိမ် ဗဟိုအမြဲတမ်း ကော်မတီအစည်းအဝေး၌ ရှေ့ဆက်လုပ် ဆောင်မည့် လုပ်ငန်းစဉ်များထဲတွင် ကရင်တမျိုးသားလုံးစည်းလုံးညီညွတ်မှု ပိုမိုခိုင်မာစေရေးအတွက် ရည်ရွယ်၍ ထိုသို့ ကော်မ တီတရပ် ဖွဲ့သွားရန် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု KNU တွဲဖက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းက ကေအိုင်စီသို့ ပြောသည်။
“ပထမအချက်ကတော့ ခွဲထွက်သွားတဲ့ ကရင်တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ့ နားလည်မှုရယူနိုင်ဖို့ လုပ်ငန်းကော်မတီဖွဲ့ဖို့ ရှိ တယ်။ ဘယ်တော့ဖွဲ့မလဲဆိုတော့ ပြောဖို့ စောသေးတာပေါ့နော်။ နောက်တခုက ပြည်တွင်း၊ ပြည်ပမှာ ပြန့်ကျဲနေထိုင်တဲ့ ကရင် လူမျိုးတွေကို စည်းလုံးညီညွတ်မှုပိုမိုခိုင်မာအောင် လုပ်ဆောင်သွားဖို့ ရှိတယ်”ဟု ပြောဆိုသည်။
ထို့အပြင် မြန်မာပြည်တွင်းရှိ နိုင်ငံရေးပါတီများ၊ ကရင်လူမှုအဖွဲ့အစည်းများနှင့် ကရင်မိဘပြည်သူများကို တွေ့ဆုံပြီး အကြံဉာဏ် များ ရယူကာ ပူးပေါင်းပါ၀င်နိုင်ဖို့အတွက် လုပ်ငန်းစဉ်တွေကိုလည်း ယင်းအစည်းအဝေးတွင် ချမှတ်နိုင်ခဲ့သည်ဟု ထပ်မံ ပြော ကြားသည်။
KNU ၏ ပုံမှန် ှဗဟိုကော်မတီအစည်းအဝေးကို ဗဟိုကော်မတီဝင် ၄၅ဦး တက်ရောက်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအပြီး အချက် ၅ချက်ပါသော ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ရာ KNU ၏ လုပ်ငန်းဌာန ၁၄ခုအနက် ဌာနအသီးသီးရှိ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် တာဝန်လွှဲပြောင်း ခန့်အပ်မှုများကို ပြန်လည် အတည်ပြုခြင်းများ လုပ်ဆောင်နိုင်ခဲ့သည်ဟု ပါရှိသည်။
ဆက်လက်၍ ကရင်အမျိုးသားအတွင်း စည်းလုံးညီညွှတ်မှု ပိုမိုခိုင်မာရေး လုပ်ငန်းများ၊ ခိုင်မာသောအပစ်အခတ်ရပ်စဲရေးနှင့် စစ်မှန်သော ငြိမ်းချမ်းရေးလုပ်ငန်းများအပြင် စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် အစိုးရနှင့်အတူ နိုင်ငံရေး အဆင့် တွေ့ဆုံမှုလုပ်ငန်းစဉ်များတွင် တိုင်းရင်းသားလူမျိုးများ စုဖွဲ့မှုဖြင့် အတူတကွ ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ကြေ ညာချက်တွင် ဖော်ပြထားသည်။
လတ်တလောတွင် အစိုးရနှင့် KNU တရားဝင် ထပ်မံ တွေ့ဆုံသွားရန် ရှိသော်လည်း ရက်အတိအကျသတ်မှတ်ခြင်း မရှိသေး ကြောင်းနှင့် ယုံကြည်မှု ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ရန် အလွတ်သဘောမျိုးအကြိမ်ကြိမ် တွေ့ဆုံပြီးမှသာ ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ပဒိုမန်းမန်းက ပြောသည်။
KNU သည် ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ ၂၆မှ ဒီဇင်ဘာလ ၂၆ရက်နေ့အထိ ပြုလုပ်ကျင်းပသည့် (၁၅)ကြိမ်မြောက် ညီလာခံပြီး နောက် ပထမအကြိမ် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးကို ယခု ကျင်းပခဲ့ခြင်း ဖြစ်သည်။

http://www.kicnews.org/?p=15927

တိုင်းရင်းသားများ စုဖွဲ့မှုဖြင့် ဆက်လက်ဆွေးနွေးသွားရန် KNU လိုလား

ချင်းမိုင်(မဇ္စျိမ)။   ။ တိုင်းရင်းသားလူမျိုးများ စုပေါင်းခြင်းဖြင့် တူညီသော အခြေခံမူများနှင့်အညီ နိုင်ငံရေးဆွေးနွေး သွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ဆိုသည်။

စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် မြန်မာအစိုးရနှင့် နိုင်ငံရေးအဆင့် ဆွေးနွေးမှု လုပ်ငန်းစဉ်
များတွင် တိုင်းရင်းသားလူမျိုးများ စုဖွဲ့မှုဖြင့် တူညီသော အခြေခံမူများနှင့် အညီ တွေ့ဆုံဆွေးနွေးမှုများကို ကြိုးပမ်း
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းတို့၏ ပုံမှန် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးအပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ တိုင်းရင်းသားများ စုဖွဲ့ထားတဲ့ UNFC ဆိုတာ ရှိတယ်။ အဲဒီမှာ မပါဝင်တဲ့ တချို့ တိုင်းရင်းသား အဖွဲ့တွေ လည်း ရှိတယ်။ အဲဒီမှာ နိုင်ငံရေးမူဘောင်တွေကို အခြေခံပြီးတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးတဲ့ အဆင့်ကို သွားဖို့ပါ” ဟု KNU တွဲဘက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်း က ပြောသည်။

KNU ဗဟိုကော်မတီဝင် ၄၅ ဦး တက်ရောက်သည့် အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၆ ရက်နေ့ထိ ကျင်းပခဲ့သည်။

အပစ်အခတ် ရပ်စဲရေး ပိုမိုခိုင်မြဲစေရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဗဟိုအလုပ် အမှုဆောင်ကော်မတီမှ
ဆောင်ရွက်သွားမည်ဟုလည်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဘက်မှ အလွတ်သဘော နှုတ်အားဖြင့် နှစ်ဖက်
ပြန်လည်တွေ့ဆုံရန် ပြောဆိုလာသော်လည်း KNU ဘက်မှ ပြင်ဆင်မှုများ ရှိနေသေး၍ အချိန်အနည်းငယ် ယူရန် လိုအပ်သည်ဟု ပဒိုမန်းမန်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာလဆန်းပိုင်းက နှစ်ဖက် တွေ့ဆုံစဉ် နှစ်ဦးနှစ်ဖက် လိုက်နာရမည့် ကျင့်ဝတ်များ Code of Conduct နှင့် တပ်ရွှေ့ပြောင်းရေးကိစ္စများကို နောက်ထပ် တွေ့ဆုံသည့်အခါ ဆက်လက် ဆွေးနွေးဦးမည်
ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

KNU သည် နှစ်ပေါင်း ၆၀ ကျော်ကြာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ခေတ်အဆက်ဆက် လက်နက်ကိုင်
တော်လှန်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေးသဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSPP အဖွဲ့တို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေမှု အပေါ် စိုးရိမ်ကြောင်း ပဒိုမန်းမန်းက ပြောသည်။

“အပစ်အခတ် ရပ်စဲရေးလုပ်တာနဲ့ နိုင်ငံရေးအရ တိုးတက်လာဖို့ လိုအပ်တယ်။ နိုင်ငံရေးအရ တိုးတက်ပြောင်းလဲလာ မှု မရှိဘဲ ငြိမ်းချမ်းရေးကို ရှေ့တိုးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အပစ်အခတ် ရပ်စဲရေးဆောင်ရွက်နိုင်တာနဲ့ တပြိုင်နက် နိုင်ငံရေး တိုးတက်ဆွေးနွေးနိုင်ဖို့ အများကြီး မူတည်ပါတယ်” ဟု KNU တွဲဘက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်း က ပြောဆိုသည်။

KNU က အဖွဲ့ဝင်အဖြစ် ပါဝင်သော UNFC နှင့် အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီတို့ နိုင်ငံရေးဆွေးနွေး
နိုင်ရေး ဆက်လက်ဆွေးနွေးရန် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က သဘောတူခဲ့ကြသည်။

အနာဂတ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပလျှင် အဆင့်မြင့် စစ်ဘက် အရာရှိများကို စေလွှတ်ပေးရန် မြန်မာ ဗဟိုအစိုးရကို မေတ္တာရပ်ခံခဲ့သည်ဟု Karen News သတင်းတရပ်တွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဖော်ပြခဲ့သည်။

http://www.mizzimaburmese.com/news/inside-burma/11039--knu-.html

တိုက်ပွဲများ ပြန်ဖြစ်ရခြင်းကို ရှမ်း (မြောက်၊ တောင်) တပ်ဖွဲ့များ သမ္မတထံ စာပို့

စံခလပူရီ (မဇ္စျိမ)။   ။ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) တို့နှင့် အစိုးရတပ်များအကြား ဖေဖော်ဝါရီ လလယ်ပိုင်းက တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်းများ အပေါ် ထိုနှစ်ဖွဲ့စလုံးမှ သမ္မတ ဦးသိန်းစိန် ထံသို့ လိပ်မူ၍ စာရေး အကြောင်းကြားခဲ့ကြကြောင်း ရှမ်းပြည်တပ်မတော် အရာရှိကြီးများက ပြောသည်။

တန့်ယန်း မြို့နယ်တွင်းရှိ SSPP/SSA ၏ လွယ်လန်း တပ်စခန်း ဆုတ်ပေးရန် အစိုးရတပ်ဘက်မှ ပြောကြားလာခြင်
နှင့်အတူ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလာပြီးနောက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နောက်ပိုင်း၌ SSPP/SSA ဘက်မှ ၎င်းကိစ္စကို သမ္မတထံ စာရေး တင်ပြခဲ့ပြီး သမ္မတမှလည်း အကြောင်းပြန်ခဲ့ကြောင်း SSPP/SSA မှ တပ်ပေါင်းစုရေးရာ ဒု-တာဝန်ခံ ဗိုလ်မှူးကြီး ဖိန်ဖ က မဇ္စျိမကို ပြောသည်။

“သမ္မတ က လွယ်လန်းက နေပြီးမှ သူတို့တပ် ဆုတ်ခွာဖို့ ညွှန်ကြားထားတယ်။ မိုင်းအွတ်မှာ လေယာဉ်ကွင်း
ဆောက်မယ့် အစီအစဉ်ကိုလည်း ဖျက်သိမ်းဖို့။ အဲလိုတော့ ကျနော်တို့ဆီ လိပ်မူပြီး စာရေးလာတယ်လို့ ဌာနချုပ်က ကျနော့်ဆီ အကြောင်းကြားတယ်” ဟု ဆိုသည်။

လွယ်လန်း တပ်စခန်းအား ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နောက်ဆုံးထား ဆုတ်ပေးရန် အစိုးရ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ လားရှိူးမြို့ရှိ SSPP/SSA ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး အောင်လ ထံသို့ နှစ်ကြိမ်တိုင်တိုင် လာရောက် ပြောကြားခဲ့ပြီးလည်း ဖြစ်ကာ ယနေ့၌မူ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း မရှိသေးကြောင်း ဗိုလ်မှူးကြီး ဖိန်ဖ က ဆက်လက် ပြောဆိုသည်။

၎င်းလွယ်လန်း တပ်စခန်းသည် ရှမ်းပြည် မြောက်ပိုင်း၊ တန့်ယန်း မြို့နယ်၏ တောင်ဘက် နမ့်လောဝ် ကျေးရွာအုပ်စု အနီးရှိ SSPP/SSA တပ်မဟာ (၃၆)၊ တပ်ရင်း (၁၉၂) တပ်စခန်း ဖြစ်သည်။

“သမ္မတ က တပ်ရုတ်သိမ်းဖို့ ညွှန်ကြားထားတာက သမ္မတက ဥပရောပ ခရီးစဉ် ထွက်တဲ့အချိန် ဖြစ်နေတော့ တိုက်ပွဲ ဖြစ်တယ်ဆိုတာက သူ့အတွက် အနှောင့်အယှက် ဖြစ်မယ်လို့ ထင်တယ်” ဟု ဗိုလ်မှူးကြီး ဖိန်ဖ က သုံးသပ်သည်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ စ၍ ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဘက်မှ အကျအဆုံးများကာ လူနာ
ကောက်ရန်အတွက် ၎င်းတို့ထံ လာရောက် ပြောကြားလာခြင်းလည်း ရှိကြောင်း ၎င်းက ဆိုသည်။

ရှမ်းသံတော်ဆင့် သတင်း ဖော်ပြချက်အရ အစိုးရ တပ်ဘက်မှ အကျအဆုံး ၃၀ ခန့် ရှိသည်ဟု ရေးသား ဖော်ပြချက် ရှိသော်လည်း အကျအဆုံး များသည်ကို အတည်ပြုနိုင်ပြီး အရေအတွက်ကိုမူ အတည်ပြုချက် မပေးနိုင်သေး ဟုလည်း ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။

အလားအတူ ဖေဖော်ဝါရီ လကုန် နောက်ဆုံးထား၍ တပ်စခန်း နှစ်ခု ဆုတ်ပေးရန် တြိဂံတိုင်း စစ်ဌာနချုပ်နှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဗျူဟာများမှ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အမိန့်ပေးလာပြီး ၂၅ ရက်နေ့တွင် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA)ကလည်း တိုက်ပွဲကိစ္စနှင့် ပတ်သက်၍ သမ္မတထံ စာပို့ခဲ့သည်။ ၎င်းကို တစုံတရာ အကြောင်း ပြန်လာခြင်း မရှိသေးကြောင်း RCSS/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်းဆိုင် က ဆိုသည်။

“ကျနော်တို့က ၂၆ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော် သမ္မတဆီ လိပ်မူပြီးတော့၊ မိတ္တူကိုတော့ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း (ဒု-ကာ/ချုပ်)၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနဲ့ အခြား သက်ဆိုင်တဲ့ ဝန်ကြီးတွေထံကို ပို့ပါတယ်။ မလိုအပ်တဲ့ ပစ်ခတ်မှုတွေ မဖြစ်အောင် ရှေ့တန်း တပ်တွေ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး လွယ်ကူတဲ့ အနေ အထားမျိုး ရောက်ရှိအောင်၊ အစိုးရတပ်တွေကိုလည်း ဒီလိုမျိုး မလိုလားအပ်တဲ့ တိုက်ခိုက်မှုတွေ မပြုလုပ်ရအောင် ညွှန်ကြားပေးစေလိုတဲ့အကြောင်း တင်ပြထားပါတယ်” ဟု မဇ္စျိမကို ပြောသည်။

ယနေ့မှာ တပ်ရုတ်ပေးရန် အမိန့် နောက်ဆုံးရက် ဖြစ်သော်လည်း တိုက်ပွဲ ဖြစ်ပွားခြင်း မရှိကြသေးကြောင်း ၎င်းက ဆက်ပြောသည်။

မိုင်းထား မြို့နယ်ခွဲ တွင်းရှိ RCSS/SSA တပ်စခန်း တနေရာနှင့် ဟိုမိန်း မြို့နယ်ခွဲအတွင်းရှိ တပ်စခန်း တနေရာတို့ အား ရုတ်သိမ်းပေးရန် SSPP/SSA သက်ဆိုင်ရာ တပ်စခန်းများသို့ အစိုးရ ဗျူဟာတပ်မှ စာရေး အကြောင်းကြား
ခဲ့ခြင်း ဖြစ်သည်။

RCSS/SSA နှင့် အစိုးရတို့၏ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွင် ၎င်းဟိုမိန်းနှင့် မိုင်းထား မြို့နယ်ခွဲ နယ်မြေဒေသများအား RCSS/SSA ၏ တပ်မိသားစု နေရာချထားရေးနှင့် လုပ်ကိုင် စားသောက်ရေးအတွက် အပ်ပေးမည်ဟု သဘောတူထားပြီး ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောင်းဆိုင် က ဆိုသည်။

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း( SSPP/SSA)မှာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့က လည်းကောင်း၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA)မှာ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့က လည်းကောင်း အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် အသီးသီး ရရှိခဲ့ကြပြီး ဖြစ်သည်။

http://www.mizzimaburmese.com/news/inside-burma/11042-2013-02-28-15-30-38.html

နယ်မြေ ရွှေ့ပြောင်းခိုင်း၍ SSA တောင်ပိုင်းနှင့် အစိုးရတပ်တို့ အခြေအနေ တင်းမာ

ရှမ်းပြည်နယ် ဟိုမိန်းမြို့နယ်ရှိ လွိုင်လျန်းတောင်ကုန်းနှင့် မိုင်းထားမြို့နယ်ရှိ လွိုင်မို့နန်းလျန်း တောင်ကုန်းများပေါ်တွင် တပ်စွဲထားသော SSA တောင်ပိုင်း ရှေ့တန်းတပ်များကို ယင်းဒေသရှိ အစိုးရတပ်ဗျူဟာများက ယနေ့ နောက်ဆုံးထား ရွှေ့ပြောင်းပေးရန် အကြောင်းကြားထားမှုကို ၎င်းတို့ဘက်က ငြင်းဆန်ထားခြင်းဖြစ်ကြောင်း SSA တောင်ပိုင်းဘက်က ပြောသည်။
SSA တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက “သူတို့လိုချင်တာက ပြန့်ကြဲနေတဲ့ ကျနော်တို့ တပ်တွေကို စုပြုံနေတာကို လိုချင်တာ။ ကျနော်တို့ဘက်ကကျတော့ တနေရာ ဖယ်ပေးရင် နောက်ထပ် တနေရာ ဖယ်ပေးဖို့ ထပ်လာဦးမှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရတပ်များ၏ နေရာရွှေ့ပြောင်းရန် ညွှန်ကြားခံထားရသော အဆိုပါနေရာများသည် ယခင်ကတည်းကပင် SSA တောင်ပိုင်း တပ်များ၏ လှုပ်ရှားနယ်မြေဖြစ်သည်ဟု သိရသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ယင်းဒေသ အခြေစိုက် အစိုးရတပ်သို့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသကဲ့သို့ ဧရာဝတီ အနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းလည်း မရှိသေးပေ။
ယင်းသို့ တင်းမာမှုကြောင့် နှစ်ဖက် ရင်ဆိုင်တိုက်ပွဲဖြစ်မည့် အခြေအနေများ မရှိကြောင်း၊ SSA တောင်ပိုင်း အနေဖြင့်လည်း အတတ်နိုင်ဆုံး ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။
အစိုးရနှင့် SSA တောင်ပိုင်းတို့အကြား ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့က ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ၅၀ ကျော် ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအများစုမှာ နယ်မြေကျွံမှုများ ဖြစ်ကြောင်း SSA တောင်ပိုင်းဘက်က ပြောသည်။
ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ရာတွင် SSA တောင်ပိုင်းတပ်များက ကျေးလက်နှင့်် တောထဲတွင် အခြေစိုက် လှုပ်ရှားပြီး အစိုးရတပ်များ အနေဖြင့် မြို့များပေါ်တွင် အခြေစိုက် လှုပ်ရှားရန် သဘောတူခဲ့ကြသော်လည်း အစိုးရတပ်ဘက်က ယင်းအချက်ကို လိုက်နာခြင်းမရှိဟု SSA တောင်ပိုင်း၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီတွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိတဦးက ဆိုသည်။
“တချို့က နယ်မြေအတွင်း အကြောင်းမကြားဘဲ ဝင်လာတော့ အောက်ခြေတပ်အချင်းချင်း တိုက်ပွဲဖြစ်တယ်။ တချို့ အကြောင်းကြားပြီး ဝင်လာတဲ့ တပ်ဖွဲ့တွေဆိုရင်လည်း အရှေ့ဘက်သွားမယ်လို့ အကြောင်း ကြားထားပေမယ့် တောင်ဘက်သွားရင် သွားတယ်၊ မြောက်ဘက်သွားရင် သွားတယ်။ အကဲစမ်းသလိုမျိုး လုပ်တယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ယခုလ ၂၄ ရက်နေ့ကလည်း ခိုလမ်မြို့နယ်ခွဲထဲတွင် အစိုးရ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများနှင့် SSA တောင်ပိုင်း လက်အောက်ခံ တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်မှ အရာရှိ ၂ ဦးနှင့် တပ်သား ၃ ဦးကျဆုံးပြီး SSA ဘက်မှ ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။
ယင်းတိုက်ပွဲသည်လည်း အစိုးရဘက်မှ ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက် လာရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းတိုက်ပွဲတွင် SSA ဘက်က ရိုင်ဖယ် ၆ လက်နှင့် ပစ္စတို ၂ လက် ရရှိခဲ့ကြောင်း၊ အဆို ပါလက်နက်များကိုလည်း သက်ဆိုင်ရာ အစိုးရတပ်သို့ ပြန်အပ်နိုင်ရန် ဆက်သွယ်ထားကြောင်း သူက ဆက်ပြောသည်။
အဆိုပါတိုက်ပွဲသည် ယခုလ ၁၉ ရက်နေ့က ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော အဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း တို့ နှစ်ဘက် အပစ်ခတ် မရှိတော့ရန် ဆွေးနွေးပြီးနောက် ၅ ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တချိန်တည်းမှာပင် အစိုးရနှင့် ပဏာမ အပစ်ရပ်စဲမှု သဘောတူညီပြီးဖြစ်သော ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) နှင့် အစိုးရတပ်များလည်း နှစ်ဖက်ထိစပ် နယ်မြေများတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 http://burma.irrawaddy.org/archives/34702

CNF က အဖိုးတန် ပန်းမာလ်များ ရောင်းဝယ် လုပ်စားခြင်းမပြုရန် တားမြစ်



ချင်းတော်လှန်ရေးလက်နက်ကိုင် CNF က ချင်းပြည်နယ်အတွင်း အဖိုးတန် ပန်းမာလ် များ ရောင်း ၀ယ်လုပ်စားခြင်းမပြုရန် ယနေ့ တားမြစ်လိုက်သည်။
စာအမှတ် ၀၁/၂၀၁၃။ အပိုဒ် ၀၁/၁၀ အရ ပဥ္စမအကြိမ်ပါတီညီလာခံံသက်တမ်း၊ သတ္တမ အကြိမ် ဗဟိုအလုပ်အ မှုဆောင်ကော် မီတီအစည်းအဝေး ဆုံးဖြတ် အရ ချင်းလဲန်းတွင် အလှပန်းမာလ် များ၊ တောင်ဇလပ်ပန်းနှင့် ပန်းရိုးများရောင်း ဝယ် လုပ် စားခြင်းကြောင့် သစ်တောဖြုန်း တီးမှုများ ရှိနေကြောင်း သိရှိရပါသဖြင့် ယခုကဲ့သို့ တားမြစ်လိုက်ခြင်းဖြစ်သည် ဟု သိရ သည်။
“ကျတော်တို့ ချင်းလဲန်ထဲမှ အဖိုးတန်သစ်ခွ၊ သဇင်၊ တောင်ဇလပ်ပန်းများကြောင့် သစ်ပင်တွေကို စည်းမဲ့ကမ်းမဲ့ ခုတ်လှဲ နေကြတာ တားမြစ်ပေး ဖို့ ပြည်သူတွေက တောင်းဆိုလာတဲ့ အပေါ် ယခုလို လုပ်လိုက်ရတာပါ” ဟု ပါတီရေး ရာဌာန အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆော်လမွန်က ပြောသည်။
တဆက်တည်းဤတားဖြစ်ချက်ကို နိုင်ငံခြားရောက် ချင်းအမျိုးသားများမှတဆင့် မိမိ တို့ ကျေး ရွာ ဒေသ များသို့ Email/ Phone ဖြင့် အသိပေးအကြောင်းကြားပေးပါရန် နှင့်  ချင်းအမျိုးသား တပ်ဦး၊ ပြည်တွင်း ဆက်ဆံရေးရုံးနှင့် အခြား ဌါနဆိုင် ရာ ရုံးများမှတဆင့် ပြည်သူများသို့ ဖြန့်ဝေ အသိပေး ပါရန် မေတ္တာ ရပ်ခံထားသည်။
ချင်းပြည်ရှိ အဖိုးတန် သစ်တောထွက်ပစ္စည်းများကို အဓိကအားဖြင့် မန္တလေးမှ တဆင့် တရုတ်ပြည် သို့ တင်ပို့ကြကြောင်း သိရသည်။
ထို့အပြင် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ဒေသခံတချို့သည် တောင်ဇလပ်ပန်းကို ၀ုိင်အဖြစ် ထုတ်လုပ် ရောင်းချ နေရသဖြင့် တောင်ဇလပ်ပင်များ ပြုန်းတီးမှုများရှိနေသည်။
“တောင်ဇလပ်ပန်း အစိုတပိသာကို ကျပ်ငွေ ၈၀၀ နဲ့ ၀ယ်ယူပြီး ၀ုိင်အဖြစ်ထုတ်လုပ်တယ်၊ ၀ုိင်တပု လင်းကို ကျပ်ငွေ ၁၀၀၀ နဲ့ ပြန်ရောင်းကြတယ်၊ ဘာပဲဖြစ်ဖြစ် အပွင့်ခူးတာတော့ ရပါတယ်၊ ပင်စည် ခုတ်လှဲတော့ လုံးဝမဖြစ်သင့်ဘူး” ဟု ချင်း အမျိုးသားတပ်ဦး ပြန်ကြားရေး အတွင်းရေးမှူး ပူး ငိုင်းကြားထန်းက ပြောသည်။
ချင်းအမျိုးသားတပ်ဦးသည် ၁၉၉၄ – ၁၉၉၅ ခုနှစ်ကတည်းက အောက်ချင်းငှက် နှင့် ရှားပါး တိရိစ္ဆာန် များဖြစ်သည့် ကျား၊ ဆင်၊ ပြောင်၊ ၀က်ဝံ၊ မျောက်၊ မျောက်လွဲကျော် များအား သတ် ပစ်ခြင်း မပြုလုပ်ရန်  မိုင်းဗုံး၊ ဒိုင်နမို၊ အဆိပ် ဖြင့် ရေ သတ္တဝါ များ ဖမ်းဆီးခြင်း၊ တိရိစ္တာန်များ မျိုးပွား ချိန်တွင် သတ်ဖြတ်ခြင်းမပြုလုပ်ရန်တားမြစ်ထားသည်။

http://khonumthungburmese.org/?p=1642

RCSS/SSA တောင်ပိုင်း စခန်း ၂ ခုကို အစိုးရတပ်က ရွှေ့ခိုင်း

RCSS/SSA တောင်ပိုင်းအဖွဲ့က စခန်း ၂ခုကို ဒီနေ့ နောက်ဆုံးထားပြီး ဖယ်ပေးဖို့ အစိုးရတပ်က အကြောင်းကြားထားပြီး  ဒါဟာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေနဲ့ မကိုက်ညီဘူးလို့  SSA တောင်ပိုင်းအဖွဲ့က ပြောဆိုလိုက်ပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းအဖွဲ့ တပ်စခန်းချရာ ဟိုမန်းမြို့နယ်နဲ့ မိုင်းထားမြို့နယ်အတွင်းရှိ  စခန်းနှစ်ခုကို ဒီနေ့ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ဒေသခံစစ်တိုင်းဗျူဟာမှူးတွေက ရွှေ့ခိုင်းတာဖြစ်တယ်လို့ SSA တောင်ပိုင်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်စိုင်းက RFA ကို ပြောပါတယ်။
"သူတို့က အဲဒီမှာရှိနေတဲ့ ကျနော်တို့တပ်ကို အကြောင်းကြားလာတာပါ၊ အခုနေထိုင်နေတဲ့ တောင်ကုန်း ၂ခုပေါ့ဗျာ၊ တခုကတော့ ဟိုမိန်းမြို့နယ်ခွဲထဲမှာရှိတယ်၊ နောက်တောင်ကုန်းတခုကတော့ မိန်းထား(မိုင်းထား)မြို့နယ်ခွဲထဲမှာ ရှိတယ်။ ဒီလကုန်နောက်ဆုံးထားပြီးတော့ ရွှေပေးပါလို့ အကြောင်းကြားလာပါတယ်၊ ဟိုမိန်းဗျူဟာမှူးကတော့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံဖြစ်ပါတယ်၊ နောက်ပြီးတော့ မိန်းတော မိန်းထားမှာရှိနေတဲ့ တြိဂံတိုင်း စစ်ဌာနချုပ် လက်အောက်ခံဖြစ်ပါတယ်၊ သူတို့ပြောတဲ့အတိုင်း မဖယ်ပါဘူး၊ ကျနော်တို့ အရင်တုန်းကလဲ သွားသွားလာလာ နေထိုင်နေတဲ့နေရာဖြစ်ပါတယ်၊ ဒီနေရာဖယ်ပေးလိုက်ရင် နောက်ထပ်တနေရာ ဖယ်ခိုင်းအုံးမှာပဲ"
ဟိုမိန်းမြို့နယ်ခွဲအတွင်း  လွယ်လန်းတောင်ကုန်းရှိ စခန်းတခုနဲ့ မိုင်းထာမြို့နယ်ခွဲအတွင်း လွယ်မွတ် နမ့်လန်တောင်ကြောရှိ တပ်စခန်းတွေကို ဒီလ ၂၄ ရက်နေ့မှာ စာနဲ့အကြောင်းကြားလာတာဖြစ်တယ်လို့ သိရပါတယ်။
အခုလို ့တပ်စခန်းတွေဖယ်ခိုင်းတာ၊ တိုက်ပွဲတွေ ပြန်ဖြစ်တာတွေကြောင့် ငြိမ်းချမ်းရေးအရ ဆွေးနွေးနေတဲ့ အစိုးရအဖွဲ့ကတမျိုး၊ စစ်တပ်ကတမျိုး  လုပ်ဆောင်တာနေတာ တွေ့နေရပြီး  SSA တောင်ပိုင်းအဖွဲ့အနေနဲ့ အစိုးရနဲ့ ဆက်ဆံရတာ အခက်အခဲဖြစ်နေတယ်လို့လည်း ဗိုလ်မှူး စိုင်းလောင်စိုင်းက ပြောပါတယ်။
ဒါ့အပြင် အခုလို  တပ်စခန်းတွေ ရွှေ့ခိုင်းတာနဲ့ ပတ်သက်ပြီး သူက
"ကျနော်တို့ သဘောတူညီချက်ထဲမှာ တောထဲမှာရောက်တဲ့နေရာမှာ ရပ်နေမယ်၊ အဲဒီနေရာမှာပဲ နေထိုင်ကြမယ်၊ မြို့ထဲမှာ ကားလမ်းပေါ်မှာ ကျေးရွာတွေမှာ ကျနော်တို့သွားမယ်ဆိုရင် ကြိုတင်အကြောင်းကြားပြီး သွားသွားလာလာလုပ်ပါ၊ လှုပ်ရှားလာတော့မယ်ဆိုရင် ကျနော်တို့ကို အသိပေးပြီးလုပ်ပါ၊  ကျနော်တို့ဖယ်ရှားဖို့ လိုအပ်ရင် ဖယ်ရှားပေးမယ်၊ ဒီလိုကျနော်တို့ သဘောတူညီချက်ရထားတာပဲ၊  အခုတော့ ဟိုရွှေ့ခိုင်း ဒီရွှေ့ခို်င်းလုပ်လာတော့ မလိုအပ်တဲ့ ပြဿနာပေါ်လာပါတယ်၊ ကျနော်တို့အတွင်းမှာလဲ တပ်တွေကလဲ သိပ်ပြီးတော့ မကျေနပ်တော့ပါဘူး၊ ဘာဖြစ်လို့ တပ်တွေကို ဟိုရွှေ့ခိုင်း ဒီရွှေ့ခိုင်းလုပ်နေလဲဆိုတာ သူတို့သဘောမပေါက်ကြတော့ပါဘူး"
အစိုးရတပ်က SSA ရှမ်းပြည်တောင်ပိုင်းအဖွဲ့က စခန်းတွေကို ဆုတ်ခိုင်းတာ ဒါဟာပထမဆုံးအကြိမ်ဖြစ်ပါတယ်။ SSA ရှမ်းပြည်မြောက်ပိုင်းအဖွဲ့ကိုတော့  အလားတူစခန်းတွေကို ဖယ်ခိုင်းခဲ့တဲ့အတွက် စခန်းသုံးလေးခုလောက် ဆုတ်ပေးလိုက်ရတယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေး အမြန်ဆုံး ဖော်ဆောင်ဖို့ ကချင်ဒေသခံတွေ တိုက်တွန်း

peace_kachin_305.jpg
မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် စိန့်ပက်ထရစ် ဘုရားရှိခိုးကျောင်းမှာကျင်းပတဲ့ ဆွေးနွေးပွဲမှာ ကက်သလစ်ဘုန်းတော်ကြီး ဖာသာရ်နော်ဒင်းက မိန့်ခွန်းပြောနေစဉ်
photo: Kyaw Myo Min 
 
ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ လက်ရှိအစိုးရနဲ့ ကေအိုင်အိုအဖွဲ့ တွေ့ဆုံမှု ကို ဒေသခံ ပြည်သူတွေက ကြိုဆိုနေကြောင်းနဲ့ အမြန်ဆုံး ထာဝရ ငြိမ်းချမ်းရေး ရရှိလာဖို့ မျှော်လင့်နေကြောင်းကို  စစ်ဘေးဒဏ်ကို ပြင်းပြင်း ထန်ထန် ခံစားခဲ့ရတဲ့ ကချင် ဒေသခံတွေက ဖေဖော်ဝါရီ ၂၈ ရက်နေ့ ဒီကနေ့မှာ တောင်းဆိုလိုက်ပါတယ်။
မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် စိန့်ပက်ထရစ် ဘုရား ရှိခိုးကျောင်းမှာကျင်းပတဲ့ စစ်မှန်ပြီး တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးကို ဖယ်ဒရယ် စနစ်နဲ့သာ တည်ဆောက်နိုင်မည် ဆိုတဲ့ ခေါင်းစဉ်နဲ့  ဆွေးနွေးပွဲမှာ အခုလို ဒေသခံတွေက ပြောဆိုခဲ့ပါတယ်။
အဲဒီ ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေကို ကိုယ်ပိုင်ပြဌာန်းခွင့် ဖယ်ဒရယ် အုပ်ချုပ်ရေးစနစ် အကောင်အထည်ဖော်လာဖို့ ငြိမ်းချမ်းရေးကို မျှော်လင့်တယ်လို့ ကက်သလစ် ဘုန်းတော်ကြီး ဖာသာရ်နော်ဒင်းက  အခုလို ပြောပါတယ်။
"အခုပေါ်လာတဲ့ အခွင့်အရေးတွေကတော့ နိုင်ငံတော်အစိုးရ သမ္မတကြီးပြောတဲ့အတိုင်းပဲ ကိုယ်ပိုင်ပြဌာန်းခွင့် ဖယ်ဒရယ်စနစ်ကို ကျွန်တော်တို့ မျှော်လင့်တောင့်တတယ်၊ နယ်မြေဒေသအေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံကို ရရှိမယ်လို့ မျှော်လင့်တောင့်တပါတယ်"
ဒီဆွေးနွေးပွဲကို အနီးအနား ကျေးရွာတွေက ဒေသခံ ပြည်သူ ၁၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။

http://www.rfa.org/burmese/news/peace-kachin-induce-02282013072753.html

ငြိမ်းချမ်းရေး လမ်းလျှောက်သူများ ကချင်ပြည်နယ်အတွင်း စတင် ဝင်ရောက်

ကချင် ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်ကနေ လမ်းလျှောက် သွားကြတဲ့ အဖွဲ့ဟာ အခုအခါမှာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ထဲကို ရောက်ရှိနေပြီဖြစ်ပြီး လမ်းတစ်လျှောက်မှာ ရရှိခဲ့တဲ့ အလှူငွေ ကျပ်သိန်း ၁၇၀ ကျော်ကို ကချင်ဒုက္ခသည်တွေထံ စတင် ဖြန့်ဝေလှူဒါန်းနေပြီလို့ သိရပါတယ်။
အဲဒီအလှူငွေတွေထဲက မိုးညှင်းမြို့နယ်တွင်းမှာရှိတဲ့ ဒုက္ခသည်တွေနေထိုင်တဲ့ ခရစ်ယာန် ကျောင်းတစ်ကျောင်းကို ငွေကျပ်ဆယ်သိန်း လှူဒါန်းခဲ့ပြီး ကျန်ရှိတဲ့အလှူငွေတွေအကုန်လုံးကို ဒုက္ခသည်စခန်းအားလုံးမှာ ခွဲဝေလှူဒါန်းသွားမယ်လို့ သိရပါတယ်။
အဲဒီလှူဒါန်းမှုအပြီး မိုင်းထိလို့ ဆေးရုံတက်နေရတဲ့ ဒေသခံနှစ်ဦးကိုလည်း အလှူငွေ ကျပ်တစ်သိန်းစီ လှူဒါန်းခဲ့တယ်လို့ ရန်ကုန်ကနေ လမ်းလျှောက်တဲ့အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်မင်းနိုင်က RFA ကို ပြောပါတယ်။
ဒီအတောအတွင်း မြင်းခြံကနေ လိုင်ဇာကို လမ်းလျှောက်သွားတဲ့အဖွဲ့ဟာလည်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင်းကို ရောက်ရှိနေပြီး လမ်းတလျှောက်မှာ လှူဒါန်းငွေစုစုပေါင်း ကျပ် ၉၇ သိန်းကျော် ရရှိထားပြီလို့ သိရပါတယ်။
အဲ့ဒီငြိမ်းချမ်းရေး လမ်းလျှောက်တဲ့ အဖွဲ့နှစ်ဖွဲ့ဟာ လိုင်ဇာမြို့ကို အတူဝင်ရောက်နိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

တိုက်ပွဲငြိမ်သော်လည်း ကချင်လူထု လူ့အခွင့်အရေးချိုးဖောက်ခံနေရဆဲ

ဖေဖော်ဝါရီလ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
DSC02991ကချင်ပြည်နယ်၌ တိုက်ပွဲအခြေအနေ ငြိမ်သွားသော် လည်း ကချင်ဒေသခံများအပေါ် မြန်မာအစိုးရ၏ လူ့အခွင့်အရေး ဆက် လက် ချိုးဖောက်ခံနေရဆဲဖြစ် သည့် အပေါ် နိုင်ငံတကာမှ ရပ်တန့်သွားအောင် ကူညီပေးရန် ကချင်အမျိုးသမီးအဖွဲ့အစည်း (ထိုင်း နိုင်ငံ)-KWAT က ယနေ့ ကြေညာချက် ထုတ်ကာ တောင်းဆို လိုက်သည်။
လက်ရှိအချိန်တွင် အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အကြား တိုက်ပွဲများ လုံးဝ ရပ်ဆိုင်းသွားခြင်း မဟုတ် ပဲ တိုက်ပွဲငယ်များ ဖြစ်ပွားနေသေးသည့် အပြင် စစ်တပ်မှ ကချင်ပြည်နယ်အတွင်း စစ်တပ် အင်အားတိုးချဲ့ခြင်း၊ ဒေသခံ ကချင် လူထုအပေါ် ပေါ်တာဖမ်းခေါ်သွားခြင်းများလည်း ရှိနေသေးဟု KWAT မှ ပြောရေး ဆိုခွင့်ရှိသူ မွန်းနေလီက ကေအိုင်စီသို့ ပြော သည်။
သူမက “တချိန်တည်းမှာပဲ အစိုးရတွေဟာ ကချင်ငြိမ်းချမ်းရေး ဆွေးနွေးနေတယ်။ စေ့စပ်ညှိုနှိုင်းမှုတွေ လုပ်နေတယ်ဆိုပြီး တဖက်မှာလည်း ရိက္ခာတွေ၊ လက်နက်အင်အားတွေကို ပို့တယ်၊ စစ်အင်အားတွေကို တိုးချဲ့တယ်။ အဆိုးဝါးဆုံးဖြစ်တာက ကချင်လူထုတွေကို လူမဆန်စွာ ညှင်းပမ်းနှိပ်စက်တယ်။ ဒီလိုမျိုးကိစ္စတွေဖြစ်နေတဲ့အပေါ် ပြောင်းလဲမှုမရှိသေးတဲ့ အစိုးရတွေကို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဆက်ပြီးတော့ ဖိအားပေးဖို့ လိုအပ်နေသေးတယ်ဆိုတာကို ပြချင်တာပါ”ဟု သူမက ပြော သည်။
ယခုလ ဖေဖော်ဝါရီ ၂၆ရက်ကလည်း သျှမ်းပြည်မြောက်ပိုင်း ရိခူးကျေးရွာတွင် KIA နှင့်အစိုးရကြား ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ကချင်ပြည်နယ် ဖားကန့်မြို့၊ မြစ်ကြီးနားမြို့တဝိုက်ရှိ ဒုက္ခသည်စခန်းများနှင့် နပ်စပ်မြို့ဖြစ်သည့် လိုင်ဇာတွင် စစ်ပြေး ကချင်ဒေသခံ ၂သောင်းကျော်ရှိနေသည်ဟု KWAT ကြေညာချက်တွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် KWAT မှ မြန်မာအစိုးရကို Sanctions (ပိတ်ဆို့မှု)ပြန်လုပ်ရန်နှင့် စစ်ပွဲအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ပြစ်မှုကျူးလွန်ခဲ့သည့် မြန်မာအစိုးရ၏လုပ်ရပ်ကို ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR က ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ် ဆေးပေးဖို့ တောင်းဆိုလိုက်ပါကြောင်း မွန်းနေလီက ပြောသည်။
အစိုးရမှ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များက ကချင်ထိန်းချုပ်ထားတဲ့ဒေသရှိ ဒုက္ခသည်များကို လူမှုရေး အကူအညီများ ပေးခွင့်ပြုမည်ဟု ကြေညာခဲ့သော်လည်း ဖေဖော်ဝါရီ ၂၅ ရက် နေ့က လိုင်ဇာမြို့ကိုသွားသည့် အပြည်ပြည်ဆိုင်ရာ ကူညီရေးအ ဖွဲ့၏ ယာဉ်တန်းကို တားဆီးခြင်း ပြုလုပ်ခဲ့သည်ဟုလည်း ကြေညာချက်ထဲတွင် ဖော်ပြထားသည်။
ကချင်လူမှုအသိုင်းအဝိုင်းတွင် အမျိုးသမီးများနှင့် ကလေးငယ်များ၏ စွမ်းရည်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ KWAT ကို ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်းမြို့တွင် ဖွဲ့စည်းခဲ့သည်။

http://www.kicnews.org/?p=15939%20target=

အစိုးရတပ်များ ကချင်ထိုးစစ် ဆက်လက် ဆင်နေခြင်းအပေါ် နိုင်ငံတကာ ဖိအားပေးရန် KWAT တောင်းဆို

state-terror-in-kachin-hills-KWATမြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား ငြိမ်းချမ်းရေးလမ်းစဉ်သို့ ဆွေးနွေးမှုပြုလုပ်နေသော်လည်း လက်ရှိကချင်ပြည်နယ်တွင် အစိုးရတပ်ဖွဲ့များ၏ စစ်လက်နက်အင်အားနှင့် ရိက္ခာများတိုးချနေပြီး တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်သည့် အလားအလာရှိနေသည့် လုပ်ရပ်အပေါ် နိုင်ငံတကာမှ ဖိအားပေး အရေးယူဆောင်ရွက်ပေးရန် ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ (KWAT) တောင်းဆိုလိုက်သည်။
KIO ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီများ အကြိမ်ကြိမ် တွေ့ဆုုံဆွေးနွေးမှု လုပ်ငန်းစဉ်များ လုပ်ဆောင်နေသော်လည်း တဖက်တွင် ဆက်လက်ထိုးစစ်ဆင်မှုများရှိနေပြီး ဒုက္ခသည်များလည်း အခက်အခဲရင်ဆိုင်နေသည့်အခြေအနေများကို နိုင်ငံတကာမှ သိနားလည်ဆောင်ရွက်နိုင်ရန်အတွက် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က KWAT မှ အစီရင်ခံစာဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
“တဖက်မှာတော့ ငြိမ်းချမ်းရေးပြောနေတယ်။ ဒါပေမဲ့ တစ်ဖက်မှာတော့ အစိုးရတပ်တွေ ဆုတ်သွားတာတွေ မလုပ်ဘူး။ ခုတလော သူတို့သိမ်းပိုက်ထားတဲ့ KIA နေရာတွေမှာ လက်နက်တွေ၊ လူအင်အားတွေ၊ ရိက္ခာတွေ ပိုပြီးတောင် ခိုင်မာအောင် အင်အားတိုးချနေတာတွေရှိတယ်။ အဲဒါကိုကြည့်ရင်တော့ ဘယ်အချိန်မဆို တိုက်ပွဲကြီး သူတို့ဖက်ကနေ ပြန်လုပ်လာမယ်ဆိုတဲ့ အစီအစဉ်ကို ရှင်းရှင်းပဲ မြင်နေရတယ်။ ပြည်သူတွေအတွက် အရမ်းစိုးရိမ်ရတဲ့ အခြေအနေရှိတယ်။ အဲလို ဆက်ဖြစ်နေရင်တော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဆိုပြီး ခေါင်းစဉ်တပ်ပြီး ပြောနေတာတွေက အလကား လိမ်ညာတာတွေပဲ အာမခံချက်ပေးတဲ့ ငြိမ်းချမ်းရေးဆိုတာက မျှော်လင့်စရာမရှိဘူးဆိုတဲ့ အခြေအနေတွေကို နိုင်ငံတကာ သိအောင် ထုတ်လိုက်တာဖြစ်တယ်။” ဟု ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ (KWAT) မှ ပြောရဲဆိုခွင့်ရှိသူ ဒေါ်မွန်းနေလီပြောသည်။
ထိုသို့ အစီရင်ခံစာထုတ်လိုက်ခြင်းကြောင့် နိုင်ငံတကာမှ သိမြင်လာခြင်းအားဖြင့် လက်ရှိ တိုင်းရင်းသားနယ်မြေတွင် ဖြစ်ပွားနေသော ပဋိပက္ခပြဿနာများနှင့် ဒုက္ခသည် အခြအနေများကို နိုင်ငံတကာမှ ဖိအားပေး လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ဆက်ဆိုသည်။
“ပြည်သူလူထုတွေကြံုနေသော အခက်အခဲတွေကို ကျမတို့ နိုင်ငံတကာကို ပြောပြလိုက်ရခြင်းအားဖြင့် နိုင်ငံတကာကလည်း သိလာ ကြားလာခြင်းကြောင့် ငြိမ်းချမ်းရေးတည်ဆောက်တဲ့ အထဲမှာ ဒီအကြောင်းအရာတွေက မမှန်ဘူးဆိုတာတွေကို သူတို့ကောင်းကောင်း ဖိအားပေးသွားဖို့အတွက်လည်း မျှော်လင့်တယ်။ လူ့အခွင့်အရေးချိုးဖောက်တာတွေကိုလည်း သက်ဆိုင်ရာ နိုင်ငံတကာကနေပြီး လာရောက်လေ့လာပေးသွားတာမျိုးဖြစ်လာမယ်လို့ မျှော်လင့်တယ်လေနော်။”
ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ (KWAT) မှ ကချင်ပြည်နယ်အတွင်း တိုက်ပွဲအခြေအနေများနှင့် ဒုက္ခသည်ပြည်သူလူထုအခြေအနေများနှင့် ပတ်သက်၍ အစီရင်ခံစာ ၄ ကြိမ်ရှိပြီဖြစ်ပြီး ၄င်းတို့ထုတ်ပြန်ချက်အပေါ် နိုင်ငံတကာဖက်က တုံ့ပြန်မှုတွေ ရှိကြောင်း ဒေါ်မွန်းနေလီပြောသည်။
“ပြီးခဲ့တဲ့ အချိန်တွေမှာ တခြားနိုင်ငံတကာကနေလည်း ပြည်တွင်းကလူတွေမဆို ကချင်ပြည်နယ်မှာ ဖြစ်တဲ့အကြောင်းအရာတွေကို ကောင်းကောင်းမသိဘူး။ အပေါ်ယံကြားတာလောက်ပဲသိတယ်။ ကျမတို့ အခုလို ထုတ်လိုက်တော့ နိုင်ငံတကာကလည်း သိလာတယ်။ သိလာတော့ သူတို့ ဘယ်လိုလုပ်သွားမယ်ဆိုပြီး အစိုးရကို ဖိအားပေးလာတာတွေရှိတယ်။ အစိုးရကလည်း ကချင်ပြည်နယ်မှာ အရင်ကလို သူတို့လုပ်ချင်သလို မြန်မြန်ဆန်ဆန် မလုပ်နိုင်တော့တာတွေတွေ့ရတယ်။ နိုင်ငံတကာကလည်း ကျမတို့ကို ဆက်သွယ်လာပြီး ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ နောက်ဆုံးအခြေအနေတွေကို ပုံမှန်သူတို့ဆီ ပို့ပေးလာဖို့တောင်းဆိုတာတွေ လုပ်လာတာတွေရှိတယ်။ အဲလိုမျိုး အကျိုးခံစားတာတွေရှိတယ်။”
ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ (KWAT) အနေဖြင့် မြန်မာနိုင်ငံ မတည်ငြိမ်နိုင်သေးတရွေ့ နိုင်ငံတွင်းရှိ ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများရင်ဆိုင်နေရသရွေ့ နိုင်ငံတကာသိအောင် ဖော်ထုတ်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။
အစိုးရထိုးစစ်များကြောင့် တိုက်ပွဲဖြစ်ပွားချိန်မှ ယခုချိန်ထိ အမျိုးသမီးများ ၆၀ ခန့်သည် အစိုးရစစ်သားများ၏ အဓမ္မပြုကျင့်မှုနှင့် အကြမ်းဖက်သတ်ဖြတ်မှုခံခဲ့ရပြီး ထိုအထဲမှ တဝက်ကျော်မှာ သတ်ဖြတ်မှုခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးဖြစ်ထွန်းမှုအောက်တွင် ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးမှုများ ပြုလုပ်နေသည်နှင့် တပြိုင်နက်တည်းတွင် စစ်လက်နက်အင်အားများ တိုးချဲ့နေခြင်း၊ စစ်စခန်းများ အခိုင်အမာတည်ဆောက်နေခြင်း စသည်တို့က တနိုင်ငံလုံးအတိုင်းအတာဆောင်သည့် အပစ်အခတ်ရပ်စဲရေးအဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် အတားအဆီးများဖြစ်နေသည်ကိုတွေ့ရှိရပြီး ငြိမ်းချမ်းရေးကိုဦးတည်သည့် အနှစ်သာရ ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်မည့် အလားအလာကောင်းများလည်း လွန်စွာလိုအပ်လျှက်ရှိနေသည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သတ္တမအကြိမ်ညီလာခံ ထုတ်ပြန်ကြေငြာချက်တွင်ပါရှိသည်။
တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလျက်ရှိနေသော ပြင်းထန်သည့် စစ်ပွဲများ၊ လျင်မြန်စွာ အကောင် အထည်ဖော်လျက် ရှိသော  ဖွံ့ဖြိုးရေး စီမံကိန်းများ၊ မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်ဖြန့်ချိသုံးစွဲမှုများ၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပါအဝင် လူသားဖြစ်မှုကို ဆန့်ကျင်သည့် စစ်ရာဇဝတ်မှုများ ကာလကြာရှည်စွာဖြစ်ပွားခဲ့မှုများ၏ နောက်ဆက်တွဲပြဿနာများနှင့် ဆက်လက် ချိုးဖောက်ခွင့်ပြုနေမှုများကြောင့် လူထုအခြေအနေသည် ဆိုးဝါးနေဆဲဖြစ်သည်ဟု သုံးသပ်ထားသည်။

http://kachinnews.com/burmese/news/1035-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%80%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%91%E1%80%AD%E1%80%AF%E1%80%B8%E1%80%85%E1%80%85%E1%80%B9-%E1%80%86%E1%80%80%E1%80%B9%E1%80%9C%E1%80%80%E1%80%B9-%E1%80%86%E1%80%84%E1%80%B9%E1%80%B1%E1%80%94%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%B1%E1%80%95%E1%81%9A-%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%90%E1%80%80%E1%80%AC-%E1%80%96%E1%80%AD%E1%80%A1%E1%80%AC%E1%80%B8%E1%80%B1%E1%80%95%E1%80%B8%E1%80%9B%E1%80%94%E1%80%B9-kwat-%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%86%E1%80%AD%E1%80%AF.html

February 25, 2013

ဆွေးနွေးပွဲများတွင် အကြီးတန်း စစ်ဘက် အရာရှိများ စေလွှတ်ပေးရန် KNU တောင်းဆို

ကရင်အမျိုးသား အစည်းအရုံး (KNU)က အနာဂတ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပလျှင် အဆင့်မြင့် စစ်ဘက် အရာရှိများကို စေလွှတ်ပေးရန် မြန်မာ ဗဟိုအစိုးရကို မေတ္တာရပ်ခံခဲ့သည်ဟု Karen News သတင်းတရပ်တွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့တွင် KNU နှင့် အစိုးရအကြား အစည်းအဝေး တခု ကျင်းပခဲ့ပြီး KNU ဘက်မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကာ အစိုးရဘက်မှ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်ဟု သိရသည်။

Karen News သတင်းထောက် Saw Eh Na က ဆိုရာတွင် ဒုသမ္မတ ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားနှင့် မြဝတီ နယ်စပ် ကုန်သွယ်ရေးဇုန်သို့လည်း သွားရောက် လေ့လာခဲ့သည်ဟု သိရသည်။

“အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးချိန်မှစ၍ KNU အနေဖြင့် ဖွံ့ဖြိုးရေး စီမံကိန်းများကို အကောင်အထည် ဖော်လျက်ရှိကြောင်း KNU ခေါင်းဆောင်များက အစိုးရ ကိုယ်စားလှယ်အဖွဲ့သို့ ထပ်လောင်း ရှင်းပြခဲ့သည်” ဟု Karen News တွင် ဖော်ပြထားသည်။

“အနာဂတ် စကားဝိုင်းများတွင် (မြန်မာ) တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်များ ပိုမို ပါဝင်စေသင့်ကြောင်း KNU က မြန်မာအစိုးရ ဝန်ကြီးများအား တိုက်တွန်းခဲ့သည်” ဟု သတင်းထောက် Saw Eh Na က ဆိုသည်။

ထိုသတင်းဌာနတွင်ပင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဖော်ပြထားသည့် နောက်ထပ် သတင်းဆောင်းပါး တပုဒ်၌ KNU အရာရှိ စောဂျွန် က ထိရောက်ပြီး တာရှည်ခံသည့် အပစ်အခတ်ရပ်စဲရေး ရရှိမှသာလျှင်
နှစ်ဘက်စလုံး အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးရေးကို ရှေ့ဆက် လုပ်ဆောင်နိုင်လိမ့်မည် ဟု ဆိုသည်။

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီတွင် KNU နှင့် မြန်မာအစိုးရတို့ အပစ်အခတ် ရပ်စဲရေး ပမာဏ သဘောတူညီချက် ရရှိခဲ့သည်။

http://www.mizzimaburmese.com/news/inside-burma/11013------knu-.html

KIO က အစိုးရ ငြိမ်းအဖွဲ့နှင့် ပြန်လည်တွေ့ဆုံရန် အဆင်သင့် မဖြစ်သေး

ချင်းမိုင်(မဇ္စျိမ)။   ။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ဖေဖော်ဝါရီ လကုန်တွင် ပြန်လည်တွေ့ဆုံရန် မဖြစ်နိုင်သေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်မှ တုံ့ပြန်ခဲ့သည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။

တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် သဘောတူထားချက်အရ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်း က ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ပြန်လည် တွေ့ဆုံရန် ကမ်းလှမ်းခဲ့သော်လည်း KIO ဘက်မှ ၎င်းတို့ဗဟိုတွင် ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်၍ အဆင်သင့် မဖြစ်သေးကြောင်း တနင်္ဂနွေနေ့က အကြောင်း
ပြန်ကြားခဲ့သည်ဟု ဆိုသည်။

“သူတို့ဆီကနေ မနေ့က အကြောင်းပြန်ပါတယ်။ အဲဒါကတော ့ဗဟိုမှာ ညှိနှိုင်းနေတဲ့အတွက် အချိန် အနည်းငယ် လိုပါလိမ့်မယ်။ အဲတော့ လဆန်းပိုင်းလောက်မှာ ဖြစ်ဖို့ များပါတယ်လို့ မနေ့က ဦးအောင်မင်းဆီ တိုက်ရိုက် တရားဝင် အကြောင်းပြန်ပါတယ်” ဟု ဦးလှမောင်ရွှေ က ပြောသည်။

KIO အနေဖြင့် လူထုသဘောထား ရယူရန်နောက် ဗဟိုဆွေးနွေးမှုများ ရှိနေသေး၍ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် တွေ့ဆုံရန် အချိန်အနည်းငယ် လိုအပ်နေသည်ဟု KIO ဗဟိုကော်မတီဝင် တဦးက ပြောသည်။

“အစိုးရနဲ့ တွေ့ဖို့ မဖြစ်သေးဘူး။ ခုတလောပဲ လူထုကနေ အကြံတောင်းယူတာ။ ကျနော်တို့က အလုပ် မပြီးသေးဘူး။ ကျနော်တို့ ဆွေးနွေးပြီးတော့ ပြန်တွေ့မယ်” ဟု မဇ္စျိမကို ပြောသည်။

လူထုက KIO ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ထောက်ခံပြီး တခြားနိုင်ငံကြီးများမှ ကြားဝင်ဆောင်ရွက်
ပေးရန် အကြံပေးခဲ့သည်ဟု ဆိုသည်။

KIO က အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးသည့် လုပ်ငန်းစဉ်များတွင် ထည့်သွင်း ဆွေးနွေးနိုင်ရေးအတွက်
ဖေဖော်ဝါရီလ ၂၂ ရက်နှင့် ၂၃ ရက်နေ့များက ၎င်းတို့၏ လိုင်ဇာ ဌာနချုပ်တွင် လူထု ကိုယ်စားလှယ် ၁၀၀ ကျော်၏ သဘောထားများကို တောင်းယူနေခဲ့ဟု အဆိုပါ KIO အရာရှိက မဇ္စျိမကို ပြောသည်။

“ကချင်လူထုရှေ့ရေး ဘယ်လို ဆက်သွားမလဲဆိုတာ ဆွေးနွေးတယ်။ လူထုက အများကြီး အကြံပေးကြတယ်။ KIO ဦးဆောင်မှုမှာ တိုင်းရင်းသားအခွင့်အရေးကို အခြေခံထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက် သွားဖို့ သဘောတူကြတယ်” ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် နှစ်ဖက်တွေ့ဆုံမှုအပြီး စစ်ရေး တင်းမာမှုများ
လျှော့ချနိုင်ရေးအပြင် ဖေဖော်ဝါရီ လမကုန်မီ နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လက် ကျင်းပသွားရန် သဘောတူခဲ့သည်။

http://www.mizzimaburmese.com/news/inside-burma/11011-kio-.html

February 23, 2013

ငြိမ်းချမ်းရေး ခရီးစဉ် သွားရောက် သူများ အမျိုးမျိုးနှောက်ယှက်ခံရ

naymyozin_kachin_305.jpg
ကချင်ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ မြန်မာ့လူမူဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အဖွဲ့ကို ဗန်းမော်မြို့တွင်တွေ့ရစဉ်
Photo: RFA 
 
ကချင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အစိုးရနဲ့ KIO အဖွဲ့ရဲ့ စစ်ပွဲတွေကြောင့် အိုးအိမ်တွေ စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို အကူအညီပေးဖို့ လွန်ခဲ့တဲ့အပတ်အတွင်းက သွားရောက်ခဲ့တဲ့ မြန်မာ့လူမှုဘဝ ဖွံဖြိုးတိုးတက်ရေး ကွန်ရက်က ဗိုလ်ကြီးဟောင်း နေမျိုးဇင်နဲ့အဖွဲ့ဟာ မနေ့က KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကနေ ပြန်လာခဲ့ပါတယ်။
အပြန်လမ်းမှာ အစိုးရစစ်တပ် နယ်မြေကိုအဖြတ်မှာ သူတို့မော်တော်ကား ထားခဲ့တဲ့နေရာကို ပြန်လာလို့မရအောင် အဲဒီမှာရှိတဲ့ အစိုးရတပ်ဖွဲ့ဝင်တချို့က မိုင်းများချထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်နဲ့အဖွဲ့ဟာ ကားရပ်ထားတဲ့နေရာကို တံတားပေါ်က မဖြတ်တော့ပဲ ချောင်းဘေးကပတ်ပြီး သွားတယ်လို့သိရပါတယ်။  ကားရပ်ထားတဲ့နေရာကို ပြန်ရောက်ချိန်မှာ သူတို့ကားကို စက်နှိုးလို့မရအောင ်ဘက်ထရီကြိုးတွေ ဖြုတ်ထားတာ တွေ့ကြရတယ်လို့ ဆိုပါတယ်။
အခုလို သူတွေ့ကြုံခဲ့ရတဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

February 22, 2013

ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့စခန်းကို အစိုးရတပ်ဖွဲ့တွေ ဆက်လက်တိုက်ခိုက်

military_305.jpg
ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်အတွင်းက ရှမ်းပြည်တပ်မတော် SSPP/SSA မြောက်ပိုင်းတပ် ထိုင်ထားတဲ့စခန်းကို အစိုးရတပ်တွေက ဒီနေ့မနက် ဆက်လက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့က  နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်မှာ မနေ့က တိုက်ပွဲရပ်သွားခဲ့ပေမယ့် ဒီနေ့မနက်စောစောမှာ အစိုးရတပ်က SSA မြောက်ပိုင်းတပ်တွေ ထိုင်ထားတဲ့ တန့်ယန်းမြို့နယ်၊ မိုင်းကောင် အရှေ့ဖက်ခြမ်းက တောင်ကုန်းစခန်းကို တပ်ရင်းနှစ်ရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးစိုင်းလ က RFA ကို ပြောပါတယ်။
"ဒီနေ့ သူတို့ ၆နာရီခွဲအချိန် ကျနော်တို့တပ်ရှိတဲ့နေရာကို သူတို့ကတုတ်ကျင်းတူးပြီးတော့ တဆင့်ပြီးတဆင့် တက်တိုက်တယ် ခမရ ၃၂၂နဲ့ ခလရ ၃၃ပါ ကျနော်တို့ ၉ နာရီအထိတော့ ဖြစ်နေတာပဲ၊ ကျနော်တို့တပ်တွေ အခြေချထားတဲ့ လွယ်လန်းတောင်မှာပဲ တန့်ယန်းမြို့နယ်၊ မိုင်းကောင် အရှေ့ဖက်ခြမ်း ၆ မိုင် ရ မိုင်လောက်ပေါ့"
ရှမ်းပြည်တပ်မတော် SSA ဘက်ကလည်း ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပြီး  နှစ်ဖက်ကျဆုံးထိခိုက်မှုကိုတော့  မသိရသေးဘူးလို့ ပြောပါတယ်။
ယခုလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ရှမ်းပြည်မြောက်ပိုင်း  လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်း၊ စစ်ဌာနချုပ်ရုံးကို SSA မြောက်ပိုင်းတပ်က ဗိုလ်ကြီး နော်လင်းက သွားရောက်အကြောင်းကြားခဲ့တဲ့အတွက်  ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ  တိုက်ပွဲတွေရပ်သွားခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် နောက်တစ်ရက်မှာတော့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ၀င်းသိန်းက လာရှိုးမြို့မှာရှိတဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့က ဆက်ဆံရေးတာဝန်ခံကိုခေါ်ပြီး တောင်ကုန်းစခန်းရှိ SSA တပ်တွေကို ဆုတ်ပေးဖို့ တကယ်လို့ဆုတ်မပေးပါက တိုက်ခိုက်မယ်လို့ ပြောဆိုခဲ့ကြောင်း ဗိုလ်မှုးစိုင်းလ ကပြောပါတယ်။
"ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့က ကျနာ်တို့ ဗိုလ်ကြီး နော်လင်း တိုင်းရုံးက ကာနယ်ကြီးနဲ့ တွေ့ဆုံကြတယ်လေ၊ အဲဒီတုံးကတော့ သူတို့ တိုက်ပွဲဆက်မဖြစ်ဖို့ သူတို့ထိန်းချုပ်ပေးပါ့မယ်လို့ အဲလိုပြောတယ်၊ ပြောပြီးတော့ တမြန်နေ့က ကျနော်တို့ ဆက်ဆံရေးတာဝန်ခံ ဗိုလ်ကြီးအောင်လကို အဲဒီကာနယ်ကြီးက ပြန်ခေါ်တယ်လေ၊ ည ၈ နာရီခွဲလောက်က ခေါ်ပြီးတော့ မင်းတို့အဲဒီနေရာကနေ ဖယ်ပေး၊ မဖယ်ပေးရင် ကျနော်တို့တိုက်မယ်၊ အဲလိုပြန်ပြောတော့ ဒီနေ့ ၆ နာရီခွဲအချိန်မှာ တိုက်ပွဲဖြစ်တာပဲ"
ယခုတိုက်ခိုက်နေတဲ့ တောင်ကုန်းစခန်းဟာ SSA မြောက်ပိုင်းတပ်ဖွဲ့ မိသားစုဝင် ၃၀၀ ကျော် အခြေချနေထိုင်ဖို့ စီစဉ်နေတဲ့နေရာဖြစ်ပြီး အခုစခန်းပါ ဆုတ်ပေးလိုက်ရရင် သူတို့အတွက် နေစရာမရှိတော့ဘူးလို့လည်း သိရပါတယ်။
ရှမ်းပြည်နယ်တိုးတက်ရေးပါတီ  SSPP/SSA အဖွဲ့နဲ့ အစိုးရတို့ အပစ်ရပ်စဲရေး သဘောတူထားခဲ့တဲ့  တနှစ်ကျော် ကာလအတွင်းမှာ အစိုးရတပ်က ပြောလို့ ဆုတ်ပေးလိုက်ရတဲ့ စခန်း ၄ ခုရှိတယ်လို့ ဗိုလ်မှုးစိုင်းလက ပြောပါတယ်။

SSA နဲ့အစိုးရတပ် တိုက်ပွဲဆက်ဖြစ်

SSA (မြောက်ပိုင်း)မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ကြား ဒီရက်ထဲ တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားနေတာဟာ ဒီကနေ့အထိ ဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက တကျော့ပြန် တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အစိုးရကတော့ ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။ စစ်ရိပ်စစ်ယောင်တွေသန်းနေတဲ့ ရှမ်းပြည်နယ်ထဲက နောက်ဆုံး အခြေအနေတွေကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။


ရှမ်းပြည်တပ်မတော် SSA (မြောက်ပိုင်း) အဖြစ် လူသိများတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ မြန်မာစစ်တပ်ကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေရာမှာ ကြာသပတေးနေ့က ငြိမ်သက်သလို ရှိခဲ့ပေမဲ့ အခုထပ်ပြီး ဖြစ်ပွားခဲ့တာပါ။ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ကတော့ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းဒေသက သူတို့အခြေစိုက်ရာ ဒေသထဲ မြန်မာစစ်တပ် ၀င်ရောက်လာရာက တိုက်ပွဲတွေ စဖြစ်ခဲ့ရတာလို့ SSPP/SSA အဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလ ကပြောပါတယ်။

“ဒီနေ့ ၆ နာရီခွဲမှာ ကျနော်တို့ရှိတဲ့တောင်ကုန်းကို သူတို့ ပြန်တက်ပြီးတော့ တိုက်တယ်လေ။ တန့်ယန်းမြို့နဲ့ တိုက်ပွဲဖြစ်တဲ့ လွယ်လန်းတောင်မှာပဲ၊ အဲဒီနယ်မြေက ကျနော်တို့ နေရာချထားရေး အတွက် အစိုးရဆီမှာ၊ ဦးအောင်မင်းတို့ဆီမှာ တရားဝင်တင်ပြပြီး သဘောတူညီချက် ရထားတဲ့ ဒေသတွေ ဖြစ်တယ်လေ။ ပြီးတော့ အဲဒီဒေသမှာ ကျနော်တို့နေတာလည်း ကြာပါပြီ။ ကချင်နဲ့တိုက်တုန်းက သူတို့ အဲဒီလို စကားမျိုး မပြောဘူးလေ။ ကချင်နဲ့ လက်နက်ဆိုင်းထားပြီးတော့ ဒီဘက်လှည့်ပြီးတော့ တိုက်ကွက်ပေါ်လာတာ အဲဒါတော့- သူတို့လုပ်ရပ်က မမှန်ကန်ဘူးဆိုတာ သိသာနေတာပဲ။”

တကျော့ပြန် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သမ္မတရုံးအပါအဝင် မြန်မာအစိုးရ တာဝန်ရှိသူတွေထံ အကြောင်းကြားရာမှာတော့ သက်ဆိုင်ရာတပ်တွေကို တိုက်ခိုက်တာတွေ မလုပ်ဖို့ ညွှန်ကြား ထားပြီး ဖြစ်တယ်လို့ မြန်မာအာဏာပိုင်တွေဘက်က တုံ့ပြန်ထားကြောင်းလည်း ဗိုလ်မှူး စိုင်းလ က ပြောပါတယ်။ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ မြန်မာ အစိုးရရဲ့ ကာကွယ်ရေး ၀န်ကြီးဌာနကို ဆက်သွယ်မေးမြန်းပေမဲ့ မရခဲ့ပါဘူး။ မြန်မာအစိုးရရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကတော့ ပဋိပက္ခတွေ ပြန်ဖြစ်နေတဲ့ သတင်းတွေ ရရှိထားတဲ့အတွက် ဖြေရှင်းဖို့ ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။

“ထိတွေ့မှုတချို့ရှိတယ်လို့ ကျနော်တို့လည်း သိရပါတယ်။ ကျနော်တို့သိရသလောက်တော့ အရင်တုန်းက တပ်မတော်က ထိန်းသိမ်းထားတဲ့နေရာထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ SSA (မြောက်ပိုင်း) က အဖွဲ့တဖွဲ့ ရောက်နေတော့ အဲဒီမှာ နားလည်မှု နည်းနည်းလေး လွဲမှားနေတာရှိတယ်လို့ သိရပါတယ်။ အဲဒီအထိပဲ ကျနော်တို့ သိရပါသေးတယ်ခင်ဗျ။ ကျနော်တို့ဘက်ကလည်း သူတို့ကို လိုင်းကို ကျူးကျော်နေတယ်လို့ ကန့်ကွက်ထားတာ ရှိပါတယ်။ သူတို့ကလည်း အဲဒီနေရာကို ကျူးကျော်လာတာ မဟုတ်ဘူးလို့ ပြောတယ်။ အဲဒီလိုတော့ နည်းနည်းလေး နားလည်မှု လွဲမှားနေတာလေးတွေ ရှိတယ်ဆိုတာတော့ သိရပါတယ်။ အဲဒါလေးကို ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတာပါ။”

ဆက်တိုက်ဆိုသလို ပြန်ဖြစ်နေတဲ့ တိုက်ပွဲတွေကြား ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အတိအကျကိုတော့ အတည်ပြုလို့မရပါဘူး။ တချိန်တည်းမှာပဲ မြန်မာစစ်တပ်က ပဋိပက္ခဖြစ်ရာ နယ်မြေထဲကို နောက်ထပ် စစ်အင်အားတွေ ဖြည့်တင်းနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် တိုက်ပွဲတွေ အရှိန်မြင့်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။ မြန်မာအစိုးရ တိုင်းရင်းသားတွေနဲ့ ပြေလည်မှု ရအောင် ကြိုးပမ်းမယ်လို့ ကတိပြုထားတဲ့ ကြားကပဲ အပစ်အခတ် ရပ်စဲရေး ရယူထားတာ ၁ နှစ်ကျော်လာပြီဖြစ်တဲ့ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေတာပါ။ ဒါဟာလည်း အစိုးရက ငြိမ်းချမ်းရေး ရချင်တယ်ဆိုပေမဲ့ စစ်တပ်ကတော့ အင်အားသုံး သြဇာချဲ့ထွင်ဖို့ ကြိုးပမ်း လိုတဲ့ အတွက်ဖြစ်တယ်လို့ ဗွီအိုအေရဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ် ထုတ်လုပ်သူ တဦးလည်းဖြစ်တဲ့ ရှမ်းသံတော်ဆင့် သတင်းဌာနက စိုင်းမိန်း က ပြောပါတယ်။

“ရှမ်းပြည်တပ်မတော် SSPP/SSA ရဲ့ နယ်မြေကတော့ သံလွင်မြစ်ရဲ့အနောက်ဘက်ကမ်းမှာ ရှမ်းတပ်အချို့တွေ ရှိနေသေးတယ်။ SSPP/SSA ရဲ့တပ်စခန်းတချို့ ရှိုနေသေးတာပေါ့။ အဲဒါကို အစိုးရတပ်အနေနဲ့ သူတို့က အချော(အနု) နည်းနဲ့ပြောပြီးတော့မှ သိမ်းပိုက်ချင်သလိုလို၊ ပြောလို့ မရရင်လည်း အင်အားသုံး တိုက်ခိုက်တယ်။ ဆိုလိုတဲ့သဘောက ကျနော်တို့ လက်ရှိ လေ့လာ သိရှိချက်အရဆိုရင် လက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ဦးအောင်မင်းရဲ့အဖွဲ့က သူတို့ လုပ်ချင်တာလုပ်၊ တဘက်ကကျတော့ စစ်ရေးပေါ်လစီအရနဲ့ နယ်မြေစိုးမိုးရေး၊ နယ်မြေ ရှင်းလင်းရေး ပေါ်လစီအရ အစိုးရရဲ့တပ်က အင်အားသုံးပြီးတော့မှ နယ်မြေကျူးကျော်မှုတွေကြောင့် တိုက်ပွဲဖြစ်ရတယ်လို့ပဲ ကျနော်တို့က သုံးသပ်လို့ရတယ်ခင်ဗျ။”

မြန်မာအစိုးရနဲ့ SSPP/SSA တို့ကြား ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ အပစ်အခတ်ရပ်စဲရေး သဘော တူညီမှု ရရှိခဲ့ပြီးနောက်ပိုင်း ဖြစ်ပွား ခဲ့တဲ့ တိုက်ပွဲပေါင်းဟာ ၈၀ ထက်မနည်း ရှိခဲ့ပါတယ်။ မြန်မာ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ SSPP/SSA အပါအဝင် တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) တို့ ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံချိန် မှာတော့ ငြိမ်းချမ်းရေးအတွက် ဦးတည်စေမယ့် နိုင်ငံရေး ဆွေးနွေးမှုတွေ ကို ရှေ့ဆက်ဆောင်ရွက် သွားဖို့ သဘောတူ ထားကြတာလည်း ဖြစ်ပါတယ်။

http://burmese.voanews.com/content/ssa-north-and-myanmar-goverment-army-keep-fighting/1608680.html

February 21, 2013

စာနာမှု အထောက်အပံ့ ကချင်ဒုက္ခသည်တွေ ဆီ ရောက်မလာသေး

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်ပြေး ဒုက္ခသည်တွေနဲ့ တွေ့ဆုံစဉ် (ဖေဖော်ဝါရီ ၁၅၊ ၂၀၁၃)
ကုလသမဂ္ဂကနေ ပေးပို့တဲ့ စားနပ်ရိက္ခာနဲ့ လူသုံးပစ္စည်းတွေ ဖားကန့်ဒေသက ဒုက္ခသည်စခန်းကို ရောက်ရှိလာပေမဲ့ ကူညီထောက်ပံ့မှုတွေဟာ အကြီးအကျယ် လိုအပ်နေဆဲဖြစ်ပြီး အထူးသဖြင့် ဒုက္ခသည်ဦးရေ ပိုမိုများပြားတဲ့ သူပုန်နယ်မြေထဲမှာ ပိုပြီးလိုအပ်နေတာပါ။ ဖားကန့်ဒေသမှာတော့ လောလောဆယ် တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ ဒုက္ခသည်တချို့ကတော့ အခုချိန်ထိ အိမ်မပြန်ရဲဘဲ ရှိနေကြပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်သတင်းထောက် ကိုမိုးဇော်က တင်ပြပေးမှာပါ။

ဒီလဆန်းပိုင်းကစပြီး ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ငြိမ်သက်နေခဲ့သလို ဒုက္ခသည်စခန်းတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေက အကူအညီပေးဖို့ အစိုးရက ခွင့်ပြုလိုက်ပြီးတဲ့နောက်မှာတော့ ကုလသမဂ္ဂ ရဲ့ ကူညီထောက်ပံံ့ရေး ယာဉ်တန်းဟာ ဖားကန့်ဒေသဖက်ကို ရောက်လာခဲ့ပါတယ်။ လုံးခင်း၊ ဖားကန့်နဲ့ ဆိုင်းတောင်မှာရှိတဲ့ ဒုက္ခသည်စခန်း၃၀ကျော်၊ ဒုက္ခသည်ဦးရေ တသောင်းလောက် အတွက်ကို ဆန်၊ ဆီ၊ဆားနဲ့ အခြားလူသုံးကုန်ပစ္စည်းတွေကို ဒီရက်ပိုင်းတွေအတွင်းမှာပဲ ဖြန့်ဝေပေးခဲ့တယ်လို့ ဒေသခံ ဒုက္ခသည်အရေးဆောင်ရွက်သူတွေက ပြောကြပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ဌာနချုပ် လိုင်ဇာဒေသဖက်က ဒုက္ခသည်စခန်းတွေမှာလည်း လိုအပ်ချက်တွေရှိနေပြီး ကုလသမဂ္ဂအဖွဲ့တွေ လာရောက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်က ပြောပါတယ်။

“လူတစ်ယောက်ရဲ့ အသက်ရှင်နေထိုင်ရေးအတွက်ပေါ့ဗျာ။ ဒါတော့ အားလုံးလိုအပ်တာပဲ။ အဓိကကတော့ ဆေးဝါးပဲ။ ဆေးဝါးဆိုတဲ့နေရာမှာ၊ ကလေးငယ်တွေအတွက် ကာကွယ်ရေး လုပ်ငန်းတွေ အများကြီးလိုအပ်မှာပါ။ တချို့နေရာမှာတော့ စားရေး၊ သောက်ရေး ကလည်း အခုသောက်ဖို့၊ အခုစားဖို့ အဲ့လောက်ပဲ ရှိတဲ့ပုံစံ တချို့စခန်းတွေမှာ ရှိတယ်ခင်ဗျ။ ဒါပေမဲ့ ကျနော်တို့ဘက်ကတော့ ကြည့်နိုင်သလောက်တော့ သူတို့ စားရေး၊ သောက်ရေး ပြတ် မသွားအောင်၊ ပြတ်လပ်မှုမရှိအောင်တော့ ဝိုင်းပြီးတော့ ကြိုးစားနေကြတယ်။ UN OCHA အဖွဲ့လည်း ဒီလိုင်ဇာကို သူတို့လာမယ်လို့ပြောတယ်။ ဒါကြောင့်မို့ ကျနော်တို့ဘက်ကလည်း လာမယ့် လမ်းကြောင်းကို အကြောင်းပြန်ပြီးသား၊ ဒါပေမဲ့ သူတို့ဘက် ကနေပြီးတော့ ဘယ်တော့လာမယ်ဆိုတဲ့ ကိစ္စတော့ ရက်က အတိအကျ မပြောနိုင်ဘူးခင်ဗျ။ လွန်ခဲ့တဲ့ အပတ်တုန်းကတော့ လွန်ခဲ့တဲ့အပတ်မှာ သူတို့ရောက်အောင် လာမယ်ပြောတယ်။ ကျနော်တို့ဘက်ကလည်း ဒီဘက်က အဆင်သင့်လုပ်ထားတာပေါ့ဗျာ။”

ကချင်လွတ်လပ်ရေးအဖွဲ့ KIOနဲ့ အစိုးရတပ်အကြား တနှစ်ခွဲကျော်ကြာ တိုက်ပွဲကာလမှာတော့ ဒုက္ခသည်တသိန်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး KIO ထိန်းချုပ်ရာ တရုတ်မြန်မာ နယ်စပ်ဒေသမှာတော့ ဒုက္ခသည် ၆သောင်းကျော်လောက် ရောက်ရှိနေတာဖြစ် ပါတယ်။  လောလောဆယ် ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ KIO ထိန်းချုပ်ရာ ဒေသက ဒုုက္ခသည်တွေဟာ နေရပ်ရင်း မပြန်နိုင်သေးသလို အစိုးရ ထိန်းချုပ်ရာ ဖားကန့်ဒေသက ဒုက္ခသည်တချို့ဟာလည်း နေရပ်ရင်း မပြန်ရဲဘဲ ရှိနေကြပါတယ်။

“ ငြိမ်သက်တယ်ဆိုပေမဲ့ ဟိုမှာ စစ်ကြောင်းတွေရှိနေတယ်လေ။ အများအားဖြင့် ရောက်နေတဲ့ ဟာတွေက ခန္တီး၊ ဥရုချောင်း အဖျားဘက်ကပေါ့နော်။ ကျန်တဲ့ ရွာတွေက ပြန်လို့မရသေးဘူးလေ။  စစ်ကြောင်း ရှိတယ်ဆိုတော့ ငြိမ်သက်တယ်ဆိုပေမဲ့ ပစ်တာ၊ ခတ်တာများ ဖြစ်မလား အဲ့သလိုပေါ့။ ကြောက်လို့။”  ဒါကတော့ ဒေသခံတယောက်ပြောတာပါ။

အခြားဖားကန့်ဒေသခံတယောက်ကလည်း " ဒီမှာ တိုက်ပွဲတွေလည်း မဖြစ်ကြတော့ဘူး။ ဒီမှာ အေးအေးဆေးဆေး ငြိမ်သက်နေတဲ့ အနေအထား လည်း ဖြစ်ပြီ။ အေးချမ်းနေပြီ လို့တော့ ပြောလို့ရပြီပေါ့ ခင်ဗျာ။ ဒါပေမဲ့ အထူးသဖြင့် ဂျိမ်းဖောလူမျိုးတွေပေါ့ဗျာ။ သူတို့တွေက ဒီကချင်လူမျိုးတွေဖြစ်အတွက်ကြောင့် ကေအိုင်အေနဲ့ ဆက်နွယ်တာလေးတွေ ရှိကောင်းရှိမှာပေါ့ဗျာ။ ဒါလေးတွေနဲ့ပတ်သက်ပြီးမှ သူတို့မှာ စိုးရိမ်စိတ် ကလေးတွေရှိကြတယ်ခင်ဗျ။ အဲ့ဒီ့စိုးရိမ်စိတ် ကလေးတွေကို ပြေပျောက် သွားဖို့ အေးအေးချမ်းချမ်းနဲ့ ပြန်ဖို့ မိမိတို့ရဲ့ နေရပ်ဒေသမှာ နေလို့ရပြီဆိုတဲ့ အနေအထားလေးကို  သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက ဟောပြော စည်းရုံးပြီးတော့ မှ ပြန်လည်ပြီးတော့ နေရာချ ထားပေးမယ် ဆိုရင်တော့ ရနိုင်တဲ့အနေအထားမျိုး ရှိတယ်လို့ ကျနော်တို့ကတော့ အဲ့လိုပဲမြင်တယ်ခင်ဗျ။”

ဒေသခံတွေ ဒီလို မပြန်ရဲတဲ့ အဓိကအချက်ကတော့ KIO နဲ့ မြန်မာ အစိုးရအကြား ဆွေးနွေးနေ တာတွေဟာ တိကျတဲ့ အဖြေတခုခု မရသေးတာလည်း တကြောင်း ဖြစ်တယ်လို့ ဒေသခံတွေ က ပြောပါတယ်။ KIO အဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေဟာလည်း ဒီလ မကုန်မီ ဆွေးနွေးဖို့ ရှိနေပြီး ဘယ်နေ့၊ ဘယ်နေရာမှာ ဆွေးနွေးမယ်ဆိုတာကိုတော့ ညှိနှိုင်းနေ ဆဲဖြစ်ပါတယ်။

မနေ့ကတော့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ KIO အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၁၁ဖွဲ့ နဲ့ ဖွဲ့စည်းထားတဲ့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ နဲ့လည်း ထာဝရ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ချင်းမိုင်းမြို့မှာ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။ ဒီလို မဆွေးနွေးမှီနဲ့ ဆွေးနွေးတဲ့ နေ့ရက်တွေမှာတော့ UNFC မှာ ပါဝင်တဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ အစိုးရတပ်ဖွဲ့အကြားမှာ အနည်းဆုံး တိုက်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့ပါတယ်။ ဒီကနေ့ အခြေအနေကိုတော့ SSA မြောက်ပိုင်း ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးစိုင်းလက အခုလိုပြောပါတယ်။

“မနေ့က ဆယ်နာရီခွဲ စပစ်တယ်လေ။ စပစ်ပြီးတော့ ညနေပိုင်းအထိတော့ သူတို့ လက်နက်ကြီးနဲ့ အဝေးကနေ ပစ်တယ်။ အခုက ကျနော်တို့ ရှိနေတဲ့နေရာကို သူတို့ တက်ဖို့ ကြိုးစားနေတုန်းပေါ့ နော့်။ သူတို့တက်လာရင်တော့ ပစ်မယ်လေ။”

ဒီတိုက်ခိုက်မှုတွေ အတွင်းမှာတော့ တန့်ယန်းမြို့နယ်အတွင်းက လားဟူ ၁၀ ရွာလောက်ဟာ တန့်ယန်းမြို့နယ် မိုင်တောင်ရွာကို ထွက်ပြေး တိမ်းရှောင်နေရတယ် လို့ ဒေသခံတွေက ပြော ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တာနားဟာ မြန်မာနိုင်ငံကို ငါးရက်ကြာ လာရောက်ပြီးတဲ့နောက် ဂျနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရုံးကနေ ထုတ်ပြန်လိုက်တဲ့ ဗုဒ္ဓဟူးနေ့ ကကြေညာချက်ထဲမှာတော့ လုံခြုံရေးပြဿနာဟာ အကူအညီပေးရေးလုပ်ငန်းတွေအတွက် စိန်ခေါ်မှုတွေဖြစ်နေဆဲဘဲ လို့ ပြောဆိုထားပါတယ်။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်အတွင်း စစ်တပ်ရဲ့လွှမ်းမိုးမှုတွေကြောင့် ပွင့်လင်းမြင်သာမှုတွေ အားနည်းပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ရှိနေဆဲဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

 http://burmese.voanews.com/content/un-kachin-unfc-ssa-shan/1608080.html

သတင်း UNFC နဲ့ ကြံ့ဖွံ့အစိုးရငြိမ်းအဖွဲ့ ပထမဆုံးအကြိမ် ဆွေးနွေး (ဧရာဝတီ ရုပ်သံ)

ရှမ်းပြည်မြောက်ပိုင်းဒေသသို့ အစိုးရတပ် အင်အားတိုးချလာ

kia 4th brigadeမြန်မာစစ်အစိုးရတပ်သည် ရှမ်းပြည်မြောက်ပိုင်းဒေသ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) နယ်မြေ နေရာ (၃) ခုတွင် စစ်ကား အစင်း ၉၀ ကျော်ဖြင့် ဖေဖဝါရီလ ၁၉ ရက် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းမှ အင်အားတိုးချလာကြောင်းသိရသည်။
ယခုတိုးချဲ့လာသော အစိုးရစစ်အင်အားများသည် မူဆယ် (Muse)ဘက်သို့ ၁၇ စင်း၊ မုန်ဂျီ (Mung Ji)  ဘက်သို့ ၁၇ စင်းနှင့် လားရှိုးအရှေ့ဘက် နမ်ဂျာရတ် (Nam Ja Rap) တွင် ၆၃ စင်း ဖြင့် အသီးသီး ပို့ဆောင်ထားကြောင်း KIA တပ်မဟာ (၄)နယ်မြေ မှ အမည်မဖော်လိုသူ ဒေသခံတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
ထိုအစိုးရတပ်များသည် မန္တလေးမှတိုးချဲ့လာသော တပ်မ (၉၉၊ ၅၅၊ ၃၃) တို့ဖြစ်ပြီး ၎င်းကားများတွင် အများအားဖြင့် စစ်သားများဖြစ်ကာ ရိက္ခာတင်သည့်ကားများနှင့် မြင်းများတင်သည့် ကားများတို့လည်းဖြစ်ကြောင်း မျက်မြင်ဒေသခံများပြောသည်။
ညနေ ၅ နာရီခွဲချိန်တွင်လည်း မြင်းတင်သည့် ကား ၁ စင်းနှင့် စစ်သားများတင်သည့် ကား ၆ စင်းသည် ကချင်ပြည်နယ်သို့ ပြန်ဆုတ်သွားကြောင်းသိရသည်။
“ထိပ်တိုက်ပစ်တာတော့မရှိဘူး။ ကျနော်တို့နားမှ ဖြည့်နေတယ်။ မုန်ဘော်ပါ (Mungbaw Pa) မှာ ဆက်တိုက်လို ဖြည့်နေတယ်။ မျက်စိနဲ့ တိုက်ရိုက်မြင်တာက မနေ့က နေ့လည်ဘက်ကနေ တွေ့မြင်နေရတာ။” ဟု KIA အရပ်သားတပ်ဖွဲ့ (MHH) တပ်ခွဲ (၅) မှ အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
၎င်းအစိုးရတပ်များသည် အောက်ပြည် လားရှိုး၊ ကွတ်ခိုင်ဘက်မှ ယမန်နေ့ ညနေ ၃ နာရီခန့် တွင် ကား ၁၀ စင်းဖြင့် မူဆယ် (၁၀၅)တွင် ရောက်ရှိလာပြီး ၎င်းမှနေရာ အနှံ့သို့ ဖြည့်နေခြင်းကြောင်း ဆက်ဆိုသည်။
တပ်မဟာ (၄) နယ်မြေတွင် အစိုးရတပ်ပေါင်းစုများသည် စစ်အင်အား ၁၀၀၀ ကျော် တိုးချ၍ ထိုးစစ်ဆင်လှုပ်ရှားနေချိန် ယမန်နေ့များမှ အစိုးရစစ်အင်အားများ ပြန်လည်တိုးချဲ့လာကြောင်း  အရာရှိများပြောသည်။
ဆက်လက်ပြီး ဖေဖဝါရီ ၂၀ ယနေ့ နံနက် ၁၀ နာရီချိန်တွင် ဗန်းမော်ဘက်မှ အစိုးရစစ်ကား ၃၀ စင်းသည် ဗဟိုဌာနချုပ်အနီးရှိ လဂျားယန် (Lajayang) နှင့် ဒေါ့ဖုန်းယန် (Dawhpumyang) ကြား လှုပ်ရှားနေသော  စစ်ကြောင်းများသို့ ရိက္ခာများပို့နေကြောင်းရှေ့တန်းမှဆိုသည်။
ထိုသို့အစိုးရတပ်သည် ၁၇ ရက် တနင်္ဂနွေနေ့ တွင်လည်း အစိုးရစစ်ကား ၁၁ စင်းဖြင့် ရိက္ခာများပို့နေခဲ့ကြောင်း ရှေ့တန်းမှ KIA အရာရှိတဦးပြောသည်။
အစိုးရတပ်များ အင်အားတိုးချ ခြင်းနှင့်ပတ်သက်၍ KIO ဖက်မှ ယခုချိန်တွင်း ထိုးစစ်များခေတ္တငြိမ်သက်နေသေသာ်လည်း လှုပ်ရှားမှုများသည် တင်းမာမှုတစုံတရာဖြစ်လာနိုင်ကြောင်း ယူဆနေကြသည်။
သို့သော်အစိုးရဖက်မှ မည်သို့ကြောင့် ပို့ဆောင်နေခြင်းနှင့်ပတ်သက်၍ သက်ဆိုင်သူများထံ ဆက်သွယ်၍မရခဲ့ပေ။
ယခုချိန်သည် အစိုးရနှင့် KIO ကြားငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးစဉ်ကာဖြစ်သောကြောင့် နှစ်ဖက်တပ်များ ပစ်ခတ်မှုမပြုလုပ်ရန် ညွှန်ကြားထားချိန်လည်းဖြစ်သည်။

http://www.kachinnews.com/burmese/news/1029-%E1%80%9B%E1%80%BD%E1%80%99%E1%80%B9%E1%80%B8%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%92%E1%80%9E%E1%80%9E%E1%80%AF%E1%80%AD%E1%82%94-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%95%E1%80%B9-%E1%80%A1%E1%80%84%E1%80%B9%E1%80%A1%E1%80%AC%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%B8%E1%80%81%E1%80%BA%E1%80%9C%E1%80%AC.html

အစိုးရတားမြစ်ခံခဲ့ရသော ဦးနေမျိုးဇင်အဖွဲ့ ယနေ့လိုင်ဇာသို့ကူညီခွင့်ရ

laiza-kio-120412ကချင်ပြည်နယ် တရုတ်နယ်စပ် လိုင်ဇာမြို့သို့ ဒုက္ခသည်များကိုကူညီရန်သွားသော ဦးနေမျိုးဇင်ဦးဆောင်သော ရန်ကုန်အခြေစိုက် မြန်မာ့လူမှုရေးဘဝဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့ကို လမ်းတွင် အစိုးရတပ်များတားမြစ်ထားရာက ယနေ့ ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) လိုင်ဇာသို့ လာရောက်ကူညီခွင့်ရခဲ့ကြောင်းသိရသည်။
အယောက် ၃၀ ကျော်ဖြင့် ယနေ့ လိုင်ဇာဌာနချုပ်သို့ ကားတစ်စီးဖြင့်ရောက်ရှိလာပြီး ဆေးဝါးပစ္စည်းများနှင့် အဝတ်အထည်များကို ပေးအပ်ခဲ့ကြောင်း KIO ဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဆလန်ကဘား ဒွဲပီဆာ (Salang Kaba Doi Pyi Sa) ပြောသည်။
အဆိုပါ ဦးနေမျိုးဇင်ဦးဆောင်သောအဖွဲ့တို့သည် ဖေဖဝါရီလ ၁၉ နေ့တွင် ဆိုင်ကယ်အပါအဝင် ပစ္စည်းများတင်သော ကားတစ်စီးနှင့်အတူ ဗန်းမော်မြို့မှ လိုင်ဇာသို့ ထွက်လာချိန် လိုင်ဇာမှ ၁၀ မိုင်ခန့်ဝေးသည့် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအနီး အစိုးရတပ်စခန်းတစ်ခုက လိုင်ဇာသို့ဆက်မသွားရန် တားမြစ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“အစကတော့ အရမ်းခြိမ်းခြောက်တယ်တဲ့။ သွားလို့မရဘူး။ မိုင်းထောင်ထားတယ်။ လုံခြုံမှုမရှိဘူးဆိုပြီး ပြောတယ်တဲ့။ ဒါပေမဲ့ သူက အဲဒီက ဗျူဟာမှူးကို နင်ခွင့်မပေးရင်လည်း ဒီကပြည်သူ သောင်းဂဏာန်းနဲ့ဖြစ်ဖြစ်ရောက်အောင်သွားမယ်။ နင်ပစ်သတ်လိုက်ရင်လည်း ကျနော်က အသေခံတယ်ဆိုတဲ့ အထိပြောပြီး ငြင်းခုန်ကြတယ်တဲ့။” ဟု ဆလန်ကဘား ဒွဲပီဆာပြောသည်။
ထို့နောက်မှ ဦးနေမျိုးဇင်ဦးဆောင်သောအဖွဲ့များသည် KIO ထံ ဆက်သွယ်လာပြီး ၎င်းနယ်မြေအနီးရှိ KIA တပ်ဖွဲ့များ၏ အကူအညီဖြင့် လမ်းတွင် တစ်ညအိပ်ပြီး ယနေ့လိုင်ဇာသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့မှထွက်လာစဉ် အဖွဲ့ဝင် ၁၁ ဦးဖြစ်ပြီး ဗန်းမော်မြို့သို့ရောက်လာချိန် အခြားအဖွဲ့ကလည်း စုပေါင်းပါ၀င်လာသောကြောင့် အယောက် ၃၀ ကျော် တိုးလာခြင်းဖြစ်ကြောင်းသိရသည်။
အစိုးရတပ်များတားမြစ်ထားခြင်းနှင့်ပတ်သက်၍ မည့်သည့်တပ်မှဖြစ်ကြောင်းနှင့် ငြင်းခုံခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ၄င်းအဖွဲ့နှင့် ဆက်သွယ်မေးမြန်းရန် အခက်ခဲရှိသောကြောင့် မမေးမြန်းနိုင်ခဲ့ပါ။
အဆိုပါ မြန်မာ့လူမှုရေးဘဝဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့မှ ကူညီထောက်ပံ့ပေးသွားသော ပစ္စည်းများကို ခက်ခဲရင်ဆိုင်နေရသော ဂျေယန့် (Je Yang) စစ်ပြေးဒုက္ခသည်စခန်းနှင့် ဖွန်လွမ်ယန် (Hpun Lum Yang) စစ်ပြေးဒုက္ခသည်စခန်းသို့လည်း ပေးအပ်ခဲ့ကြောင်း ဂျေယန့်ဒုက္ခသည်စခန်းမှ ကျန်းမာရေးမှူး ဆရာနော်ဂျာ KNG ကချင်သတင်းဌာန သို့ပြောသည်။
“ခုနကပဲ လာပေးသွားတယ်။ အဓိကတော့ ဆေးဝါးနဲ့ပတ်သက်တာတွေ ဟုတ်တယ်။ အဝတ်အထည်လည်း နည်းနည်းပါတယ်။ အားပေးစကားတွေလည်းလာပြောသွားတယ်။” ဟု ထောက်ပံ့ပစ္စည်းများလက်ခံခဲ့သူ ကျမ်းမာရေးမှူး ဆရာနော်ဂျာပြောသည်။
၎င်းအဖွဲ့တို့သည် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့တွင် လိုင်ဇာဌာနချုပ်မှ ပြန်သွားမည်ဖြစ်ကြောင်းသိရသည်။

http://www.kachinnews.com/burmese/news/1030-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%AC%E1%80%B8%E1%80%BB%E1%80%99%E1%80%85%E1%80%B9%E1%80%81%E1%80%B6%E1%80%81%E1%80%B2%E1%80%B7%E1%80%9B%E1%80%B1%E1%80%9E%E1%80%AC-%E1%80%A5%E1%80%AE%E1%80%B8%E1%80%B1%E1%80%94%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%87%E1%80%84%E1%80%B9%E1%80%A1%E1%80%96%E1%80%BC%E1%80%B2%E1%82%94-%E1%80%9A%E1%80%B1%E1%80%94%E1%82%94%E1%80%9C%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%87%E1%80%AC%E1%80%9E%E1%80%AF%E1%80%AD%E1%82%94%E1%80%80%E1%80%B0%E1%80%8A%E1%80%AE%E1%80%81%E1%80%BC%E1%80%84%E1%80%B9%E1%80%B7%E1%80%9B.html

February 20, 2013

UNFC နဲ့ဆွေးနွေးခိုက် တိုက်ပွဲဖြစ်

အစိုးရ ရဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ နဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီတို့ ငြိမ်းချမ်းရေး ဆွေးနွေး နေချိန်မှာ UNFC အဖွဲ့ထဲ ပါဝင်တဲ့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSA (North)နဲ့ အစိုးရ တပ် တိုက်ပွဲ ဖြစ်ကြ ပါတယ်။
အခုလို ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ပြုနေချိန် မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နဲ့ တိုက်ပွဲ ဖြစ်တာနဲ့ ပတ်သက်ပြီး အစိုးရ ရဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ဝင် တဦး ဖြစ်တဲ့ ဦးလှမောင်ရွှေ ကတော့ အပစ်အခတ် လက်မှတ် ရေးထိုးပြီး တိုင်အောင် တခါတလေ တိုက်ပွဲ တွေ ဖြစ်တတ်လို့ တဖြည်းဖြည်း လျှော့ချ ဖို့ ကြိုးစားလေ့ ရှိကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။
ငြိမ်းချမ်းရေး ဖြစ်စဉ် ဆိုတာ အချိန်ယူပြီး လုပ်ရတဲ့ အကြောင်း ဝန်ကြီး ဦးအောင်မင်း ရဲ့ စကားကို ဦးလှမောင်ရွှေ က ကိုးကား ပြောပါတယ်။ ဒါပေမယ့် အခုလို တိုက်ပွဲတွေ အရှိန်မသေခြင်း ဟာ အစိုးရ အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကို တဖွဲ့ချင်း ချေမှုန်းတဲ့ ရည်ရွယ်ချက် လို့ ပြောဆို ဝေဖန်မှုတွေ လည်း ထွက်ပေါ် နေပါတယ်။
ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSA (North)မှ ဗိုလ်မှူး စိုင်းလ ကိုယ်တိုင်က ကချင် ပြီးရင် ရှမ်းဘက် လှည့်လာ နိုင်တယ်လို့ ပြောတာ နဲ့ ပတ်သက် လို့ ဒါဟာ သံသယ ကြောင့် ဖြစ်ပြီး ဒီသံသယ တွေ ကွယ်ပျောက်အောင် အရင်လုပ် ပြီးရင် ဒီလို ထင်မှတ်စရာ မရှိနိုင်တဲ့ အကြောင်း ဦးလှမောင်ရွှေ က ပြောပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များ

http://www.bbc.co.uk/burmese/burma/2013/02/130220_unfc_ssa_north.shtml

KNU ဥက္ကဌ နှင့် ဒုသမ္မတ စိုင်းမောက်ခမ်း တွေ့ဆုံ

ဖေဖော်ဝါရီလ ၂၀ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး-KNUမှ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ပါ၀င်သည့် အဖွဲ့ဝင်လေးဦးနှင့် မြန်မာ အစိုးရ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတို့သည် ကရင်ပြည်နယ် မြဝတီမြို့၊ အေး ချမ်းဖြိုးရိပ်သာတွင် ယနေ့ နေ့လည် ၁၂နာရီမှစ၍ တစ်နာရီကျော် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် မြဝတီမြို့ရှိ ကုန်သွယ်ဇုံကို ကြည့်ရှုစစ်ဆေးရန် လာရောက်ခဲ့ခြင်းဖြစ် ပြီး ထိုသို့ ရောက်ရှိလာစဉ် KNU ဘက်မှ သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု တွေ့ဆုံမှုတွင် ပါ၀င်သည့် KNU တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သူ စောဂျွန်(စောတာမူလာ)က ကေအိုင်စီသို့ ပြောသည်။
“ဒုသမ္မတ ရောက်ရှိတာကို ကျနော်တို့က ထိစပ်နယ်မြေ တာဝန်ရှိသူများအနေနဲ့ သွားတွေ့တာပါ။ ဒုသမ္မတတွေ့ ဆုံတဲ့အခါ ကျနော်တို့ အဓိက တင်ပြတာက အစိုးရနဲ့ KNUတို့ရဲ့ ပစ်ခတ်ရပ်စဲရေးအခြေအနေဟာ ခိုင်မာတဲ့ အဆင့် မရောက်သေးဘူး။ ဒါကို ခိုင်မာအောင် အရင်လုပ်ဖို့ လိုတယ်။ ပြီးမှ ဖွံ့ဖြိုးရေးကိစ္စတွေ ဆက်လုပ်ဖို့ တင်ပြခဲ့ တယ်”ဟု ပြောဆိုသည်။
မြန်မာနိုင်ငံတွင် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးရရှိရန် KNU အနေဖြင့် မြန်မာအစိုးရနှင့် ရှေ့ဆက်၍ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပါက အစိုးရ အဆင့်မြင့် စစ်တပ်ခေါင်းဆောင်များ ပါ၀င်ရန် လိုအပ် ကြောင်း ဒုသမ္မတအား တင်ပြခဲ့ကြောင်းလည်း သူက ဆက်ပြောသည်။
အဆိုပါ တွေ့ဆုံမှုတွင် KNU ဥက္ကဌမှ အဓိက တင်ပြပြောဆိုကာ ဒုသမ္မတက တစုံတရာ တုံ့ပြန်ပြောဆိုခြင်း မရှိ သော်လည်း ဂရုတစိုက် သေသေချာချာ နားထောင်ခဲ့ကြောင်း၊ ကရင်ပြည်နယ်တွင် ဟော်တယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်း အလွန်ကောင်းမွန်လျှက်ရှိကြောင်းပြောဆိုခဲ့သည်ဟု KNU က ဆိုသည်။
တွေ့ဆုံဆွေးနွေးတွင် KNU ဘက်မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ဖားအံခရိုင် ဥက္ကဌ ပဒို စောအောင်မော် အေး၊ ဒူးပလာယာခရိုင် ဥက္ကဌ ပဒို စောရွှေမောင်းနှင့် စောဂျွန်တို့ ပါ၀င်ပြီး အစိုးရဘက်မှ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ပြည်ထောင်စုဝန်ကြီး သုံးဦး ပါ၀င်ကြောင်း သိရသည်။
ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ယမန်နေ့ (ဖေဖော်ဝါရီလ ၁၉ ရက်)က မြဝတီဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး စောဖောဒို ဦးဆောင်သည့် အဖွဲ့ဝင် လေးဦးအပါအဝင် ကရင်ပြည်နယ်ရှိ အမတ်လွှတ်တော်အချို့နှင့် ဖားအံမြို့၊ ဇွဲကပင်ဟော်တယ်တွင် မွန်းလွဲ ၂နာရီမှ ညနေ ရနာရီအထိ တွေ့ဆုံခဲ့သေးသည်။

http://www.kicnews.org/?p=15812

အစိုးရ ငြိမ်းအဖွဲ့နှင့် UNFC တို့ နိုင်ငံရေး ဆက်လက် ဆွေးနွေးရန် သဘောတူ

ချင်းမိုင်(မဇ္စျိမ)။   ။ အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ ကိုယ်စားလှယ်များနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများကောင်စီ UNFC ကိုယ်စားလှယ်များ နိုင်ငံရေးဆွေးနွေးနိုင်ရေး ဆက်လက်
ဆွေးနွေးရန် သဘောတူခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Holiday Inn ဟိုတယ်တွင် ယနေ့နံနက် ၉ နာရီမှ ၅ နာရီထိ နှစ်ဖက် ဆွေးနွေးခဲ့ပြီး
နောက် ယခု ဆွေးနွေးမှုသည် ငြိမ်းချမ်းရေး၏ လမ်းစ ဖြစ်သည်ဟု ဆွေးနွေးမှုအပြီးတွင် ဝန်ကြီး ဦးအောင်မင်း က သတင်းထောက်များအား ပြောကြားခဲ့သည်။

“အရင်တုန်းက အစိုးရအဆက်ဆက်မှာ နိုင်ငံရေးဆွေးနွေးပွဲ စာပွဲဝိုင်းကို မရောက်ခဲ့ဘူး။ အခု ကျနော်တို့
နိုင်ငံရေးဆွေးနွေးပွဲကို လုပ်နေတယ်။ ဒီနေ့မှာ နိုင်ငံရေးဆွေးနွေးဖို့အတွက် စတင်တာ ဖြစ်ပါတယ်။
နောက်ထပ် ဆက်တိုက် လုပ်သွားဖို့လည်း ကျနော်တို့ ဆုံးဖြတ်ပြီးသား ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးရဲ့ အစ လမ်းကြောင်းမှန်ပေါ်ရောက်ပြီလို့ ပြောလို့ ရတယ်” ဟု ပြောဆိုသွားသည်။

ငြိမ်းချမ်းရေးအကျိုးဆောင်တဦးဖြစ်သူ ဦးညှိအုန်းမြင့်က နှစ်ဖက်လုံး အပြုသဘောဆောင်သည့်
ဆွေးနွေးပွဲ ဖြစ်သည်ဟု မှတ်ချက်ပြုသည်။

“နောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ကျင်းပသွားဖို့ သဘောတူတယ်။ အရင်တုန်းက UNFC က သတ်မှတ်ထားတဲ့ အချက်တွေ အားလုံးလိုလိုပဲ နိုင်ငံတော်ဘက်ကနေ ဒါကို ဆက်ပြီးတော့ နှစ်ဖက် လမ်းပြမြေပုံလို ညှိနှိုင်းသွားမယ်ဆိုတဲ့ သဘောတူညီချက် ရသွားပါတယ်။ အများကြီး ထူးခြားပါတယ်။ နှစ်ဖက် စလုံးက လမ်းသစ်ဖွင့်ထားပြီလို့ ပြောလို့ ရပါတယ်” ဟု ဆိုသည်။


နှစ်လအတွင်း နိုင်ငံရေးဆွေးနွေးမှုအား ပြန်လည် တွေ့ဆုံကြရန် သဘောတူခဲ့ကြသည်။

နှစ်ဖက်ဆွေးနွေးမှုများအား နိုင်ငံရေးဦးတည်ချက်၊ မူဘောင်၊ နိုင်ငံရေးဆွေးနွေးပွဲ ချမှတ်ရမည့် အစီအစဉ်များ ကြိုတင်ညှိနှိုင်းရေးဆွဲခြင်း၊ နိုင်ငံရေး ဆွေးနွေးမည့် နေရာ၊ သက်သေများ ထားရှိရေး၊ တိုင်းရင်းသား လူမျိုးများ၏ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ် ၆ ချက်တို့အား သဘောတူခဲ့သည်ဟု ယနေ့ ထုတ်ပြန်သည့် ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးကာလနှင့် နိုင်ငံရေးဆွေးနွေးပွဲ တလျှောက်တွင် UNFC အဖွဲ့ဝင် အဖွဲ့အစည်းများ၏ နယ်မြေများအတွင်း လူသားချင်းစာနာမှုဆိုင်ရာကိစ္စများ၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် ပြည်တွင်းနှင့် နိုင်ငံတကာ ပံ့ပိုးကူညီမှုများ ဆက်လက်
ဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်ဟု ပါရှိသည်။


အစိုးရဘက်မှ ဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးခင်ရီ၊ ဦးအုန်းမြင့်၊ ဒုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ မြန်မာ
ငြိမ်းချမ်းရေးစင်တာမှ ကိုယ်စားလှယ် ၁၁ ဦးနှင့် UNFC ဘက်မှ ကိုယ်စားလှယ်များအဖြစ် နိုင်ဟံသာနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာတို့ အပါအဝင် ကိုယ်စားလှယ်
ပေါင်း ၁၂ ဦး တက်ရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး ဆွေးနွေးမှုများကို အဆင့် သုံးဆင့်ခွဲ၍ လုပ်ဆောင်သွားမည်ဟု ဦးညိုအုန်းမြင့် က မဇ္စျိမကို
ပြောဆိုထားသည်။ အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တဖွဲ့ချင်း ဆွေးနွေးရန်၊
ဒေသအလိုက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန်နှင့် UNFC ကဲ့သို့ တိုင်းရင်းသား စုပေါင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသွားရန် ဟူ၍ အဆင့်သုံးဆင့်ဖြင့် လုပ်ဆောင်သွားမည်ဟု ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

http://www.mizzimaburmese.com/news/inside-burma/10997---unfc-----.html

အစိုးရနှင့် UNFC နိုင်ငံရေး ဆွေးနွေးရန် အကြိုတွေ့ဆုံ

တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)နှင့် အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ကိုယ် စားလှယ်များသည် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် ပထမဆုံးအကြိမ် ကြိုတင် ညှိနှိုင်း ဆွေးနွေးပွဲတရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ ပြုလုပ်သည်။
အကြိုပြင်ဆင်ရေး ကာလနှင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်စဉ်တလျှောက် UNFC အဖွဲ့ အစည်းများ၏ နယ်မြေများအတွင်း လူသားချင်း စာနာမှု ဆိုင်ရာ ကိစ္စများ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍများကို ပြည်တွင်းနှင့် နိုင်ငံတကာမှ ပံ့ပိုး ကူညီမှုများကို ဆက်လက် ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။
နှစ်ဖက် ကိုယ်စားလှယ်များသည် နိုင်ငံရေး ဦးတည်ချက်၊ နိုင်ငံရေး ဆွေးနွေးပွဲ အတွက် လိုအပ်သော မူဘောင်၊ နိုင်ငံရေးဆွေးနွေး ပွဲတွင် ချမှတ်ရမည့် အစီအစဉ်များ ကြိုတင်ညှိနှိုင်း ရေးဆွဲခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲအတွက် နေရာ၊ ကြားဝင်ဆောင်ရွက်ပေးမည့် သက်သေများ ထားရှိရေး၊ တိုင်းရင်းသား လူမျိုးများ၏ ငြိမ်းချမ်းရေး ဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည်ဟုလည်း ယနေ့ ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ပါရှိသည်။
“အစပိုင်းမှာ သဘောထားမှန်မှန်နဲ့ ဆွေးနွေးကြတာ တော်တော်လေးကောင်းတယ်၊ ကျနော်တို့ အများကြီး အားရတယ်၊ ဒီနေ့ အမြင်တွေ ညှိနှိုင်းမှု အပေါ်မှာ အမြင်တွေ နီးစပ်တယ်၊ အဖြေကောင်းတွေ အများကြီး ရလာဖို့ရှိတယ်လို့ မြင်တယ်”ဟု UNFC အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာက သတင်းထောက်များကို ပြောသည်။
ဆွေးနွေးပွဲကို UNFC မှ နိုင်ဟံသာနှင့် ဒေါက်တာလဂျာ၊ ဦးခွန်ဥက္ကာ၊ ဦးအောင်ဆန်းမြင့်၊ ခူးဦးရယ် အပါအဝင် ၁၂ ဦး တက်ရောက် ပြီး အစိုးရဘက်မှ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်း ဦးဆောင်၍ ဦးခင်ရီ၊ ဦးအုန်းမြင့် အပါအဝင် ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့ တက်ရောက်ကြသည်။
“နှစ်ဖက် ကိုယ်စားလှယ်တွေ အခုလို တွေ့ဆုံနိုင်တာ ကျနော်တို့ နိုင်ငံအတွက် အများကြီး အလာအလာကောင်းတယ်၊ ပြောကြ ဆိုကြတဲ့ အခါမှာလည်း အတော်ကောင်းတယ်၊ တဖက်က ကျနော်တို့နိုင်ငံမှာ ပြည်တွင်းစစ် ၆၅ နှစ် တိတိပြည့်လာပြီး ဒုက္ခတွေ ကြုံနေ ရတဲ့အပေါ်မှာ ဒီလိုနိုင်ငံရေးအရ အဖြေမရှာလို့ မရတော့ဘူး ဆိုတဲ့အပေါ်မှာလည်း လေးနက်မှုတွေ တွေ့ရတယ်”ဟု နိုင်ဟံသာ က ဆက်ပြောသည်။
ဦးအောင်မင်းကလည်း ကချင် လွတ်လပ်ရေး တပ်မတော်(KIA) အနေနှင့် တခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များကဲ့သို့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲသို့ ရောက်လာလိမ့်မည် ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားသည်။
“ကချင်ထဲက လောလောဆယ် ဖေဖော်ဝါရီလ ၄ ရက်နေ့က ပူးတွဲ ကြေညာချက် တစောင် ထုတ်ပါတယ်၊ အဲဒီစာထုတ်ပြီးတဲ့ နောက်ပိုင်းမှာ တိုက်ပွဲတွေ တော်တော် အေးချမ်း သွားပါပြီ၊ နောက်ထပ် တွေ့ဆုံဖို့လည်း ရှိပါတယ်၊ တခြား တိုင်းရင်းသားတွေကို ဆက်လက် တွေ့ဆုံသလိုပဲ ဆက်ပြီးလုပ်ပါမယ်”ဟု ဦးအောင်မင်းက ပြောသည်။
ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို နှစ်လအတွင်း ထပ်မံကျင်းပရန် နှစ်ဖက် သဘောတူညီခဲ့ကြကြောင်းလည်း ပူးတွဲထုတ်ပြန် သည့် ကြေညာချက်တွင် ပါရှိသည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ဦးအောင်မင်းနှင့် UNFC ခေါင်းဆောင်များ နောက်ဆုံး အလွတ် သဘော တွေ့ဆုံခဲ့စဉ် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေး အဖြေရှာရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
UNFC အစည်းအဝေးသို့ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ ပြည်သူ့ တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင် အမျိုးသားကောင်စီ (ANC) အဖွဲ့များမှ တိုင်းရင်းသား ခေါင်းဆောင်များ တက်ရောက်ကြခြင်း ဖြစ်သည်။
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးအတွက် KNU, KIO အစရှိသည့် လက် နက်ကိုင် ၆ ဖွဲ့ဖြင့် ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ (CEFU) ကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အဖွဲ့ဝင် ၁၁ ဖွဲ့ဖြစ် လာကာ UNFC အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

 http://burma.irrawaddy.org/archives/34292

UNFC နဲ့ ငြိမ်းအဖွဲ့ ကြေညာချက်ထုတ်


အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့နဲ့ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲ အတွက် အားရ ကြေနပ်မိတယ်လို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က ပြောပြီး နိုင်ငံရေးအရ ဆွေးနွေးပွဲတွေကို နောက်နှစ်လ အတွင်း ထပ်မံ တွေ့ဆုံ ကျင်းပကြမယ်လို့ ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ယူအန်အက်ဖ်စီ ဖက်ကတော့ နိုင်ငံရေး အရ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင် နိုင်မှာ ဖြစ်တဲ့ အတွက် ဒီကိစ္စအပေါ် ကျေနပ်မိတယ်လို့ ပြောပါတယ်။
အစိုးရဖက်က အခုလို အသိအမှတ်ပြုပြီး လာရောက် လက်ခံ တွေ့တာဟာ ရလဒ် တခုဖြစ်တယ် ၊ အရင်က တအုပ်စုချင်း လာတွေ့ဖို့ ဆိုနေရာက အခုတော့ စုပေါင်း အဖွဲ့ကို လက်ခံတာဟာလည်း နောက် ရလဒ် တခု ဖြစ်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုပါတယ်။
အစိုးရ အဆက်ဆက် လက်ထက် အပစ်ရပ်ခိုင်းပြီး ဝင်ငွေ ရအောင် လုပ်ပါ ၊ စီးပွားရေး ဖွံ့ဖြိုးအောင်လုပ်ပါ ၊ နိုင်ငံရေး ပါတီထောင်ပါလို့ ပြောနေခဲ့ရာက အခုလို နိုင်ငံရေး ကိစ္စတွေ ဆွေးနွေး အကောင်အထည် ဖော်နိုင်ခဲ့တဲ့ အပေါ် ကျေနပ်မိတယ်လို့လည်း သူက ရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် ကိစ္စကြီးတွေ တင်လိုက်ရင် ဆုံးဖြတ်ဖို့ မလွယ်တာကြောင့် ခပ်ပျော့ပျော့ ပြောင်းပြောင်း ဖြစ်စေမယ့် ကိစ္စလေးတွေလောက်ဘဲ ဆွေးနွေးခဲ့ပြီး နောက်နှစ်လ ကျမှ Issue မြင့်မြင့်တွေ ဆွေးနွေးမယ်လို့ သူက ပြောပါတယ်။
တခါ အစိုးရ ဖက်ကလည်း ဒီဆွေးနွေးပွဲ နဲ့ ပတ်သက်လို့ အကြီးအကျယ် အားရမိတယ်လို့ အစိုးရ အဖွဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ အကြီးအကဲ ဦးခင်ရီက ပြောပါတယ်။
ဒီအစည်းအဝေးပွဲမှာ မပါခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အင်ပန်လ ကိုယ်တိုင်တောင် ညစာစားပွဲကို တက်ရောက်လာတဲ့ အပေါ် အပေါင်းလက္ခဏာ ဆောင်တယ်လို့ ယူဆပြီး ကျေနပ်မိတယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ကချင်မှာ စစ်ပွဲတွေ ဖြစ်နေပေမယ့်လည်း ငြိမ်းချမ်းရေး လမ်းစ မြင်နေရပြီလို့ သူက ပြောပါတယ်။
တဖက်က လွှတ်တော် ပြင်ပ အဖွဲ့စုံ ဆွေးနွေးချင်ပြီး တိုင်းပြည် တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဦးတည်သွားတဲ့ တွေကို ဖြစ်နိုင်သမျှ အကောင်အထည်ဖော် လုပ်ဆောင်သွားမှာပါလို့ ဦးခင်ရီက ရှင်းပြသွားခဲ့ပါတယ်။

http://www.bbc.co.uk/burmese/burma/2013/02/130220_unfc_burmese_govt_talk_result.shtml

အပစ်ရပ် ဆွေးနွေးပွဲမှသည် နိုင်ငံရေး ဆွေးနွေးပွဲသို့ အကြိုညှိနှိုင်း

UNFC နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ - ညိုအုန်းမြင့်)
မြန်မာအစိုးရဘက်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့ဟာ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်လာဖို့အတွက် ပထမဆုံးအကြိမ် ကြိုတင် ညှိနှိုင်း ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Holiday Inn မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီဆွေးနွေးပွဲအတွင်း နိုင်ငံရေး ဆွေးနွေးပွဲကြီး ဖြစ်လာဖို့ မူဘောင်တွေနဲ့ နေရာ သတ်မှတ်ချက်တွေ ကြားခံတွေ စောင့်ကြည့် အကဲခတ်နိုင်ရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဒါပေမဲ့လည်း သဘောတူညီချက်တွေတော့ ချမှတ်နိုင်ခဲ့ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က တင်ပြထားပါတယ်။

မြန်မာ အစိုးရဘက်က သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု တခုဖြစ်တဲ့  ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့ဟာ နိုင်ငံရေး ဆွေးနွေးပွဲကြီး ဖြစ်လာစေဖို့ အတွက် ပထမဦးဆုံး အကြိမ်အဖြစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ထိုင်းနို်င်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။

UNFC ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဆွေးနွေးပွဲ အခြေအနေကို အခုလို ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ ဆွေးနွေးပွဲ ခေါင်းစဉ်ကိုက အကြို ညှိနှိုင်း ဆွေးနွေးပွဲလို့ ခေါ်တာကိုး။ အဲ့ဒါကြောင့် နိုင်ငံရေး ဆွေးနွေးပွဲက လာမယ်။ မကြာခင်။ အဲ့ဒီနိုင်ငံရေး ဆွေးနွေးပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ အကြို ညှိနှိုင်းကြတာပါ။ အဓိကကတော့ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ပေါ်ဖို့ အကြို ညှိနှိုင်းကြတာပေါ့။ အဲ့ဒါပေါ့ ဒါ အဓိကကပါပဲ။ ကျနော်တို့အနေနဲ့ တခါမှ နိုင်ငံရေး ဆွေးနွေးပွဲအတွက် အခွင့်အလန်း မပေါ်ဖူးဘူးလေ။ ဘယ်အစိုးရကမှ မဖိတ်ခေါ်ဖူးဘူး။ အပစ်အခတ် ရပ်စဲရေးနဲ့ မလုံလောက်ဘူး။ ကျနော်တို့က နိုင်ငံရေး ဆွေးနွေးပွဲ လိုအပ်တယ်လို့ ပြောတော့ အဲ့ဒါ နိုင်ငံရေး ဆွေးနွေးပွဲအတွက် ဒါ ဆက်လုပ်ဖို့ နှစ်ဘက် သဘောတူတဲ့အခါကျတော့ ဒါက ကျနော်တို့ရဲ့ ကောင်းမွန်တဲ့ ရလဒ်ပေါ့ဗျာ။ တခါတည်း ဟိုဟာကြီးတော့ မဟုတ်ပါဘူး။ ထင်သာ မြင်သာတော့ မဟုတ်ပါဘူး။ တရွေ့ရွေ့ သွားရမှာပေါ့။”

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဘက်ကတော့ နိုင်ငံတော် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း က ဦးဆောင်ခဲ့ပြီး ဦးခင်ရီ၊ ဦးအုန်းမြင့်၊ ဦးထွန်းထွန်းဦးတို့ အပါအဝင် အဖွဲ့ဝင် ၁၇ ဦး ပါ၀င်ခဲ့သလို၊ UNFC ဘက်ကတော့ အဖွဲ့ခေါင်းဆောင်အဖြစ် UNFC ရဲ့ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်၊ မွန်ပြည်သစ်ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်တဲ့ နိုင်ဟံသာ က ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

အကြို ညှိနှိုင်း ဆွေးနွေးမှုတွေထဲမှာတော့ နိုင်ငံရေး ဦးတည်ချက်၊ နိုင်ငံရေး ဆွေးနွေးပွဲအတွက် လိုအပ်တဲ့  မူဘောင်တွေ၊ နိုင်ငံရေး ဆွေးနွေးပွဲအတွက် လိုအပ်တဲ့ အချိန်ဇယားတွေ၊ နိုင်ငံရေး ဆွေးနွေးပွဲအတွက် ချမှတ်ရမယ့် အစီအစဉ်များ၊ ကြိုတင် ညှိနှိုင်းရေးဆွဲခြင်းတွေ၊ နိုင်ငံရေး ဆွေးနွေးပွဲအတွက် နေရာ၊ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်စဉ်မှာ ကြားခံ ဆောင်ရွက် ပေးမယ့်သူတွေ စောင်ကြည့် အကဲခတ်မယ့်သူတွေနဲ့ သက်သေတွေ ထားရှိရေးတွေ၊ တိုင်းရင်းသား လူမျိုးများ၏ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ် (၆) ချက်တို့ ပါ၀င်ကြောင်း နှစ်ဘက် ပူးတွဲ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

UNFC ဘက်တော့ ဘယ်အချိန်မှာ ဖြစ်လာမယ်ဆိုတာကို အတိအကျ မပြောနိုင်သေးတဲ့ အကြောင်းတွေကိုလည်း အခုလို ပြောပြပါတယ်။

“ကျနော်တို့ အချိန်ဇယား ဆွဲနေတုန်းပဲခင်ဗျ။ ၂၀၁၄ လား၊ ၂၀၁၅ လား၊ ဟိုဘက်အလွန်လား။ သို့သော် အဲ့ဒီ နိုင်ငံရေး ဆွေးနွေးပွဲအတွက် လုပ်ငန်းစဉ်တွေ ဆွဲဖို့က ဒီကြားထဲမှာ လုပ်သွားမယ်လေ။ နှစ်လ တခါလောက် တွေ့ပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲအတွက် ပြင်ဆင်တဲ့ဟာတွေပေါ့ လုပ်သွားမယ်။ ပြင်ဆင်ချိန် လုံလောက်ပြီ ဆိုတာနဲ့ ကျနော်တို့က စလို့ရတာကိုး။ ကျနော်တို့ရဲ့ ပေါ်လစီကတော့ လွတ်လပ် အမှီခိုကင်းတဲ့ ပြည်ပ နိုင်ငံပေါ့ ကျနော်တို့ဘက်က၊ နောက်တခါ လွှတ်တော် ပြင်ပပေါ့။ ဒါ ကျနော်တို့ဘက်က။ ကိုယ့်ဘက်ကကြီးပဲလည်း သူများ လိုက်ချင်မှ လိုက်ပေါ့။ သူ့ဘက် ကိုယ့်ဘက် ရှိတော့ ဒီအစိုးရဘက်ကလည်း ဘာတောင်းဆိုမလဲ ကျနော်တို့ မသိဘူး။ သဘောတူတာရှိ-မရှိ ဆွေးနွေးချိန် မရလိုက်ဘူး။ နောက်အခေါက်တွေကျမှ သဘောတူမယ့် အချက်ကို ရောက်မယ်။”

အကြို ပြင်ဆင်ရေး ကာလနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ  ဖြစ်စဉ် တလျှောက်မှာ UNFC အဖွဲ့အစည်းတွေရဲ့ နယ်မြေတွေအတွင်း လူသားချင်း စာနာမှုဆိုင်ရာ ကိစ္စရပ်တွေ၊ ပညာရေး၊ ကျန်းမာရေးနဲ့ စတဲ့ ကိစ္စရပ်တွေ၊ နိုင်ငံတကာ ပံ့ပိုးမှုတွေ ဆက်လက် လုပ်ဆောင်နိုင်ဖို့တွေ ပါ၀င်ပါတယ်။ ဒါ့အပြင် နှစ်ဘက် အလုပ်အဖွဲ့တွေ တွေ့ဆုံနို်င်ရေးအပြင် နို််င်ငံရေး ဆွေေးနွးပွဲကြီး အမြန်ဆုံး ဖြစ်လာစေဖို့အတွက် ၂ လ တကြိမ်လောက် တွေ့ဆုံနိုင်ဖို့တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
UNFC ဟာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖွဲစည်းထားတဲ့ အဖွဲ့ဖြစ်ပြီး ဒီအဖွဲ့ထဲမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO လည်း ပါ၀င်ပါတယ်။
မြန်မာအစိုးရနဲ့ ကေအို်င်အိုတို့ဟာ ၁၇ နှစ်ကြာ အပစ်ခတ် ရပ်စဲပြီးကာမှ ၂၀၁၁ ဇွန်လကစပြီး တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာပါ။ ကချင်ပြည်နယ်တွင်း မှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် တိုင်းရင်းသားတွေနဲ့ မြန်မာအစိုးရတို့ကြားမှာ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ KIO အပါအဝင် တိုင်းရင်းသားတွေဘက်က အပစ်အခတ် ရပ်စဲရေး ခိုင်မာစေဖို့အတွက် နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်နိုင်ဖို့ကိုပဲ တစိုက်မတ်မတ် တောင်းဆိုလာခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့တဲ့ KIO နဲ့ မြန်မာအစိုးရ ဘက်က ကိုယ်စားလှယ်တွေကတော့ ဒီလကုန်မှာ ငြိမ်းချမ်းရေးအတွက် သီးခြား တွေ့ဆုံဖို့ ရှိပေမဲ့ နေ့ရက် အတိအကျတော့ မသိရသေးပါဘူး။

http://burmese.voanews.com/content/unfc-meeting-held-in-chiang-mai/1607389.html

February 18, 2013

အိန္ဒိယ-မြန်မာ နယ်စပ်လုံခြုံရေး စိတ်မအေးရသေး

ဖေဖော်ဝါရီ လဆန်းပိုုင်းမှာ ဖြစ်ခဲ့တဲ့ အိန္ဒိယ-မြန်မာနယ်စပ်၊ တမူးမြို့မြောက်ဖက် မိုုင်၂၀ခန့်အကွာက နန်းသလက် ချောင်းကူးတံတား ဖောက်ခွဲခံရတဲ့ အဓိက တရားခံဟာ အိန္ဒိယပြည်ထဲရေးလက်အောက်ခံ အာသံရိုုင်ဖယ်တပ်ရဲ့ လက်ချက်ဖြစ်တယ်လိုု့ မဏိပူရ်အခြေစိုုက် အိန္ဒိယခွဲထွက်ရေးအဖွဲ့တခုုဖြစ်တဲ့ ပြည်ထောင်စုုအမျိုးသားလွတ်လပ်ရေး တပ်ဦး UNLF က စွပ်စွဲပြောဆိုုလိုုက်ပါတယ်။
မဏိပူရ်ပြည်နယ်နဲ့ မြန်မာနယ်စပ် ဆက်သွယ်ထားတဲ့လမ်းပေါ်က တန်နိုပယ်လ်တောင်မှာ အခြေစိုုက်ထားတဲ့ အာသံရိုင်ဖယ်တပ်ရင်း ၄၄ ရဲ့ အထူးတပ်ဖွဲ့နဲ့ အိန္ဒိယ-မြန်မာနယ်စပ်မှာ အခြေစိုုက်တဲ့ အာသံရိုုင်ဖယ်တပ်ရင်း ၂၄ တိုု့က ပူးပေါင်းပြီးတော့ မြန်မာနိုုင်ငံထဲမှာ ဒီလိုု အဖျက်အမှောင့်လုုပ်ငန်းကိုု လုုပ်တာဖြစ်တယ်လိုု့ ့UNLF က ဆိုုပါတယ်။
ဒီလိုုလုုပ်ပြီးတော့ UNLF ကိုု အပြစ်ပုံုချနိုုင်ဖိုု့အတွက် “UNLF အဓွန့်ရှည်ပါစေ၊ မီဂန် အသက်ရာကျော်ရှည်ပါစေ၊ ကဘော်ချိုင့်ဝှမ်းဟာ မဏိပူရ်နဲ့ပဲ သက်ဆိုုင်ပြီး မြန်မာခွေးတွေနဲ့ မဆိုုင်ဘူး” ဆိုုတဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့စာကိုု လုုပ်ကြံရေးသား ချန်ထားခဲ့တာဖြစ်တယ်၊ ကျိုးပျက်သွားတဲ့ တံတားကနေလာတဲ့ ဘွတ်ဖိနပ်ခြေရာတွေဟာ အိန္ဒိယ-မြန်မာနယ်စပ်၊ ကာစွန်းအရပ်က အာသံရိုုင်ဖယ်တပ်ရင်းရှိတဲ့နေရာကိုု ဦးတည်သွားနေတာတွေ့ရတယ် လိုု့ အဖွဲ့ရဲ့ ထုုတ်ပြန်ကြေငြာချက်က ဆိုုပါတယ်။
စာထဲမှာပါတဲ့ မီဂန်ဆိုုတဲ့ အသက် ၆၀ကျော်အရွယ် အဖွဲ့ရဲ့ခေါင်းဆောင်ကိုု သူ ဒါကာ ကိုုရောက်နေတုုန်း၊ ၂၀၁၀ နုုိ၀င်ဘာလထဲမှာ ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဖမ်းမိခဲ့ပြီး အိန္ဒိယအစိုုးရဆီ ပြန်လည်လွှဲပြောင်းထားပါတယ်။ လောလောဆယ်မှာ သူ့ကိုု အာသံပြည်နယ်မြို့တော် ဂိုုဝါဟာတီ ဗဟိုုအကျဉ်းထောင်မှာချုပ်နှောင်ထားပြီး ရုံုးတင်စစ်ဆေးနေပါတယ်။
အိန္ဒိယဟာ နိုုင်ငံအရှေ့မြောက်ပိုုင်းမှာရှိနေတဲ့ မွန်ဂိုုလွိုက်အနွယ်ဝင်တွေကိုု အိန္ဒိယလက်အောက်ကိုု သိမ်းသွင်းဖိုု့၊ မွန်ဂိုုလွိုက်အနွယ်ဝင်တွေ ပပျောက်ဖိုု့ လုုပ်နေတာ ကြာပြီ၊ ဒီအတွက်ကြောင့် မွန်ဂိုုလွိုက်အနွယ်ဝင်တွေနဲ့ နီးစပ်မှုရှိတဲ့ မဏိပူရ်လူမျိုးတွေဟာ ကိုုယ့်ယဉ်ကျေးမှုနဲ့ လူမျိုးမပျောက်အောင် အိန္ဒိယရဲ့ စနစ်ကိုု တိုုက်နေတာဖြစ်တယ်လိုု့လည်း အဖွဲ့ရဲ့ ထုုတ်ပြန်ချက်က ဆိုုပါတယ်။
ဒါကြောင့် မဏိပူရ်ပြည်နယ်သားတွေနဲ့ မြန်မာလူမျိုးတွေအကြား အထင်အမြင်တွေ လွဲမှားအောင်၊ သဘောထားတွေ ကွဲလွဲအောင် ရည်ရွယ်ဖန်တီးတဲ့ လုုပ်ရပ်တွေကိုု အိန္ဒိယက လုုပ်နေတာဖြစ်တယ်လိုု့ အဖွဲ့ရဲ့ ပြန်ကြားရေးအရာရှိတယောက်ဖြစ်တဲ့ ယွိုင်ဟေအိဘ နာမည်နဲ့ထုုတ်ပြန်လိုုက်တဲ့ ကြေငြာချက်ထဲမှာရေးထားတဲ့အကြောင်း မဏိပူရ်အခြေစိုုက် ဆန်ဂိုင်းအိတ်စ်ပရက်စ် သတင်းစာက ဖော်ပြပါတယ်။
ဒီထုုတ်ပြန်ကြေငြာချက်ဟာ မြန်မာအစိုုးရပိုုင် မြန်မာ့အလင်း သတင်းစာထဲမှာ တံတားဖောက်ခွဲတဲ့ လက်သည်ဟာ ကသည်းသူပုုန်တွေဖြစ်တယ်လိုု့ ရေးသားပြီး မရှေးမနှောင်းမှာပဲ ထွက်လာတာပါ။
“တမူး-စေတီလမ်းပေါ်ရှိ နန်းသလက် ချောင်းကူးတံတားကိုု ကသည်းသောင်းကျန်းသူများ ဖောက်ခွဲဖျက်ဆီး” ဆိုုတဲ့ ခေါင်းစဉ်နဲ့ အဲ့ဒီသတင်းမှာ UNLF အဖွဲ့က ထားခဲ့တဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ စာရွက်သုံုးရွက် တွေ့ခဲ့တယ်။ ဒီမတိုုင်ခင်က တမူးမြို့ စန္ဒကူး (၃) ရပ်ကွက် မှာ ဖမ်းမိခဲ့တဲ့ လက်နက်ခဲယမ်းတွေဟာ ကသည်းသောင်းကျန်းသူ UNLF အဖွဲ့ပိုုင်ဖြစ်တဲ့အတွက် ဖမ်းဆီးမှုကိုု မကျေနပ်လိုု့ အခုုလိုု တံတားကိုု ဖောက်ခွဲ၊ ဖျက်ဆီးတာ လိုု့ မြန်မာ့အလင်း သတင်းစာက ဆိုုပါတယ်။
ပေါက်ကွဲမှုကြောင့် ပေ ၂၄၀ ရှိတဲ့ နန်းသလက်ချောင်းကူးတံတားရဲ့ အောက်ခံတိုုင်တတိုုင် ပြိုလဲခဲ့ပြီး ကြမ်းခင်းတွေ၊ သံရက်မချောင်းတွေ ကျိုးပဲ့ ပျက်စီးခဲ့တယ်လိုု့ သတင်းမှာ ဖော်ပြထားပါတယ်။
အိန္ဒိယနိုုင်ငံ အရှေ့မြောက်ဖက်ခြမ်းမှာ အစိုုးရကိုု ဆန့်ကျင်လှုပ်ရှားနေတဲ့ အာသံခွဲထွက်ရေးအဖွဲ့၊ အိန္ဒိယပိုုင်နာဂပြည်နယ်က နာဂသူပုုန်အဖွဲ့့ စတဲ့အဖွဲ့အစည်းပေါင်း ၁၅ဖွဲ့ထက်မနည်း ရှိပါတယ်။ အဲ့ဒီအထဲက UNLF အဖွဲ့ဟာ အိန္ဒိယကနေခွဲထွက်ပြီး သီးခြားလွတ်လပ်ရေးနဲ့ ဆိုုရှယ်လစ် လူ့ဘောင်ထူထောင်နိုုင်ရေးအတွက်ဆိုုပြီးတော့ ၁၉၆၄ ခုုနှစ်က စပြီး အိန္ဒိယအစိုုးရကိုု လက်နက်ကိုုင်တော်လှန်နေတဲ့အဖွဲ့တခုုဖြစ်ပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ တမူးဒေသဟာ အိန္ဒိယခွဲထွက်ရေး သူပုုန်တွေ လှုပ်ရှားသွားလာနေတဲ့ နေရာဖြစ်တယ်၊ အဲ့ဒီအထဲက UNLF အဖွဲ့ဟာ မြန်မာပြည်ထဲက တမူးနဲ့ ကလေးဒေသတွေ အပါအဝင် ကဘော်ချိုင့်ဝှမ်းဒေသ၊ ဟုုမ္မလင်းနဲ့ ခန္တီးဒေသတွေမှာ ခြေကုုပ်ယူပြီး မဏိပူရ်ပြည်နယ်ခွဲထွက်ရေးလုုပ်ငန်းတွေ လုုပ်နေတယ်လိုု့ အိန္ဒိယ အစိုုးရက အစဉ်တစိုုက် ပြောဆိုုလေ့ရှိပါတယ်။
အိန္ဒိယ-မြန်မာ ထိပ်တန်းအရာရှိတွေ တွေ့ဆုံုပြီး နှစ်နိုုင်ငံအရေးတွေ ဆွေးနွေးတိုုင်း၊ နယ်စပ်ဒေသ လုံုခြံုရေးကိစ္စရပ်ဟာ အလေးပေး ဆွေးနွေးတဲ့ အချက်ဖြစ်ပါတယ်။ နယ်စပ်လုံုခြံုရေး ပြောဆိုုတိုုင်းမှာ မြန်မာ့မြေထဲရှိနေတဲ့ အိန္ဒိယ ပြည်နယ်ခွဲထွက်ရေးအဖွဲ့တွေကိုု မြန်မာအစိုုးရအနေနဲ့ ကူညီတိုုက်ထုုတ်ပေးဖိုု့ အိန္ဒိယအစိုုးရက တောင်းဆိုုလေ့ရှိသလိုု၊ ဒီလိုု ပူးပေါင်းတိုုက်ထုုတ်ဖိုု့အတွက် စစ်မျက်နှာပြင်သုံုး မြေထိုုး၊ မြေကော်စက်တွေလိုု စက်ပစ္စည်းတွေ ချစ်ကြည်ရေးလက်ဆောင်အဖြစ် မကြာခဏပေးအပ်လေ့ရှိပါတယ်။
မြန်မာအစိုုးရဖက်ကတော့ ဒီအဖွဲ့တွေကိုု မြန်မာ့မြေမှာ နေခွင့်မပေးထားဘူး၊ ဒီအဖွဲ့တွေ မြန်မာ့မြေပေါ်မှာ မရှိဘူးလိုု့ပဲ ပြောဆိုုလေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုုင်းအတွင်းက မြန်မာနိုုင်ငံကိုု ရောက်လာတဲ့ အိန္ဒိယအောက်လွှတ်တော် ဥက္ကဌ မီရာကူးမာရ်နဲ့ သမတဦးသိန်းစိန်တိုု့ တွေ့ဆုံုချိန်မှာလည်း အိန္ဒိယ-မြန်မာနယ်စပ် လုံုခြံုရေးကိစ္စတွေကိုု ထည့်သွင်းဆွေးနွေးခဲ့ပါသေးတယ်။
အိန္ဒိယနိုုင်ငံရဲ့ အရှေ့မေ ျှာ်ဝါဒအရ အာဆီယံနိုုင်ငံတွေကိုု ချိတ်ဆက်တဲ့နေရာမှာ မြန်မာနိုုင်ငံဟာ ပထဝီအနေအထားအရ ဗျူဟာကျတဲ့နေရာမှာရှိတဲ့အတွက် အာဆီယံနိုုင်ငံတွေနဲ့ ကုုန်သွယ်စီးပွား ကူးလူးဆက်ဆံရေးတိုုးတက်ဖိုု့ မြန်မာနိုုင်ငံကနေတဆင့် ကားလမ်းရထားလမ်းတွေနဲ့ ဆက်သွယ်ဖိုု့ အိန္ဒိယက ကြိုးပမ်းနေတာပါ။
အဓိက အဝေးပြေးကားလမ်းထဲက တခုုဖြစ်တဲ့ ဂိုုဝါဟာတီ-မိုုးရေး-တမူး-ကလေး-မန္တလေး ကနေမှတဆင့် ထိုုင်းနိုုင်ငံအထိ ဆက်သွယ်တဲ့လမ်းဟာ ခွဲထွက်ရေးသူပုုန်တွေ လှုပ်ရှားသွားလာရာနေရာကိုု ဖြတ်သန်းသွားရတာမိုု့ ဒီသူပုုန်အဖွဲ့တွေကိုု အိန္ဒိယက အပြီးတိုုင် ချေမှုန်းလိုုနေတာပါ။
တမူးဒေသခံတွေကတော့ ကသည်းလူမျိုးတွေဟာ တမူးဒေသပတ်ဝန်းကျင်၊ တမူးမြို့ပေါ်အပြင် ကလေးမြို့ပတ်ဝန်းကျင်မှာသာမက မန္တလေးမြို့အထိ အခြေချနေထိုုင်နေတာ၊ မြန်မာနိုုင်ငံသား အမျိုးသမီးတွေနဲ့ အိမ်ထောင်ပြုထားတာတွေ၊ မြန်မာနိုုင်ငံသား မှတ်ပုံုတင်တွေကိုု မသမာတဲ့နည်းလမ်းနဲ့ ရယူထားပြီး စီးပွားရေးလုုပ်ငန်းလုုပ်ကိုုင်နေသူတွေတောင် ရှိနေတယ်လိုု့ ဆိုုကြပါတယ်။
“သူတို့က မြန်မာစကား၊ မြန်မာစာ ကျွမ်းကျင်အောင် သင်ထားကြတယ်။ သူတို့ရဲ့ မဏိပူရ်လူမှုရေးအဖွဲ့ဆိုတာက သူတို့ ဒီကိုရောက်တာနဲ့ နေထိုင်ခွင့်ရဖို့ မြို့နယ်နဲ့ ခရိုင် အာဏာပိုင်တွေကို လစဉ်ကြေး တသိန်းပေးပြီးနေကြတယ်။ မှတ်ပုံုတင်တခုုကိုု အနည်းဆုံုး တသိန်းနှစ်သောင်းကနေ နှစ်သိန်းအထိပေးပြီး လုုပ်ထားကြတယ်။ မှတ်ပုံတင်ရှိနေတော့ အာဏာပိုင်တွေကလည်း သူတို့ကို မထိရဲကြဘူး” လိုု့ တမူးမြို့ခံတယောက်က ပြောပြပါတယ်။
ဒီလိုုလာနေကြတဲ့သူတွေထဲမှာ မြန်မာအမျိုးသမီးတွေနဲ့ အိမ်ထောင်ကျလိုု့ မြန်မာပြည်မှာ လာအခြေချတဲ့ သာမန်ကသည်းလူမျိုး အနည်းစုုလည်းရှိပြီး မဏိပူရ်ပြည်နယ်ခွဲထွက်ရေးသူပုုန်အဖွဲ့တွေနဲ့ ဆက်စပ်နေသူတွေလည်း အများအပြားရှိနေတယ်လိုု့ ဒေသခံတွေက ဆိုုပါတယ်။
ဒီအဖွဲ့တွေနဲ့ စပ်ဆက်နေသူတွေဟာ အဖွဲ့ရဲ့ လက်နက်တွေကိုု သိမ်းပေးထားတာမျိုး၊ အဖွဲ့က လူတွေမြန်မာ့နယ်မြေအတွင်း သွားလာလှုပ်ရှားဖိုု့ စီစဉ်ပေးတာမျိုးတွေ လုုပ်ကြသလိုု ဒေသခံအာဏာပိုုင်တွေကိုု လာဘ်ထိုုးပြီးတော့ တရားမဝင်တဲ့ စီးပွားရေးလုုပ်ငန်းတွေ လုုပ်ကိုုင်နေတာလည်းရှိတယ်လိုု့ ဒေသခံတွေက ဆိုုပါတယ်။
“နယ်စပ်နားမှာ ကူကီးအဖွဲ့၊ ကသည်းအဖွဲ့၊ အိန္ဒိယအစိုုးရအဖွဲ့တွေ အချင်းချင်း ပစ်ခတ်တာတွေ ခဏခဏကြံုတယ်။ မြို့ထဲမှာလည်း လက်နက်တွေ သိမ်းထားလိုု့ အခန့်မသင့် ထပေါက်ကွဲတာတွေ ခဏခဏကြံုရတယ်။ သူတိုု့ကိုု မကျေနပ်တဲ့တခြားအဖွဲ့က အရပ်ထဲဝင်ပြီး အဲ့ဒီအိမ်တွေကိုု လာပစ်ခတ်တာတွေလည်း ရှိခဲ့ဖူးတယ်။ သူတိုု့က လူကြီးတွေကိုု ပေါင်းထားတော့ ဒေသခံတွေကိုု စီးပွားရေးကိစ္စတွေမှာ အနိုုင်ကျင့်တာတွေလည်းရှိတယ်” လိုု့ တမူးမြို့ခံတယောက်က ပြောပြပါတယ်။
UNLF နဲ့ ဆက်စပ်သူတွေရှိနေတာ၊ သူတိုု့ဆီမှာ လက်နက်တွေ သိမ်းထားနေတာတွေဟာ ကြာမြင့်လှပြီဖြစ်ပေမယ့် အခုုအချိန်ကျမှ ဖမ်းဆီးမှုတွေ လုုပ်လာတာ၊ နန်းသလက်ချောင်းတံတားဖောက်ခွဲမှု လက်သည်ဟာ ကသည်းသူပုုန်တွေဖြစ်တယ်လိုု့ ဖွင့်ဟပြောဆိုုလိုုက်တာဟာ မြန်မာအစိုုးရအနေနဲ့ အိန္ဒိယစစ်တပ်နဲ့ ခွဲထွက်ရေးသူပုုန်တွေအရေး ပူးပေါင်းဖိုု့ ခြေလှမ်းတွေများ စနေပြီလားလိုု့ အိန္ဒိယမြန်မာ နယ်စပ်အရေး လေ့လာသူတွေက မေးခွန်းထုုတ်ပါတယ်။
“လက်နက်တွေ မိတယ်ဆိုုတဲ့အိမ်ဟာ ဒီလက်နက်တွေကိုု ၂၀၁၀ ကတည်းက ဒီလိုုပဲ ထားပေးနေတာ၊ တခြားသူတွေလည်း ရှိသေးတယ်။ အရပ်ထဲကလည်း သိကြတယ်။ လူကြီးတွေကသိနေပေမယ့် ဒီတိုုင်းမဖမ်းပဲနေတယ်။ ဒါပေမယ့် အခုုမှ အရေးယူတာရယ်၊ တံတားကိစ္စမှာ ဒါဟာကသည်းတွေလက်ချက်ဆိုုပြီး ပြောတာကိုု ကြည့်ရင် မြန်မာအစုုိးရအနေနဲ့တကယ်ပဲ အိန္ဒိယအစိုုးရကိုု ကူညီပြီးတော့ ဒီလူတွေကိုု အပြတ်ရှင်းတော့မလားဆိုုတာ၊ နောက် ကသည်းသူပုုန်တွေ မြန်မာ့မြေထဲရှိနေတယ်ဆိုုတာ ၀န်ခံလိုုက်တဲ့သဘောလားဆိုုတာ မေးစရာ၊ စဉ်းစားစရာပဲ” လိုု့ နယ်စပ်အရေး လေ့လာသူတယောက်က ပြောပြပါတယ်။
တဖက်မှာလည်း UNLF က အိန္ဒိယလက်အောက်ခံ အာသံရိုုင်ဖယ်တပ်ရဲ့ လက်ချက်သာဖြစ်တယ်လိုု့ ဆိုုတာဟာလည်း စိတ်ဝင်စားစရာတခုုဖြစ်တယ်လိုု့ သူကဆိုုပါတယ်။
“ဒီကသည်းအဖွဲ့တွေက မြန်မာဖက်ခြမ်းမှာ နေတယ်၊ သွားလာလှုပ်ရှားတယ်၊ လက်နက်တွေထားတယ်ဆိုုတာတွေ ရှိနေပေမယ့် ဒီဒေသမှာ ဒီလိုုတံတားကိုု ခွဲတာမျိုးက မကြံုဖူးသေးဘူး။ သူတို့အချင်းချင်းသာ ပစ်ကြခတ်ကြတာတွေ ရှိတယ် ပြီးတော့ သူတိုု့က လာဘ်ထိုုးပြီး နေနေတော့ လက်နက်တွေ မိတယ်ဆိုုတာနဲ့ ဒီလိုုကြီးကြီးမားမားလည်း လုုပ်လိမ့်မယ်တော့ မထင်ဘူးပေါ့။ နောက်တခါ UNLF ဆိုုတဲ့ စာ ထားခဲ့တယ်ဆိုုတာရယ်၊ UNLF ပြောသလို အာသံရိုုင်ဖယ်တပ်ကပဲလုုပ်ပြီးတော့ UNLF ကိုု အပြစ်ပုံုရအောင် စာထားခဲ့ပြီး၊ မြန်မာအစိုုးရအပေါ် ဖိအားဖြစ်အောင် လုုပ်တဲ့အနေနဲ့လုုပ်တာလား ဆိုုတာကလည်း စဉ်းစားစရာပေါ့” လိုု့ သူကပြောပါတယ်။
“ဒီဖြစ်ရပ်ဟာ အခြား အိန္ဒိယခွဲထွက်ရေးသူပုုန်အဖွဲ့တခုုဖြစ်တဲ့ ကန်လိုုင်ပက်ခ် ပြည်ထောင်စုုအမျိုးသားပါတီ (UPPK)က တပ်သား ၄၅ ယောက် အာသံရိုုင်ဖယ်တပ်ဆီ လက်နက်ချအလင်းဝင်တာနဲ့လည်း တိုုက်ဆိုုင်နေတယ်။ တခြား ကူကီးတိုု့ နာဂတိုု့ဆိုုတာကလည်း အာသံရိုုင်ဖယ်တပ်နဲ့က ညှိနှိုင်းတာတွေ လုုပ်ထားကြတယ်၊ ဒီတော့ မြန်မာကိုု ဒီသူပုုန်တွေကိစ္စ ဖိအားပိုုပေးချင်တာမျိုးအနေနဲ့ တဖက်လှည့်နဲ့လုုပ်တာလည်း ဖြစ်နိုုင်တာပေါ့လေ။ ဘာတွေဆက်ဖြစ်မယ်ဆိုုတာတော့ စောင့်ကြည့်ရမှာပေါ့” လိုု့ သူက ဆက်ပြောပါတယ်။
ဒေသခံတွေ၊ နယ်စပ်ကုုန်စည် ကူးသန်းရောင်းချသူတွေကတော့အိန္ဒိယ-မြန်မာ-UNLF သုံုးပွင့်ဆိုုင် ပြဿနာဟာ တမူး၊ ကလေးဒေသ တည်ငြိမ်အေးချမ်းမှုကိုု ထိခိုုက်လာတော့မယ့် လက္ခဏာတွေများ ဖြစ်နေမလားဆိုုပြီး စိုုးရိမ်နေကြပါတယ်။
တမူးမြို့ခံတယောက်က “မြန်မာဖက်ကလည်း ဒါဟာ ကသည်းလက်ချက်လိုု့ပြောတယ်၊ သူတိုု့ကလည်း ဒါဟာ အိန္ဒိယရဲ့ အာသံရိုုင်ဖယ်လက်ချက်လိုု့ပြောတယ်။ အကယ်လိုု့များ ကသည်းအဖွဲ့တွေနဲ့ အာသံရိုုင်ဖယ်တပ်တိုု့ ပစ်ကြခတ်ကြတွေဖြစ်လာရင် ကသည်းတွေက ဒီဒေသထဲမှာပဲနေနေကြတာဆိုုတော့ ဒီဒေသကိုု မထိခိုုက်ပါဘူးလိုု့ ဘယ်သူပြောနိုုင်မလဲ။ ဘာမှထပ်မဖြစ်ပါစေနဲ့ပဲ ဆုုတောင်းနေရပါတယ်” လိုု့ ပြောပါတယ်။

http://burma.irrawaddy.org/archives/34101

နိုင်ငံရေး ဆွေးနွေးမှုများ အဆင့်သုံးဆင့်ဖြင့် လုပ်ဆောင်သွားမည်

ချင်းမိုင်(မဇ္စျိမ)။   ။ သမ္မတ ဦးသိန်းစိန် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း
ကော်မတီအနေနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေး ဆွေးနွေးမှုများကို အဆင့် သုံးဆင့်ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်သူ ဦးညိုအုန်းမြင့် က ပြောသည်။

“ဝန်ကြီး ဦးအောင်မင်းပြောတာက တဖွဲ့ချင်းအနေနဲ့လည်း တွေ့သွားမယ်။ ဒေသဆိုင်အဖွဲ့တွေနဲ့ တွေ့သွားမယ်။ တိုင်းရင်းသား အားလုံး ပါဝင်တဲ့ အဖွဲ့တွေနဲ့လည်း နိုင်ငံရေးအရ ဆွေးနွေးသွားမယ်လို့ ဆွေးနွေးပါတယ်” ဟု မဇ္စျိမကို ပြောသည်။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တဖွဲ့ချင်း
ဆွေးနွေးရန်၊ ဒေသအလိုက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန်နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများကောင်စီ UNFC ကဲ့သို့ တိုင်းရင်းသား စုပေါင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသွားရန် ဟူ၍ အဆင့်သုံးဆင့်ဖြင့် လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ကိုယ်စားလှယ်များနှင့် UNFC ကိုယ်စားလှယ်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထပ်မံ တွေ့ဆုံကြဦးမည်
ဖြစ်သည်။

ဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ၊ မွေးမြူရေးဝန်ကြီး ဦးအုန်းမြင့်၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှ အဖွဲ့ဝင်များ အပါအဝင် ၁၆ ယောက် တက်ရောက် မည် ဖြစ်ကြောင်း ဦးညိုအုန်းမြင့် က ဆိုသည်။

“အဓိကတော့ လက်နက်ကိုင် အင်အားစုတွေနဲ့ စပြီးတော့ နိုင်ငံရေးအရ ရှေ့ကို ဘယ်လိုသွားကြမလဲ။
ပြည်နယ်တွေနဲ့ ပြည်ထောင်စုနဲ့ ဘယ်လို ဆက်သွယ်လုပ်ကြမလဲဆိုတာက Framework (မူဘောင်) တခုပဲ ဖြစ်ပါတယ်။ UNFC ကလည်း ဒီအဆင့်ထဲမှာ ပါနေတာပေါ့” ဟု ပြောသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ကလည်း ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့်အဖွဲ့နှင့် UNFC ကိုယ်စားလှယ်များ ချင်းမိုင်မြို့တွင်ပင် အလွတ်သဘော ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး ယခု တွေ့ဆုံမှုသည် ဒုတိယအကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရ တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်လာသည့် နောက်ပိုင်း UNFC
ှနှင့် အစိုးရ ငြိမ်းချမ်းရေးကော်မတီတို့ တွေ့ဆုံမှု ရပ်ဆိုင်းထားရာမှ ယခုပြန်လည် တွေ့ဆုံကြမည် ဖြစ်သည်။

http://www.mizzimaburmese.com/news/inside-burma/10980-2013-02-18-12-35-19.html

အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် UNFC တွေ့ဆုံမည်

တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ကိုယ်စားလှယ်များ ယခုလ ၂၀ ရက်နေ့တွင် ပထမဆုံး အကြိမ် တရားဝင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။
နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမည့်နေရာအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို အဆိုပြုထားပြီး အစိုးရဘက်မှ ကိုယ်စားလှယ် တချို့ယနေ့ ရောက်ရှိနေပြီ ဖြစ်ကြောင်း UNFC မှ တွဲဖက် အတွင်းရေးမှူး ဦးခွန်ဥက္ကာ က ဧရာဝတီသို့ ပြောသည်။
ဆွေးနွေးပွဲကို UNFC မှ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာနှင့် ဒေါက်တာ လဂျာ တို့က ကိုယ်စားလှယ် ၁၂ ဦး ခန့်ကို ဦးဆောင် ၍ အစိုးရဘက်မှ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်း ဦးဆောင်ပြီး ဦးခင်ရီ၊ ဦးအုန်းမြင့် အပါအဝင် ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
ဦးခွန်ဥက္ကာကမူ အစိုးရနှင့် တွေ့ဆုံဆွေးနွေးမည့် အကြောင်းအရာများကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ သို့သော်၂၀၁၂ ခုနှစ် နိုဝင်ဘာလက ဦးအောင်မင်းနှင့် UNFC ခေါင်းဆောင်များ နောက်ဆုံး အလွတ်သဘော တွေ့ဆုံခဲ့စဉ် နိုင်ငံရေး ပြဿနာများကို နိုင်ငံ ရေး အရ တွေ့ဆုံဆွေးနွေး အဖြေရှာရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
အစိုးရ နှင့် UNFC ကိုယ်စားလှယ်များကြား တွေ့ဆုံဆွေးနွေးမည့် အကြောင်း အရာများနှင့် ပတ်သက်၍ တစုံတရာ သဘောတူညီမှု ရရှိပါက ထိုနေ့ညနေပိုင်းတွင် သတင်းစာရှင်းလင်းပွဲ တရပ် ပူးတွဲ ပြုလုပ်ရန်လည်း စီစဉ်ထားသည်ဟု ဦးခွန်ဥက္ကာက ဆက်ပြော သည်။
နိုင်ဟံသာက ကချင်ပြည်နယ် အတွင်း အစိုးရတပ်က ထိုးစစ်ဆင်နေမှုများအား ရပ်ဆိုင်းရန် အဓိကထား၍ ဆွေးနွေးရန် စီစဉ် ထားကြောင်း ယခု လဆန်းပိုင်းက ပြောဆိုထားသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တနေရာတွင် ဇန်နဝါရီလ ရ ရက်နေ့မှ စတင်၍ ၄ ရက်ကြာ ကျင်းပသည့် UNFC ၂ နှစ်ပြည့် နှစ်ပတ်လည် အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ဟံသာက သတင်းထောက်များကို ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
“ကျနော်တို့ရဲ့ အဖွဲ့အဝင်ဖြစ်တဲ့ KIA (ကချင်လွတ်လပ်ရေး တပ်မတော်)ကို အကူအညီပေးဖို့ တာဝန်အပြည့်အဝ ရှိတယ်။ ဒီ ကိစ္စအတွက် ကျနော်တို့နဲ့ ဦးအောင်မင်းတို့ မကြာခင် တွေ့ဖို့ရှိတယ်။ ဒီကိစ္စကို ခိုင်ခိုင်မာမာနဲ့ ပြည့်ပြည့်ဝဝ တဖက်က ဖိပြီးဆွေးနွေး ပါမယ်”ဟု ၎င်းက ပြောကြားသည်။
KIA ကို ထိုးစစ်ဆင်နေမှုအား ရပ်ဆိုင်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေး အတွက် ၄ ရက်ကြာ UNFC အစည်း အဝေး တွင် တိုင်းရင်းသား ကိုယ်စားလှယ် ၃၀ နီးပါး တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
KIA ကလည်း UNFC အနေနှင့်သာ အစိုးရနှင့် ငြိမ်းချမ်းရေး အတွက် ဆွွေးနွေးလိုကြောင်း ပြီးခဲ့သည့် လက ထုတ်ပြန် ကြေညာ ထား သည်။
UNFC အစည်း အဝေးသို့ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ ပြည်သူ့ တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင် အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ‘၀’ အမျိုး သားအဖွဲ့ချုပ် (WNO) တို့မှ တိုင်းရင်းသား ခေါင်းဆောင်များ တက်ရောက်ကြသည်။
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးအတွက် KNU, KIO အစရှိသည့် လက် နက်ကိုင် ၆ ဖွဲ့ဖြင့် ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ (CEFU) ကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အဖွဲ့ဝင် ၁၁ ဖွဲ့ဖြစ် လာကာ UNFC အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

http://burma.irrawaddy.org/archives/34112

ဆိုင်းငံ့ထားသည့် ကုလအကူအညီ ယနေ့ည ဖားကန့်မြို့သို့ ရောက်မည်

ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ စစ်ပြေးဒုက္ခသည်များအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းမှ အကူအညီ ထောက်ပံ့ပစ္စည်းများ တင်ဆောင်လာသည့်ကား တနင်္လာနေ့တွင် ဖားကန့်မြို့သို့ ရောက်ရှိ လာမည် ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကတည်းက ကုလ၏ စားနပ်ရိက္ခာသယ်ဆောင်လာသော ကားများ  ဖားကန့်မြို့သို့ သွားရောက် ထောက်ပံ့ရန် စီစဉ်ခဲ့သော်လည်း နိုင်ငံခြားသား နှစ်ဦး ပါဝင်နေသဖြင့် ဒေသအာဏာပိုင်များ ဆိုင်းငံ့ထားရာမှ ယခု သွားခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

“မြစ်ကြီးနားကနေ မနေ့က တက်လာပြီ။ ဒီနေ့က ကာမိုင်းကနေ တက်လာပြီလို့ ပြောတယ်။ ဒီညနေတော့ ဖားကန့်ရောက်မယ်။ ပစ္စည်းတင်တဲ့ကားက ၆ စီး။ တခြားကားက ၄ စီး အားလုံးပေါင်း ၁၀ စီးလို့ တက်လာ တယ်လို့ ပြောတယ်” ဟု KIA တပ်မဟာ ၂ လက်အောက် တပ်ရင်း ၆ တပ်ရင်းမှူး ဒုဗိုလ်မှူး ဇော်ဒွဲ က
ပြောသည်။

ထိုနိုင်ငံခြားသား နှစ်ဦး သွားရောက်ခွင့် ရှိမရှိကို နေပြည်တော် ဗဟိုအစိုးရထံ တင်ပြထားရာမှ ခွင့်ပြုချက် ရသဖြင့် ယနေ့ ကုလထောက်ပံ့ရေးအဖွဲ့တွင် နိုင်ငံခြားသားများ ပါဝင်သည်ဟု သိရသော်လည်း ကိုယ်တိုင် မတွေ့ရသေးသဖြင့် အသေးစိတ်ကို မသိနိုင်သေးကြောင်း ၎င်းက ပြောသည်။

အစိုးရတပ်နှင့် KIO တပ်တို့အကြား တိုက်ပွဲများ တနှစ်ကျော်ကြာ ဖြစ်ပွားခဲ့ပြီးနောက် စစ်ပြေးဒုက္ခသည်များ အတွက် ကုလ အကူအညီများကို ပထမဆုံးအကြိမ် ရရှိခြင်း ဖြစ်သည်။

ဖားကန့်မြို့ပေါ်ရှိ ခရစ်ယာန် ဘုရားကျောင်းများနှင့် ဗုဒ္ဓဘာသာ ဘုန်ကြီးကျောင်းများအတွင်း စစ်ပြေး ဒုက္ခသည် ရ,၀၀၀ ကျော် ရှိသည်ဟု သိရသည်။

http://www.mizzimaburmese.com/news/inside-burma/10977-2013-02-18-12-01-28.html

February 16, 2013

စစ်ဒဏ်ခံရသူများ လူ့အခွင့်အရေး ဘယ်သူမှ အရေးတယူ မလုပ်

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် အတွင်းရှိ ကျေးရွာများ တွင် ဒေသခံ ပြည်သူတို့အား မြန်မာ့ တပ်မတော်နှင့် ကချင် လွတ်မြောက်ရေးတပ် (KIA) တို့က လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ငွေကြေးနှင့် ဆန် စပါး ဆက်ကြေးတောင်းယူမှုများ ရှိနေဖြင့် လူ့အခွင့်အရေး ကော်မရှင်နှင့် သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြ တိုင်ကြားသော်လည်း အရေးယူဆောင်ရွက်ပေးမှု မရှိကြောင်း ဒေသခံများထံမှ သိရသည်။
“စစ် စဖြစ်ကတည်းက ဒေသခံ ပြည်သူလူထုက စစ်တပ်ရော၊ ကေအိုင်အိုရော ၂ ဘက်စလုံးရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ခံခဲ့ရတယ်။ တပ်သားသစ် အစုဆောင်းခံရတာ၊ ရွာကို မီးတိုက်သွားတာတွေကို ကျနော်တို့ ပြည်နယ်အစိုးရနဲ့ လူ့အခွင့် အရေး ကော်မရှင်ကို တောက်လျှောက် တိုင်ခဲ့ပါတယ်။ ခုချိန်ထိ ဘာတစ်ခုမှ အရေးယူလာတာ မရှိဘူး” ဟု ဗန်းမော်မြို့ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။
၂၀၁၂ ဒီဇင်ဘာလက မိုးမောက်မြို့နယ် ကျောက်စခန်းကျေးရွာသို့ အစိုးရ တပ်မတော်စစ်ကြောင်း ၀င်ရောက်လာသည့် အတွက် ရွာလူထုက ခေတ္တရှောင်ပေးစဉ် တပ်မတော်သားများက ကျေးရွာသားများ၏  ငွေကြေး၊ ပရိဘောဂ အသုံးအဆောင် များနှင့် မွေးမြူထားသော တိရိစ္ဆာန်များကို ယူငင်သွားပြီး နေအိမ်များကိုလည်း ဖျက်စီးခဲ့သည့် အတွက် ဒီဇင်ဘာလ ရ ရက်နေ့ ရက်စွဲဖြင့် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ လူ့အခွင့်အရေး ကော်မရှင်နှင့် သက်ဆိုင်ရာ လွတ်တော် အမတ်များထံသို့ ပေးပို့ တိုင်ကြားခဲ့ သော်လည်း အရေးယူမှု တစုံတရာ မရှိကြောင်း သိရသည်။
ထို့အတူ ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း ဗန်းမော်ခရိုင် မန်စီမြို့နယ်ရှိ ဒေသခံ ရ၀ ခန့်ကို KIA က တပ်သားသစ် စုဆောင်းခဲ့သည့် ကိစ္စကို ရပ်မိရပ်ဖများက တိုင်ကြားစာ ပေးပို့ခဲ့သော်လည်း အရေးယူမှု တစုံတရာ မရရှိဘဲ KIA ၏ ခေါ်ယူ သတိပေးခြင်းသာ ခံခဲ့ရကြောင်း မန်စီဒေသခံ တဦးက ဆိုသည်။
“ပြည်နယ် အစိုးရဘက်က ဘယ်လို ပြောသလဲ ဆိုတော့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကြိုးစားနေချိန်မှာ တဘက်အဖွဲ့ အစည်းကို အပြစ်တင်တဲ့ အလုပ်မျိုး မလုပ်ချင်ဘူးလို့ ဆိုတယ်။ အဲဒီတော့ ကျနော်တို့ အနေနဲ့ သည်းခံနေကြဖို့ နားတောင်ချ လိုက်သေးတယ်။ ဒေသခံ ပြည်သူလူထုက ဘယ်သူ့ကိုမှ အားကိုးလို့ မရဘူး ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင်  ဗန်းမော်မြို့နယ် ကုန်းတိမ်ကျေးရွာ ဒေသခံ တဦးက “ကျနော်တို့ ရွာကို တအိမ်ထောင် ဆန်တတင်းနှုန်း ပေးဖို့ တောင်းထား ပါတယ်။ ရွာက အိမ်ခြေ ၁၀၀ ကျော်ဆိုတော့ ဆန်တင်း ၁၀၀ ကျော်ကို သူတို့ စခန်းကို သွားပို့ရမှာ။ ဒါပေမယ့် အဲလို သွားပို့လို့ အစိုးရ စစ်ကြောင်းနဲ့ တိုးရင် ကျနော်တို့ကို တပ်မတော် က သူပုန်ကို ထောက်ပံ့တဲ့သူဆိုပြီး ဒုက္ခပေးမှာ အသေအချာပဲ။ ဒါကြောင့် ကျနော်တို့ ငွေပေးဖို့ပဲ စဉ်းစားထား ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့က ကုန်းတိမ်ကျေးရွာ အုပ်ချုပ်ရေးမှူးကို ၁ အိမ်ထောင် ဆန် ၁ တင်းနှုန်း ကောက်ခံပြီး၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်ပေးပို့ပေးရန် KIA မလိဘာ တိုက်နယ်မှူးက အကြောင်းကြားခဲ့ကြောင်း သိရသည်။
“ဆန် ၁ တင်းကို ငွေ တသောင်းတထောင် ကျတယ်။ ပေးနိုင်တဲ့သူရှိတယ်။ မပေးနိုင်တဲ့ မတတ်နိုင်တဲ့သူလည်း ရှိတယ်။ မတတ်နိုင်သူ တွေအတွက် တတ်နိုင်သူက ပေးပေးရမယ်လို့ ဆိုတယ်။ ကျနော်တို့မှာ အစိုးရ ၂ ရပ်ရှိပါတယ်။ ကေအိုင်အေ အစိုးရနဲ့ မြန်မာအစိုးရ ကျနော်တို့ကို ဘာမှ လုပ်မပေးနိုင်ပေမဲ့ ကျနော်တို့က အများကြီး လုပ်ပေးနေရပါတယ်” ဟု ကုန်းတိမ် ကျေးရွာ ဒေသခံများက ဆိုသည်။
ဗန်းမော်ခရိုင်၊ မန်စီ မြို့နယ်တွင်လည်း ၁ နှစ်စာအတွက် တအိမ်ထောင်လျှင် မြန်မာငွေကျပ် သုံးသောင်း KIA ကို အခွန်ဆောင် နေရပြီး သစ်လုပ်ငန်း လုပ်သူ ဒေသခံများကို တနိုင် တပိုင် သစ်သယ်ယူသည့် ဆိုင်ကယ် တစီးလျှင် ငါးထောင်ကျပ် ကောက်ယူနေကြောင်း သိရသည်။
မန်စီဒေသခံ တစ်ဦးက “စစ်တပ်ကလည်း တောင်းတာပဲ။ စစ်တပ်က တအိမ်ထောင် ဘယ်လောက် ဆိုပြီး မတောင်းတာ တခုပဲ။ သစ်လုပ်ငန်း လုပ်တဲ့သူ၊ သစ်သယ်တဲ့ ကားတွေကို ဂိတ်ကြေး၊ ဘာကြေး၊ ညာကြေး ယူနီဖောင်းနဲ့ သေနတ်လွယ်ပြီး တောင်းနေတယ်။ လုံခြုံရေး ကျတော့ ဘယ်ဘက်ကမှ ကောင်းကောင်း လုပ်မပေးနိုင်ဘူး” ဟု ပြောသည်။
မန်စီဒေသသည် KIA တပ်မဟာ ၁၊ တပ်ရင်း ၁၂ နှင့် တပ်ရင်း ၁၇ တို့ စခန်းချရာ ဒေသဖြစ်ပြီး၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIA တို့ တွေ့ဆုံခဲ့ပြီးနောက် ဗန်းမော်ဒေသ တဝိုက်တွင် တိုက်ပွဲများ စဲသွားသော်လည်း ဖေဖော်ဝါရီ ၈ ရက်နေ့က မန်စီမြို့နယ် လူဝင်မှု ကြီးကြပ်ရေးရုံးကို KIA က ၀င်ရောက်ခဲ့သေးကြောင်း သိရသည်။
“ပေးနိုင်တာ မပေးနိုင်တာတော့ မသိဘူး။ မပေး မနေရပဲ။ မနှစ်က တိုက်ပွဲ ဖြစ်ပြီးပြီးချင်းမှာ ဒီလိုပဲ ၁ အိမ်ထောင် ဆန် ၁ တင်း
တောင်းဖူးတယ်။ ကျနော်တို့က ၁ တင်းတော့ မလုပ်ပါနဲ့ ဆိုပြီး မနည်းတောင်းပန်လို့ ၁ အိမ်ကို ဆန် ၂ ပြည်ပဲ ပေးခဲ့ရတယ်။ ခုတော့ ဘယ်လိုမှ စျေးဆစ်လို့ မရတော့ဘဲ ပေးရတော့မယ်။ ရွာက အိမ်ခြေနဲ့ဆို ဆယ့်ကိုးသိန်းနဲ့ နှစ်သောင်းလောက် ပေးရမယ်” ဟု ကုန်းတိမ်ကျေးရွာ ဒေသခံ တစ်ဦးက ဆိုသည်။
KIA နှင့် မြန်မာအစိုးရ တပ်မတော် တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ကျေးရွာစာရင်းသာ ကောက်ယူထားနိုင်ပြီး ဒေသခံ ရှမ်း၊ ကချင်၊ လီဆူး စသည့် တိုင်းရင်းသား တသိန်းခန့်သည် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး စစ်ဘေးရှောင် စခန်းများတွင် နေထိုင်နေရကြောင်း သိရသည်။
စစ်ပွဲ ဖြစ်ပွားခဲ့ရာ ဒေသများရှိ ပြည်သူလူထုသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားနေရသော်လည်း လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်၍ အကြောက်တရားကိုပါ ထပ်ဆင့်ခံစားရပြီး ပွင့်လင်းမြင်သာမှု အားနည်းနေကြောင်း ဗန်းမော်မြို့နယ် ရှမ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

http://burma.irrawaddy.org/archives/34044
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India