သြဂုတ်လ ၂၀ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
အဆိုပါ အခမ်းအနားကို အမှတ်(၃) တိုက်နယ်အတွင်းရှိ BGF အမှတ်(၁၀၁၇)၊ (၁၀၁၈)၊ (၁၀၁၉)နှင့် (၁၀၂၀)တပ်ရင်းများက စုပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့စတင်သည့်အချိန်နှင့် ပတ်သက်၍ အခမ်းအနား တက်ရောက်သူတစ်ဦးက “သူတို့က အရင် ၉၉၉ (ဒီကေ ဘီအေ)ကို အမှူးပြုပြီး ၉နာရီ ၉မိနစ် ၉စက္ကန့်မှာ လုပ်တာလို့ ပြောတယ်လေ”ဟု ဆိုသည်။
အခမ်းအနားသို့ BGF အမှတ်(၃) တိုက်နယ်မှူးဖြစ်သူ ဦးစောချစ်သူ၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင် မောင်အုန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်တင်မောင်ဝင်းနှင့် ကရင်ပြည်နယ်ဝန်ကြီးအဖွဲ့မှ ပုဂ္ဂိုလ်အချို့၊ မြဝတီခရိုင် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ကရင်အမျိုးသားအစည်းအရုံး-KNU ဆက်ဆံရေးရုံးမှ ခေါင်းဆောင်အချို့ အပါအဝင် ပရိဿတ် ၂,၀၀၀ခန့် တက်ရောက်ခဲ့ကြ သည်။
ထို့နောက် BGF တပ်ရင်း ၄ရင်းမှ စစ်ရေးပြအစီအစဉ်ဖြင့် စတင် ဖွင့်လှစ်ခဲ့ပြီးနောက် ဗိုလ်ချုပ်မောင်မောင်အုန်း၊ တိုင်းမှူး ဗိုလ်ချုပ်တင် မောင်ဝင်းနှင့် ဦးစောချစ်သူတို့က မိန့်ခွန်းစကားများ အသီးသီး ပြောကြားခဲ့ကြသည်။
ဗိုလ်ချုပ်မောင်မောင်အုန်းက “နယ်ခြားစောင့်တပ်ဟာ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ယနေ့ ရဲဘော်တို့ဟာ ကိုယ့်ဒေသမှာ ကိုယ့်နေရာ၊ ကိုယ့်ရဲ့ရပ်ရွာဒေသကို စောင့်ရှောက်ကြပါ။ ရဲဘော်တို့ကို လစာအပြည့်အဝနဲ့ စစ်သည်ရဲ့ ရပိုင်ခွင့်တွေကို အပ်နှင်းပြီးတော့မှ ဒေသကာကွယ်ရေးကို ဆောင်ရွက်ကြတာဖြစ်ပါတယ်”ဟု မိန့်ခွန်းပြောခဲ့သည်။
၎င်းအပြင် လက်ရှိ တိုင်းရင်းသားများနှင့် ထာဝရငြိမ်းချမ်းရေးသည် နိုင်ငံတော်အစိုးရအနေဖြင့် အရေးကြီးကိစ္စဟု သတ်မှတ်ပြီး ထာဝရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အောက်ခြေရဲဘော်အသီးသီး မလွဲမသွေ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထာဝရငြိမ်း ချမ်းရေးဖျက်သူသည် နိုင်ငံတော်ကို ဖျက်သူဖြစ်ကြောင်းနှင့် နယ်ခြားစောင့်တပ်များသည် နယ်စပ်ဒေသကိစ္စများကို နိုင်ငံတော်ဘက်မှ ရပ်တည်၍ နိုင်ငံ့ဂုဏ်သိက္ခာကို ဆောင်ရွက်သွားကြရန်လည်း သူက တိုက်တွန်းခဲ့သည်။
BGF အမှတ်(၃) တိုက်နယ်မှူးဖြစ်သူ ဦးစောချစ်သူကလည်း “အခုလို BGF ၂နှစ်ပြည့် အခမ်းအနားဟာ ရွှေငွေရတနာနှင့် တိုင်းတာ၍ တန်ဖိုးမဖြတ်နိုင်တဲ့ နေ့တနေ့ ဖြစ်ပါတယ်။ ကျနော်တို့ နယ်ခြားစောင့်တပ်ဟာ တိုင်းပြည်နဲ့ လူထုတွေအတွက် အကျိုးရှိဖို့နဲ့ လူထုတွေ ကျနော်တို့ အားထားရဖို့ အကောင်းဆုံး ကြိုးပမ်းသွားမယ်”ဟု ပြောကြားခဲ့သည်။
ယခု နှစ်ပတ်လည် အခမ်းအနားကျင်းပသည့် တပ်ရင်း ၄ရင်း၏ တပ်ရင်းမှူးများမှာ အစဉ်လိုက်အားဖြင့် တပ်ရင်းအမှတ်(၁၀၁၇)ကို ဗိုလ်မှူး ဒိဒိ၊ တပ်ရင်းအမှတ်(၁၀၁၈)ကို ဗိုလ်မှူးမောင်ဝင်း၊ တပ်ရင်းအမှတ်(၁၀၁၉)ကို ဗိုလ်မှူးလိုက်သိန့်နှင့် တပ်ရင်းအမှတ်(၁၀၂၀)ကို ဗိုလ်မှူး ဆန်းလင်းတို့က ဦးစီးတာဝန်ယူလျှက်ရှိသည်။
အလားတူ အခမ်းအနားကို BGF တပ်ရင်း(၁၀၂၁)ကလည်း မြဝတီမြို့၊ မေတ္တာလင်းမြိုင်ရပ်ကွက်၌ မနက်ဖြန်(သြဂုတ်လ ၂၁ရက်နေ့)တွင် ကျင်းပပြုလုပ်သွားမည်ဟုလည်း ကေအိုင်စီမှ ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
http://www.kicnews.org/?p=12985


Tuesday, August 21, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
Posted in: