ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှာနေထိုင်တဲ့ ရှမ်းနီ အမျိုးသားတွေက ဒီနှစ် မတ်လအတွင်းက တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီခေါ် Taileng Nationalities Development Party , TNDP ပါတီအမည်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှာ မှတ်ပုံတင်ခဲ့တာပါ။
ဒီနှစ်မေလ အတွင်းမှာ ပါတီ တည်ထောင်ခွင့် ရရှိပြီး ဒီကနေ့မနက်မှာပဲ မန္တလေးမြို့့ မဟာအောင်မြေမြို့နယ် ၆၆ လမ်းနဲ့ ၃၉ လမ်းထောင့်မှာ ပါတီဌာနချုပ်ရုံးကို ဆိုင်းဘုတ် တင်ဖွင့်လှစ်ခဲ့ပါတယ်။
ဒီပါတီဌာနချုပ်ရုံးဖွင့်လှစ်တဲ့ အခမ်းအနားမှာပဲ ကချင်ပြည်နယ်အတွင်း ထာဝရ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ အစိုးရ ဆွေးနွေးရာမှာ ပြည်သူတွေကိုပါ ပါ၀င်ခွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
“အဓိက ငြိမ်းချမ်းရေးပေါ့ဗျာ။ ကျနော်တို့ လူမျိုးနေထိုင်ရာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ အဓိက စစ်မက်တွေဖြစ်ပွားနေကြတာလေ။ စစ်မက် ဖြစ်ပွားနေရာမှာ ကချင်နဲ့ အစိုးရတိုက်နေတဲ့ကြားမှာ ကျနော်တို့က မြေဇာမြက် ဖြစ်နေရတယ်လေ။ ကျနော်တို့ လူမျိုးတွေက။ အဲဒါကြောင့် ငြိမ်းချမ်းရေးရရှိရေးပေါ့။ တောင်းဆိုတာက အစိုးရနဲ့ KIAနဲ့ အခု ဆွေးနွေးနေကြ တာလေ။ ဆွေးနွေးတဲ့ ကိစ္စတွေက ပြည်သူလူထုမပါဘဲနဲ့ ဆွေးနွေးရင် ထာဝရ ငြိမ်းချမ်းရေး မရှိနိုင်ဘူးဆိုတဲ့ အကြောင်းကို ထုတ်ထား ပြောထားတာပါ။ ပြည်သူလူထုကော သုံးပွင့်ဆိုင် ဆွေးနွေးပေါ့လေ။”
ဒါကတော့ တိုင်းလိုင်ခေါ် ရှမ်းနီပါတီရဲ့ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်ပြောပြတာပါ။
ပါတီရုံးဖွင့်ပွဲမှာ အချက်လေးချက်ပါ၀င်တဲ့ ကြေညာချက် ထုတ်ပြန်ပြီး တင်ပြထားတာ ဖြစ်ပါတယ်။ ဒီအချက်တွေထဲမှာ တိုင်းလိုင်ခေါ် ရှမ်းနီလူမျိုးတွေ ပျောက်ကွယ်လု ဖြစ်နေတာကို ပြန်လည် ထိန်းသိမ်းဖို့ ဆိုတဲ့အချက်လည်း ပါ၀င်တယ်လို့ ဦးစိုင်းဌေးအောင်က ဆက်ပြောပါတယ်။
“နောက်တခုက ကျနော်တို့ တိုင်းလိုင်လူမျိုးများအားလုံးပေါ့။ ကျနော်တို့က လူရှိတယ်၊ စာရင်းပျောက်နေတယ်။ လဝက စာရင်းမှာ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားမှာ ဗမာဖြစ် နေတယ်။ အဲဒါတွေကို ကျနော်တို့ တိုင်းလိုင် (ရှမ်းနီ)လူမျိုးနာမည်နဲ့ ပြန်ထွက်လာ နိုင်အောင်ပေါ့လေ။ ကြိုးစားဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းပေါ့။ ကျနော်တို့ လူမျိုးက လဝက-ကနေပြီးတော့ လူဝင်မှုကြိးကြပ်ရေးကနေပြီးတော့ ၅၈ မှာ မှတ်ပုံတင် လုပ်တဲ့အခါ ရှမ်း-ဗမာထည့်တယ်။ အဲဒါတဆင့်ပြီးတော့ ၈၇ မှာ နိုင်ငံသား စိစစ်ရေး ကဒ်ပြားလုပ်တော့ ရှမ်းဗမာလူမျိုး ဆိုတာ မရှိဘူးပေါ့။ ဗမာဆို ဗမာထည့်တယ်။ ကျနော်တို့ လူမျိုးတွေက ကိုယ့်ဘာသာစကားကို မတတ်တဲ့အခါကျတော့ အားလုံးဗမာဖြစ်သွားကြတာလေ။”
ဒီကနေ့ ထုတ်ပြန်တဲ့ တိုင်းလိုင်ခေါ် ရှမ်းနီပါတီရဲ့ ကြေညာချက်မှာတော့ ပြည်ထောင်စု အတွင်း တိုင်းရင်းသားအားလုံးချစ်ကြည်ရင်းနှီးစွာနေထိုင်ကြဖို့၊ စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ပေါက်ရေး အတွက် ပင်လုံလို တိုင်းရင်းသားပေါင်းစုံပါ၀င်တဲ့ ညီလာခံတခု ဖြစ်မြောက်ရေးဆိုတဲ့ အချက်တွေလည်းပါ၀င်ပါတယ်။
တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဌာနချုပ်ရုံးကို မန္တလေးမှာ ဖွင့်လှစ်ပြီးတဲ့နောက်မှာ မိုးညှင်း၊ မိုးကောင်းနဲ့ ဗန်းမော်မြို့တွေမှာ ပါတီရုံးတွေ ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
တိုင်းလိုင်ခေါ် ရှမ်းနီအမျိုးသားတွေဟာ ကချင်ပြည်နယ်အတွင်းမှာ ပူတာအို၊ မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်၊ ရွှေကူ၊ မန်စီ၊ မိုးမောက်၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်နဲ့ တနိုင်း။ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှာဆိုရင် ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူး၊ ကောလင်း၊ ၀န်းသို၊ ခန္တီး၊ ဟုမ္မလင်း၊ တမူး၊ မော်လိုက်၊ဖောင်းပြင်၊ မင်းကင်း၊ ကလေး၊သောင်သွပ်။ ရှမ်းပြည်နယ်မှာတော့ မိုးမိတ်နဲ့ မဘိန်း စတဲ့ မြို့နယ်တွေမှာ နေထိုင်ကြတာဖြစ်ပြီး စုစုပေါင်းလူဦးရေ နှစ်သန်းလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
တိုင်းလိုင်ခေါ် ရှမ်းနီ မျိုးနွယ်စုမှာ တိုင်းခန္တီး၊ တိုင်းနေ၊ တိုင်ကဒူး၊ တိုင်းကနန်း၊ တိုင်းဖွန်း၊ တိုင်းဆာခေါ် မိုင်းသာ စတဲ့မျိုးနွယ်တွေ ပါ၀င်တာဖြစ်ပါတယ်။
တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဖွဲ့စည်းတည်ထောင်တဲ့ ရည်ရွယ်ချက်တွေ ထဲမှာတော့ သူတို့လူမျိုး မပျောက်ကွယ်ရေးနဲ့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုစတာတွေ ပြန် လည်ဖော်ထုတ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ဟာလည်း အချက် တချက်အဖြစ် ပါ၀င်တာ ဖြစ်ပါတယ်။
အသံ
- ရှမ်းနီပါတီ