“အထူး ဆွေးနွေး တာတော့ မရှိ ပါဘူး၊ သမ္မတကြီး မွန်ပြည်နယ်ကို လာတုန်း ကျွှန်တော် တို့နဲ့ တွေ့ဆုံ သွားတာပါ၊ သမ္မတက နေပြီးတော့ အခု အစိုးရက ဖော်ဆောင် နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေအကြောင်း၊ ဒီမို ကရေစီ ဖော်ဆောင် နေတဲ့ အစိုးရရဲ့ လုပ်ငန်း စဉ်တွေ၊ နောက်ကျန်တဲ့ ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အစီ အစဉ်တွေကို ရှင်းလင်း ပြသွား ပါတယ်”ဟု နိုင်တလညီမှ ပြောသည်။
မော်လမြိုင်မြို့ကို စည်းကားသည့် မြို့ ဖြစ်စေချင်၍ စဉ်းစားကြည့်ရာ သံဖြူဇရပ်-ဘုရားသုံးဆူ ကားလမ်း ကောင်းအောင် ပြန်လုပ်၍ နယ်စပ်ဂိတ် ဖွင့်နိုင်ပါက စည်းကား လာနိုင် ကြောင်းနှင့် ပြည်နယ်တွင်း လျှပ်စစ် ဓါတ်အား ဖူလုံမှု ရှိစေရန် မဂ္ဂါဝပ် (၅၀) ထုတ်နိုင်သည့် ဂက်စ် တာဗိုင် (၂) လုံး တည်ဆောက် တပ်ဆင် ပေးသွားရန် ရှိသည် ဟုလည်း သမ္မတရုံး အင်တာနက် စာမျက်နှာ၌ ဖော်ပြ ထားပါသည်။
ဘုရားသုံးဆူ နယ်စပ်ဂိတ်အား တရားဝင် ဖွင့်လှစ် နိုင်ရေး အတွက်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၂) ရက်နေ့၌ ထိုင်းအမှတ် (၁) စစ်တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဖိုင်ဗုန် ခွန်ချိုင်ယာနှင့် ကန်ချနဘူရီ အခြေစိုက် စူရေစီ တပ်ခေါ် တပ်မ (၉) တပ်မှူး ဗိုလ်ချုပ် ဖိုင်းလစ် ထောင်မားအင် တို့နှစ်ဦး လာရောက် လေ့လာ သွားခဲ့ပြီး ဖြစ်သည်။
ထိုင်း စစ်တိုင်းမှူးမှ လာမည့် နှစ်တွင် မြန်မာ နိုင်ငံသို့ သွားရောက်၍ နယ်စပ်ဂိတ် တရားဝင် ဖွင့်လှစ် နိုင်ရန် အတွက် မြန်မာ အစိုးရနှင့် ဆွေးနွေး သွားမည်ဟု ယင်း ခရီးစဉ်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။
“ကျွှန်တော်တို့ ဘက်က တင်ပြ ဆွေးနွေး တာကတော့ ထာဝရ ငြိမ်းချမ်းရေး အတွက်နဲ့ ကျွှန်တော်တို့ နိုင်ငံ ရေရှည် ဖွံ့ဖြိုး တိုးတက် နိုင်ဖို့က နိုင်ငံရေး ပြဿနာ တွေကို ဖြေရှင်း ပေးမှ ရပါမယ်။ အပစ် အခတ် ရပ်စဲရုံ လောက်နဲ့ ထာဝရ ငြိမ်းချမ်းရေး မဖြစ်နိုင်ဘူး၊ နိုင်ငံ ရေးကို ဆွေးနွေး သွားမှလည်း တစ်ဖက်နဲ့ တစ်ဖက် နားလည် မှုတွေ ရှိလာမယ်၊ ယုံကြည် မှုတွေ ရှိလာမယ်၊ နိုင်ငံရေး ဆွေးနွေးပွဲ တွေကို အမြန်ဆုံး အကောင် အထည် ဖော်ပေး နိုင်ရင် ပိုကောင်း တယ်လို့ ကျွှန်တော်တို့ ဥက္ကဋ္ဌက တင်ပြ သွားတယ်” ဟု နိုင်တလညီမှ ပြောသည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် အတူ ဒု-သမ္မတ (၂) ဦးဉာဏ်ထွန်း၊ သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းနှင့် ဦးစိုးသိန်း၊ နိုင်ငံတော် ကာကွယ်ရေး စစ်ဆင်ရေး အထူး အဖွဲ့ (ကစထ) (၄) မှူး ဒု-ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ အရှေ့ တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်တို့ တက်ရောက် ခဲ့ကြသည်။
မွန်ပြည် သစ်ပါတီ ဘက်မှ ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်၊ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ဒု-စစ်ဦးစီးချုပ် နိုင်လယီ ဂကောင်း၊ နိုင်ငံရေး ဌာန တာဝန်ခံ နိုင်စိုက်ထော၊ ပြည်တွင်း ဆက်ဆံရေး တာဝန်ခံ နိုင်တလညီတို့ တက်ရောက် ခဲ့ကြသည်။
မွန်ပြည်သစ် ပါတီနှင့် သမ္မတ တို့၏ နှစ်ဖက် တွေ့ဆုံ ပွဲကို မွန်ပြည်နယ် ပြည်နယ် အစိုးရ ရုံးခန်း၌ ပြုလုပ် ခဲ့သည်။
ထို့ပြင် သမ္မတ နှင့် အဖွဲ့သည် မွန်ပြည်သစ် ပါတီ နှင့်အပြင် ညနေ ပိုင်း၌ အရှေ့ တောင်တိုင်း စစ်ဌာနချုပ်ရှိ အဏ္ဏဝါ ရိပ်သာ ဧည့်ခန်းမ အတွင်းတွင် မော်လမြိုင် အခြေစိုက် NLD ပါတီ၊ ပြည်ခိုင်ဖြိုး ပါတီ၊ မွန်ဒေသ လုံးဆိုင်ရာ ဒီမို ကရေစီ ပါတီ၊ မွန်ဒီမို ကရေစီ ပါတီ၊ တစည ပါတီနှင့် မြို့မိ မြို့ဖ များနှင့်လည်း အလွတ် သဘော တွေ့ဆုံ ခဲ့ကာ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေး၊ နိုင်ငံတွင်း ဆင်းရဲ နွမ်းပါးမှု လျော့ချရေး၊ စီးပွားရေး ပြုပြုင် ပြောင်းလဲမှု ဆိုင်ရာ အစိုးရ လုပ်ဆောင်ချက် များနှင့် မွန်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် စီမံချက်များကို ရှင်းလင်း ပြောကြား သွားခဲ့သည်။
http://www.phophtaw.org/burmese/index.php/news/local-news/2524-2012-12-17-07-20-23.html