မြစ်ကြီးနား-ဝိုင်းမော်အထက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၅) တပ်ရင်း (၃)နယ်မြေ မန်ဒေါင် (Man Dawng) တွင် ထိုးစစ်ဆင်လှုပ်ရှားနေသော မြန်မာအစိုးရတပ် ခလရ (၃၇) စစ်အင်အား ၈၀ ကျော်သည် ယမန်နေ့ အောက်တိုဘာ၁၈ ရက် ညနေ ၅ နာရီခွဲချိန်တွင် မြစ်ကြိီးနားဘက်သို့ ကား ၂ စီးအပြည့် ဖြင့်ထွက်ခွာသွားကြောင်းသိရသည်။
အဆိုပါအစိုးရတပ်များသည် ထိုသို့အင်အားဖြင့်ထွက်ခွာသွားသော်လည်း တပ်ဆုတ်ခွာသွားခြင်း မဟုတ်ပဲ တပ်အပြောင်းအလဲ မကြာခဏပြုလုပ်နေခြင်းဖြစ်သည်ဟု KIA တပ်ဖွဲ့ဝင်များပြောသည်။
တိုက်ပွဲများ ဆက်တင်းမာနေဆဲဖြစ်ပြီး အောက်တိုဘာလ ၁၇ ရက်နေ့က မြစ်ကြီးနား-နမ်ဆန်ယန် တံတားတွင် လုံခြုံရေးယူနေသော အစိုးခြေမြန်တပ် ခမရ (၃၈၆) အစိုးရတပ်သား ၃ ဦးကို KIA တပ်မဟာ (၅) အောက် တပ်ရင်း (၁၈)တို့ ပျောက်ကျားစနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၁ ဦးသေဆုံးခဲ့သည်။
“အဲဒီတံတားမှာ ၃ ယောက်စောင့်နေတာ။ ကျွန်တော်တို့ ပစ်လိုက်တော့ ၂ ယောက်က ထွက်ပြေးသွားတယ်။” ဟု ရှေ့တန်းမှ အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
ထွက်ပြေးလွှတ်မြောက်သွားသော အစိုးရတပ်သား ၂ ဦးသည် ၎င်းတို့တပ်ချထားသည့် လိုင်လွမ် (Lai Lum) တပ်စခန်းရှိရာသို့ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့နောက်တွင် အစိုးရတပ်ဖက်မှလည်း ညနေ ၂ နာရီမှ ၄ နရီချိန်ထိ ၁၂၀ မမ ဖြင့် ရ ကြိမ် နမ်ဆန်ယန်တံတား အနီးသို့ ပစ်ခတ်ခဲ့ကြောင်းသိရသည်။
မြစ်ကြီးနား-ဒေါ့ဖုန်းယန်မှ ၅ မိုင်အကွာရှိ ဒိန်ဂါ( Ding Ga) ကျေးရွာအနီးတွင်လည်း မြန်မာအစိုးရတပ် ခမရ (၆၀၁) စစ်အင်အား ၄၀ ကျော်နှင့် KIA တပ်မဟာ (၅) အောက် တပ်ရင်း (၂၄) သို့ ပျောက်ကျားစနစ်ဖြင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်းသိရသည်။
မြန်မာအစိုးရသည် KIO နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အတန်ကြာညှိနှိုင်းမှု မအောင်မြင်ခဲ့သောကြောင့် တွေ့ဆုံဆွေးနွေးမှုရပ်တန့်ထားချိန် မကြာသေးခင်က တဖန်တွေ့ဆုံရန်အစိုးရမှကမ်းလှမ်းထားခဲ့သော်လည်း တဖက်တွင် နှစ်ဖက်တပ်များ နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှု အရှိန်လျော့သွားခြင်းမရှိသေးပေ။
http://kachinnews.com/burmese/news/978-%E1%80%80%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%94%E1%80%9A%E1%80%B9%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%90%E1%80%95%E1%80%B9-%E1%80%A1%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%9C%E1%80%B2%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%80%E1%80%AC-%E1%80%91%E1%80%AD%E1%80%AF%E1%80%B8%E1%80%85%E1%80%85%E1%80%B9%E1%80%86%E1%80%84%E1%80%B9%E1%80%B1%E1%80%94%E1%80%86%E1%80%B2.html