Showing posts with label KIO. Show all posts
Showing posts with label KIO. Show all posts

April 30, 2013

မြစ်ကြီးနား၌ တွေ့ဆုံရန် အစိုးရ ကမ်းလှမ်းခြင်းသည် မရေရာ သေးဟု KIO ကဆို

KiA ရှေ့တန်းတနေရာမှ တပ်သားများ KiA ရှေ့တန်းတနေရာမှ တပ်သားများ (ဓါတ်ပုံ KIA)
အစိုးရ လုံခြုံရေး ၀န်ကြီး ဦးအောင်မင်းသည်  လာမည့် မေလ ဆန်းပိုင်းတွင် ကချင် လွတ်လပ်ရေး အဖွဲ့ KIO  နှင့် ကချင်ပြည် နယ် မြစ်ကြီးနား မြို့တွေ့ဆုံရန် ကမ်းလှမ်း ထားသည်ဟု ထွက်ပေါ်နေသော သတင်းများသည် မသေချာ မရေရာ သေးကြောင်း KIO ဒုတိယ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဂျိန်လွန်း တောင်က ဆိုပါသည်။
“ဦးအောင်မင်းတို့ ကဘဲ ကျနော်တို့ KIO ကို အရမ်း တွေ့ချင် နေသလိုလို ပြောပြီး ကျနော်တို့ KIO ကဘဲ မတွေ့ချင် သလိုလို်၊ တနည်း ပြောရရင် KIO ကဘဲ ငြိမ်းချမ်းရေး မလိုချင်သလိုလို သဘောမျိုး နဲ့ ကမ္ဘာကို ကြေငြာချင်နေတာ၊ ပြောချင် နေတာပါ။ ကမ်းလှမ်းမှု ရှိတယ်လို့ ကျနော်တို့ မသိရသေးဘူး၊ ဖြစ်နိုင် မနိုင်လဲ မပြောနိုင်သေးတဲ့ အခြေအနေမှာဘဲ ရှိနေသေးတယ်”ဟု ဆိုပါ သည်။
KIO ၏ သဘောထားသည် ၁၉၉၄ ခုနှစ်က ရယူထားသည့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်များ အတိုင်း အစိုးရ ဘက်က လိုက်နာ ဆောင်ရွက် ပေးပါက အပစ်အခတ် ရပ်စဲရေးအတွက် ထပ်မံ တွေ့ဆုံ ဆွေးနွေးရန် လိုအပ်တော့မည် မ ဟုတ်ကြောင်း KIO ဘက်က ဆိုပါသည်။
ဤသို့ကြောင့် KIO အနေဖြင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ သာ အစိုးရနှင့် ဆက်လက် လုပ်ဆောင် သွားရန် လိုအပ်သည် ဟု တွေ့ဆုံပွဲ တိုင်းပြောကြား ထားပြီး ဖြစ်ပါသည်။
အစိုးရသည် ပြီးခဲ့သည့် မတ်လတွင် တရုတ်ပြည် ရွှေလီမြို့ တွေ့ဆုံ ဆွေးနွေးပွဲမှ ရရှိထားသည့် သဘောတူညီချက် (၅) ချက် ကိုလည်း အစိုးရ ဘက်မှ လိုက်နာခြင်း မရှိသောကြောင့် ယနေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေရကြောင်း ဂျိန်လွန်းတောင်က ထောက်ပြ ပြောဆို သွားပါသည်။
အလားတူ KIO သည် အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပေါ် ယုံကြည်မှု နည်းပါး လာခဲ့ကြောင်း၊ ဤသို့ကြောင့် နိုင်ငံ တကာ လေ့လာ စောင့်ကြည့်သူများ ရှေ့မှောက်တွင် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပရန်  KIO ဘက်က ကမ်းလှမ်းလာခဲ့ ရခြင်း ဖြစ်ကြောင်း KIO အဖွဲ့၏ ခေါင်းဆောင်ဟောင်း ဖြစ်သူ ဒေါက်တာ တူဂျာက သုံးသပ်ပြော ဆိုခဲ့ပါသည်။
ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရ တို့သည် ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် (၁၃) ကြိမ်ခန့် တွေ့ဆုံဆွေး နွေးခဲ့ပြီး ဖြစ်သည်။ KIO သည် အစိုးရနှင့် ၁၉၉၄ ခုနှစ်ကတည်းက အပစ်အခတ် ရပ်စဲခဲ့ပြီး ဖြစ်ကြောင်း၊ ထိုသဘော တူညီချက် အတိုင်း အစိုးရ ဖက်မှ လိုက်နာပါက အပစ်အခတ် ရပ်စဲရေးကို ထပ်မံ ဆွေးနွေးရန် မရှိတော့ကြောင်း၊  နိုင်ငံရေး အရသာ အစိုးရနှင့် ဆွေးနွေးရန်သာ ရှိတော့ကြောင်း သဘော ထားခဲ့ပါသည်။  
ဤသဘောထား ကိုလည်း အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးသည့် အခါတိုင်း အကြိမ်ကြိမ် တင်ပြ ခဲ့ပြီး ဖြစ်ပါသည်။ ဤသို့ကြောင့် လာမည့် ဆွေးနွေးပွဲတိုင်းတွင် သက်သေ အဖြစ် အရေးကြီး နိုင်ငံများက ပါ၀င်လာရန် လိုအပ်သည်ဟု သဘောထား ခဲ့ကြောင်း ဆိုပါသည်။
ဤသဘောထား များအရ KIO သည် ပြီးခဲ့သည် ဧပြီလ ၆ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တွင် တွေ့ဆုံ ဆွေး နွေးပွဲ ရန် သဘော တူခဲ့ပါသည်။ သို့သော် ယင်းတွေ့ဆုံ ဆွေးနွေး ပွဲ တွင် နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူများ အဖွဲ့ ပါဝင်ခွင့် မရ ခဲ့သောကြောင့် KIO ဘက်က ဖျက်သိမ်းခဲ့ပါသည်။
ယင်းဆွေးနွေးပွဲကို  တရုတ်တို့ဘက်က ကန့်ကွက် ခဲ့သည့် အတွက် ဖျက်သိမ်း လိုက်ရကြောင်း မြန်မာ သတင်းများက ဖေါ် ထုတ် ခဲ့သော်လည်း  ယင်းထောက်ပြ ချက်သည် မဟုတ်မှန်ကြောင်း ဧပြီလ ရ ရက်နေ့ ထုတ်ပြန်ချက်ဖြင့် တရုတ်ဘက်က ငြင်းဆို ထားပြီး ဖြစ်ပါသည်။
အစိုးရ ငြိမ်းချမ်းရေး အဖွဲ့၏ ယခု ထုတ်ပြန်ချက်သည် KIO နှင့် မေလ ဆန်းပိုင်းတွင် ထပ်မံ တွေ့ဆုံနိုင်ရန် ကမ်းလှမ်းထား သည်ဟု သတင်း ထုတ်ပြန် ခဲ့ပါသည်။ ဤသတင်းသည် လည်း KIO ဖက်မှ အတည်မပြုနိုင်သေးဟု ငြိမ်းချမ်းရေး အကျိုး ဆောင်များက ဆိုနေပါသည်။
ဤသို့ကြောင့် အစိုးရ၏ သတင်း ထုတ်ပြန်ချက်များသည် နို်င်ငံတကာ မျက်နှာစာအတွက် အမြတ်ထွက်ရန် ကြိုးစားနေခြင်းသာ ဖြစ်နိုင်ကြောင်း KIO ဒုတိယ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဂျိန်လွန်းတောင်က ပြောကြား လိုက်ခြင်း ဖြစ်ပါသည်။ 

http://www.phophtawnews.org/burmese/index.php/news/internal-news/item/264-kio.html

April 29, 2013

KIO နဲ့ အစိုးရ မေလဆန်းတွင် ပြန်တွေ့ရန် ဦးအောင်မင်း ကမ်းလှမ်း

ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် မေလဆန်းပိုင်းတွင် ပြန်လည်တွေ့ဆုံရန် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငနး်ကော်မတီ ဒု-ဥက္ကဋ္ဌမှ ကမ်းလှမ်းစာ တင်ပြထားကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။

ဝန်ကြီး ဦးအောင်မင်း က ၎င်း၏ ကမ်းလှမ်းစာကို မကြာမီက ပေးပို့ထားပြီး ဖြစ်ကြောင်း တနင်္လာနေ့ နံနက်ပိုင်းက
မြန်မာ ငြိမ်းချမ်းရေးစင်တာတွင် ပြောဆိုခဲ့သည်ဟု “KIO နဲ့ တွေ့ဖို့ကတော့ မနက်က ဝန်ကြီး ဦးအောင်မင်းက ရှင်းပြတာက သူ့အနေနဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းက မေလ ပထမပတ် မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးဖို့အတွက် အဆိုပြုလွာ ပေးထားတယ်။ KIO အနေနဲ့တော့ သူတို့ တက်ရောက်တဲ့ observer (လေ့လာသူ) တွေ ကိစ္စတွေကို ညှိနှိုင်းပြီးရင်တော့ ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားတယ်တဲ့” ဟု ဦးလှမောင်ရွှေ က မဇ္စျိမကို ပြောသည်။

သို့သော် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဂွမ်ဂျာ အဆိုအရ ဝန်ကြီးဘက်မှ ကမ်းလှမ်းစာကို ဧပြီလ ၂၇ ရက်နေ့ထိ KIO ဘက်မှ လက်ခံမရရှိသေးဟု ဆိုသည်။

“ခုထိဘာမှ အကြောင်းမကြားလာသေးဘူး။ ဟိုတနေ့ နှစ်ရက်လောက်က ဝန်ကြီး ဦအောင်မင်းရဲ့ စာနဲ့ ပတ်သက်လို့ ကျနော် မေးကြည့်တော့ သူတို့ မရသေးဘူးလို့ ပြောတယ်။ ဒါကြောင့် ဒီည ပြန်မေးကြည့်မယ်လို့ လုပ်နေတယ်” ဟု မဇ္စိိျမကို ပြောသည်။

ပြန်လည်တွေ့ဆုံရန် ကိစ္စနှင့်ပတ်သက်၍ မဇ္စျိမက KIO ထံ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း တယ်လီဖုန်းလိုင်း များ ဆက်သွယ်၍ မရခဲ့ပေ။

ဝန်ကြီး ဦးအောင်မင်းမှာ အင်္ဂါနေ့တွင် စင်္ကာပူနိုင်ငံသို့ ဖိုရမ်တခု တက်ရောက်ရန်သွားရောက်မည် ဖြစ်ပြီး မေလ ၂ ရက်နေ့တွင်မှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။

ဧပြီလ ၆ ရက်နေ့က မြစ်ကြီးနားမြို့၌ တွေ့ဆုံရန် စီစဉ်ထားသော်လည်း လေ့လာသူများ တက်ရောက်ရန်ကိစ္စ ညှိနှိုင်းမရသေး၍ ဧပြီလ ၂၂ ရက်နေ့ နောက်ပိုင်းသို့ ပြန်လည် ရွှေ့ဆိုင်းခဲ့သည်ဟု ဦးလှမောင်ရွှေ က မကြာမီက မဇ္စျိမကို ပြောဆိုခဲ့သည်။

သို့သော် တချို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်များကမူ တရုတ်အစိုးရအနေဖြင့် အနောက်နိုင်ငံများမှ တက်ရောက်လေ့လာရန် ရှိသည်ကို သဘောမတူသဖြင့် တွေ့ဆုံမှု ရွှေ့ဆိုင်းလိုက်ရသည်ဟု သတင်းများတွင်
ဖော်ပြခဲ့ကြသည်။

မတ်လ ၁၁ ရက်နေ့က KIO နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် နောက်ဆုံး
တွေ့ဆုံခဲ့ပြီး တလအတွင်း ပြန်လည် တွေ့ဆုံရန် သဘောတူညီခဲ့ကြသော်လည်း ကြန့်ကြာနေဆဲ ဖြစ်သည်။

http://www.mizzimaburmese.com/news/inside-burma/11454-kio------.html

အပစ်အခတ် ရပ်စဲရေးကို စစ်ဗျူဟာတခု သဖွယ် အစိုးရ အသုံးချနေ

၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့က ကချင် KIO နှင့် အစိုးရ၏ ကိုယ်စားလှယ် တရုတ်ပြည် ရွှေလီမြို့၌ စစ်ပြေငြိမ်းရေး တွေ့ဆုံဆွေးနွေးစဉ်  ၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့က ကချင် KIO နှင့် အစိုးရ၏ ကိုယ်စားလှယ် တရုတ်ပြည် ရွှေလီမြို့၌ စစ်ပြေငြိမ်းရေး တွေ့ဆုံဆွေးနွေးစဉ် (ဓါတ်ပုံ - အင်တာနက်)
ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့နှင့် အစိုးရတပ်ဖွဲ တို့က ယမာန်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မွန်ဂူဒေသ ဂေါင်ဆွမ် ကျေးရွာအနီးရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ သည်ဟု KIA အရာရှိ တစ်ဦးက ပြောပါသည်။
“ ကျနော်တို့ KIA တပ်မဟာ (၄)က တပ်ရင်း ၃၈ တပ်ဖွဲ့တွေနဲ့ ရင်ဆိုင်တိုင်ပွဲ ဖြစ်ခဲ့တယ်။ အစိုးရတပ်ဖွဲ့တွေက နေ့တိုင်း လိုလို တပ်အင်အားတွေ တိုးလာနေတော့ ကျနော်တို့ နယ်မြေကို အကာအကွယ်ပေးတဲ့ အနေနဲ့ ရင်ဆိုင် တိုက်ခိုက်ရတာ ပါ။” ဟု ဆိုပါသည်။
 အဆိုပါ တိုက်ပွဲသည် ညနေ ၂ နာရီ မိနစ် ၂၀ တွင် အစိုးရ ခလရ ၂၄၂ တပ်ဖွဲ့တို့နှင့် ဖြစ်ပွားခဲ့ပြီ ထိခိုက်ဒဏ်ရာ ရရှိမှုများ မသိရှိရသေးပါ။
ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ ဧရိယာသည် အစိုးရ၏ စစ်ဆင်မှုကြောင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခဲ့ပါ သည်။ ဧပြီလ ၂၂ ရက်နေ့လည်း  KIA ၏ အမှတ် ၁၇ တပ်ရင်း စခန်းဖြစ်သော မနောဘွမ် စခန်းတွင် အစိုးရ ခလရ ၁၂၇ တပ်ဖွဲ့နှင့် နံနက် ၅ နာရီခွဲမှ မွန်လွဲ ၁ နာရီအထိ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
အလာတူ KIA တပ်မဟာ ၂၊ လက်အောက်ခံ အမှတ် ၁၄ တပ်ရင်း နယ်မြေတွင်လည်း ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့တွင် ဧရာဝတီမြစ်ဆုံ ဖြစ်သည့် မေခ မလိခ မြစ်ဆုံ အနောက်ဘက၊် တနိုင်းမြို့နယ် အတွင်းရှိ KIA တပ်ဖွဲ့ နှင့် အမည်မသိရသေးသော အစိုးရတပ်ဖွဲ့တို့ ၄ နာရီခန့် ကြိုကြာ ကြိုကြာ တိုက်ပွဲဖြစ်ပွား ခဲ့ပါသည်။
ထိုနည်းတူ KIA တပ်မဟာ ၁ ၊ လက်အောက်ခံ အမှတ် ၁၀ တပ်ရင်း နှင့် အစိုးရ ခလရ ရ၄ တို့သည်လည်း ဤရက်ပိုင်းဧရာဝတီ မြစ်ဆုံ အထက်ပိုင်းရှိ  ပန်ဝါမြို့နယ် လောခေါင်ဒေသ  ချိတ်ဂျော်ရွာ အနီးတွင် ညနေ ၃ နာရီခွဲ အချိန်တွင် ပြင်း ထန်စွာတိုက်ပွဲ ဖြစ်ပွားခဲ့သည်။
၄င်းအပြင် ကချင်ပြည်နယ် ဗန်မော်ခရိုင်တွင်းရှိ KIA တပ်မဟာ ၃ ၊ လက်အောက်ခံ အမှတ် ၁၅ တပ်ရင်း ဒေသတွင်လည်း ပြီခဲ့သည့် ဧပြီလ ၂၃ ရက်နေ့  KIA တပ်ဖွဲ့သည် စစ်ဆင်လာသည့်  အစိုးရ ခမရ ၄၁၈ တပ်ဖွဲ့ကို  ခြုံခို တိုက်ခိုက်ခဲ့သည်ဟု ဆိုပါသည်။
ဤကဲ့သို့ KIA နှင့် အစိုးရတပ်ဖွဲ့ တို့ ရှမ်းပြည်မြောက်ပိုင်းတွင်  ဆက်တိုက် တိုက်ပွဲဖြစ်နေရခြင်းမှာ တိုင်းရင်းသား  တပ်ဖွဲ့ဝင် များအချင်းချင်း စစ်ကူမပေးနိုင်စေရန် ရည်ရွယ် တိုက်ခိုက်နေခြင်းလည်း ဖြစ်နိုင်ကြောင်း တအာင်း အမျိုးသား တပ်မတော် TNLA ပြောခွင့်ရ ဗိုလ်မှုုး တာဘုန်းကျော်က သုံးသပ်ပါသည်။
“ရှမ်းပြည် မြောက်ပိုင်းရှိ KIA တပ်မဟာ ၄၊ တပ်ရင်း ၉၊ ၁၇ ၊ ၃၈ နယ်မြေဒေသမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေခဲ့ တယ်။ ဒါက သူတို့က ကချင်ပြည်နယ်မှာ ရှိတဲ့  KIA ကို နောက် တကြိမ် တိုက်ခိုက်တဲ့ အခါ ကျနော်တို့ တပ်ပေါင်းစု တပ်ဖွဲ့ တွေ သွားရောက် စစ်ကူမပေးနိုင်ဖို့ ကြားခံ ပိုင်ခြား နေရာယူ တိုက်ခိုက်နေတယ် ဆိုတာ ထင်ရှာနေ တာဘဲ။” ဟု ဆိုပါ သည်။
အစိုးရ တပ်ဖွဲ့များသည် KIA အား စစ်ဆင်သည့် အချိန်အခါမျိုးတွင် KIA တပ်အား စစ်ကူမပေးနိုင်ရန် တအာင်း (ပလောင်) ၊ ရှမ်းတပ်ဖွဲ့များကို ဟန့်တားစစ်ဆင်ရေးများ ဆင်နွှဲခဲ့ပါသည်။ ထို့အတူ KIA လိုင်ဇာကို အပစ်ရပ်သည်နှင့် တအာင်း (ပလောင်) ၊ ရှမ်းတပ်ဖွဲ့များအား တိုးပြီးစစ်ဆင်လေတော့သည်။
အစိုးရ၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည်လည်း ငြိမ်းချမ်းမှု တည်ဆောက်ရန် မဟုတ်ဘဲ စစ်ဆင်ရေး၏ နည်းဗျူဟာ တခုအရ ကျင့်သုံးဖွယ်ရာ ဖြစ်နေပါသည်။ ဤသို့ကြောင့် အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းမှု တည်ဆောက်ရေး ကြွေး ကြော်သံသည် စစ်ဗျူဟာ လိုအပ်ချက်အရ ကျင့်သုံးနေခြင်းသာ ဖြစ်ကြောင်း စစ်ရေး အကဲခတ်များက ဆိုပါသည်။ 

http://www.phophtawnews.org/burmese/index.php/news/internal-news/item/256-2013-04-30-03-33-07.html

April 22, 2013

KIA တပ်ရင်း ၁၇ တွင် အစိုးရနှင့် တိုက်ပွဲဖြစ်

kachin-army-northern-shan
ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ တပ်ဖွဲ့များ။
ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၁၇ နယ်မြေတွင် အစိုးရနှင့် KIA တပ်ဖွဲ့ကြား စနေနေ့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲသည် ဧပြီလ ၂၀ ရက်နေ့ တပ်ရင်း ၁၇ နယ်မြေမနောင်ဘွမ် (Manau Bum) တွင် အစိုးရစစ်တပ် ခလရ ၁၂၉ တပ်ဖွဲ့နှင့် အခြားအမည်မသိရသော တပ်ဖွဲ့များလည်းပါ၀င်ပြီး KIA တပ်ဖွဲ့များရှိသည့် နေရာသို့ ထိုးစစ်ဆင်လာချိန် KIA တပ်ဖွဲ့များပစ်ခတ်လိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထိုပစ်ခတ်မှုသည် မနက် ၅ နာရီခွဲမှ ၈ နာရီဝန်းကျင်တွင်တစ်ကြိမ်နှင့် ၁၁ နာရီမှ ညနေပိုင်း ၃ နာရီခန့်တွင် တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း တပ်မဟာ ၄ KIA အရာရှိတစ်ဦးကပြောသည်။
“သူတို့ကနောက်ဆုတ်သွားလိုက်ပြန်ပစ်လိုက််နဲ့ အဲဒီလိုပစ်လိုက်ရပ်လိုက်နဲ့ပစ်ခတ်ကြတာ။ နောက်တော့ နောက်ဆုတ် သွားတယ်။ ဘယ်လောက်သေတယ် ဒဏ်ရာရတယ်တော့မသိဘူး။ ကျနော်တို့ဘက်ကတော့ဘာမဖြစ်ဘူး။ အစိုးရတွေဆီက သေနတ်၂လက်တော့သိမ်းရတယ်”
ထို့ပြင် ဧပြီ ၂၁ ရက်နေ့တွင် တိုက်ပွဲ ဖြစ်ပွားမှုမရှိသော်လည်း အစိုးရတပ်ဖွဲ့များသည် နမ်ယူးဘွမ် (Nam Yu Bum) မှ KIA တပ်ဖွဲ့များရှိသည့်နေရာ မနောင်ဘွမ် (Manau Bum) သို့ နံနက် ၁၀ နာရီမှ ၁၂ နာရီဝန်းကျင်ထိ ၁၂၀ မမလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။
“ဒီနေ့တော့တိုက်ပွဲတော့ မဖြစ်ဘူး။ ဒါပေမဲ့နမ်ယူးမှာနေတဲ့အစိုးရတွေက ကျနော်တို့နေတဲ့နေရာကို ၁၂၀ မမလက်နက်ကြီးနဲ့ပစ်တာ အနီးတဝိုက်မှာ လာကျတယ်။ ဒါပေမဲ့ဘာတော့မဖြစ်ဘူး” ဟု တပ်မဟာ ၄ KIA အရာရှိတစ်ဦးက KNG ကချင်သတင်းဌာန သို့ပြောသည်။
ထိုတိုက်ပွဲများဖြစ်ပွားလာခြင်းကြောင့် တပ်ရင်း ၁၇ နယ်မြေရှိနမ်ယူး (Nam Yu)၊ နမ်ဒေါင် (Nam Dau)၊ နောင်ချို (NawngChyu) စသည့် ကျေးရွာမှ ပြည်သူများသည် မိမိလုပ်ကိုင် စားသုံးနေသောတောင်ယာ၊ လယ်ယာများနှင့် တောများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

http://kachinnews.com/burmese/news/1090-kia-%E1%80%90%E1%80%95%E1%80%B9%E1%80%9B%E1%80%84%E1%80%B9%E1%80%B8-%E1%81%81%E1%81%87-%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2%E1%80%BB%E1%80%96%E1%80%85%E1%80%B9.html

April 3, 2013

KIO နှင့် အစိုးရ ငြိမ်းကိုယ်စားလှယ်များ မြစ်ကြီးနားတွင် တွေ့မည်


ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး အဖွဲ့တို့ ငြိမ်းချမ်းရေးအတွက် ပြည်တွင်းတွင် ပထမဆုံး အကြိမ်အဖြစ် မြစ်ကြီးနားမြို့၌ မကြာခင်ရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးမည်ဟု သတင်းရရှိသည်။
အစိုးရ ကိုယ်စားလှယ် အဖွဲ့က မြစ်ကြီးနားမြို့တွင် တွေ့ဆုံရန် အဆိုပြုခဲ့ပြီး လာမည့် တပတ်အတွင်း တွေ့ဆုံရန် KIO ခေါင်းဆောင်များကို ကမ်းလှမ်းခြင်း ဖြစ်ကြောင်း သိရသည်။
“ဒီလ ၁၀ ရက်နေ့ မတိုင်ခင် တွေ့ဖို့ သဘောထား ရှိတယ်။ ဒါပေမယ့် ဒီတရက် နှစ်ရက် အတောအတွင်းမှာလည်း အခြေအနေက အမျိုးမျိုး ပြောင်းလဲသွားနိုင်တယ်။ ဒါကြောင့် ရက်ကတော့ ၁၀ ရက် အတောအတွင်းလို့ ပဏာမအနေနဲ့ နားလည်ထားတာ ရှိတယ်” ဟု KIO အဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က ဧရာဝတီသို့ ပြောသည်။
တွေ့ဆုံဆွေးနွေးရာတွင် KIO ဘက်မှ သတ်မှတ်ထားသည့် စစ်ရေး၊ နိုင်ငံရေး ကိုယ်စားလှယ်အဖွဲ့ဝင်များ ပါဝင်မည်ဟု သိရသည်။
“အခြေအနေတွေ သုံးသပ်ရဦးမယ်။ နိုင်ငံတကာကနေပြီးတော့ လေ့လာသူအနေနဲ့ ဘယ်အဆင့်လောက်အထိ ပါ၀င်နိုင်သလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်တယ်” ဟု ဦးလနန်က ပြောသည်။
ပြည်တွင်း၌ တွေ့ဆုံဆွေးနွေးရေး အတွက် ကမ်းလှမ်းစာကို မကြာသေးခင် ရက်ပိုင်းက KIO အဖွဲ့ ကိုယ်စားလှယ်များထံ ပေးပို့ထားရာ အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒု က္ကဌ ဝန်ကြီး ဦးအောင်မင်းက တရားဝင် အကြောင်းပြန်ကြားမည့်စာကို ယနေ့ နံနက်ပိုင်းအထိ စောင့်ဆိုင်နေကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ပြောသည်။
“KIO နဲ့ ယုံကြည်မှု ထိုက်သင့်သလောက် ရှိလာပြီလို့ နားလည်တယ်၊ မှတ်ယူတယ်။ ဒီအတွက် ၀န်ကြီး ဦးအောင်မင်းက ပြည်တွင်းမှာ ဖိတ်တာ။ မူအားဖြင့်တော့ သဘောတူတယ်လို့ ကျနော်တို့ နားလည်တယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ညှိနှိုင်းနေဆဲပါပဲ” ဟု ၎င်းက ဆိုသည်။
နှစ်ဖက် ကိုယ်စားလှယ်များ ဆွေးနွေးမည့် အကြောင်းအရာများကို လတ်တလော မသိရှိရသော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့တွင် နောက်ဆုံး တွေ့ဆုံခဲ့စဉ် ဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ ဆက်လုပ်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။
နောက်ဆုံး တွေ့ဆုံခဲ့သည့် ရွှေလီမြို့ အစည်းအဝေးကို အစိုးရဘက်မှ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်၍ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်တို့ တက်ရောက်ပြီး KIO ဘက်မှ ဗဟို ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်၊ ဗဟိုတရားရေးဌာန တာဝန်ခံ ဦးလဖိုင်လ၊ KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်တို့ တက်ရောက်သည်။
ဝန်ကြီး ဦးအောင်မင်းနှင့် KIO ခေါင်းဆောင်များက ယင်းအစည်းအဝေးမှ သတောတူညီများကို ပူးတွဲ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပူးတွဲ ကြေညာချက်တွင် နှစ်ဦးနှစ်ဖက် ဆက်သွယ်ရေး လမ်းကြောင်းများ ထားရှိရေး၊ စစ်ရေး တင်းမာမှုများ လျှော့ချနိုင်ရေးနှင့် နောက်တကြိမ် ဆွေးနွေးပွဲတွင် လေ့လာသူများနှင့် သက်သေများအဖြစ် ပါဝင်နိုင်သည့် အဖွဲ့အစည်းများအား ဖိတ်ခေါ်ရေးတို့ ပါရှိသည်။
KIO ကိုယ်စားလှယ်များ တည်းခိုမည့် နေရာများကို ကြိုတင်ပြင်ထားပြီး လာမည့် မတ်လ ၅ ရက်နေ့ နံနက်တွင် ကုလသမဂ္ဂ အဖွဲ့အစည်းမှ ကိုယ်စားလှယ်တချို့က လိုင်ဇာမြို့အထိ သွားရောက် ကြိုမည်ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်းအောင်က ပြောသည်။
ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ စီတာပူ ရက်ကွက်ရှိ မဂျွယ်ခန်းမတွင် ပြုလုပ်မည်ဖြစ်ကြောင်း၊ KIO ကိုယ်စားလှယ် ခေါင်းဆောင်များက ယခင် KIO ဆက်ဆံရေးရုံးတွင် တည်းခိုမည် ဖြစ်ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲသို့ KIO က အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) မှ တိုင်းရင်းသား ကိုယ်စားလှယ်တချို့ကို ဖိတ်ကြားထားပြီး အစိုးရ ကိုယ်စားလှယ်များနှင့် အတူ ယုဇနရပ်ကွက် အတွင်းရှိ ဟိုတယ်တခုတွင် တည်းခိုမည် ဖြစ်ကြောင်း သိရသည်။
“ငြိမ်းချမ်းရေး အပြည့်အဝ ရပြီလို့ ပြောဖို့ စောပါသေးတယ်။ ဒါပေမယ့် မြစ်ကြီးနား မြို့ပေါ်မှာ လုပ်နိုင်တယ်ဆိုတာ ယုံကြည်မှု အတိုင်းအတာတခု ရသွားတယ်လို့ သုံးသပ်လို့ရပါတယ်” ဟု ဦးဆန်းအောင်က ပြောသည်။

http://burma.irrawaddy.org/archives/36994

KIO နှင့် အစိုးရ မြစ်ကြီးနားမှာ တွေ့ကြမည်

ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ ဧပြီလ ၆ ရက်နေ့တွင်
မြစ်ကြီးနားမြို့၌ တွေ့ဆုံမည်ဟု ကချင် ငြိမ်းချမ်းရေးအကျိုးဆောင် PCG မှ ဦးအင်စင်းဆန်အောင် က ပြောသည်။

စီတာပူရပ်ကွက်ရှိ ကချင်မနောကွင်း မဂျွယ် (Ma Joi) ခန်းမတွင် တွေ့ဆုံရန် သဘောတူထားသည်ဟု သိရသည်။

“နှစ်ဖက်စလုံး အဲဒီနေ့တွေ့ဖို့ စာကတော့ ထုတ်ပြန်ပြီ။ ၅ ရက်နေ့ KIO ကို သွားခေါ်မယ်။ တွေ့ဖို့ ရာခိုင်နှုန်း များတယ်။ ယုံကြည်မှု တည်ဆောက်တဲ့အနေနဲ့ အတိုင်းအတာ တခုထိတော့ ရောက်လာပြီ။ သဘောတူ လက်မှတ်ထိုးရေး ရောက်ဖို့က ဆွေးနွေးတဲ့အပေါ်မှာ မူတည်တယ်” ဟု ဦးအင်စင်းဆန်အောင် က ပြောသည်။

ဧပြီ ၅ ရက်နေ့တွင် KIO ကိုယ်စားလှယ်များအား PCG ကိုယ်စားလှယ်များနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယား၏ လက်ထောက် တဦးတို့ ပါဝင်၍ လိုင်ဇာမြို့သို့ သွားရောက် ကြိုဆိုမည်ဟု ဆိုသည်။

ထိုတွေ့ဆုံပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တနှစ်ကျော်ကြာ ချိတ်ပိတ်ထားသော KIO ဆက်ဆံရေးရုံးနှင့် မနောကွင်း ပတ်ဝန်းကျင်အား ယမန်နေ့မှ စတင်၍ ပေါင်းမြက်များ ရှင်းလင်းနေသည်ဟု မြစ်ကြီးနားမြို့ခံ ဦးအင်စင်းဆန်အောင် က ပြောသည်။

ထိုသို့ တွေ့ဆုံရန် သဘောတူညီမှု ရထားသော်လည်း KIO ကိုယ်စားလှယ်များ၏ လုံခြုံရေးအတွက် အစိုးရဘက်မှ မည်မျှ တာဝန်ယူပေးမည်ကို တင်ပြထားဆဲ ဖြစ်၍ ၎င်းအပေါ်မှာ မူတည်၍ တွေ့ဆုံမည် ဖြစ်ကြောင်း KIO ၏ အရပ်ဘက်အရာရှိ ဦးဒွဲပီဆား က ပြောသည်။

“မြစ်ကြီးနားမှာ ပြန်တွေ့ဖို့ စီစဉ်နေတာတော့ ရှိတယ်။ ဒါပေမယ့် တခြားလုံခြံုရေးနဲ့ ပတ်သက်လို့ ညှိနှိုင်းစရာတွေ နည်းနည်း ရှိသေးတယ် ထင်တယ်။ လုံခြံုရေးနဲ့ ပတ်သက်လို့ သူတို့ ဘယ်လောက် အတိုင်းအတာထိ တာဝန်ယူ
ပေးနိုင်မလဲ၊ ဘယ်လို လက်တွေ့လုပ်မလဲဆိုတာ တင်ပြထားတာရှိတယ်။ အဲဒါအပေါ် မူတည်တယ်” ဟု မဇ္စျိမကို ပြောသည်။

မတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် နှစ်ဖက် တွေ့ဆုံစဉ် စစ်မှန်သော နိုင်ငံရေးဆွေးနွေးမှုများ တနိုင်ငံလုံး အတိုင်းအတာ ကျင်းပနိုင်ရန်အတွက် တဆင့်ပြီးတဆင့် ညှိနှိုင်းဆောင်ရွက်ရေးနှင့် နှစ်ဖက် ပိုမိုနီးကပ်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ရန်၊ စောင့်ကြပ်ရေး ရုံးများကို လိုအပ်သလို ထားရှိသွားရန်တို့ အပါအဝင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကချင်နှင့် ရှမ်းပြည်နယ်အတွင်း အစိုးရတပ် လှုပ်ရှားမှုများရှိလာကာ ရှမ်းပြည်နယ်မြောက်ပိုင်း KIO ၏ တပ်မဟာ ၄ နယ်မြေနှင့် တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၅ နယ်မြေများတွင် ပြီးခဲ့သည့် ရက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့သည် ဟု သိရသည်။

ယမန်နေ့က မြစ်ကြီးနားနှင့် မိုးကောင်း ကားလမ်းအတိုင်း အစိုးရ စစ်ယာဉ်တန်း ကားစီးရေ ၄၀ ကျော်ဖြင့် ဖားကန့်မြို့သို့ စစ်သားအင်အား ၅၀၀ ကျော်ခန့် ရောက်ရှိလာသည်ဟု KIO ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ရင်းမှူး ဒု-ဗိုလ်မှူး ဇော်ဒွဲက ပြောသည်။

“သူတို့တာက တပ်အပြောင်းအရွှေ့လုပ်တယ်လို့ ပြောတယ်။ ဒါပေမယ့် ဒီကတပ်တွေ ပြန်ဆင်းသွားတာက မတွေ့ရဘူး။ ကျနော်တို့ ဒီလမှာ ပြန်ဆွေးနွေးမယ်လို့ ပြောနေတဲ့ အချိန် တပ်ပြောင်းတာ မဟုတ်ဘဲ ထပ်တိုးလာတာက မကောင်းဘူး။ တပ်တိုးတယ် ဆိုရင်တော့ တိုက်ပွဲက ပြန်ဖြစ်မယ် ဆိုတဲ့ သဘောပဲ” ဟု မဇ္စျိမကို ပြောသည်။

အစိုးရ၏ တပ်မ ၁၀၁ လက်အောက်ခံ တပ်ဖွဲ့များက နေ့စဉ် ဖားကန့် မှော်စီဆာဘက်မှ ရေမဆေးကျောက်ရှာသူများ ခိုလှုံနေသော တဲများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ခြိန်းခြောက်မှုများ ပြုလုပ်နေသည်ဟု ၎င်းက ပြောသည်။

http://www.mizzimaburmese.com/news/inside-burma/11271-kio----.html

March 28, 2013

KIA တပ်ရင်း ၁၇ သို့ ထိုးစစ်ဆင်လာသော အစိုးရတပ်များ KIA နှင့် တိုက်ခိုက်ပြီးနောက် ပြန်ဆုတ်ထား

kia-soldier-301211 ရှမ်းမြောက် KIA စစ်သားတစ်ဦး။ ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ ဂန်မိန်း (Gang Mying) ဒေသ ကောင်းဝွေဘွမ် (Kawng Woi Bum)တွင် အစိုးရတပ်များ ထိုးစစ်ဆင်လာသောကြောင့် ယနေ့ နံနက် ၉ နာရီနာခွဲမှ ၁၂ နာရီထိ ပြင်းထန်သောပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အစိုးရတပ်ဖက်မှ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။ KIA တပ်ရင်း (၁၇) မှ အဖွဲ့အင်အား ၅၀ ကျော်ရှိသော MHH (Mungmasha Hpyen Hpung) ပြည်သူ့စစ်တပ် နှင့် ကွတ်ခိုင်အရှေ့ဘက်ရှိ ကွန်လုံ (Kun Lung) နမ်ဂျရပ် (Nam Jarap) ရှိ မြန်မာအစိုးရတပ် အင်အား ၁၀၀ ကျော်သည် KIA ရှိရာသို့ ထိုးစစ်လာခဲ့ရာ အတန်ကြာပစ်ခတ် တိုက်ခိုက်ခဲ့ရာ အစိုးရဖက်မှ ထိခိုက်မှုများမည်ဟု တပ်မဟာ (၄) မှ အမည်မဖော်လိုသူအရာရှိတစ်ဦး KNG ကချင်သတင်းဌာန သို့ပြောဆိုသည်။ “ပစ်ရင်းပစ်ရင်းနဲ့ ၁၂ နာရီထိဖြစ်သွားတယ်။ သူတို့ဖယ်သွားရင်တော့ ဘာမှဖြစ်စရာမရှိဘူး။ သူတို့ပြန်ထိုးလာရင်တော့ ဆက်ပြီးတော့ဖြစ်မှာပဲ။ ကျနော်တို့ဘက်က သူတို့ရှိတဲ့နေရာမှာ တမင်သွားတိုက်တာ မရှိဘူး။ သူတို့ လာလို့ဘဲ ပစ်ခတ်မှုက ဖြစ်လာတာ။ ဒီနေ့ သူတို့ဘက်က အရမ်းထိခိုက်မယ်။ ငိုတဲ့သူတွေ အော်တဲ့သူတွေနဲ့ ငြီးတဲ့အသံတွေကြားနေရတယ်။ အားလုံး နမ်ဂျရတ် ဘက်ပဲ ပြန်ဆုတ်သွားတယ်။ အရမ်းဝေးတဲ့နေရာတော့ မပြေးလောက်ဘူး” ဟုဆိုသည်။ ယခုချိန် ကွန်လွန် (Kun Lung) ဘက်တွင် အခြေချလျက်ရှိသောအစိုးရတပ်သည် ခလရ ၁၄၇၊ ၁၀၅၊ ၁၄၅ နှင့် ခလရ ၂၉၀ တပ်ပေါင်းစုများ ဖြစ်ကြောင်း သိရသည်။ ယနေ့တိုက်ပွဲတွင် KIA တပ်ရင်း (၁၇) အောက် MHH ပြည်သူ့စစ်တပ်မှ ထိခိုက်ဒဏ်ရာမရှိကြောင်း KIA အရာရှိ ပြောဆိုပြီး အစိုးရတပ်မှ ထိခိုက်ဒဏ်ရာရ သေဆုံးမှုရှိသည်ဟု ပြောဆိုသော်လည်း နှစ်ဖက်တပ်များသို့ အတည်မပြုနိုင်ခဲ့ပါ။ ၎င်းဒေသသည် အဓိကကျသည့်နေရာ မဟုတ်သော်လည်း KIA အဖွဲ့များရှိသည့် နယ်မြေကိုသိမ်းပိုက်လိုသောကြောင့် တိုက်ခိုက်လာခြင်းဖြစ်သည်ဟု KIA ဖက်မှပြောသည်။ ၎င်းအစိုးရတပ်သည် တပ်ရင်း (၁၇) ရှိသည့်နေရာသို့ ခြေလျင်ဖြင့်ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ယခုချိန် တပ်ရင်း (၁၇) နေရာ အနီးတွင် စစ်အင်အား ၃၀၀ ကျော်ခန့် ချထားကြောင်း သိရသည်။ ထို့အတူ ပန်ဆိုင်း (Pangsai) မြို့နယ် ကားလမ်းမကြီးနှင့် နီးသော ဖိုင်ကောင်း (Hpai Kawng) ကျေးရွာအနီး လူလီရွာ ခလဲန် (Hka Len) ရွာသို့ အစိုးရတပ်များ ရောက်ရှိနေပြီး ထိုကျေးရွာမှ နေအိမ်များတွင် လုယက်မှုများ ဖြစ်ပေါ်နေကြောင်းသိရသည်။ ၎င်းအစိုးရတပ်သည် မုံဂိုးဒေသရှိ စင်လီ (၆၉) နှင့် မုံဂိုးတွင် ရုံးဖွင့်ထားသည့် ထန်ဆီ (Htang Si) ဆိုသူ၏ ကွတ်ခိုင်ပြည်သူ့စစ်များဖြစ်ပြီး အင်အား ရ၀ ခန့်နှင့် မြင်း ၂ ကောင်တွင် စစ်အင်အားများတင်ကာ ကျေးရွာအတွင်းသို့ လုယက်မှုပြုလုပ်နေသည်ဟု ပန်ဆိုင်းမှ MHH တပ်ခွဲ (၅) အရာရှိ KNG ကချင်သတင်းဌာန သို့ပြောသည်။ “အိမ်ဆိုင်ခန်းထဲဝင်ပြီး ကြိုက်သလိုယူ မွှေနှောက်ပြီးတော့ စိတ်ကြိုက်လုပ်နေတယ်။ အိမ်တအိမ်မှာက ပိဿာ ၃၀ ရှိတဲ့ ဝက်ကို ပစ်သတ်စား ပေးတယ်။ ပြည်သူတွေက ပိုက်ဆံမတောင်းရဲပဲ ကြောက်ပြီးထွက်ပြေးနေရတယ်” ဟု ဆိုသည်။ KIA ဖက်မှပြောဆိုချက်အရ ထိုသို့အစိုးရတပ်များ ဒေသခံများထံမှမတရားလုယက်မှု ဆက်လက်ပြုလုပ်နေမည်ဆိုပါက MHH တပ်ခွဲ (၅) နှင့် ထိပ်တိုက် တိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်း MHH တပ်ခွဲ (၅) အရာရှိ KNG ကချင်သတင်းဌာန သို့ပြောသည်။ သို့သော် အဆိုပါကိစ္စနှင့်ပတ်သက်၍ သိရှိရန် လုယက်ခံရသော ဒေသခံများနှင့်ဆက်သွယ်မှု မရရှိခဲ့ပေ။ ၎င်းအစိုးရတပ်သည် ဖိုင်ကောင်း (Hpai Kawng) တွင် အယောက် ၂၀၊ ကောင်းစဌေး (Kawng Sahte) တွင် အယောက် ၂၀ ကျော်နှင့် ခလဲန်ရွာ (Hka Len) တွင် အယောက် ၃၀၊ ရှမ်းရွာ နမ်ဟူး (Nam Hu) တွင် အယောက် ၃၀ ကျော် ဖြင့် ကျေးရွာများတွင် အသီးသီးနေထိုင်လျက် လှည့်ပတ်နေခြင်းဖြစ်ကြောင်း သိရသည်။

http://kachinnews.com/burmese/news/1063-kia-%E1%80%90%E1%80%95%E1%80%B9%E1%80%9B%E1%80%84%E1%80%B9%E1%80%B8-%E1%81%81%E1%81%87-%E1%80%9E%E1%80%AF%E1%80%AD%E1%82%94-%E1%80%91%E1%80%AD%E1%80%AF%E1%80%B8%E1%80%85%E1%80%85%E1%80%B9%E1%80%86%E1%80%84%E1%80%B9%E1%80%9C%E1%80%AC%E1%80%B1%E1%80%9E%E1%80%AC-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-kia-%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%81%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%BB%E1%80%95%E1%80%AE%E1%80%B8%E1%80%B1%E1%80%94%E1%80%AC%E1%80%80%E1%80%B9-%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%80%86%E1%80%AF%E1%80%90%E1%80%B9%E1%80%91%E1%80%AC%E1%80%B8.html

March 15, 2013

အစိုးရနှင့် KIO အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကုလ အတွင်းရေးမှူးချုပ် ကြိုဆို

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က မြန်မာ အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့အကြား မတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ကျင်းပခဲ့သည့်
ဆွေးနွေးပွဲအား ကြိုဆိုကြောင်း မတ်လ ၁၄ ရက်နေ့က ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။

“အစိုးရနှင့် KIO အား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိရန်နှင့် လွတ်လပ်ရေး ရရှိပြီးသည့် အချိန်မှစ၍
မြန်မာနိုင်ငံ တဝှမ်းလုံး ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးရရှိနိုင်ရန်် အလို့ငှာ မျှတ၍ စစ်မှန်ကာ ကြာရှည်ခံမည့် အဖြေ တခု ထုတ်နိုင်ရေးအတွက် ကြိုးပမ်းမှုများကို ပိုမို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန် ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်က အားပေး တိုက်တွန်းလို်က်ပါသည်” ဟု ကြေညာချက်ထဲတွင် ရေးသားထားသည်။

KIO ကိုယ်စားလှယ်များနှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့သည် တနင်္လာနေ့ နံနက်ပိုင်းနှင့် ညပိုင်း သန်းခေါင်ကျော်ချိန်အထိ ဆွေးနွေးခဲ့ကြသော်လည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုမူ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း မရှိသေးဘဲ ဧပြီလ ၁၀ ရက်နေ့ မတိုင်မီ အတွင်း နှစ်ဖက်ပြန်လည် တွေ့ဆုံ
ဆွေးနွေးရန် သဘောတူခဲ့ကြသည် ဟု ဆွေးနွေးပွဲအပြီး ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။

“အတွင်းရေးမှူးချုပ် အနေဖြင့် ထိုငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် နှစ်ဘက်လုံး၏ ကြိုးပမ်း အားထုတ်မှုကို ကြိုဆိုပါသည်” ဟု မစ္စတာ ဘန်ကီမွန်း၏ ကြေညာချက်တွင် ပါရှိသည်။

ကုလသမဂ္ဂမှ ပေးအပ်သည့် အကူအညီများသည် လိုအပ်သူများထံသို့ ဆက်လက် ရောက်ရှိသွားလိမ့်မည်ဟု
မျှော်လင့်ကြောင်းလည်း ဘန်ကီမွန်းက ဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အတွင်းတွင် အမိုးအကာများ၊ စောင်များ၊ ခြင်ထောင်များ၊ ချက်ပြုတ်ရေး ပစ္စည်းများနှင့် အဝတ်များ စသည့် ပစ္စည်များ တင်ဆောင်လာသည့် ၁၀ စီး ပါဝင်သော ကုလသမဂ္ဂ မော်တော် ယာဉ်တန်းသည် ဖားကန့်ဒေသသို့ သွားရောက်ခဲ့ပြီး ဒုက္ခသည် ၂,၀၀၀ ကျော်အတွက် ထိုပစ္စည်းများကို
ပေးအပ်ခဲ့သည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ပြောရေးဆိုခွင့်ရှိသူ တဦး ဖြစ်သည့် Adrian Edwards က မတ်လ ၁ ရက်နေ့က ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာမြို့တွင် သတင်းထောက်များအား
ပြောကြားခဲ့ရာတွင် မြန်မာအစိုးရက ထိုဒေသသို့ ဝင်ရောက်ခွင့် ပြုခဲ့သဖြင့် သွားရောက်ကာ အကူအညီများ
ပေးအပ်နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ နောက်ပိုင်းတွင် ကုလသမဂ္ဂ အနေဖြင့် အကူအညီများ ပေးအပ်ရန် ဖားကန့်ဒေသသို့ ပထမဆုံး အကြိမ် သွားရောက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၁၁ ခုနှစ်၊ ဇွန်လတွင် အစိုးရက KIO နှင့် ၁၇ နှစ် ကြာမြင့်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ပြီးနောက် တိုက်ပွဲများ ဖြစ်ပွါးခဲ့ရာ စုစုပေါင်း လူ ၁၀၀,၀၀၀ ခန့် အိမ်ယာများကို စွန့်ခွာ၍ ထွက်ပြေး ခဲ့ကြရသည်။

http://www.mizzimaburmese.com/news/inside-burma/11138--kio-.html

March 11, 2013

KIO နှင့် အစိုးရ ကိုယ်စားလှယ်များ ရွှေလီဆွေးနွေးပွဲ မပြီးပြတ်သေး

ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များအကြား ၁၃ ကြိမ်မြောက်
အဖြစ် တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် တနင်္လာနေ့ မနက်က ဆွေးနွေးခဲ့ကြသည်။

အစိုးရဘက်မှ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် တင်ပြချက်များကို KIO ကိုယ်စားလှယ်များက ၎င်းတို့ဗဟိုသို့ တင်ပြစောင့်ဆိုင်းနေ၍ ဆွေးနွေးပွဲကို နေလည်ပိုင်းတွင် ရပ်နားပြီး ညနေပိုင်းထိပြန်လည် ဆွေးနွေးနိုင်ခြင်း
မရှိခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။

“အစိုးရဘက်ကနေ ငြိမ်းချမ်းရေးရဖို့ အပစ်အခတ် ရပ်စဲလုပ်ရမယ်။ အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးနိုင်အောင် လုပ်ရအောင်ဆိုပြီး တင်ပြတဲ့အပေါ် KIO ဘက်မှ အပစ်အခတ်ရေး မူအရ လက်ခံတယ်။ အပစ်အခတ် ရပ်စဲပြီးနောက် ဘာတွေ ဆက်လုပ်မယ်ဆိုတာ အသေးစိတ် ဆွေးနွေးဖို့ လိုတယ်ဆိုပြီး ပြောတယ်” ဟု ဦးလမိုင်ဂွမ်ဂျာ က မဇ္စျိမကို
ပြောသည်။

ညပိုင်းတွင် ဆက်လက်ဆွေးနွေးကြမည် ဖြစ်သည်။

“အပစ်အခတ် ရပ်စဲပြီးနောက် ဆက်သွယ်ရေးလမ်းကြောင်း လုပ်မယ်။ ဆက်ဆံရေးရုံး ဆက်ထားမယ်။ IDP
ပြန်လည်ထူထောင်ရေးလုပ်မယ်။ ဗန်းမော်-မြစ်ကြီးနား ကားလမ်း ပေါက်အောင် ပြည်သူအကျိုး လုပ်မယ်ဆိုပြီး အစိုးရဘက်က တင်ပြတယ်” ဟု ၎င်းက ဆက်ပြောသည်။

ယနေ့ ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးဆောင်မင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒု-ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဗိုလ်မှူးကြီး ကျော်စိုးဝင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဦးအုန်းမြင့်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်း၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးသန်းအောင်၊ အရှေ့မြောက်ပိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး စသည့်တို့ တက်ရောက်ခဲ့သည်။

KIO ဘက်မှ ဆရာကြီး ဦးဆွမ်းလွတ်ဂမ် ဦးဆောင်၍ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဆွမ်းလွတ် ဂွမ်မော်၊ ဗိုလ်မှူးကြီး
ဇော်ရော်၊ ဗိုလ်မှူးကြီး လဖိုင်လ၊ ဗိုလ်မှူးကြီး ခွန်နောင် စသူတို့ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် သက်သေအဖြစ် တက်ရောက်သူ တရုတ်နိုင်ငံ ဒု-နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဝေါင်း မှာ ပီကင်းမြို့သို့ ယနေ့ည ၉ နာရီချိန်တွင် ပြန်လည်ထွက်ခွာရန်ရှိရာ ၎င်းရှိနေစဉ် ဆွေးနွေးမှု အဆုံးသတ်လို သဖြင့် ညနေ ထမင်းစားပြီးနောက် ဆွေးနွေးမှု ပြန်လည် စတင်မည် ဖြစ်ကြောင်း ဦးဂွမ်ဂျာက ပြောသည်။

ထူးခြားချက်မှာ မကြာသေးမီက တိုက်ပွဲ ဖြစ်ပွားခဲ့သော နှစ်ဖက် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်တက်ရောက် ခဲ့ခြင်းဖစ်သည်။ ထို့ပြင် ကချင်ပြည်နယ် မြစ်ကြီးနားမှ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးယွပ်ဇော်ခေါင်နှင့် အဖွဲ့လည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

ဆွေးနွေးပွဲအတွင်း လေ့လာသူများအဖြစ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ကိုယ်စားလှယ်အဖြစ် ကရင်အမျိုးသားအစည်းအရုံးမှ ဒေးဗစ် သာကပေါ၊ မွန်ပြည်သစ်ပါတီ MNSP မှ ဥက္ကဋ္ဌ နိုင်ထောမွန်၊ ပအိုပ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP မှ အတွင်းရေးမှူး (၁) ခူဦးရယ်၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSA/SSPP မှ ဗိုလ်မှူးကြီး စိုင်းတူးနှင့်အဖွဲ့၊ ရှမ်းပြည် တောင်ပိုင်း တပ်မတော် SSA/RCSS မှ ဗိုလ်မှူးချုပ် စိုင်းလူနှင့်အဖွဲ့၊ မိုင်းလား ခေါ် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် NDAA မှ ဦးအိုက်ရှားလနှင့် ဝါဒဖြန့်ချိရေးနှင့် ပညာရေးဌာ တာဝန်ခံ ဦးခမ်းမောင်တို့ တက်ရောက်ခဲ့သည်။

KIO ဘက်မှ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကို ဖိတ်ခေါ်ခဲ့သော်လည်း တရုတ်အစိုးရက
ပြည်ဝင်ခွင့် မပေးသဖြင့် တက်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း UWSA ၏ ပြောရေးဆိုခွင့်ရသူ ဦးအောင်မြင့် က ပြောသည်။

“ကျနော်တို့ သွားဖို့ တင်တာဘဲ စနေ၊ တနင်္ဂနွေနဲ့သွားတိုးတော့ လမ်းဖြတ်ခွင့် တင်တာ ကျမလာလို့လေ။ ကျနော်တို့ တင်တာ နည်းနည်းနောက်ကျသွားလို့ မသွားနိုင်ဘူး” ဟု သူက မဇ္စျိမကို ပြောသည်။

ပြည်ပဆက်ဆံရေးဌာနမှူး ဦးကျောက်ကွမ်းအန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဌာနမှူး ဦးပေါက်ယူလျန်နှင့် ဦးအောင်မြင့်တို့ သုံးဦး တက်ရောက်ရန် စီစဉ်ခဲ့သည်ဟု ဆိုသည်။

ယနေ့ ဆွေးနွေးမှုတွင် စစ်တပ်ပိုင်းဆိုင်ရာများကို အဓိက ဆွေးနွေးမှုများ ပါဝင်သဖြင့် ယခင် ဆွေးနွေးမှုများ ထက်
နှစ်ဖက်စလုံးမှ ကိုယ်စားလှယ်များ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုကြကာ ကောင်းသည့် အလားအလာအဖြစ် ရှုမြင်ကြောင်း တရုတ်နယ်စပ် မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇော က ပြောသည်။

 “ဒီနေ့ ထူးခြားတာက တပ်နဲ့ပတ်သက်တဲ့ ကိစ္စတွေ ပါတော့ ထူးခြားချက် ပိုများတယ်။ တပ်တွေ ရွှေ့ပြောင်းရေးတို့၊ စစ်ရှိန်လျော့ရေးတို့၊ တပ်အင်အား လျော့ရေးတို့ ပါတာပေါ့။ အစိုးရဘက်မှာ တိုင်းမှူးနှစ်ယောက် ပါတယ်။ ပန်ဝါ
ဒေသဆိုင်ရာ တပ်မှုးတွေ ပါတယ်။ တိုက်တဲ့ တိုက်ပွဲကို ညွန်ကြားတဲ့လူတွေ ပါတာပေါ့” ဟု သုံးသပ်ပြောကြားသည်။

http://www.mizzimaburmese.com/news/inside-burma/11104-kio-.html

March 6, 2013

KIO နဲ့ဆက်နွယ်သူအဖြစ် ဖမ်းဆီးခံရသူအများအပြားရှိနေဆဲ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ ငြိမ်းချမ်းရေးဆွေးနွေးစဉ်ကာလမှာ သူတို့အဖွဲ့နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲပြီး ပုဒ်မ ၁၇-၁ (မတရားအသင်းနဲ့ဆက်သွယ်မှု) ဥပဒေအရ ဖမ်းဆီးထားသူတွေကို လွှတ်ပေးသင့်ပြီဖြစ်ကြောင်း ကချင်ပြည်နယ်က လူ့အခွင့်အရေး ရှေ့နေ တဦးက ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က တာဝန်ရှိသူ ကတော့ မတရားအသင်းနဲ့ ဆက်သွယ်မှုကြောင့် ဖမ်းဆီးခံရသူတွေ လွတ်မြောက်ရေးနဲ့  ညှဉ်းပန်းနှိပ်စက် တာတွေ ရပ်တန့်ရေး ဆွေးနွေးဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ ဒီအတွက် လွှတ်တော်နဲ့ အစိုးရမှာပါ တာဝန်ရှိကြောင်း ပြောဆိုပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ ဆက်သွယ်မှု (သို့မဟုတ်) ဆက်သွယ်တယ်လို့ စွပ်စွဲခံရမှုတွေကြောင့် ဖမ်းဆီးခံနေရသူဟာ အနည်းဆုံး ၅၀ ကျော်လောက် ရှိနေတာဖြစ်ပါတယ်။

ဒီလိုဖမ်းခံထားရသူတွေထဲမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျမိုင်ကောင် ဒုက္ခသည် စခန်းကနေ ဖမ်းဆီးခံထားရတဲ့ ဦးလထော်ဘရန်ရှောင်လည်း အပါအဝင်ဖြစ်ပါတယ်။ သူ့ကို ၂၀၁၂ ခုနှစ် ဇူလိုင်လက ဖောက်ခွဲမှုနဲ့ မသင်္ကာပြီး ဖမ်းဆီးခဲ့ရာက အခုအခါမှာ မတရားသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇-၁နဲ့ တရားစွဲဆိုခံနေရပါတယ်။

ဒီလ ၅ ရက်နေ့ကတော့ သူ့အမှုနဲ့ပတ်သက်ပြီး အဓိက သက်သေတဦးကို ခေါ်ယူဖို့ လျှောက် ထားရာမှာ မြစ်ကြီးနားမြို့နယ် တရားရုံးက ပယ်ချလိုက်ပါတယ်။ ဒီလို ပယ်ချ လိုက်တဲ့နောက် မှာတော့ ဦးလထော်ဘရန်ရှောင်ရဲ့ ရှေ့နေ ဦးမာခါးက KIO နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်မှာ မတရားသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇-၁ နဲ့ တရားစွဲ ခံထားရသူတွေကို လွှတ်ပေးသင့်ပြီဖြစ်ကြောင်း အခုလို ပြောဆိုပါတယ်။

“အခု ဒီလို ဖမ်းဆီးတဲ့အပေါ်မှာ မတရားအသင်း ဆက်သွယ်တဲ့ KIA နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးတဲ့သူတွေ တော်တော်များနေတာပေါ့နော်။ အဲ့ဒီထဲက အများစုကတော့ သာမန်ပြည် သူတွေပဲ အများကြီး ပါ၀င်နေတာ တွေ့ရပါတယ်။ တချို့ကတော့ KIA နဲ့ အမှန်တကယ် ဆက်သွယ်တဲ့သူလည်း ရှိတာပေါ့။ ဘာပဲဖြစ်ဖြစ်ပေါ့နော် ကျနော်တို့ ဒီဟာကို ငြိမ်းချမ်းရေး ဆွေးနွေးမှုကိစ္စတွေ အများကြီး လုပ်ဆောင်နေတဲ့အပေါ်မှာ လူ့အခွင့်အရေး အတွက်အရရော၊ ငြိမ်းချမ်းရေးရှုထောင့်ကရော သုံးသပ်ပြီးမှ KIA နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးထားတဲ့သူတွေကို နိုင်ငံတော်သမ္မတ အနေနဲ့ နိုင်ငံရေး အကျဉ်းသားသတ်မှတ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ လိုအပ်တယ်လို့ ကျနော် မြင်ပါတယ်။”

ဦးမာခါးက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာ ဒီပုဒ်မနဲ့ ဖမ်းဆီးထားသူ ၁၀၀ လောက် ရှိမယ်လို့ ခန့်မှန်းပြီး ဒီလို ဖမ်းဆီးခံရသူတွေကို ညှဉ်းပန်းနှိပ်စက်တာ တွေလည်း ရှိနေတယ်လို့ ပြောဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ဒီလို ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ဖို့ဆိုရင် လွှတ်တော်နဲ့ အစိုးရ မှာလည်း တာဝန်ရှိတယ် လို့ ပြောပါတယ်။

“ကချင်ပြည်နယ်ထဲမှာ အဖမ်းခံထားရတဲ့ လူစာရင်းတွေရှိပါတယ်။ လူ ၅၀ ကျော်လောက် ရှိနေပါတယ်။ ဒါ အပြည့်အစုံ မဟုတ်သေးပါဘူး။ ဒီလူတွေကိုလည်း ကျနော်တို့က နိုင်ငံရေး ရည်ရွယ်ချက်နဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် အဖမ်းခံရတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေး အကျဉ်းသားအဖြစ်နဲ့ အသိအမှတ်ပြုတယ်။ နောက်ပြီးတော့ ဒီလူတွေ အမြန်ဆုံး လွတ်မြောက်ဖို့ အတွက် ဆွေးနွေးနေတာတွေတော့ ရှိပါတယ်။ နောက်တခုဆိုးတာက ဒီလူတွေက တချို့တွေကတော့ စွပ်စွဲပြီး အဖမ်းခံရတာမျိုးတွေ ဖြစ်နေတာကို ကျနော်တို့ တွေ့ရပါတယ်။ နောက် စစ်ကြောရေး စခန်းတွေထဲမှာ နှိပ်စက်ခံရတာတွေလည်း ရှိပါတယ်။ ဒါဟာ လုံးဝကို သည်းညည်းခံ သင့်တဲ့ကိစ္စလည်း မဟုတ်ပါဘူး။ အဲ့တော့ ဒီလို နှိပ်စက်ညှဉ်းပန်းတာတွေ ပပျောက်ဖို့၊ မတရား ဖမ်းဆီးတာတွေ ပပျောက်ဖို့ဆိုတာကိုတော့ ကျနော်တို့ ဆက်ပြီး ကြိုးစားရမှာပါ။ အဲ့ဒီလို ကြိုးစားတဲ့အခါမှာ လွှတ်တော်မှာလည်း တာဝန်ရှိပါတယ်။ အစိုးရမှာလည်း တာဝန်ရှိပါတယ်။”

ဒီလိုမတရားဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာတွေ ပပျောက်ဖို့အတွက်ဆိုရင် တည်ဆဲ ဥပဒေတွေကို အသက်သွင်းဖို့ လိုအပ်ကြောင်းလည်း ဦးဘိုကြည် က သုံးသပ်ထားပါတယ်။

“တည်ဆဲဥပဒေမှာ မည်သူတဦးတယောက်ကိုမှ နှိပ်စက်ညှဉ်းပန်းခြင်းမပြုရ၊ နှိပ်စက် ညှဉ်းပန်း ခြင်းပြုတယ်ဆိုရင် အဲ့ဒီလူကို တည်ဆဲဥပဒေအရ အရေးယူရပါမယ်။ ထောင်ဒဏ် ၃ နှစ်၊ ၅ နှစ်၊ ရ နှစ် အစရှိသဖြင့် ပြစ်ဒဏ်ချမှတ်လို့ရပါတယ်။ အဲ့ဒီတည်ဆဲဥပဒေကို အသက်သွင်းဖို့ အတွက် ကြိုးစားဖို့ လိုပါတယ်။ ဒါက ပြည်တွင်းမှာ ဥပဒေစိုးမိုးမှု ရှိစေချင်တယ်ဆိုရင် ဒီဥပဒေကို ကျနော်တို့ ဘယ်သူမဆို လိုက်နာရမယ်။ ဒါက စစ်သားဖြစ်နေပါစေ၊ မဟုတ်လို့ရှိရင်လည်း ရဲပဲဖြစ်နေ ပါစေ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေပဲ ဖြစ်ပါစေ၊ ဒါမျိုးတွေကို ကျနော်တို့က အရေးယူ နိုင်တဲ့ အဆင့်မျိုးတွေ တည်ဆောက်ရပါလိမ့်မယ်။ ဒါမှ တရားဥပဒေစိုးမိုးရေးဖြစ် လာမယ်။ အဲ့တော့မှ မတရားဖမ်းတယ်ဆိုတဲ့ ကိစ္စတွေ ပျောက်လာမှာပါ။”

ဥပဒေပညာရှင်တချို့ကတော့ မတရားသင်း ဥပဒေ ပုဒ်မ ၁၇-၁ ဟာ အင်္ဂလိပ် ကိုလိုနီ အစိုးရလက်ထက်က ပြဌာန်းခဲ့တဲ့ ဥပဒေဖြစ်ပြီး လွတ်လပ်တဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ နဲ့ မအပ်စပ်ကြောင်း ဝေဖန်တာတွေ ရှိသလို၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆိုရင် ဒီလို မတရားသင်း ကြေညာထားတဲ့ အဖွဲ့အစည်းတွေကိုလည်း ပယ်ဖျက်ပေးဖို့ လိုအပ်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။

http://burmese.voanews.com/content/human-rights-ask-to-release-all-arrestee-who-related-with-kio/1616210.html

February 18, 2013

ဆိုင်းငံ့ထားသည့် ကုလအကူအညီ ယနေ့ည ဖားကန့်မြို့သို့ ရောက်မည်

ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ စစ်ပြေးဒုက္ခသည်များအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းမှ အကူအညီ ထောက်ပံ့ပစ္စည်းများ တင်ဆောင်လာသည့်ကား တနင်္လာနေ့တွင် ဖားကန့်မြို့သို့ ရောက်ရှိ လာမည် ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကတည်းက ကုလ၏ စားနပ်ရိက္ခာသယ်ဆောင်လာသော ကားများ  ဖားကန့်မြို့သို့ သွားရောက် ထောက်ပံ့ရန် စီစဉ်ခဲ့သော်လည်း နိုင်ငံခြားသား နှစ်ဦး ပါဝင်နေသဖြင့် ဒေသအာဏာပိုင်များ ဆိုင်းငံ့ထားရာမှ ယခု သွားခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

“မြစ်ကြီးနားကနေ မနေ့က တက်လာပြီ။ ဒီနေ့က ကာမိုင်းကနေ တက်လာပြီလို့ ပြောတယ်။ ဒီညနေတော့ ဖားကန့်ရောက်မယ်။ ပစ္စည်းတင်တဲ့ကားက ၆ စီး။ တခြားကားက ၄ စီး အားလုံးပေါင်း ၁၀ စီးလို့ တက်လာ တယ်လို့ ပြောတယ်” ဟု KIA တပ်မဟာ ၂ လက်အောက် တပ်ရင်း ၆ တပ်ရင်းမှူး ဒုဗိုလ်မှူး ဇော်ဒွဲ က
ပြောသည်။

ထိုနိုင်ငံခြားသား နှစ်ဦး သွားရောက်ခွင့် ရှိမရှိကို နေပြည်တော် ဗဟိုအစိုးရထံ တင်ပြထားရာမှ ခွင့်ပြုချက် ရသဖြင့် ယနေ့ ကုလထောက်ပံ့ရေးအဖွဲ့တွင် နိုင်ငံခြားသားများ ပါဝင်သည်ဟု သိရသော်လည်း ကိုယ်တိုင် မတွေ့ရသေးသဖြင့် အသေးစိတ်ကို မသိနိုင်သေးကြောင်း ၎င်းက ပြောသည်။

အစိုးရတပ်နှင့် KIO တပ်တို့အကြား တိုက်ပွဲများ တနှစ်ကျော်ကြာ ဖြစ်ပွားခဲ့ပြီးနောက် စစ်ပြေးဒုက္ခသည်များ အတွက် ကုလ အကူအညီများကို ပထမဆုံးအကြိမ် ရရှိခြင်း ဖြစ်သည်။

ဖားကန့်မြို့ပေါ်ရှိ ခရစ်ယာန် ဘုရားကျောင်းများနှင့် ဗုဒ္ဓဘာသာ ဘုန်ကြီးကျောင်းများအတွင်း စစ်ပြေး ဒုက္ခသည် ရ,၀၀၀ ကျော် ရှိသည်ဟု သိရသည်။

http://www.mizzimaburmese.com/news/inside-burma/10977-2013-02-18-12-01-28.html

February 3, 2013

ကေအိုင်အိုနဲ့ အစိုးရ မနက်ဖြန်တွေ့မယ်

 
ကချင် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အိုနဲ့ မြန်မာ အစိုးရတို့ မနက်ဖြန် ဖေဖေါ်ဝါရီ ၄ ရက် တနင်္လာနေ့ ကျရင် တရုတ်နိုင်ငံ ရွှေလီမှာ တွေ့ဆုံ ဆွေးနွေးကြ မယ်လို့ ကေအိုင်အို ပြောခွင့်ရ ဦးလနန်းက ဘီဘီကို အတည်ပြု ပြောကြားပါတယ်။
ဒီဆွေးနွေး ပွဲကို ကေအိုင်အို ဗဟိုကော်မတီ ငါဦးပါ အဖွဲ့ တက်ရောက်မှာ ဖြစ်ပြီး မြန်မာ အစိုးရဘက်က ဘယ်သူတွေ တက်မယ် ဆိုတာ မသိရသေးပါ။
ဘာတွေ ဆွေးနွေး ကြမယ် ဆိုတာ ကတော့ မသိရသေးဘဲ မနက်ဖြန် တွေ့ဆုံတဲ့ အခါကြမှာသာ သိရမှာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။
မြန်မာ ပြည်တွင်းက စစ်ပွဲတွေကြောင့် နယ်စပ် တည်ငြိမ်ရေး ကိုပါ စိုးရိမ် လာတဲ့ အတွက် တရုတ်ဘက်က အခုလို ကမ်းလှမ်း လာတာ ဖြစ်တယ်လို့ လည်း ဦးလနန်းက ပြောပါတယ်။
တရုတ်က ကြားဝင်ပြီး ကမကထ ပြုလုပ် ပေးတဲ့ ဒီဆွေးနွေး ပွဲကို အရင်လို ယူနန် ပြည်နယ် အစိုးရက ဆက်သွယ် လာတာ မဟုတ်ဘဲ တရုတ် ဗဟို အစိုးရ ကနေ အကြောင်းကြား လာတာ ဖြစ်တယ် လို့လည်း ဦးလနန်းက ပြောပါတယ်။

http://www.bbc.co.uk/burmese/burma/2013/02/130203_kio_meet_gov.shtml

February 1, 2013

အစိုးရထိုးစစ်ရပ်ရင် ကချင်အတိုက်ရပ်မည်

အစိုးရစစ်တပ်ဖက်က ထိုးစစ်ဆင်တာတွေရပ်တန့်မယ်ဆိုရင် ကချင်လွတ်လပ်ရေးအဖွဲ့ KIOက လည်း ပြဿနာဖြစ်စေမယ့် စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်မှာ မဟုတ်တဲ့အကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်တဲ့အပေါ် ဒေသခံပြည်သူတွေက ကြိုဆိုလိုက်ပါတယ်။ ကချင်ဒေသခံပြည်သူတွေကတော့ ဒီကြေညာချက်ကို နှစ်ဖက်လုံးက လိုက်နာပြီး စားပွဲဝိုင်းဆွေးနွေးပွဲတွေကနေ တဆင့် စစ်မှန်တဲ့ငြိမ်းချမ်းရေး ရရှိစေဖို့ကို မျှော်လင့်ကြောင်း ပြောပါတယ်။ တချိန်တည်းမှာတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ငြိမ်းချမ်းရေးရဖို့ မိမိတို့အားလုံး ညှိနှိုင်းဆွေးနွေးအဖြေရှာရမယ့် အချိန် ကျနေပြီဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ အချက်ရချက်ပါ၀င်ပြီး အဓိကအချက်တွေအဖြစ်ကတော့ နိုင်ငံရေးပြဿနာတွေကို အဖြေရှာဖို့ လိုအပ်တဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်ဆိုတဲ့ အကြောင်းအပါအဝင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ ကူညီနိုင်တဲ့ အဖွဲ့အစည်းတွေ နိုင်ငံတွေထံကနေ အကူအညီရယူသွားမယ်ဆိုတဲ့ အချက်တွေ ထည့်သွင်းဖော်ပြထားပါတယ်။ နောက်ဆုံးအချက်မှာတော့ မြန်မာ့တပ်မတော်က ထိုးစစ်ဆင်တာတွေ ရပ်ဆိုငး်မယ်ဆိုရင် KIAကလည်း ပြဿနာဖြစ်ပွားနိုင်မယ့် စစ်ရေးလှုပ်ရှားမှုတွေကို ပြုလုပ်မှာ မဟုတ်ကြောင်း ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဒီလိုထုတ်ပြန်လိုက်တဲ့အပေါ်မှာ ကချင်ဒေသခံပြည်သူတွေက ကြိုဆိုလိုက်ပြီး စစ်မှန်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်ဖို့မျှော်လင့်ကြောင်း ပြောဆိုကြပါတယ်။

“သူတို့ အဲ့သလို ကြေညာချက်ထုတ်တယ်ဆိုလို့ရှိရင် နှစ်ဖက်စလုံးက ဒီဥစ္စာကို လိုက်နာတယ်ဆိုရင် အင်မတန် မင်္ဂလာရှိတဲ့ကိစ္စပဲ။ အဲ့တာဆိုရင်တော့ ဆွေးနွေးပွဲတွေလည်း ပြန်စပြီး ငြိမ်းချမ်းရေးက ရဖို့ဆိုတာကတော့ တော်တော်လေး နီးစပ်သွားတာပေါ့။ ကောင်းသွားတာပေါ့။ စားပွဲပေါ်ရောက်တယ်ဆိုရင် အေးအေးဆေးဆေး ညှိနှိုင်းလို့ ရနိုင်တဲ့ အနေအထားတွေပဲလေနော်။”

ဒါကတော့ ကချင်ပြည်နယ်က ဒေသခံတယောက်ပြောဆိုတာဖြစ်ပါတယ်။ တိုင်းလိုင်ခေါ် ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက အထွေထွေအတွင်းရေးမှုး ဦးစောဝင်းထွန်းက သူ့ရဲ့ သဘောထားကို အခုလို ပြောပါတယ်။

“ကျနော်တို့အနေနဲ့ ဖြစ်စေချင်တာကတော့ ကချင်ပြည်နယ်သူ၊ ပြည်နယ်သားများ အားလုံးရဲ့ မျက်နှာထောက်ထားပြီးမှ ကချင်ပြည်နယ်သူ၊ ပြည်နယ်သား အားလုံးရဲ့ ဘဝကို စဉ်းစားပြီးမှ အကောင်အထည်ဖော်နိုင်မှ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တကယ်စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲရေးကို ရမယ်လို့ ထင်ပါတယ်။ အခုက ကျနော်တို့အနေနဲ့ကတော့ နှစ်ဖက်စလုံးမှာပေါ့နော်။ အဲ့ဒီ့စိတ်ရင်းစေတနာပေါ် အခုအချိန်အထိ ပီပီပြင်ပြင်မှ ရှိကြရဲ့လားဆိုတာကိုလည်း ကျနော်တို့ ထည့်ပြော ချင်ပါတယ်။ ပြည်နယ်သူ၊ ပြည်နယ်သားများရဲ့ တည်ငြိမ်ရေးကို ထောက်ထားညှာတာကျရင်ဖြင့် တဘက်နဲ့ တဘက် အပြန်အလှန်ထုတ်တဲ့ ကြေညာချက်အတိုင်း လက်တွေ့ အကောင်အထည်ဖော်ပေးကြပါလို့ ဒီလိုပဲ ကျနော်တို့ ဖြည့်စွက်ပြီးတော့ ပြောချင်ပါတယ်ခင်ဗျ။”

ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တဦးဖြစ်တဲ့ ဦးယုဇော်ခေါင်ကတော့ အစိုးရနဲ့ KIO ဆွေးနွေးပွဲတွေ စတင်နိုင်တော့မယ့် အလားအလာအဖြစ် သုံးသပ်ပါတယ်။

“ဒါကတော့ ယုံကြည်မှုကို တည်ဆောက်တာက အင်မတန်မှ ကောင်းပါတယ်။ အပြုသဘောဆောင် ပါတယ်။ ဒါကတော့၊ ငြိမ်းချမ်းရေးအတွက် ဒီလိုဆွေးနွေးမှုက အင်မတန်မှ အထောက်အကူဖြစ်တဲ့ ထုတ်ပြန် ကြေညာချက်ကြီးဖြစ်ပါတယ်။ အမြန်ဆုံး ဆွေးနွေးပွဲ လုပ်ပြီးတော့ အကောင်အထည်ဖော်ဖို့ဆိုတဲ့ဟာကို ဒါတော့ ရင်ဖွင့်ပြောပြတဲ့အသံလို့ပဲ ကျနော်တို့ အဲ့လိုပဲ သုံးသပ်လို့ရပါတယ်။"

နိုင်ငံတော်သမ္မတဦးသိန်းစိန်ကလည်း ဒီကနေ့မနက်မှာ ပြည်သူကို ရေဒီယိုက တဆင့် ပြောကြားတဲ့ မိန့်ခွန်းမှာတော့ ငြိမ်းချမ်းရေးရဖို့ မိမိတို့အားလုံး ညှိနှိုင်းဆွေးနွေးအဖြေရှာရမယ့် အချိန် ကျရောက်နေပြီဖြစ်ကြောင်း ပြောဆိုထားပါတယ်။

“ယခုဖြစ်ပွားနေတဲ့ပဋိပက္ခတွေ၊ အကျိုးဆက်တွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများက ပြည်သူအများစု ခံစားနေရတာတွေ၊ စိတ်ဒဏ်ရာ နာကျင်မှုတွေဟာလည်း မိမိတို့ လူ့အဖွဲ့အစည်းရဲ့ ဆုံးရှုံးနစ်နာမှုဖြစ်ပါတယ်။ မိမိတို့ အစိုးရအနေနဲ့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေက တိုင်းရင်းသားညီအစ်ကိုများ အားလုံးအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ထိရောက်စွာ ပေးနိုင်ဖို့ အသင့်ပြင်ဆင် လုပ်ကိုင်လျက်ရှိပါတယ်။ သင့်တော်သော နိုင်ငံတကာ အဖွဲ့အစည်းများနဲ့လည်း ဆက်သွယ် ဆောင်ရွက်လျက်ရှိပါတယ်။ တဖက်မှာလည်း ဆုံးရှုံးနစ်နာမှုများ ရပ်ဆိုင်းနိုင်ဖို့နဲ့ အများပြည်သူ လိုလားတောင့်တနေကြတဲ့ စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ မိမိတို့အားလုံး စားပွဲဝိုင်းမှာ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာရမယ့် အချိန်အခါကို  ကျရောက်နေပြီဖြစ်ပါတယ်။”

နိုင်ငံတော် သမ္မတက သက်ဆိုင်ရာ ခေါင်းဆောင်တွေကို စားပွဲဝိုင်းမှာ လာရောက်ညှိနှိုင်းဆွေးနွေးဖို့ တိုက်တွန်းထားသလို ငြိမ်းချမ်းရေးတည်ဆောက်မှုဟာ ထိလွယ်ရှလွယ် အဆင့်ရောက်နေတာကြောင့် ညီညီညွတ်ညွတ် သဘောထားကြီးကြီး ဆောင်ရွက်ဖို့ကိုလည်း ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတော့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSAက သူတို့ ဒေသ ပန်းဆန်းမှာ လာရောက်တွေ့ဆုံဆွေးနွေးဖို့အတွက် မြန်မာအစိုးရနဲ့ KIO ဖက်က တာဝန်ရှိသူတွေကို ဖိတ်ကြားခဲ့ပြီး နှစ်ဖက်လုံးက တွေ့ဆုံဆွေးနွေးဖို့ သဘောတူထားတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

http://burmese.voanews.com/content/kachin-army-and-burmese-army-fighting/1595402.html

January 29, 2013

ဝ တပ်ဖွဲ့၏ ဖိတ်ခေါ်မှု KIO လက်ခံကြောင်း ပြန်ကြား

ဖနိဒါ၊ အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၉ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၄၈ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။ ။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးရန် ဝ'ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ဖိတ်ခေါ်ချက်ကို KIO ဘက်မှ လက်ခံကြောင်း အင်္ဂါနေ့တွင် အကြောင်းပြန်ခဲ့သည်ဟု UWSA ပြောရေးဆိုခွင့်ရသူ ဦးအောင်မြင့်က ပြောသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်းရှိ UWSA ဌာနချုပ် ပန်ဆန်းမြို့တွင် နှစ်ဘက်တွေ့ဆုံမှုကို UWSA က ကြားဝင်ကူညီပေးမည့် အဆိုပြုချက်အပေါ် လက်ခံကြောင်း KIO ဘက်မှ စာပြန်လာခြင်းဖြစ်သည်။

“KIO တို့ဘက်ကနေ ပြန်ဆက်သွယ်လာပါတယ်။ ပန်ဆန်းမှာ လာတွေ့ဖို့ သူတို့ သဘောတူပါတယ် ဆိုပြီးတော့ ဒီနေ့ နေ့လည်လောက်က သတင်းပို့လာတယ်။ အစိုးရဘက်က ဒီမှာဆွေးနွေးဖို့ လက်ခံတယ်ဆိုတာ ကျနော်တို့ဆီ ပို့လိုက်ပါပြီ။ ဆိုတော့ အစိုးရဘက်ကိုလည်း အခုပဲ သတင်းပို့နေတယ်” ဟု မဇ္စျိမကို ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီဘက်မှလည်း KIO မှ လက်ခံပါက ၎င်းတို့လည်း လက်ခံနိုင်ကြောင်း သဘောထားပေးပို့ထားပြီး ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းအနေနှင့် KIO ဘက်မှ လက်ခံပါက တွေ့ဆုံရန်ရှိကြောင်းလည်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက မဇ္စျိမကို အင်္ဂါနေ့ နေ့လည်ပိုင်းက ဖြေကြားထားပြီးဖြစ်သည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဘက် ဦးတည်နေသော်လည်း KIO နှင့် အစိုးရအကြား တိုက်ပွဲများ မရပ်စဲဘဲ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသဖြင့် ယခုကဲ့သို့ ကြားဝင်ကူညီခွင့်ရသဖြင့် တိုင်းပြည်အတွက် အကျိုးရှိမည်ဟု ဦးအောင်မြင့်က ပြောသည်။

“နှစ်ဘက်စလုံးက ယုံကြည်မှုနည်းနေတယ်၊ စစ်ကြောင့် ဒုက္ခသည်တွေလည်း သောင်းနဲ့ချီ ရှိနေပြီ။ အခြေအနေက မကောင်းဘူး။ ဒါကြောင့် နှစ်ဘက်တွေ့ဆုံနိုင်အောင်၊ အခုအချိန်မှာ ကချင်ကို အစိုးရက လာပါဆိုရင်လည်း ဘယ်သွားမလဲ။ ဒါကြောင့် ကျနော်တို့ဆီမှာ ဖြစ်နိုင်မလား။ ဖြစ်နိုင်ရင် ပန်ဆန်းမှာလာပြီး တွေ့ဆုံပါ။ ကျနော်တို့ ကူညီပ့ံပိုးပေးပါ့မယ်ဆိုတဲ့ ဆန္ဒမျိုးပါ” ဟု ၁၉၈၉ ခုနှစ်ကတည်းက အပစ်အခတ်ရပ်စဲထားသည့် UWSA ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က မဇ္စျိမကို ပြောသည်။

မည်သည့်နေ့ တွေ့ဆုံမည်ကို ညှိနှိုင်းနေဆဲဖြစ်ပြီး ထိုသို့တွေ့ဆုံနိုင်ရေးအတွက် KIO သို့ မဇ္စျိမက ကြိုးစားဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်ပြတ်တောက်နေသည်။

http://drlunswe.blogspot.com/2013/01/kio_29.html

January 17, 2013

ကေအိုင်အိုနဲ့ ဆွေးနွေးဖို့ အစိုးရကနောက်ထပ် ကမ်းလှမ်းဖို့ ပြင်ဆင်နေ

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မကြာခင်ရက်ပိုင်းတွေအတွင်း ထပ်မံ ကမ်းလှမ်းမယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်တဲ့ ဦးလှမောင်ရွှေက RFA ကိုပြောပါတယ်။
RFA
KIO နှင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ၂၀၁၂ ခုနှစ် မတ်လဆန်းပိုင်းက တွေ့ဆုံခဲ့သည့် မှတ်တမ်းပုံ ဖြစ်ပါသည်။
ဒီနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ တွေ့ဆုံကြဖို့အတွက် ရည်ရွယ်ပြီး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ဒီဇင်ဘာလ ၁၃ရက်နေ့က KIO အဖွဲ့ကို အစိုးရ ငြိမ်းချမ်းရေးအဖွဲ့က တရားဝင် ကမ်းလှမ်းချက်ပေးပို့ထားပေမယ့် အဲဒီ ကမ်းလှမ်းချက်ကို ဒီကနေ့အထိ ကချင် KIO ဖက်က အကြောင်းပြန်တာ မရှိသေးဘူးလို့ ဦးလှမောင်ရွှေက ပြောပါတယ်။
ဒါကြောင့် မကြာခင် ထပ်မံကမ်းလှမ်းဖို့ စီစဉ်ထားတယ်ဆိုတာကို ဝန်ကြီး ဦးအောင်မင်းက Myanmar Peace center အဖွဲ့ဝင်တွေကို ရှင်းပြခဲ့တာ ဖြစ်တယ်လို့လည်း ဦးလှမောင်ရွှေက ပြောပါတယ်။
ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်
ကေအိုင်အေ တပ်ရင်း ၆ တပ်ရင်းမှူးကို တိုက်ပွဲဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အာအက်ဖ်အေ ဝိုင်းတော်သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်
လုံးခင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ  ဦးတင်စိုးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်

http://www.rfa.org/burmese/news/kia-peace-meeting-01172013055424.html





December 16, 2012

KIA နှင့် အစိုးရတပ်တို့၏ နှစ်ဖက်တိုက်ပွဲ လက်နက်ကြီးဖြင့် ပစ်နေဆဲ

စံခလပူရီ (မဇ္စျိမ)။   ။ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် ကျောင်းသားတပ်မတော် (ABSDF) မြောက်ပိုင်းတို့ တပ်စွဲထားသည့် လဂျားယန်ဒေသ တဝိုက်အား ဒေါ့ဖုန်းယန်း ဟမ်းကိုင် အခြေစိုက် အစိုးရ လက်နက်ကြီးတပ်မှ တာဝေးပစ် ဟော်ဝဇ်ဟာ (၁၀၅) မမ နှင့် ၁၂၀ မမ စိန်ပြောင်းများဖြင့် တနင်္ဂနွေ ညနေပိုင်းအထိ ပစ်ခတ်လျက်ရှိကြောင်း ABSDF မြောက်ပိုင်း အလုပ်အဖွဲ့ ခေါင်းဆောင် ဦးလာစိုင်း က ပြောသည်။

“အခု ထက်ထိ လက်နက်ကြီးနဲ့ လှမ်းထုနေတုန်းပါပဲ။ ကျနော်တို့နဲ့ မဟာမိတ် KIO/KIA တွေ ခံစစ် တပ်စွဲထားတဲ့နေရာ လဂျားယန်ဒေသ တဝိုက်ပေါ့” ဟု မဇ္စျိမကို ပြောသည်။

သောကြာနေ့မှစ၍ ၎င်းဒေသ၌ အစိုးရတပ်နှင့် KIO တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဘက်မှ သုံ့ပန်း ရ ဦးအား ဖမ်းဆီး ရမိခဲ့ကာ အသေရမိခဲ့သည့် အစိုးရတပ်မှ အလောင်းများကိုလည်း သင်္ဂြိုလ်ပေးခဲ့ကြောင်း ဦးလာစိုင်း က ဆက်ပြောသည်။

“၁၄ ရက်နေ့ ကဆို မနက် ၆ နာရီ ခွဲကနေ ညနေ ၆ နာရီခွဲလောက်အထိ တိုက်ပွဲ ဖြစ်နေတာပေါ့၊ တောက်လျှောက်။ အဲဒီမှာ ဒဏ်ရာရ သုံ့ပန်း ရ ယောက် ကျနော်တို့ ဖမ်းဆီးရမိခဲ့တယ်။ ခမရ (၃၈၃) က ချည်းပဲ။
တပ်ကြပ် ဒု-တပ်ကြပ်တွေ။ တိုက်ပွဲပြီး ရှင်းလင်းရေး လုပ်တော့ အစိုးရတပ်ရဲ့ အလောင်း ၁၇ လောင်းကိုလည်း
ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ပေး လိုက်ပါတယ်” ဟု မဇ္စျိမကို ပြောသည်။

KIO ဘက်မှ သုံးဦး ကျဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း KIO စစ်ရုံးချုပ်မှ အတည်ပြုပြောဆိုခြင်း မရှိပေ။

လဂျားယန် ဒေသတဝိုက်တွင် KIO နှင့် ABSDF တပ်ဖွဲ့များနှင့် မိုးကောင်း အခြေစိုက် အစိုးရ စကခ (၃) လက်အောက်ခံ တပ်ရင်းများ ဖြစ်ကြသည့် ခမရ (၃၈၃)၊ (၃၈၄) နှင့် (၃၈၉)မှ အင်အားများနှင့် ရင်ဆိုင်တိုက်ခိုက်မှု
များ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ အဓိကအားဖြင့် ခမရ (၃၈၃) နှင့်သာ အများဆုံး ထိပ်တိုက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး သုံ့ပန်းများ၏ ထွက်ဆိုချက်အရ ခမရ (၃၈၃) ၌ အင်အား ၃၀၀ ကျော် ရှိသည်ဟုလည်း ဦးလာဆိုင်း က ဆက်ပြောသည်။

“ကျနော်တို့ သုံ့ပန်းတွေကို မေးကြည့်တော့ သူတို့အပြောအရတော့ အင်အား ၃၀၀ ကျော် ဝန်းကျင်၊ ၄၀၀ နီးပါး တက်လာတယ်လို့ ပြောတယ်။ အသေးစိတ်အထိတော့ သူတို့ မသိပေမယ့် အဲသလောက် အင်အားနဲ့ တက်လာတယ်လို့ ပြောတယ်” ဟု မဇ္စျိမကို ပြောသည်။

ထို့ပြင် ပန်ဝါဒေသဘက်ရှိ မှတ်တိုင် (၅) (၆) ဒေသ၊ ဗန်းမော် နမ့်ခမ်းလမ်း ဒေသ၊ ဝိုင်းမော် မြို့နယ်တို့၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက် ရှိသည်ဟုလည်း ဦးလာဆိုင်းက ဆိုသည်။

KIO တပ်နှင့် အစိုးရ တပ်တို့အကြား နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိကြောင်း KIO ဒု-နိုင်ငံခြားရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိန်းလန်ထောင် က ပြောသည်။

“တိုက်ပွဲတွေက တပ်မဟာ (၁)၊ တပ်မဟာ (၄) နေရာတွေမှာ (ပန်းဝါ ပူတာအိုဒေသနှင့် ပလောင် ဒေသရှိ နမ့်ခမ်း ကွတ်ခိုင်) နဲ့ အခြားနေရာတွေမှာလည်း နေ့တိုင်း တိုက်ပွဲတွေ ဖြစ်နေတယ်။ ရပ်တယ်ဆိုတာ တနေရာမှာ ရပ်ပြီး အခြားနေရာတွေမှာ တိုက်ပွဲတွေက ဖြစ်နေဆဲပါ” ဟု မဇ္စျိမကို ပြောသည်။

ထို့ပြင် KIA စစ်ရုံးချုပ်မှ အရာရှိ တဦးကလည်း “တိုက်ပွဲတွေ ရပ်တယ်ဆိုတဲ့ ဥစ္စာက နာရီပိုင်း လေးပဲ ရပ်မှာပါ။ ဒီမနက်လည်း ရှိတယ်လေ၊ ခပ်စောစော လေးပဲ ဖြစ်သွားတယ်၊ ခုနှစ်နာရီ ရှစ်နာရီ လောက်ကပေါ့၊ အစိုးရ ဘက်ကသာ တိုက်ပွဲတွေ ရပ်နေတယ်လို့ ပြောတာ တပ်မတော်က ပြောတာမှ မဟုတ်တာ။ တပ်မတော်က တိုက်နေတုန်းပါ” ဟု ဆိုသည်။

KIO နှင့် တိုက်ခိုက်နေသည့် ပြည်တွင်းစစ်ပွဲအတွင်း အစိုးရ တပ်မတော်ဘက်မှ ရုရှားထုတ် MI 24 စစ်သုံး ရဟတ်ယာဉ်များ အသုံးပြုကာ လေကြောင်းပစ်ကူ ပေးခဲ့ပြီး ဆွီဒင် နိုင်ငံထုတ် M3 Carl Gustaf တင့်ကားဖျက် ရိုင်ဖယ်နှင့် ရုရှားနိုင်ငံထုတ် ဒုံးကြည် အချို့ကိုလည်း အသုံးပြုခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က ကချင် ပြည်နယ်အတွင်း အစိုးရ တပ်ဘက်မှ ထိုးစစ် ဆင်ခြင်း ရပ်ဆိုင်းထားရန် သမ္မတ ဦးသိန်းစိန် က ကာကွယ်ရေး ဦးစီးချုပ် (ထိုစဉ်က) ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ညွန်ကြားပြီးနောက် ယနေ့ထိ တိုက်ပွဲပေါင်း အနည်းဆုံး ၁၃၆၀ ဖြစ်ပွားခဲ့သည်ဟု KIO ဘက်မှ ဆိုသည်။ ယခု ဒီဇင်ဘာလ အတွင်းမှာပင် တိုက်ပွဲပေါင်း အနည်းဆုံး ရ၄ ကြိမ် ဖြစ်ပွားခဲ့ရသည်။

ထိုသို့ နှစ်ဖက်အကြား တိုက်ခိုက်မှုများ မြင့်မားနေလျက် ရှိသော်လည်း လာမည့်နှစ် ဇန်နဝါရီလတွင် နိုင်ငံရေး တွေ့ဆုံ
ဆွေးနွေးရန် ရှိကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာ က မဇ္စျိမအား သောကြာနေ့က ထုတ်ဖော်
ပြောကြားခဲ့သည်။

http://www.mizzimaburmese.com/news/inside-burma/10594-kia-.html

December 14, 2012

အစိုးရ ပူးပေါင်းတပ်များ KIA ကို ယနေ့ နံနက် ထိုးစစ်ဆင်

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – KIA)
ကချင်ပြည်နယ် လဂျားယန်ဒေသအတွင်းရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) စခန်းများကို ယနေ့နံနက်တွင်အစိုးရ ပူးပေါင်း တပ်ရင်းများက ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် KIA က အမြင့်ဆုံး တပ်လှန့်ထားကြောင်း သိရသည်။
အစိုးရတပ် ခြေမြန်တပ်ရင်း (ခမရ) ၃၈၈၊ ၃၈၃ နှင့် ခြေလျင်တပ်ရင်း (ခလရ) ၄၀ ပူးပေါင်းတပ်များ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် KIA လိုင်ဇာဌာနချုပ် အပါအဝင် ရှေ့တန်းစခန်းများကို တပ်လှန့်ထားခြင်း ဖြစ်ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။
ယနေ့နံနက် ၅ နာရီမှ စတင်၍ KIA တပ် စခန်းများကို အစိုးရတပ်က ၁၀၅ မမ လက်နက်ကြီးများနှင့် စစ်ရဟတ်ယာဉ်များကို အသုံးပြု၍ တိုက်ခိုက်ကြောင်း ၎င်းက ဆိုသည်။
“မြေပြင်နဲ့ သူတို့ အရင်တက်တယ်။ နောက်ပြီးတော့ လက်နက်ကြီးတွေနဲ့ ကာပြီး ပစ်ပေးတယ်။ အဲဒီမှာ သူတို့ လေယာဉ်နဲ့ ထပ်ပြီးတော့ ဒုံကျဉ်နဲ့ ပြန်ပစ်ကူပေးတယ်” ဟု ဦးလနန်က ဆက်ပြောသည်။
ဦးလနန်၏ အဆိုအရ အစိုးရတပ်က Mi-24 စစ်သုံးရဟတ်ယာဉ် အမျိုးအစားကို အသုံးပြုကြောင်း ဆိုသည်။ သို့သော်လည်း အစိုးရတပ်က ယင်းရဟတ်ယာဉ်များ အသုံးပြုခြင်း ရှိမရှိကို ဧရာဝတီက သီးခြား အတည်ပြုချက် မရရှိသေးပါ။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများတွင် အစိုးရတပ်က ဥရောပက ရောင်းချရန် ပိတ်ပင်ထားသော ဆွီဒင်နိုင်ငံလုပ် လက်နက်များကို အသုံးပြုနေကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။
ဆွီဒင်နိုင်ငံလုပ် အဆင့်မြင့် M-3 Carl Gustaf လက်နက်များကို KIA က သိမ်းဆည်းရမိပြီး အဆိုပါ လက်နက်သည် တင့်ကားကဲ့သို့သော အမာစား ယာဉ်မျိုးကိုပင် အလွယ်တကူ ဖျက်ဆီးနိုင်စွမ်းရှိ၍ ပြည်တွင်း စစ်မျိုးတွင် သုံးစွဲလေ့ မရှိကြောင်း သိရသည်။
KIA ဌာနချုပ်နှင့် အနီးအနားတွင် လတ်တလော ထိုးစစ်ဆင်မူနှင့် ပတ်သက်၍ အကြောင်းရင်းကို မသိရှိရသော်လည်း အစိုးရတပ်များ အနေနှင့် စစ်ရေးနည်းဗျူဟာ ပြောင်းပြီး တိုက်ခိုက်နေသည်ဟု ယူဆရကြောင်း ဦးလနန်က ပြောသည်။
“ဒီဘက်မှာ ထိုးစစ်ဆင်လာတာနဲ့ အမျှ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တိုက်ပွဲ ပြန်စနေတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့ စစ်မျက်နှာကို ဖြန့်ကြက်တဲ့ သဘောလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ကျနော်တို့ ဗဟိုဌာနချုပ်သာမက အရေးကြီးတဲ့ နေရာဒေသတွေကို တပ်လှန့်ထားတဲ့ အနေအထားမှာ ရောက်နေတယ်” ဟု ၎င်းက ဆိုသည်။
အစိုးရအနေနှင့် KIA ဌာနချုပ် အနီးအနားသို့ စစ်ရဟတ်ယာဉ်ကို အသုံးပြု၍ တိုက်ခိုက်ရာ ပထမဆုံးအကြိမ် ဖြစ်သည့်အတွက် KIA ရှေ့တန်း တပ်စခန်းများကို တပ်လှန့်ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
အစိုးရ ပူးပေါင်းတပ်များကို ခုခံတိုက်ခိုက်ရာတွင် KIA တပ်ဖွဲ့နှင့်အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်း တပ်ဖွဲ့ဝင်များ ပါ၀င်ကြောင်း သိရသည်။
လတ်တလောတွင် နှစ်ဖက် အကျအဆုံး စာရင်းများကို မသိရှိရပေ။
တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေသူများကို ကုလသမဂ္ဂမှ အကူအညီပေးလိုသော်လည်း မြန်မာအစိုးရက လုံခြုံရေး အခြေအနေအရ ခွင့်ပြုထားခြင်း မရှိကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းများအနေဖြင့် ကချင်ပြည်နယ် စစ်ဘေးသင့် ဒေသများသို့ ၀င်ရောက် အကူအညီပေးနိုင်ရန် မြန်မာအစိုးရထံတွင် ခွင့်ပြုချက် တောင်းထားကြောင်း သိရသည်။

http://burma.irrawaddy.org/archives/28127

November 5, 2012

တိုင်းရင်းသားတွေ အတူတကွ နေနိုင်တဲ့ ဥပဒေတရပ် လိုပါတယ်

 
ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် မြန်မာ အစိုးရတပ်မတော်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၁ နှစ်ကျော်လာပြီ ဖြစ်သည်။ ၁ နှစ်ကျော်အတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် အလွတ်သဘော ၉ ကြိမ်၊ ပြည်ထောင်စုအဆင့် ၁ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း တိကျသည့် နှစ်ဘက် သဘောတူညီချက် ကတိကဝတ်များ မရရှိခဲ့ပေ။ အစိုးရဘက်မှ KIA တပ်များကို စစ်ရေးအရှိန်လျှော့ပေးရန် တောင်းဆိုနေသကဲ့သို့ KIA ဘက်မှလည်း ခံစစ်သာရှိပြီး တပ်မတော်ကသာ တပ်ဆုတ်ပေးရမည်ဟု ပြောဆိုနေမှုများ ရှိနေသည်။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ KIA နှင့် မြန်မာ့ တပ်မတော်အကြား စစ်ရေး၊ နိုင်ငံရေးအခြေနေများကို KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကို ဧရာဝတီသတင်းထောက် နန်းသီရိလွင်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ ရွှေလီ ဆွေးနွေးပွဲကို ဗိုလ်ချုပ်ဂွန်မော် ကိုယ်တိုင် ဘာကြောင့် မတက်ခဲ့တာလဲ ဆိုတဲ့ မေးခွန်းနဲ့ စမေးချင်ပါတယ်။ ဆွေးနွေးပွဲ မတိုင်ခင် အစိုးရဘက်က ဘယ်သူတွေ လာမယ်ဆိုတဲ့ လူစာရင်း ကြိုရထားတာရှိပါသလား။

ဖြေ။ ။ ဆွေးနွေးပွဲ ဘာလို့ မတက်သလဲဆိုတော့ ဆွေးနွေးပွဲတွေက KIO ဘက်က ကိုယ်စားလှယ်အဖွဲ့နဲ့ နိုင်ငံတော် အစိုးရဘက်က ကိုယ်စားလှယ် အဖွဲ့တွေ့တာ ဖြစ်တယ်။ အဲဒီတော့ ဒီကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲ အခြေအနေတွေနဲ့ လိုအပ်ချက်အပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ KIO ကနေ လိုအပ်တဲ့ သူတွေကို ပြန်ပြီးတက်ဖို့ အစီအစဉ်ပါ။ ဆွေးနွေးမယ့် နာမည်စာရင်းတွေ ကြိုမရဘူး။ ဘာတွေ ဆွေးနွေးမယ်ဆိုတာ ကြိုပြီး အကြောင်းကြားတာ မရှိဘူး။ ဟိုကနေ အကြောင်းကြားတာကတော့ အောက်တိုဘာ ၂၅ ရက်နေ့ရက်စွဲနဲ့ အကြောင်းကြားတာက ဦးအောင်မင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ လာမယ်လို့ အကြောင်းကြားတဲ့ စာပဲရတယ်။ ဒီစာကို အခြေခံပြီးတော့ ဒီကနေလည်း ကိုယ်စားလှယ် အဖွဲ့တွေ သွားကြတာ။ ဒါပေမယ့် တကယ်လို့ ဟိုမှာ လိုအပ်တဲ့ အခြေအနေအရ KIO ကနေ ကိုယ်စားလှယ် အဖွဲ့ထဲမှာ မပါပေမယ့် လိုအပ်ရင် သွားဖို့က အဆင်သင့်ရှိပါတယ်။ သွားမယ်ဆိုရင်လည်း ဒီကနေ သုံးနာရီခွဲလောက်ပဲ ကြာပါတယ်။

မေး။ ။ ဆွေးနွေးပွဲရက်ကိုရော KIO က ရွေးခဲ့တာလား။

ဖြေ။ ။ ရက်က အောက်တိုဘာလ မကုန်ခင်မှာ လုပ်ရအောင်လို့ ပြောပါတယ်။ အဲဒါနဲ့ပဲ ကျနော်တို့က ၃၀ ကနေ စရင် ကောင်းမယ်ထင်တယ်လို့ ပြန်အကြောင်းကြားလိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ၃၁ လို့ ပြောလိုက်ရင်လည်း ကျနော်တို့က ဒီလရဲ့ နောက်ဆုံးရက်ကို သွားရွေးသလို ဖြစ်နေမယ်။ ၂၈ ကတော့ တနင်္ဂနွေ ဖြစ်နေတော့ ၂၉ ကို မမီနိုင်ဘူးဆိုတော့ ၃၀ ရက်နေ့မှာ စလုပ်နိုင်ဖို့ဆိုပြီး အကြောင်းပြန်လိုက်တာ။ သူတို့ဘက်ကနေ ၃၀ ရက်နေ့ လုပ်ဖို့ သဘောတူတယ်လို့ ပြန်အကြောင်း ကြားလာတယ်။

မေး။ ။ အခု ဆွေးနွေးပွဲမှာ ဦးအောင်မင်းက နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာစေရမယ်လို့ ပြောသွားတာ ရှိပါတယ်။ အဲဒီအချက် အပေါ်မှာရော KIO ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ KIO ကတော့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ တောင်းဆိုခဲ့တာ အရင်ကတည်းကပဲ။ ဒါပေမယ့် ဘယ်လို ပုံစံလဲဆိုတာတော့ ပြန်ညှိရမယ်။ ဥပမာ အခု နိုင်ငံတော် အစိုးရကနေ ပြောနေတဲ့ Road Map အတိုင်းပဲ ဆွေးနွေးမလား၊ အဲဒီလို မဟုတ်ဘဲနဲ့ ကြိုတင် ကန့်သတ်ချက်မရှိဘဲနဲ့ နိုင်ငံရေးကို လွတ်လွတ်လပ်လပ် အများတွေ့နိုင်တဲ့ အနေအထား ရှိမလားဆိုတာ ပြန်ညှိရမယ်။

မေး။ ။ ဦးအောင်မင်းကတော့ နိုဝင်ဘာမှာ ထပ်တွေ့ချင်တယ်လို့ ပြောသွားပါတယ်။ KIO ဘက်က နိုဝင်ဘာမှာ တွေ့နိုင်ပါသလား။

ဖြေ။ ။ အဓိကကတော့ ခုနကပြောသလို ဘယ်လို ပုံစံ ဆွေးနွေးကြမလဲ ဆိုတာကို သဘောတူကြရင် အချိန်မရွေး တွေ့လို့ရပါတယ်။ ကျနော်တို့ ဘက်ကနေ ပြောထားတာကတော့ ၂၀၀၈ အခြေခံဥပဒေ အောက်ကို ၀င်ပါ၊ ရွေးကောက်ပွဲ ၀င်ပါလို့ ကြိုတင် ကန့်သတ်ချက်နဲ့ လုပ်ထားရင် ရှေ့ကို ဆက်ပြီးဆွေးနွေးရတာ အခက်အခဲ ရှိနိုင်တယ်။ အဲဒီလို ကြိုတင် ကန့်သတ်ချက်တွေ မထားဘဲနဲ့ နိုင်ငံရေး ဆွေးနွေးကြမယ်၊ ဆွေးနွေးတဲ့ အခါကျမှ ဘယ်လို ပုံစံမျိုးနဲ့ ဆွေးနွေးမလဲ၊ ဒါကို အဲဒီဆွေးနွေးပွဲမှာ ညှိနှိုင်းချင်တယ်။

မေး။ ။ ဒါဆိုရင် အပစ်မရပ်ဘူး၊ နိုင်ငံရေးဆွေးနွေးမယ်၊ နိုင်ငံရေး ဆွေးနွေးနေတဲ့ အတောအတွင်းမှာ ၂၀၀၈ အခြေခံဥပဒေကို ပြင်ပေးပါလို့ ဆိုလိုချင်တာပါလား။

ဖြေ။ ။ အခြေခံဥပဒေဆိုတာကတော့ နိုင်ငံတခုရဲ့ အရေးကြီးတဲ့ ကျောရိုးဖြစ်တာကိုး။ KIO ရဲ့ အမြင်ကတော့ ၂၀၀၈ ဥပဒေက ပြည့်စုံမှုမရှိဘူး။ အခြေခံဥပဒေထဲမှာ တိုင်းရင်းသားများ အခွင့်အရေးကို အာမခံချက် ပေးမထားဘူး။ ဒါကြောင့်မို့လို့ ဒီလို အာမခံချက်မျိုးကို ပေးထားနိုင်တဲ့ အခြေခံဥပဒေမျိုး ဖြစ်ရမယ်။ တိုင်းရင်းသားတွေ အတူတကွ နေနိုင်တဲ့ ဥပဒေတရပ်လိုပါတယ်။ ဒါကြောင့် အခြေခံဥပဒေကို ပြောနေတာဖြစ်ပါတယ်။ ဒီကိစ္စဘယ်လို လုပ်ကြမလဲ ဆိုတာကတော့ ဆွေးနွေးရမှာပေါ့။ ကြိုတင် ကန့်သတ်ချက်မထားတဲ့ ဆွေးနွေးပွဲမျိုး တွေ့ချင်တယ်လို့ ဒါကြောင့် ပြောနေရတာပါ။

မေး။ ။ အစိုးရ ငြိမ်းကော်မတီနဲ့ တရားဝင်ရော အလွတ်သဘောပါ တွေ့ခဲ့ကြတာ အခုရွှေလီ ဆွေးနွေးပွဲဟာ ၁၀ ကြိမ်မြောက် ရှိပြီလို့ သိရပါတယ်။ ဘာကြောင့် ဒီလောက်ကြန့်ကြာနေတာပါလဲ။ တကယ်လို့ ငြိမ်းကော်မတီမှာ ဦးအောင်မင်း အစား ဒေါ်အောာင်ဆန်းစုကြည် ဆိုရင်ရော KIO အနေနဲ့ ဘယ်လို သဘောထားမလဲ။

ဖြေ။ ။ အဓိက အချက်ကတော့ မူပါပဲ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာပြီးတော့ KIO ကို ၂၀၀၈ ထဲကို လာပါလို့ ပြောရင်တော့ ဒါအဆင်ပြေနိုင်မယ် မထင်ဘူး။ တကယ်လို့ ဘယ်သူပဲ ဖြစ်ဖြစ် ၂၀၀၈ ထဲကို ၀င်လာပါဆိုတာမျိုး မဟုတ်ဘဲနဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ညှိနှိုင်းကြမယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆိုရင်တော့ ဘယ်သူပဲ ဖြစ်ဖြစ် အဆင်ပြေနိုင်ပါတယ်။ နောက်တခုကတော့ KIO အနေနဲ့ကတော့ ဘယ်သူဘယ်ဝါလာမှ ဆိုတာမျိုး မဟုတ်ပါဘူး။ နိုင်ငံတော် အစိုးရကနေ တာဝန်ပေးလိုက်တဲ့ ဘယ်သူနဲ့ မဆို ဆွေးနွေးမယ်ဆိုတာကို ကြိုပြီး ပြောထားပြီးသားပဲ။ KIO ရဲ့ ခံယူချက်က ဒီပြည်တွင်းစစ်ဟာ နိုင်ငံရေးစနစ်ကြောင့်ဖြစ်တဲ့ စစ်ဖြစ်တယ်၊ ဒါကြောင့်မို့လို့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းချင်တယ်။ အခု အပစ်အခတ်ရပ်ဆိုင်းရေး တပ်ဆုတ်တာတို့၊ ခံစစ်၊ ထိုးစစ်တို့ တပ်တွေကို ခွာရမယ်လို့ ပြောတဲ့ဟာတွေ အကုန်လုံးက ဒါ စစ်ရေးနည်းလမ်းဖြစ်တယ်။ အဲဒီတော့ စစ်ရေးနည်းနဲ့ ဖြေရှင်းတယ်ဆိုတာကတော့ နိုင်ငံရေးစနစ်ကို အပြီးသတ် မဖြေရှင်းနိုင်ဘူးလို့ KIO က ယုံကြည်တယ်။

မေး။ ။ ခု နောက်ဆုံး ရွှေလီဆွေးနွေးပွဲကိုရော စိတ်ကျေနပ်မှု ရခဲ့ပါသလား။

ဖြေ။ ။ ၃၀ ရက်နေ့ အစည်းအဝေးတုန်းက KIO ဘက်က ကိုယ်စားလှယ် ဦးဆွန်လွတ်ဂမ်က နိုင်ငံရေးဆွေးနွေးပွဲတွေကို အခု အစည်းအဝေးကနေစပြီး လုပ်သွားဖို့ တောင်းဆိုလိုက်တာ၊ ကြိုတင် ကန့်သတ်ချက်များ မပါရှိသော နိုင်ငံရေးဆွေးနွေးပွဲများကို ဒီအချိန်ကနေ စတင်ဖို့ ဆိုပြီး တောင်းဆိုလိုက်တာ။ အဲလို တောင်းဆိုလိုက်တာနဲ့ အစိုးရကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်က နောက် အစည်းအဝေးကို ဘယ်မှာ လုပ်မလဲလို့ မေးလိုက်ခြင်းဟာ ဒီအစည်းအဝေးမှာ နိုင်ငံရေးဆွေးနွေးပွဲကို မစနိုင်ဘူးလို့ ဆိုလိုတယ်လို့ KIO က ယူဆတယ်။

မေး။ ။ အောက်တိုဘာ ၃၀ ရွှေလီ ဆွေးနွေးပွဲ ပြီးတဲ့နောက်ပိုင်းမှာ အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်တာ ရှိလား။

ဖြေ။ ။ တိုက်ပွဲက တောက်လျှောက်ဖြစ်နေတယ်။ အောက်တိုဘာ၂၈ လောက်ကတည်းက ရှမ်းပြည်နယ် တပ်မဟာ ၄ ဒေသဘက်မှာ အဓိက ထိုးစစ်တွေ လုပ်လာတယ်။ ၃၀ ရက်နေ့မှာ တပ်ရင်း ၃ ဒေသ၊ ဆဒုံးဒေသမှာ မြန်မာ့ တပ်မတော်က အင်အားဖြည့်တယ်။ ၃၀ ရက်နေ့ နောက်ပိုင်းမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပါပဲ။

မေး။ ။ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) နဲ့လည်း အပစ်ရပ်ပြီးတဲ့ နောက်တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ရှိတယ်။ KIA ကိုလည်း နိုင်ငံရေးဆွေးနွေးနေရင်း တဘက်က ထိုးစစ်ဆင်နေတယ်၊ တပ်မတော်ဘက်ကလည်း တပ်တွေ ပိတ်ဆို့ခံထားရတယ်လို့ ဆိုတယ်။ ဆိုတော့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အစိုးရရော လက်နက်ကိုင် တိုင်းရင်းသားတွေရော နှစ်ဦးနှစ်ဘက် ဘာတွေ ညှိနှိုင်းဖို့ လိုနေတာပါလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေးလို့ ပြောရတာခက်ပါတယ်။ တကယ်တော့ အပစ်အခတ် ရပ်စဲတယ်ဆိုတာ ငြိမ်းချမ်းရေး မဟုတ်ဘူး။ ပြီးတော့ ငြိမ်းချမ်းရေးဆိုတဲ့ ဝေါဟာရကို အဓိပ္ပာယ်ဖွင့်တာလည်း သိပ်မရှင်းဘူး။ အပစ်အခတ် ရပ်ထားတာကို ယာယီ ငြိမ်းချမ်းရေးလို့ ပြောတယ်။ ပြည်သူ့စစ် ဖြစ်သွားတာက ထာဝရ ငြိမ်းချမ်းရေးလို့ ပြောတယ်။ အဲလို အဓိပ္ပာယ် ဖွင့်မယ်ဆိုရင်တော့ KIO အပါအဝင် တခြား တိုင်းရင်းသားအဖွဲ့တွေလည်း လက်ခံမှာ မဟုတ်ပါဘူး။ အခု အပစ်ရပ်ထားတဲ့ အဖွဲ့တွေ ဘာမှ မပြောသေးဘူးဆိုတာလည်း အဲဒီအဆင့်ကို မရောက်သေးလို့ပါ။ အဲဒီအဆင့်ကို ရောက်သွားလို့ရှိရင် ပြန်ပြီး ပြဿနာ ဖြစ်လာနိုင်တယ်။ နိုင်ငံရေး ဆွေးနွေးပွဲဖြစ်လာရင်တော့ စစ်ရေးရော တခြားကိစ္စတွေပါ အကုန် ပြေလည်သွားမယ်လို့ ကျနော်ထင်တယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာ နိုင်ငံရေး စနစ်ကြောင့် ဖြစ်လာတာ။ ဒီနိုင်ငံရေးစနစ်ကို ညှိနှိုင်းပြီး ပြုပြင်လိုက်ပြီဆိုရင် ဒီအစွယ်အပွားဖြစ်တဲ့ ပြဿနာတွေအကုန်လုံး ပြေလည်သွားမယ်လို့ KIO က ဒီလိုပဲ ယုံကြည်တယ်။

မေး။ ။ ငြိမ်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းက ရွှေလီမှာ KIO ကို အချက်လေးချက် တောင်းဆိုသွားပါတယ်။ အဲဒီအချက်တွေကို လိုက်လျောပေးဖို့ ရှိမရှိ သိချင်ပါတယ်။

ဖြေ။ ။ လောလောဆယ်တော့ ကျနော်တို့ စဉ်းစားနေတုန်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ လက်တွေ့ကျဖို့ လိုပါတယ်။ ပူတာအို လမ်းတွေဆိုတာက ကျနော်တို့ တပ်မဟာ ၁ ဒေသဘက်ကို ဖြတ်နေရတဲ့ လမ်းတွေ၊ အဲဒီတော့ တစုံတရာ သဘောတူညီချက်တွေ သေချာ အခိုင်အမာ လုပ်ပြီးမှပဲ ကျနော်တို့က နှစ်ဘက် အပြန်အလှန် ကတိပေးရမယ့် ကိစ္စဖြစ်တယ်။ အဲဒီတော့ လက်တွေ့ကျဖို့ လိုပါတယ်။ လက်တွေ့မှာ တကယ်ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား ဆိုတာကို အဓိက ကျနော်တို့က အခြေအနေကြည့်ရဦးမှာပါ။

မေး။ ။ အစိုးရ ငြိမ်းကော်မတီက ဒီနှစ် မကုန်ခင်မှာ UNFC (ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ) နဲ့ တွေ့ဖြစ်အောင် တွေ့မယ်လို့လည်း ပြောထားပြန်တယ်။ တကယ်လို့ UNFC နဲ့ ငြိမ်းကော်မတီ တွေ့တဲ့အခါ KIO ကရော ပါ၀င်ဖို့ ရှိလား။

ဖြေ။ ။ KIO ကတော့ UNFC ရဲ့ အဖွဲ့ဝင် ဖြစ်တဲ့အတွက် UNFC ရဲ့ ဆုံးဖြတ်ချက်ကို အခြေခံပြီးတော့ ပါသင့်ရင် ပါမယ်။ UNFC ကနေပြီးတော့ ပါစရာမလိုဘူးလို့ ပြောရင် KIO က ပါဖို့ အကြောင်းမရှိဘူး။ ဒါကတော့ UNFC ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်မှာပါ။ ။

(ဧရာဝတီဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြသည်။)

http://drlunswe.blogspot.com/2012/11/kia.html

KIO ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ပညာရေးဌာနတာဝန်ခံ ဦးဆွမ်လွတ်ဂမ်နှင့် တွေ့ဆုံးမေးမြန်းခြင်း

အရပ်သားအစိုးရအဖွဲ့လက်ထက်တွင် ပထမဦးဆုံး တရားဝင်ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ လုပ်ငန်းကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာလ ၃ဝ ရက်က ရွှေလီမြို့၊ ကျင့်ချိန်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။ မြန်မာအစိုးရဘက်မှ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ မပခ (တိုင်းမှူး) ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ ရမခ(တိုင်းမှူး) ဗိုလ်မှူးချုပ် အောင်စိုး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစပ်အောင်မြတ်၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး အပါအဝင် အဖွဲ့ဝင် ၁၂ ဦး ပါဝင်လာခဲ့ပြီး KIO ဘက်မှ ပညာရေးဌာနတာဝန်ခံ ဦးဆွမ်လွတ်ဂမ် ဦးဆောင်၍ ဦးခွန်ဆိုင်း၊ ဦးဇော်တောင်၊ ဦးခွန်နောင်၊ ဦးလပိုင်လ၊ ဦးဇော်နောင်၊ ဦးဂျီးနောင်၊ ဦးနော်ထွယ်နှင့် ဦးဆိင်းခေါတို့ တက်ရောက်လာခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲ မကျင်းပမီက နှစ်ဘက်တပ်များကိစ္စကို ဦးစားပေး ဆွေးနွေးမည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း KIO ဘက်မှ ဗိုလ်ချုပ် ဂွမ်မော် တက်ရောက်လာခဲ့ခြင်း မရှိသလို မြန်မာအစိုးရဘက်မှလည်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးကလည်း တွေ့ဆုံပွဲသို့ လာရောက်ခြင်းမရှိခဲ့ဘဲ မူဆယ်မြို့တွင် နေရစ်ခဲ့သည်။ ဆွေးနွေးပွဲရလဒ်အဖြစ် KIO ဘက်မှ တွေ့ဆုံဆွေးနွေးပွဲ အဆက်ဆက်တွင် အစဉ်တစိုက် တောင်းဆိုလာခဲ့သော နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရန် ကိစ္စကို အစိုးရဘက်မှ သဘောတူညီခဲ့သော်လည်း လက်ရှိဖြစ်ပွားနေသော စစ်ရေးအရှိန်များ လျှော့ချရေးနှင့် ပတ်သက်၍မူ ဆွေးနွေးနိုင်ခြင်းမရှိခဲ့ပေ။

လာမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့်ပတ်သက်၍ KIO ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်၊ ပညာရေးဌာနတာဝန်ခံ ဦးဆွမ်လွတ်ဂမ်နှင့် တွေ့ဆုံးမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး ။ ။ အခုတွေ့ဆုံဆွေးနွေးပွဲမှာ ဗိုလ်ချုပ် ဂွမ်မော် မပါလာနိုင်တာ ဘာကြောင့်လဲ။

ဖြေ ။ ။ ဒါက ကျွန်တော်တို့ကို အခုအစိုးရက ထိုးစစ်ဆင်နေတာလေ။ သူက ခေါင်းဆောင်ဆိုတော့ ကြီးကြပ်ကွပ်ကဲတာတွေ လုပ်နေရတော့ တာဝန်က များတယ်။ ဒါကြောင့် မအားမလပ်ဖြစ်ပြီးတော့ မရောက်နိုင်တာပါ။

မေး ။ ။ KIO ဘက်က အပစ်အခတ်ရပ်စဲရေး လုပ်စရာ မလိုတော့ဘူး။ နိုင်ငံရေးဆွေးနွေးပွဲပဲ လုပ်မယ်လို့ ပြောနေတာရှိတယ်လေ။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဆိုတာ ဘာကို ပြောတာလဲ။ ဘယ်အချက်တွေကို အဓိက ဆွေးနွေးမှာလဲ။

ဖြေ ။ ။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဆိုတာ ကျွန်တော်တို့ KIO ဘက်က လိုချင်တာကတော့ တိုင်းရင်းသားလူမျိုးစုတွေကို ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ပေးဖို့ အဓိက ပါပဲ။ ကိုယ့်လူမျိုးတွေကို ကိုယ်အုပ်ချုပ်ဖို့ အဓိက က ဒါပဲ။

မေး ။ ။ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာနဲ့ ပတ်သက်ပြီး ဒီထက်ပိုပြီး ရှင်းပြပေးပါလား။ အခု ကချင်ပြည်နယ် ဝန်ကြီးချုပ်ကလည်း ကချင်လူမျိုးပဲလေ။ ပြီးတော့ လွှတ်တော်မှာလည်း ကချင်လွှတ်တော်အမတ်တွေ ရှိနေတာပဲ။

ဖြေ ။ ။ ဒါက ကိုယ်ပိုင်ပြဌာန်းခွင့် မဟုတ်ဘူးလေ။ ဒါက သူတို့ လုပ်ထားတဲ့ ဥပဒေအရ သူတို့ဥပဒေနဲ့့ အုပ်ချုပ်တာပေါ့။ ကျွန်တော်တို့ အခုလိုချင်တာက ကိုယ့်ပြည်နယ်ရဲ့ ဥပဒေကို ကိုယ်ပြဌာန်းပြီးတော့ အုပ်ချုပ်မှာပေါ့။

မေး ။ ။ အခု တွေ့ဆုံဆွေးနွေးပွဲမှာရော ဘယ်လိုအောင်မြင်မှုတွေ ရခဲ့တယ်လို့ ယူဆပါသလဲ။

ဖြေ ။ ။ ကျွန်တော်တို့ တောင်းဆိုထားတဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲကို လုပ်မယ်ဆိုတာ သဘောတူတယ်ဆိုတဲ့အကြောင်း ပြောတာပေါ့။ ဒါက တစ်ဆင့်အောင်မြင်တယ်ပေါ့။ အရင်က ဒီလို မပြောဘူးလေ။ ဒါကြောင့် အခု ဒီလို ပြောတာတော့ အနည်းငယ် အောင်မြင်တယ်လို့ ပြောနိုင်တာပေါ့။

မေး ။ ။ တပ်မတော်အစိုးရလက်ထက်က လုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေနဲ့ အခု အရပ်သားအစိုးရအဖွဲ့လက်ထက်မှာ လုပ်တဲ့ ဆွေးနွေးပွဲ ဘာများကွာခြားတာ တွေ့ရပါသလဲ။

ဖြေ ။ ။ အရင်ကတော့ စစ်အစိုးရဆွေးနွေးပွဲဆိုတော့ ဒီလို ပြောတာတွေ မရှိဘူး။ စစ်အမိန့်နဲ့ပဲ။ ရရမယ်ဆိုရင် ရကို ရရမယ်။ သွားပြောပြရုံပဲလေ။ စစ်အစိုးရလက်ထက်က ဆွေးနွေးပွဲဆိုတာကတော့ သူတို့ပြောတာကို လိုက်နာရမယ်။ သူတို့ပြောတဲ့အတိုင်း လုပ်ရမယ်။ ဆန္ဒကိုထုတ် ဖော်ခွင့်မရှိဘူး။ ကွာတာပေါ့။ အခုကတော့ တပိုင်းတစတော့ ထုတ်ဖော်ပြောခွင့်ရလာတာပေါ့လေ။ လူတွေအားလုံး ပြောခွင့်ရတယ်။

မေး ။ ။ နောက်လာမယ့် ဆွေးနွေးပွဲတွေကို ဗန်းမော် (သို့မဟုတ်) မူဆယ်မှာလုပ်ဖို့ ဝန်ကြီးဦးအောင်မင်းက တောင်းဆိုထားတဲ့အပေါ်မှာရော KIO ဘက်က ဘယ်လိုသဘောထားရှိလဲ။

ဖြေ ။ ။ ဒါက မပြောနိုင်သေးဘူး၊ ကျွန်တော်တို့ စဉ်းစားရဦးမယ်။ ဆွေးနွေးပွဲလုပ်မယ့်နေရာကတော့ အခု ဒီတရုတ်ပြည်လို နိုင်ငံခြားတနေရာရာမှာပဲ ကောင်းတယ်။ နောက်ပြီး ဘယ်မှာဖြစ်ဖြစ်၊ လွတ်လပ်တဲ့နေရာပေါ့။ ဖိနှိပ်ချုပ်ချယ်ထားတာ၊ ကန့်သတ်ထားတာ။ အမျိုးမျိုးပေါ့လေ။ အမျိုးမျိုး Pressure ပေးထားတာမျိုး မလုပ်ချင်ဘူး။

မေး ။ ။ အခု ဆွေးနွေးပွဲကြောင့် လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအရှိန်တွေ လျော့ကျသွားနိုင်မလား။

ဖြေ ။ ။ ဒါကတော့ မပြောနိုင်သေးဘူး။ ဒါက တိုက်ပွဲအရှိန်လျော့ဖို့ ဆွေးနွေးတာလည်းမဟုတ်ဘူး။ တိုက်ပွဲဆိုတာကလည်း သူတို့တပ်မတော်ကပဲ တိုက်နေတာဆိုတော့။ အမြဲတမ်း ပြောတယ်လေ။ အမြဲတမ်းပဲ တိုက်ပွဲအရှိန်လျှော့ရအောင်ဆိုတော့ မလျှော့ဘူးလေ။ ကျွန်တော်တို့ KIO ဘက်ကတော့ သူတို့မလာရင် မပစ်ဘူး။ ပစ်စရာမှ မရှိတာ။ သူတို့လာပစ်မှ ပစ်တာ။ ကျွန်တော်တို့ ပြည်နယ်ကို သူတို့တက်လာတာကိုး။ အဲဒါပဲ။ သူတို့လျှော့ရင် စစ်ပွဲတော့ မရှိတော့ဘူး။

မေး ။ ။ နောက်တစ်ကြိမ် ဆွေးနွေးပွဲမှာရော ဗိုလ်ချုပ်ဂွမ်မော်တို့လို အရေးပါတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်မှာလား။

ဖြေ ။ ။ ဒါကတော့ အခြေအနေပေါ်မှာ မူတည်တယ်။ တိုင်းပြည်ရဲ့ အခြေအနေပေါ်မှာ မူတည်ပါတယ်။

မေး ။ ။ ဦးသိန်းစိန်အစိုးရအပေါ်မှာရော KIO အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ ဦးသိန်းစိန်အစိုးရကတော့ သူတို့အခြေခံဥပဒေနဲ့သူ အုပ်ချုပ်နေတာပေါ့။ အဲဒီအခြေခံဥပဒေကို ကျွန်တော်တို့က လက်မခံဘူး။

(Jade Land ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ကူးယူဖော်ပြသည်။)
Messenger News Journal (Monday, Nov 5, 2012)
http://drlunswe.blogspot.com/2012/11/kio.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India