အစိုးရတပ်ဖွဲ့သည် KIA နှင့် တအောင်း (ပလောင်) စုပေါင်းတပ်တို့ကြားဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့ ဧပြီ ၈ ရက် နံနက် ရ နာရီ ၅၀ မိနစ်မှ ၈ နာရီ ၄၅ မိနစ်ထိ တပ်မဟာ ၄ လက်အောက် တပ်ရင်း ၂ နယ်မြေ မန်လောင်းရွာ အနီးတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တပ်ရင်း ၂ တပ်ဖွဲ့များ နေရာယူထားသည့် မန်လောင်းအနီးတောင်တွင် မုန်ပေါ်ဘက်နှင့် မုန်ဂျီ-မန်လောင်း ဘက်မှ စစ်ကြောင်း ၂ ခုဖြင့် ထိုးစစ်ဆင်လာသော အစိုးရတပ်ဖွဲ့များ လာရောက်ပစ်ခတ်ခဲ့ရာမှ ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တပ်မဟာ ၄ အထက်ပိုင်း KIA အရာရှိ တစ်ဦးကပြောသည်။
ထို့နောက် တပ်မဟာ ၄ လက်အောက် တပ်ရင်း ၃၆ နယ်မြေ နမ်ရှဲပါ တွင်လည်း ညနေ ၃ နာရီမှ ၄ နာရီအထိ တပ်ရင်း ၃၆ KIA တပ်ဖွဲ့များရှိနေသည့်နေရာသို့ အစိုးရတပ် ခလရ ၂၄၂ နှင့် ခမရ ၅၆၈ တပ်ဖွဲ့များ ထိုးစစ်ဆင် ချဉ်းကပ်လာပြီး အစိုးရဘက်မှ ပစ်ခတ်လိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
“ကျနော်တို့ တပ်မဟာ ၄ ကို သင်္ကြန်မတိုင်ခင် ထိုးစစ်ဆင်မယ်လို့ကြားတယ်။ အဲဒါကြောင့် လားတော့ မသိဘူး။ သူတို့က အခု နေရာတိုင်းမှာ ထိုးစစ်ဆင်နေတယ်။ အခုတော့ နေ့တိုင်းတောင် ပစ်ခတ်ရတော့မယ်ထင်တယ်။ ဒီနေ့တော့ ၃ နေရာ တိုက်ပွဲဖြစ်တာပေါ့” ဟု တပ်မဟာ ၄ KIA အရာရှိတစ်ဦးကပြောသည်။
ထို့ပြင် တပ်မဟာ ၄ လက်အောက် တပ်ရင်း ၈ နယ်မြေတွင်းရှိ ပန်ဆဲပြည်သူ့စစ်အစိုးရတပ်ဖွဲ့များ နေရာယူထားသည့် ၀ါယော့စခန်းကို ရှမ်းတပ်ဖွဲ့နှင့် တအောင်း (ပလောင်) စုပေါင်းတပ်ဖွဲ့များ သွားရောက် ပစ်ခတ်သိမ်းပိုက်လိုက်ကြောင်း သိရသည်။
တအောင်း (ပလောင်) စုပေါင်းတပ်ဖွဲ့များ ထိုစခန်းအား သွားရောက်ပစ်ခတ်ပြီး မနက် ၄ နာရီခွဲမှ ၁၂ နာရီထိ နှစ်ဖက်တပ် တိုက်ပွဲဖြစ်ပွားခဲ့ရာ ပန်းဆဲပြည်သူ့စစ်များ နောက်ဆုတ်သွားပြီးနောက် ပြည်သူ့စစ် စစ်သား ၂ ဦးအား လက်နက်များဖြင့် အရှင်ဖမ်းဆီးရမိကာ စခန်းကို မီးရှို့လိုက်ကြောင်း အထက်ပါ KIA အရာရှိက ပြောသည်။
၎င်း ပန်းဆဲပြည်သူ့စစ်စခန်းသည် ယခင်က မြန်မာအစိုးရထံ ခူလုံလီဆူးများဟုဆိုကာ မြန်မာနိုင်ငံတိုင်းရင်းသားအဖြစ် ခံယူကာ နိုင်ငံသားကဒ်များ ကိုင်ဆောင်ထားသော တရုတ်လူမျိုးများဖြစ်သည်။
၎င်းတို့အား အစိုးရမှ ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းထားကာ အစိုးရများနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးများ ထုတ်လုပ်မှုအား လုံခြုံရေးယူပေးသော စခန်းဖြစ်ကြောင်း KIA အရာရှိ၏ ပြောပြချက်အရသိရသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် အစိုးရတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှုကြောင့် တိုက်ပွဲများသည် ဆက်လက်ဖြစ်ပွားလာနိုင်သည်ဟု ပြောသည်။
http://kachinnews.com/burmese/news/1076-%E1%80%9B%E1%80%BD%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8-kia-%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B-%E1%81%83-%E1%80%B1%E1%80%94%E1%80%9B%E1%80%AC%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2%E1%80%BB%E1%80%96%E1%80%85%E1%80%B9.html