ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာ လိုင်ဇာဒေသရှိ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ အစိုးရ စစ်တပ်မှ ၁၀၅ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း သိရသည်။
အစိုုးရ အမြောက်တပ်ရင်း ၃၆၄ ၊ ၃၇၀ တို့သည် လိုင်ဇာဒေသရှိ ကချင်ကျေးရွာများကို ပစ်မှတ်ထားပြီး စက်တင်ဘာလ ရ ရက်မှ ၉ ရက်နေ့အထိ ဆက်တိုက်ပစ်ခတ်ကြောင်း KIA ပြောခွင့်ရသူ ဦးလာနန် က ဧရာဝတီ ကို ပြောသည်။
လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ရွာသားများလည်း လိုင်ဇာ ဒုက္ခသည်စခန်းများသို့ ထွက်ပြေးလာကြကြောင်း၊ ပစ်ခတ်ရခြင်း အကြောင်းရင်းကို အတိအကျ မသိသေးကြောင်း ကချင် ဒုက္ခသည်အရေး ဆောင်ရွက်ပေးသူ KIA အဖွဲ့မှ ဦးဒွဲပီဆာ ကလည်း ပြော သည်။
ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၏ အာရှဒေသ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Vivian Tan က လည်း တိုက်ပွဲများကြောင့် တရုတ်ပြည်ဘက်တွင် ခိုလှှုံနေရသည့် ဒုက္ခသည်များကို နေရပ်ပြန်သွားရန် တရုတ်အာဏာပိုင်များက ဖိအားပေး၍ မကြာသေးခင်က ဒုက္ခသည် ၅၀၀၀ ၀န်းကျင် ကချင်ဒေသို့ ပြန်သွားရကြောင်း၊ ဒုက္ခသည်များအား ဖိအား မပေး ရန် UNHCRက တရုတ်အစိုးရကို မေတ္တာရပ်ခံထားကြောင်း ဧရာဝတီ ကို ပြောသည်။
UNHCR အနေဖြင့် ဒုက္ခသည်များအတွက် အရေးပေါ် လိုအပ်သည့် ရွက်ဖျင်တဲများ၊ စားနပ်ရိက္ခာများကို ထောက်ပံ့ပေးထားေ ကြာင်း လည်း Mrs Vivian Tan က ဆိုသည်။
ထို့အတူ ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်း၊ မြောက်ပိုင်း တပ်များနှင့်အစိုးရ စစ်တပ်တို့အကြားလည်း တိုက်ပွဲငယ်များ မကြာ ခဏ ဖြစ်ပွားနေပြီး ယခုလ ၅ ရက်မှ ရ ရက် အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နှစ်ဘက်စလုံးတွင် ထိခိုက်ဒဏ်ရာ ရမှု၊ သေဆုံးမှုများ ရှိကြောင်း SSA တောင်းပိုင်း မှ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်း က ဧရာဝတီ ကို ပြောသည်။
တိုက်ပွဲဖြစ်ရခြင်း အကြောင်းရင်းမှာ သဘောတူညီမှု လက်မှတ်ရေးထိုး ထားသည့် စည်းကမ်းများအား မလိုက်နာခြင်း၊ တိကျ သည့် နယ်မြေသတ်မှတ်မှု မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ စည်းကမ်းချက်၌ အစိုးရတပ်များသည် မြို့ပေါ်၌ နေမည်ဟု သဘော တူထားကြောင်း၊ သို့သော် SSA တပ်များရှိရာ တောထဲသို့ အကြောင်း မကြားဘဲ ၀င်ရောက်လာ၍ တိုက်ပွဲများ ဖြစ်ပွားကြောင်း လည်း ၎င်းက ပြောပြသည်။
“ဒီဇင်ဘာ၊ ၂၀၁၁ မှာ ပဏမအဆင့် အပစ်အခတ်ရပ်ပြီးနောက်ပိုင်း တိုက်ပွဲ ဖြစ်တာ ၃၅ ကြိမ် ရှိပါပြီ”ဟု ဗိုလ်မှူး စိုင်းလောဝ် ဆိုင်း က ဆိုသည်။
KIA မှအပ တခြားတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့်အစိုးရတို့အကြား ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘော တူစာချုပ် လက်မှတ်ရေးထိုးပြီး ဖြစ်သော်လည်း ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ ကိစ္စ အချိန်ဆွဲနေခြင်းသည် နိုင်ငံရေး အရ ဆွေးနွေးပွဲ မလုပ်ဆောင်လိုသည့် အတွက်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ပြောဆိုသည်။
တနိုင်ငံလုံး အတိုင်းအတာဖြင့် အပတ်အခတ်ရပ်စဲ၍ နိုင်ငံရေးအရ ဆွေးနွေးပွဲဖြစ်ပေါ်လာရန် ရည်ရွယ်ကာ တိုင်းရင်းသားအစုံ ပါ၀င်သော ညီလာခံတခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၌ စက်တင်ဘာလ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပမည်ဟု သိရသည်။
ထိုညီလာခံအား တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့က ကြီးမှူး ကျင်းပခြင်း ဖြစ်ပြီး တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့များ၊ တိုင်းရင်းသားလူမျိုးများ ကိုယ်စားပြုသည့် လူမှုအခြေပြုအဖွဲ့များ၊ ပြည်ပအခြေစိုက် နိုင်ငံရေး အဖွဲ့အစည်းများ တက်ရောက်ကြမည် ဖြစ်ကြောင်း UNFC အတွင်းရေးမှူး နိုင်ဟံသာ က ဧရာဝတီ ကို ပြောသည်။
ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်နိုင်မည့် နည်းလမ်းများ၊ နိုင်ငံရေးအရ ဆွေးနွေးနိုင်မည့် နည်းလမ်းများကို ညီလာခံမှ အဖြေ ရှာနိုင်မည် ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးမှု မဖြစ်ပေါ်ပါက ရှေ့ဆက် မည်သို့ ဆောင်ရွက်ကြမည်ဆိုသည့် အကြောင်းအရာများကို ဆွေးနွေးကြမည်ဟု လည်း ၎င်း က ဆက်ပြောသည်။
“KIA နဲ့ အစိုးရတို့အကြား ဆွေးနွေးပွဲတခု ဖြစ်ပေါ်လာရေး အတွက်ကို UNFC အနေနဲ့ ကြား ၀င်ပေးလို့ရမယ် ဆိုရင် ပါ၀င်ကူ ညီပေးဖို့ ရှိပါတယ်၊ ညီလာခံမှာ KIA ကိစ္စလည်း ဆွေးနွေး ဖြစ်ကြမယ် ထင်တယ်”ဟု နိုင်ဟံသာ က ဆိုသည်။
စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဒီမိုကရေစီအရေး၊ တိုင်းရင်းသား တန်းတူရေး အတွက် အာမခံ ချက်ေ ပးနိုင်မည့် နည်းလမ်းများ ကိုလည်း ညီလာခံ၌ ဆွေးနွေးကြမည် ဟု သိရသည်။
UNFC ကို ကရင် အမျိုးသား အစည်းအရုံး(KNU) ၊ မွန်ပြည်သစ်ပါတီ၊ ချင်းအမျိုးသား တပ်ဦး(CNF) ၊ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့(KIO)၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA-N)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP) စသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၆ ဖွဲ့နှင့် ဆက်စပ် အဖွဲ့များနှင့် ဖွဲ့စည်းထားသည်။
http://burma.irrawaddy.org/archives/19946