September 17, 2012

၂၀၁၂ တိုင်းရင်းသားလူမျိုးများညီလာခံကျင်းပပြီးစီး

လွတ်လပ်သောမွန်သတင်းအေဂျင်စီ- ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ သုံးရက်ကြာကျင်းပခဲ့သော ၂၀၁၂ တိုင်းရင်းသားလူမျိုးများညီလာခံ ယနေ့ညနေပိုင်းတွင် ကျင်းပပြီးစီးခဲ့သည်။
၂၀၁၂ တိုင်းရင်းသားလူမျိုးများညီလာခံ
၂၀၁၂ တိုင်းရင်းသားလူမျိုးများညီလာခံ
အဆိုပါညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၉ ဖွဲ့၊ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် ပြည်တွင်းတိုင်းရင်းသားပါတီ ကိုယ်စားလှယ်များ၊ UNFC, ENC, UNLD(LA)၊ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု NDF ကိုယ်စားလှယ်များနှင့် နိုင်ငံတကာမှ တိုင်းရင်းသားကိုယ်စားလှယ်၁၅၀ ကျော်တက်ရောက်ကြသည်ကို တွေ့ရှိရသည်။
“အစိုးရပြောနေတဲ့ ပင်လုံကဲ့သို့သောညီလာခံကျင်းပမယ်ဆိုတဲ့ကိစ္စအပေါ် တိုင်းရင်းသားအားလုံး လက်ခံနိုင်တဲ့ငြိမ်းချမ်းရေးစီမံချက်တွေကို ရေးဆွဲကြတာပါ” ဟု ညီလာခံကျင်းပရေးတာဝန်ခံ နိုင်ဟံသာက မိန့်ခွန်းတရပ်တွင် ထည့်သွင်းပြောကြားခဲ့သည်။
သဘာပတိအဖွဲ့တွင် ဒုတိယဗိုလ်ချုပ်ကြီးအင်ဘန်လ(KIA)၊ ခွန်မာရ်ကိုဘန်း၊ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း၊ အရံသဘာပတိ အဖြစ် UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၊ စိုင်းခွန်ဆိုင်း(သျှမ်းသံတော်ဆင့်အယ်ဒီတာချုပ်)၊ အခမ်းအနားမှူး(အကျိုးတော်ဆောင်) အဖွဲ့တွင် ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ခူးဦးရယ်၊ ဒေါ်စောမြရာဇာလင်းနှင့် ဒေါက်တာရွှေခါးရ်တို့ ဆောင်ရွက်ကြသည်။
၂၀၁၂ တိုင်းရင်းသားလူမျိုးများညီလာခံကျင်းပနေစဉ်
၂၀၁၂ တိုင်းရင်းသားလူမျိုးများညီလာခံကျင်းပနေစဉ်
ညီလာခံပထမရက်နေ့တွင် စာတမ်းများဖတ်ကြားတင်သွင်းခြင်း၊ ဒုတိယရက်နေ့တွင် အပြန်အလှန်ဆွေးနွေးခြင်း၊ ယနေ့တွင် ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့် တိုင်းရင်းသားလူမျိုးများ၏ ငြိမ်းချမ်းရေးစီမံချက်(Ethnic Peace Plan) ၆ ချက်ပါလမ်းပြမြေပုံတို့ကို အတည်ပြုခဲ့ကြသည်။
“ကနေ့အဖွဲ့အစည်းအသီးသီး၊ နေရာဌာနအသီးသီးက ကိုယ်စားလှယ်များ ဒီညီလာခံကြီးမှာ လာရောက်ဆုံစည်းခြင်းဟာ နိုင်ငံရေးအရဆိုရင် ဆုံးရှုံးနေတဲ့တိုင်းရင်းသား အခွင့်အရေးအတွက် ဘုံရပ်တည်ချက်ရရှိရေးအတွက် အရပ်သားစကားနဲ့ပြောရင် တစ်သံထဲထွက်ရေး အတွက်ပါပဲ” ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက ညီလာခံကျင်းပရေးရည်ရွယ်ချက်ကို ရှင်းပြခဲ့သည်။
ထို့အပြင် ၂၀၁၂ တိုင်းရင်းသားလူမျိုးများညီလာခံကြေငြာချက်တရပ်ကို ညီလာခံကိုယ်စားလှယ်များ ဆွေးနွေး အတည်ပြုကြပြီး ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
ဒုတိယပင်လုံခေါ်ယူရေးအတွက် စစ်ကိုင်းတိုင်း၊ ကလေးမြို့၌ ၂၀၁၀ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဦးတင်ဦး၊ ဦးဝင်းတင်၊ မွန်ဒီမိုကရေစီပါတီခေါင်းဆောင် နိုင်ထွန်းသိန်း၊ နိုင်ငွေသိမ်း၊ ကရင်အမျိုးသားကွန်ဂရက်မှ စောဟာရီ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးထောင်ခိုထန်း၊ ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းမောင်တို့က သဘောတူလက်မှတ် ရေးထိုးခဲ့ကာ ကြေညာချက်ထုတ်ပြန်ခဲ့ကြသည်။
တောင်တန်းနှင့် ပြည်မပေါင်းစည်း၍ အင်္ဂလိပ်လက်အောက်မှ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေးအတွက် ၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသဖြင့် ပင်လုံစာချုပ်ဟု သမိုင်းတွင်ခဲ့သည်။

http://burmese.monnews.org/?p=5421

ဒုတိယပင်လုံ ခေါ်ယူရေး တိုင်းရင်းသားညီလာခံ တောင်းဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စံခလပူရီ (မဇ္စျိမ) ။        ။ တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲပေးရေး၊ ပင်လုံ ကဲ့သို့သော ညီလာခံ
ခေါ်ယူကျင်းပရေး၊ တိုင်းရင်းသား လူမျိုးများ၏ ငြိမ်းချမ်းရေး ဆိုင်ရာ လုပ်ငန်းစဉ် ၆ ချက်တို့ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ သုံးရက်ကြာ ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လူမျိုးများ ညီလာခံမှ တောင်းဆိုလိုက်သည်။

“ကချင်ကလည်း ကချင်ရဲ့ သဘောထားနဲ့ ဆက်လက် ရပ်တည်နေတယ်။ အစိုးရ ဘက်ကလည်း အလားတူပဲ။ ဒါကို ကျနော်တို့ စိုးရိမ်မိပါတယ်။ ဒါကြောင့် ညှိနှိုင်းဖို့ ခက်နေတဲ့ အနေအထားမှာ ရှိတယ်။ တိုက်ပွဲတွေ ဖြစ်နေပေမယ့်
ဆွေးနွေးမှုတွေ ဖြစ်ထွန်း စေနိုင်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်” ဟု ညီလာခံ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ
နိုင်ဟံသာ က မဇ္စျိမကို ပြောသည်။

စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့သော ညီလာခံ အပြီး၌ ညီညွတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ UNFC မှ အချက် ၆ ချက်ပါ ထုတ်ပြန်ကြေညာချက် တစောင်၊ အဆင့် ၃ ဆင့်ပါ ငြိမ်းချမ်းရေး စီမံချက်နှင့် ငြိမ်းချမ်ရေး ဖော်ဆောင် နိုင်ရန် အတွက် အချက် ၆ ချက်ပါ လမ်းပြမြေပုံကိုလည်း ထုတ်ပြန်ခဲ့သည်။

“ပင်လုံ ကဲ့သို့ ညီလာခံ ကျင်းပနိုင်ဖို့ ဘယ်လိုလုပ်ဆောင်မယ် ကအစ ပါဝင်ရမယ့် ကိုယ်စားလှယ် အချိုးကျအဆုံး လုပ်ဆောင်သွားကြမယ့် တဆင့်ချင်းစီကို အစိုးရ၊ တိုင်းရင်းသား အင်အားစု အားလုံး၊ ဒီမိုကရေစီ အင်အားစု အားလုံး ပါဝင်ညှိနှိုင်းပြီး အဲဒီကနေ သဘောတူချမှတ်တဲ့ ဆုံးဖြတ်ချက်တွေကို Union Accord (ပြည်ထောင်စု သဘောတူညီ ချက်) အဖြစ် သတ်မှတ်ပြီး အချိန်ကာလ အတိအကျနဲ့ ဖော်ဆောင်သွားဖို့ လိုပါတယ်။ အဲဒီလို Union Accord ရရှိဖို့ ဆိုတာလည်း ကျယ်ကျယ် ပြန့်ပြန့် တွေ့ဆုံပြီးတော့ ညှိနှိုင်းလုပ်ဆောင်ဖို့လည်း လိုပါတယ်” ဟု ညီလာခံ ပြောရေး ဆိုခွင့်ရှိသူ နိုင်ဟံသာ က ပြောသည်။

ထိုညီလာခံသို့ UNFC အဖွဲ့ဝင် အဖွဲ့အစည်းများနှင့် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ ပြည်တွင်း တိုင်းရင်သား နိုင်ငံရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားမှ တိုင်းရင်းသား ကိုယ်စားလှယ် ပညာရှင်များ ၁၃ဝ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

အစိုးရမှ ပြောသည့် ပင်လုံကဲ့သို့သော ညီလာခံ ကျင်းပခြင်း အပေါ် ၎င်းတို့ဘက်မှ အားလုံး လက်ခံနိုင်သည့် ငြိမ်းချမ်း
ရေး စီမံချက်များ ရေးဆွဲနိုင်ရေးနှင့် အားလုံး လက်ခံနိုင်သည့် ဘုံသဘောတူညီချက် တခု ရရန် ရည်ရွယ်သည်ဟုလည်း ညီလာခံ၏ ပြောခွင့်ရပုဂ္ဂိုလ် တဦး ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ မဇ္စျိမအား ပြောသည်။

“အစီအစဉ်နဲ့ အစိုးရရဲ့ အစီအစဉ်ကို ညှိရဦးမှာပါ။ ဒီညှိတာကလည်း ပြည်တွင်း နိုင်ငံရေး ဆွေးနွေးပွဲရဲ့ အစပဲလို့
ပြောလို့ ရပါတယ်။ ကျနော်တို့ ဘက်ကလည်း တရားသေ သတ်မှတ်ချက် မထားပါဘူး။ အဲလိုပဲ အစိုးရ ဘက်ကလည်း တရားသေ သတ်မှတ် ထားလို့လည်း မရပါဘူး” ဟု ဆိုသည်။

ညီလာခံသို့ ပြည်တွင်းမှ တိုင်းရင်းသား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းရေး ဖော်ဆောင်မှု၏ စ၊ လယ်၊ ဆုံးအထိ ၎င်းတို့ ပါဝင်နိုင်အောင် ကမ်းလှမ်း ပေးရန် ညီလာခံအတွင်း၌ သဘောထား ပေးခဲ့ကြသည်။

“ဒီလို တိုင်းရင်းသား လူမျိုးများ ညီလာခံ ကျင်းပနိုင်တာလည်း အင်မတန် ကောင်းပါတယ်။ Union Accord ဆိုတာ ကလည်း ကျယ်ပြန့်တယ်လေ။ အားလုံး Inclusive (ပါဝင်မှု)ဖြစ်ဖို့ လိုပါတယ်။ တိုင်းရင်းသားတွေ အားလုံးကို ကိုယ်စားပြုနိုင်ဖို့အတွက် ဒီထက် ကျယ်ပြန့်တဲ့ ညီလာခံ ကျင်းပဖို့ လိုအပ်ပါတယ်” ဟု ညီလာခံ တက်ရောက်ခဲ့သူ တဦးက မဇ္စျိမကို ပြောသည်။

ယခု ကဲ့သို့သော တိုင်းရင်းသား လူမျိုးများ ညီလာခံကို ပြည်တွင်း၌လည်း ကျင်းပသွားရန် အတွက် UNFC နှင့် အစိုးရ ကိုယ်စားလှယ်များ တွေ့ဆုံသည့် အခါ၌ တင်ပြ တောင်းဆို သွားမည်ဟု သိရသည်။

UNFC ကို ၂ဝ၁၁ ခုနှစ် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပသော တိုင်းရင်းသား လူမျိုးများ ညီလာခံ တွင် ဖွဲ ့စည်းခဲ့သည်။ အဖွဲ့ဝင်များမှာ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကချင်လွပ်လပ်ရေးအဖွဲ ့(KIO)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ပအို့ အမျိုးသား လွတ်မြောက်ရေးအဖွဲ ့ချုပ်(PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ရခိုင်ပြည် အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ(LDU)၊ ဝအမျိုးသား အဖွဲ့ချုပ် (WNO)၊ ကချင် အမျိုးသားအစည်းအရုံး (KNO)တို့ ဖြစ်ကြသည်။

၂ဝ၁ဝ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း ‘ဒုတိယ ပင်လုံ’ ခေါ်ယူနိုင်ရေး အတွက် စစ်ကိုင်းတိုင်း၊ ကလေး မြို့၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီးအမျိုးသား ကွန်ဂရက် များမှ ခေါင်းဆောင် များနှင့် ဝါရင့် နိုင်ငံရေး ခေါင်းဆောင် သခင် သိန်းမောင်တို့မှ စုပေါင်း လက်မှတ် ရေးထိုး၍ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ဖူးပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကလည်း ‘၂၁ ရာစု ပင်လုံညီလာခံ’ ခေါ်ယူကျင်းပသင့်ကြောင်း သဘောထားရှိခဲ့ဖူးသည်။

http://www.mizzimaburmese.com/news/regional/10125-2012-09-17-09-01-28.html

ငြိမ်းချမ်းရေး လမ်းပြမြေပုံ တိုင်းရင်းသား ညီလာခံ ချမှတ်

ယခုနှစ်အတွင်း ထိုင်း-မြန်မာ နယ်စပ် တနေရာတွင် UNFC အစည်းဝေး ကျင်းပနေစဉ်။ နောက်ဆုံးတန်း ဘယ်ဘက် အစွန်က မွန်ပြည်သစ်ပါတီ ၏ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ ဖြစ်သည်။ (ဓာတ်ပုံ – phophtaw.org)
ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အတွက် မူဝါဒ ၆ ချက်ပါ၀င်သော လမ်းပြမြေပုံတခုကို ထိုင်းနိုင်ငံ၌ ကျင်းပသည့် တိုင်းရင်းသား ညီလာခံက ချမှတ်လိုက်ကြောင်း သိရသည်။
စက်တင်ဘာ ၁၄ ရက်ကစတင်၍ ၃ ရက်ကြာ ကျင်းပသောညီလာခံမှ ချမှတ်ခဲ့သည့်မူဝါဒများတွင် နိုင်ငံရေးအရ ဆွေးနွေးပွဲများ ဆက်လက် ဖြစ်ပေါ်လာရေး၊ ပင်လုံကဲ့သို့ ညီလာခံတခု ပေါ်ပေါက်ရေး၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးကို အစိုးရက တရားဝင်ကြေညာပေးရေး စသည်တို့ ပါ၀င်ကြောင်း ညီလာခံ၏ ပြောရေးဆိုခွင့်ရှိသူ ချင်း အမျိုးသား တပ်ဦး(CNF)မှ ဒေါက်တာ ရွှေခါးရ် က ဧရာဝတီ ကို ပြောသည်။
အစိုးရချမှတ်ထားသည့် လက်ရှိ ငြိမ်းချမ်းရေး မူဝါဒသည် တိုင်းရင်းသား အရေးကိစ္စအတွက် မဟုတ်ဘဲ ၎င်းတို့အတွက်သာ ဖြစ် ကြောင်း၊ ထိုကြောင့် တိုင်းရင်းသားများကလည်း မိမိတို့အရေးအတွက် ဆွေးနွေးနိုင်မည့် ကိုယ်ပိုင်မူဝါဒများ ချမှတ်လို၍ တိုင်း ရင်းသား ညီလာခံကို ကျင်းပရကြောင်း မွန်ပြည်သစ်ပါတီ ၏ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ ကလည်း ပြောဆိုသည်။
“ကျနော်တို့က ကိုယ့်ငြိမ်းချမ်းရေး အစီအစဉ်နဲ့ သွားမယ်၊ ပါလီမန် အပြင်ဘက်ကပဲ နိုင်ငံရေး အဖြေရှာမယ်၊ ပါလီမန်ထဲမှာ က အစိုးရလူတွေပဲ များနေလို့ပါ”ဟု ၎င်းက ဆိုသည်။
အစိုးရ၏ ငြိမ်းချမ်းရေး လမ်းစဉ်များတွင် အပစ်အခတ်ရပ်စဲ၍ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး၊၂၀၀၈ ဖွဲ့စည်းပုံဥပဒေ လက်ခံရေး၊ နိုင်ငံရေးပါတီ ထောင်ပြီး ရွေးကောက်ပွဲဝင်ရေး၊ လွှတ်တော်ထဲ၌ နိုင်ငံရေး ဆွေးနွေးမှု ပြုလုပ်ရေး စသည်တို့ ဖြစ်သည်။
တိုင်းရင်းသား ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ စက်တင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့ပြီး ပြည်တွင်းမှ နိုင်ငံရေး ပါတီ ခေါင်းဆောင်များ၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့(KIO)၊ မွန်ပြည်သစ်ပါတီ စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ လူထု အခြေပြု လူမှုအဖွဲ့များ စသည်တို့မှ လူဦးရေ ၁၃၀ ကျော် တက်ရောက်ကြောင်း ညီလာခံ ၏ ကြေညာချက်၌ ဖော်ပြထားသည်။
အစိုးရအနေနှင့် ပြည်တွင်းငြိမ်းချမ်းရေး အတွက် နိုင်ငံရေးဆွေးနွေးမှုများ လုပ်ဆောင်နိုင်မည့် အားလုံးပါ၀င်သော အစည်း အဝေးကြီး (ညီလာခံ) တခုကို ဦးဆောင်ကျင်းပပေးမည်ဟု အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ကလည်း ဆိုထားသည်။
ဒေါက်တာ ရွှေခါးရ် က“ညီလာခံတခု ကျင်းပမယ်လို့ ပြောနေပေမယ့် ဘယ်လိုမျိုးလုပ်မယ်ဆိုတာကို ပြောတာမရှိဘူး၊ အဲဒီ ညီ လာခံ ဖြစ်ပေါ်ရေး ကိစ္စတွေကို စတင်ပြင်ဆင်ကတည်းက နှစ်ဘက်စလုံး အပြန်အလှန်ဆွေးနွေးတဲ့ အချက်အလက်တွေ အခြေ ခံပြီးတော့မှ ညီလာခံ ခေါ်ယူဖို့ ကိစ္စတွေကို အစိုးရနဲ့ ဆွေးနွေးမယ်”ဟု ပြောသည်။
ပြည်တွင်းငြိမ်းရေး ရေရှည်တည်တံ့ရန် အတွက် အလွှာပေါင်းစုံပါ၀င်သည့် အစည်းအဝေးကြီး (ညီလာခံ) တခုကို ၂၀၁၅ ခုနှစ် မတိုင်မီ ဖော်ဆောင်ပေးမည်ဟု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း က
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးစဉ် ပြောဆိုထားခြင်း ဖြစ်သည်။
အစိုးရသည် ညောင်နှစ်ပင် ညီလာခံ ခေါ်ယူစဉ်က တဘက်သတ်စီစဉ်၍ ၎င်းတို့စိတ်ကြိုက် ရေးဆွဲချမှတ်ထားသည့် မူဝါဒများကို အကောင်အထည်ဖော်ခဲ့ကြောင်း၊ ယခုခေါ်ယူမည့် ညီလာခံကို ထိုသို့ မဖြစ်ရအောင် ကြိုတင် ပြင်ဆင်နေကြောင်း တိုင်းရင်း သား ခေါင်းဆောင်များ က ပြောသည်။
ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပြည်တွင်း၊ ပြည်ပ စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးညှိနှှိုင်းရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အဆင့် ဆင့်တွင် အမျိုးသမီးများ၊ လူငယ်များ၊ လူမှုအဖွဲ့များ ပါ၀င်နိုင်ရေး စသည်တို့ကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒေါက်တာ ရွှေခါးရ် ကလည်း ပြောဆိုသည်။
ထို့အတူ ကချင်ပြည်တွင်း အစိုးရစစ်တပ်၏ ထိုးစစ်ကြောင့် စစ်ဘေး ဒုက္ခသည် ၉ သောင်း ကျော် ရှိနေသည့်အပြင် ရခိုင်ပြည် တွင်း အဓိကရုဏ်းကြောင့် အသက်ပေါင်းများစွာ ဆုံးရှှုံးခြင်း၊ ဒဏ်ရာရခြင်း၊ ဥစ္စာဓန အိုးအိမ်များ ပျက်စီးဆုံးရှှုံးရခြင်းများ အတွက် အစိုးရက အမြန်ဆုံး ဖြေရှင်းပေးရန်တို့ကိုလည်း ယခု ညီလာခံ၏ ကြေညာချက်၌ ဖော်ပြထားသည်။
တိုင်းရင်းသားညီလာခံမှ ချမှတ်ထားသည့် မူဝါဒများကို အစိုးရထံ ပေးပို့၍ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့များနှင့် ဆွေးနွေးမည် ဖြစ်ကြောင်း၊ အစိုးရ ချမှတ်ထားသည့် ငြိမ်းချမ်းရေးမူ ၈ ချက်တွင် တချို့အချက်များကို တိုင်းရင်းသားများက သဘောမတူနိုင်ကြောင်း လည်း သိရသည်။
အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် ဦးအောင်မင်းက တိုင်းရင်းသားတို့ သဘောမတူသည့် အချက်များရှိသော် ပြောင်းလဲ၍ ရသည်ဟု ပြောဆိုထားသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖွဲ့ပါ၀င်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)ကို ခုနှစ်က ဖွဲ့စည်းခဲ့ပြီး အစိုးရ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပါက အဖွဲ့ဝင် အားလုံးနှင့် အတူဆွေးနွေးရန် မူ ချမှတ်ထားသည်။
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရန် KNU၊ KIO အစရှိသည့် လက်နက်ကိုင် ၆ ဖွဲ့ဖြင့် ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ (CEFU) ကို ဖွဲ့စည်း၍ ၂၀၁၁ ခုနှစ်အတွင်း အဖွဲ့ဝင် ၁၂ ဖွဲ့ဖြစ်လာကာ UNFC အဖြစ် ပြောင်း လဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

http://burma.irrawaddy.org/archives/20459

တိုင်းရင်းသားညီးလာခံ ကြေညာချက်ထုတ်ပြန်

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ သုံးရက်ကြာကျင်းပခဲ့သော ၂၀၁၂ တိုင်းရင်းသားလူမျိုးများညီလာခံမှ ငြိမ်းချမ်းရေးစီမံချက်လမ်းပြမြေပုံ ၆ ချက်ကို သဘောတူဆုံးဖြတ်ပြီး ကြေညာချက် ထုတ်ပြန်လိုက်သည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အထွေထွေအတွင်းရေးမှူး စောမြရာဇာလင်းက “ကျမတို့ တိုင်းရင်းသားညီလာခံဟာ လွတ်မြောက်နယ်မြေတစ်ခုမှာကျင်းပခဲ့တာကို ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂိုလ်တွေအပြင် ပြည်ပကအဖွဲ့အစည်းတွေကိုသိစေချင်တယ်၊ ပြီးတော့ ဒီညီလာခံမှာ ချမှတ်ထားတဲ့ အချက်တွေပေါ်မှာလဲ သိစေချင်တဲ့ရည်ရွယ်ပြီးတော့ ထုတ်ပြန်ချက် ထုတ် လိုက်တာပါ” ဟု ပြောသည်။
တိုင်းရင်းသားလူမျိုးများညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ စက်တင်ဘာလ ၁၄ ရက်နေ့မှ သုံးရက်အကြာကျင်းပခဲ့ပြီး စက်တင်ဘာ ၁၆ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၉ ဖွဲ့၊ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် ပြည်တွင်း တိုင်းရင်းသားပါတီကိုယ်စားလှယ်များ၊ UNFC, ENC,UNLD(LA)၊ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု NDF ကိုယ်စားလှယ်များနှင့် နိုင်ငံတကာမှ တိုင်းရင်းသားကိုယ်စားလှယ်များ စုစုပေါင်း ၁၃၀ ကျော်တက်ရောက်ခဲ့သည်။
ညီလာခံမှ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးလုပ်ငန်းစဉ်များနှင့် တိုင်းရင်းသားလူမျိုးများ၏ ငြိမ်းချမ်း ရေးစီမံချက်(Ethnic Peace Plan) ၆ ချက်ပါ လမ်းပြမြေပုံတို့ကို အတည်ပြုခဲ့ကြသည်။
ယင်းစီမံချက် ၆ ချက်တွင် အစိုးရထိုးစစ်ဆင်မှုရပ်တန့်ရေး၊ နှစ်ဘက်တပ်များ လိုက်နာရ မည့် ကျင့်ဝတ် စည်းကမ်းများ၊ အပစ်အခတ်ရပ်စဲရေးကာလ၌ လူထုလုံခြုံရေး အာမခံချက်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် နိုင်ငံတကာလေ့လာရေးအဖွဲ့များ ပါဝင်ခွင့်ပြုရန် စသည့်အချက်များ ပါဝင်သည်။
၂၀၁၂ တိုင်းရင်းသားညီးလာခံ
ကချင်ပြည်နယ်အတွင်းရှိ စစ်ပြေးဒုက္ခသည်ကိုသောင်းကျော်ရှိနေပြီးဖြစ်သည့်အပြင် ရခိုင်ပြည် နယ်တွင်လည်း အဓိကရုဏ်းကြောင့် အသက်ပေါင်းများစွာဆုံးရှုံးခြင်း၊ အနာတရဒဏ်ရာရရှိခြင်း၊ အိုးအိမ်ဥစ္စာဓနများ ပျက်ဆီးဆုံးရှုံးမှုများအတွက် အထူးစိုးရိမ်ပူပန်ကြောင့်နှင့် ယင်းကိစ္စများအား အစိုးရမှ အမြန်ဆုံးဖြေရှင်းရန် လိုအပ်ကြောင်း ၎င်းထုတ်ပြန်ကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။ ပြည်ထောင်စုအစိုးရ၏ ကြိုတင်ချမှတ်ထားသော အချက်(၈) ချက်ပါ ပြည်ထောင်စုအဆင့်ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်များသည် တရားမျှတပြီးစစ်မှန်သောငြိမ်းချမ်းရေးကို ဖေါ်ဆောင်နိုင် မည် မဟုတ်သဖြင့် အချက်(၆) ချက်ပါ တိုင်းရင်းသားလူမျိုးများ၏ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ်ကို ၎င်းညီလာခံကြီးမှ ချမှတ်ခဲ့ရပြီး အဆိုပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှစ်ရပ်ကို ညှိနှိုင်း ဆွေးနွေးခြင်းဖြင့် နိုင်ငံရေးဆွေးနွေးပွဲကို အစပျိုးသွားရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

http://burmese.monnews.org/?p=5430

 

 


Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India