
Saturday, August 18, 2012

မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ကရင်နီတပ်မတော်နေ့ ၆၄ နှစ်မြောက်ပွဲ အခန်းအနားကို ပထမဆုံးအကြိမ် ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်တွင်ကျင်းပ ပြုလုပ်ကြ တယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးမှူး ဦးဖိုးရယ်မှ မိန့်ခွန်းပြောကြားနေစဉ် (ဓါတ်ပုံ-ကေအဲန်ပီပီ)
အခမ်းအနား ကြီးကြီးမားမား မလုပ်နိုင်သေးပေမဲ့လို့ အစိုးရနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အပစ်အခတ် ရပ်စဲထားတဲ့ ကာလအတွင်းမှာ နေ့ထူးနေ့မြတ်ကို သတိရတဲ့အနေဖြင့်လောက်သာ ကျင်းပရခြင်းဖြစ်တယ်လို့ ကရင်နီပြည် တပ်မတော် အမှတ် ၁ ခရိုင် အုပ်ချုပ်ရေးမှူး ဦးဖိုးရယ်က ပြောပါတယ်။ အုပ်ချုပ်ရေးမှူး ဦးဖိုးရယ်က “ဒီကနေ့ဟာ ကရင်နီပြည် အတွက် နေ့ထူးနေ့မြတ် နေ့တနေ့ပဲ ဖြစ်ပါတယ်။ တောတောင်ခြုံကြားထဲမှာ တယောက်တည်းနေပါစေ၊ သုံးယောက်နေပါစေ နေ့ထူးနေ့မြတ်ရောက်ရင် သတိရဖို့ စိတ်ထဲမှာ အမြဲတမ်းထားပေးပါ။ နေ့ထူးနေ့မြတ် မမေ့ထားသင့်ဘူး။ အခုပြည်တွင်းမှာ အခမ်းအနား စည်ကားသိုက်မြိုက်စွာနဲ့ မလုပ်ပေးနိုင်သေးဘူး။ အခွင့်အရေးလည်း သိပ်မရှိသေးဘူး။ လာမယ့် အနာဂါတ်မှာတော့ အခွင့်အရေးရရင် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ လုပ်သွားမယ်”လို့ အခန်းအနားမှာ ပြောသွားပါတယ်။
သြဂုတ်လ (၁၇)ရက်နေ့ဟာ ကရင်နီတပ်မတော်နေ့ ဖြစ်တယ်ဆိုတာ ကရင်နီလူမျိုးအားလုံးအတွက် သိထား ရမည့် နေ့ထူးနေ့မြတ် တရက် ဖြစ်တယ်ဆိုတာ သိထားရမှာမို့လို့ ယခုလို လွိုင်ကော်မြို့နယ်အတွင်းမှာ ကျင်းပပြုလုပ်ရခြင်းဖြစ်တယ်လို့ တပ်ရင်း ၃ မှ ဒု-ဗိုလ် ဘော်ရယ်က ပြောပါတယ်။
အခမ်းအနားသို့ တက်ရောက်ကြသော ကရင်နီတပ်မတော်များ (ဓါတ်ပုံ-ကေအဲန်ပီပီ)
ဒု-ဗိုလ် ဘော်ရယ်က “ဗမာက ကျနော်တို့ တိုင်းပြည်ကို တိုက်ခိုက်ပြီး ကျနော်တို့ စော်ဘွားတွေကို သတ်ခဲ့တယ်။ ဦးဘီတူရီ ခေတ်ကတည်းက အခုထိ ကျနော်တို့ကို တိုက်ခိုက်ပြီး တိုင်းပြည်ကို အုပ်ချုပ်လိုက်တယ်။ အခုကျနော်တို့က ပြန်လည် တိုက်ခိုက်တယ်။ ကျနော်တို့သာ မကြိုးစားရင် ဘယ်သူမှ ကြိုးစားမှာ မဟုတ်ဘူး။ အခုက ကျနော်တို့ စည်းလုံးရမယ်။ ကျနော်တို့ တိုင်းပြည်ကို မပစ်ထားနိုင်ဘူး နှမျောတယ်။ ကျနော်တို့ မရှိတော့ပေမယ့် ကျနော်တို့ သားသမီးမြေးမြစ်တွေ ရှိသေးတဲ့အတွက် တိုင်းပြည်အတွက် ကြိုးစားရမယ်” လို့ ပြောပါတယ်။ အခမ်းအနားမှာ တပ်ရင်း ၃ မှ ရဲဘော်များနဲ့ ကျေးရွာသူ၊ သားများအားလုံးပေါင်း လူဦးရေ ၅၀ ခန့် တက်ရောက်ကြပါတယ်။
ကရင်နီပြည် တပ်မတော် ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးမှ ပေးပို့သော သဝဏ်လွှာ မှာတော့ “လက်နက်ကိုင်လူမျိုးစုတွေဟာ နယ်မြေဒေသ၊ ဘာသာစကား မတူကြပေမယ့် ရည်ရွယ်ချက်ဖြစ်သော စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို အမြင်တူညီကြပါတယ်။ ဒါကြောင့် မိမိတို့ ရည်မှန်းချက်မရောက်မချင်း လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးနဲ့ မိမိလက်နက်ဟာ မိမိလက်ထဲမှာဘဲ ရှိရမှာဖြစ်တယ်” လို့မှာကြားထားပါတယ်။
၁၉၄၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှာ မြန်မာ့တပ်မတော်တွေဟာ ဦးဘီတူရီခေါင်းဆောင်သော မြလဲရွာမှာ အခြေစိုက်ရာနေရာကို ၀င်ရောက်တိုက်ခိုက် ကြတဲ့အတွက် ပြန်လည်တိုက်ခိုက်ရာ တကွဲတပြားစီဖြစ်သွားပြီး သြဂုတ်လ ၁၇ ရက်နေ့မှာ တခုတည်းသော တပ်မတော်တရပ် ပြန်လည်ဖွဲ့စည်း နိုင်တဲ့အတွက်ကြောင့် ယနေ့အထိ သြဂုတ်လ ၁၇ ရက်နေ့ကို ကရင်နီပြည် တပ်မတော်နေ့လို့ သတ်မှတ်ခဲ့ကြပါတယ်။
http://www.ktimes.org/index.php/rokstoriesnews/300-2012-08-18-08-01-32
Posted in: ကရင်နီ,ဒေသအခြေအနေ,သတင်း
Email This
BlogThis!
Share to Facebook