ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ ဦးဆောင်စီစဉ်သည့် နယ်စပ်ဒေသ ကချင်ပြည်နယ် IDP စခန်းများသို့ သွားရောက်သည့် ခရီးစဉ်တွင် စစ်ဘေးဒုက္ခသည်အများစုတွင် ကျောင်းနေရွယ်ကလေးများဖြစ်နေပြီး ကျောင်းသုံးစာအုပ်
မလောက်ငမှုများနှင့် ကြုံတွေ့နေရကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ တာဝန်ရှိသူတစ်ဦးက စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“KIA ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ ဒုက္ခသည် ၅၃၀၀၀ ကျော်တွင် ကျောင်းနေအရွယ်ကလေးများမှာ ၂၀၀၀၀ နီးပါး ရှိနေပါတယ်။ သူငယ်တန်းကနေ (၈) တန်းအထိ ဒုက္ခသည်စခန်းအတွင်းတွင် သင်ကြားပေးပြီး ၉ တန်းနဲ့ ၁၀ တန်း ကျောင်းသား များကို ဘော်ဒါသဘောမျိုးလေ့ကျင့်သင်ကြားပေးနေပါတယ်။ ၉ တန်းနဲ့ ၁၀ တန်း ဘော်ဒါကျောင်းသား ၁၃၀၀ ခန့်ရှိပြီး ဘော်ဒါ နှစ်နေရာတွင် သင်ကြားပေးနေပါတယ်” ဟု ၎င်းက ဆက်၍ပြောကြားခဲ့သည်။
“အဓိကအချက်အနေဖြင့် ကလေးအများစုဖြစ်၍ ကျောင်းနေအရွယ်ကလေးများဖြစ်နေကြောင်း၊ ယခုလိုစစ်မြေကာလတွင် တိမ်းရှောင် နေရခြင်းရှိသဖြင့် ကလေးအများစုကို ပညာသင်ပေးနိုင်ရန် ကြိုးစားကြသော်လည်း အခက်အခဲအနေဖြင့် ပြဌာန်း စာအုပ်နှင့် ကျောင်းသုံးစာအုပ်၊ ပရိဘောဂပစ္စည်းများဖြစ်နေကြောင်း၊ဆရာ၊ဆရာမများ အတတ်နိုင်ဆုံး သင်ကြားပေးကြသော်လည်း ပြင်ပမှာ လုပ်အားပေးအနေဖြင့် လာရောက်သင်ကြားပေးသော ရက်တိုသင်တန်းများပေး၍လည်း သင်ကြားပေးကြကြောင်း” အဆိုပါကွန်ယက်မှ ဆိုသည်။
ယခုလိုသင်ကြားပေးနေခြင်းသည် ကျောင်းသားဦးရေများပြားပြီးဆရာ၊ဆရာမ နည်းပါး၍ လုပ်အားပေး ဆရာ၊ဆရာမများ အနေဖြင့် အချိန်အတိုင်းအတာတစ်ခုသာသင်ကြားပေးနိုင်ကြကြောင်း နောင်အခါ လူကြီးဖြစ်လာမည့် ယခုကလေးများ၏လက်ထဲ တွင် နိုင်ငံအနာဂတ်ရှိကြောင်း၊ ကလေးများ ပညာရေးတွင် စိတ်ပါဝင်စားစွာ သင်ယူမှသာ ကလေးများကြီးပြင်း လာသောအခါ အရည်အချင်းပြည့်မီသောသူများ ဖြစ်နိုင်မည်ဟု ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ တာဝန်ရှိသူတစ်ဦးက ၎င်း၏ သဘောထားကို အနှစ်ချုပ်ပြောကြားခဲ့သည်။
http://www.maukkha.org/index.php/news-menu/myanmar-educational-news-maukkha/2244-kachin-children-no-textbook
စန္ဒာမင်း
(The Nation ဂျာနယ် ၂၄၊ ၇၊ ၂၀၁၂)