စစ်မှန်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက် နိုင်ဖို့ အတွက်ဆိုရင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျရင် တိုင်းရင်းသား ဒေသတွေက မဲဆန္ဒနယ်တွေမှာ အင်အားကြီး ပါတီတွေ ၀င်ရောက် ယှဉ်ပြိုင်တာကို ရှောင်ရှားကြဖို့ လူမျိုးစုပါတီတွေက ကြေညာချက်တစောင် ထုတ်ပြန် လိုက်တာ ဖြစ်ပါတယ်။
ဒါမှသာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို အပြည့်အဝ အကောင်အထည် ဖော်ပေးနိုင် မယ်လို့ (National Brotherhood Federation) အဖြစ် အမည်ပေးထားတဲ့ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းအဖွဲ့က ယုံကြည်ထားတဲ့အကြောင်း ရခိုင်တိုင်းရင်းသား များတိုးတက်ရေးပါတီ (RNDP) က ဦးဖေသန်း က ပြောပါတယ်။
“တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အမှန်တကယ် လိုလားပါလျှင် နောင်ကျင်းပတဲ့ လွှတ်တော် ရွေးကောက်ပွဲများတွင် အင်အားကြီးပါတီများက လူနည်းစု တိုင်းရင်းသားများ၏ မဲဆန္ဒနယ်မြေများတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံခြင်းကို လုံးဝ ရှောင်ရှားရန်”
ဒါပေမဲ့လည်း ပါတီစုံ ဒီမိုကရေစီ စနစ်တရပ်မှာ လွတ်လပ်တဲ့ ယှဉ်ပြိုင်ခွင့်တွေ ရှိရမှာ ဖြစ်တာမို့ ဒီလို သဘောထားဟာ ဒီမိုကရေစီ အခြေခံတွေနဲ့ ကိုက်ညီမှုရှိပါ့မလား မေးခွန်းထုတ်တာတွေလည်း ရှိနေကြတာပါ။ မြန်မာနိုင်ငံက အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ အတွင်းရေးမှူး ဦးဉာဏ်ဝင်းကတော့ တန်းတူရည်တူ ယှဉ်ပြိုင်ခွင့် ရှိသင့်တယ်လို့ မြင်ပါတယ်။
“Competition (ယှဉ်ပြိုင်မှု) လုပ်တယ် မလုပ်ဘူးဆိုတာက သူတို့ပါတီရဲ့ သီးခြား အယူအဆ အဆုံးအဖြတ်ပဲ။ သူတို့ ဘယ်အပေါ်မှာ အခြေခံလည်းမသိဘူး။ အဲ့ဒါကတော့ ခုနပြောသလိုပဲ ဒီမိုကရေစီရေးနဲ့ သိပ်အကျုံးမဝင်ဘူးလို့ ထင်ပါတယ်။ ဒါဟာ ဒီမိုကရေစီနည်းကျကျ ဆုံးဖြတ်တာလို့ ကျနော်တော့ မယူဆဘူး။”
လက်ရှိ အချိန်မှာ လွှတ်တော်ထဲမှာ အင်အားကြီးပါတီ ၂ ခု အဖြစ် အာဏာရ အစိုးရပါတီဖြစ် တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ်မြေတွေအားလုံးမှာ အနိုင်ရခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က လွှတ်တော်ကိုယ်စားလှယ် အင်အားများစွာနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တွေ မှာ နေရာရထားကြတာပါ။
တိုင်းရင်းသား လူနည်းစုဒေသတွေမှာ တိုင်းရင်းသားပါတီတွေပဲ ရွေးကောက်ပွဲဝင်ပြီး အင်အားကြီးပါတီတွေ ရွေးကောက်ပွဲ ၀င်မှာကို မလိုုလားဘူးဆိုတာဟာ နိုင်ငံရေး လမ်းစဉ် ဒီမိုကရေစီအရ ကြည့်ရင်တော့ မသင့်တော်ဘူးဆိုတာကို နားလည်ပြီးတော့ ဒါဟာ လူနည်းစု တိုင်းရင်းသားတွေရဲ့ ရင်တွင်းခံစားချက် အမှန်ဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလှကျော် က ဗွီအိုအေကို အခုလို ပြောပါတယ်။
“ဒါကတော့ နိုင်ငံရေးလမ်းစဉ် ဒီမိုကရေစီအနေနဲ့ ကြည့်ရင်တော့လည်း ဒါ သင့်တော်တဲ့ကိစ္စတော့ မဟုတ်ဘူးလေ။ ကျနော်တို့လည်း သဘောပေါက် နားလည်ပါတယ်။ သို့သော်လည်းပဲ ကျနော်တို့က တိုင်းရင်းသားရဲ့ ရင်တွင်းခံစားချက် အမှန်ကတော့ ဒီလိုပဲရှိနေတာကိုး။ မလိုးလားဒါကတော့ အမှန်ပဲပေါ့ဗျာ။ ဒါ ဒီမိုကရေစီနည်းတော့ မကျဘူးပေါ့လေ။”
ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ဟာ ပြည်တွင်းအခြစိုက် တိုင်းရင်းသား ပါတီတွေနဲ့ စုဖွဲ့ထားတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ NBF မှာ ပါ၀င်တဲ့ တိုင်းရင်းသား ပါတီတွေကတော့ ရခိုင်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံ စဝေါ်ပါတီ၊ အင်းအမျိုးသားပါတီ၊ ကရန်း အမျိုးသားပါတီ တို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ရဲ့ ၁၄ ကြိမ်မြောက် သဘောထားကြေ ညာချက်မှာတော့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ပါ၀င်ဆောင်ရွက်တဲ့့ အဖွဲ့အစည်း အားလုံးက သမာသမတ်ကျကျ ဆောင်ရွက်ဖို့၊ တိုင်းရင်းသားဒေသတွေမှာ ကြီးမားလာတဲ့ မူးယစ်ဆေးဝါး ပြဿနာကို ပြည်တွင်း ပြည်ပ အင်အားစုတွေနဲ့ လက်တွဲပြီး ဖြေရှင်းဖို့၊ အစိုးရက သတ်မှတ်ပြောကြားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးဆိုတာကို တိတိကျကျ ကောက်ယူဖို့နဲ့ မကြာသေးခင်က သမ္မတ ဦးသိန်းစိန်ရဲ့ ချင်းပြည်နယ် ခရီးစဉ်နဲ့ အချိန်ကိုက်ပြီး အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့တဲ့ ပီမိုနင်းရဲ့ဆောင်းပါးမှာပါတဲ့ ကရင်ရိုင်း၊ ချင်းရိုင်းဆိုတဲ့ စကားအသုံးအနှုန်း တွေကို ပြန်လည်ဖော်ပြတဲ့အတွက် ရှုတ်ချကြောင်း ဆိုပြီး ကြေငြာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ လွှတ်တော်တွင်း ကိုယ်စားလှယ် အများဆုံးနေရာကို ပြည်ခိုင်ဖြိုးပါတီ က ရယူထားပြီး၊ နံပါတ် ၂ နေရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ နံပါတ် ၃ နေရာမှာ ကျားဖြူ ပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်ပါတီ၊ နံပါတ် ၄ နေရာမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနဲ့ နံပါတ် ၅ နေရာမှာ ရခိုင်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့က အင်အားအများဆုံးပါတီတွေအဖြစ် အသီးသီး ရပ်တည်နေတာကို တွေ့ရပါတယ်။